အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း။ ၈၉
[တောက်ပသောရွှေကံကြမ္မာ - မွေးရာပါ နတ်ဘုရား]
[တောက်ပသောရွှေကံကြမ္မာ - ဂုဏ်ယူဖွယ် ကောင်းကင်ဘုံရုပ်အသွင်]
[တောက်ပသောရွှေကံကြမ္မာ - မဟာတာအိုခန္ဓာကိုယ်]
[တောက်ပသောရွှေကံကြမ္မာ - ဖန်ဆင်းခြင်း]
နက်နဲဆန်းကြယ်ပြီး ရှေးကျလှသော အသက်သခင်ကျမ်းသည် အဆုံးစွန်ထိ တောက်ပလွန်းလှသော စာသား ၅ ကြောင်းကို ဆက်တိုက် ဖော်ပြလိုက်သည်။
ဝုန်းးး
လေးလံလှသော တူကြီးတစ်လက်ဖြင့် သူ၏ အသိအာရုံပင်လယ်ကို ထုနှက်လိုက်သကဲ့သို့ နင်ချန်းယွီ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။ သူသည် ထိုင်နေရာမှ ဖြတ်ခနဲ မတ်တတ်ရပ်လိုက်မိပြီး သူ၏မျက်ဝန်းထဲတွင် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။
"ကံကြမ္မာ ခုနစ်ပါး လူတစ်ယောက်တည်းက ဘယ်လိုလုပ်ပြီး ကံကြမ္မာ ခုနစ်ပါးအထိ ထမ်းဆောင်ထားနိုင်ရတာလဲ"
ဤအခိုက်အတန့်တွင် နင်ချန်းယွီသည် နှစ်ပေါင်းငါးရာတိုင် ဖြတ်သန်းခဲ့ပြီး မည်သို့သော အခြေအနေမျိုးတွင်မဆို တည်ငြိမ်နိုင်သည့် စိတ်ဓာတ်ရှိသည်ဆိုသော်လည်း အသက်ကို ပြင်းပြင်းရှူလိုက်မိကာ သူ၏ရင်ထဲ၌ မယုံကြည်နိုင်မှုတို့ဖြင့် အော်ဟစ်လိုက်မိသည်။
"ကံကြမ္မာ ခုနစ်ပါး အဲဒီထဲမှာ ခြောက်ခုက ဒီလောကရဲ့ အမြင့်ဆုံး အဆင့်အတန်းရှိတဲ့ ကံကြမ္မာတွေပဲ"
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
နင်ချန်းယွီသည် အသက်သခင်ကျမ်းပေါ်ရှိ စာသားများကို အသေအလဲ စိုက်ကြည့်နေမိ၏။ သူ၏ ယခင်ဘဝတုန်းကပင် ကောင်းကင်ဘုံ၏ ပါရမီရှင်များစွာထံမှ ကံကြမ္မာများကို လုယူခဲ့ပြီး အထွတ်အထိပ်နယ်ပယ် ကိုးဆင့်အထိ တက်လှမ်းနိုင်ခဲ့သော်လည်း ဤကဲ့သို့သော တောက်ပသောရွှေကံကြမ္မာခြောက်ခုကိုပင် သူ မပိုင်ဆိုင်နိုင်ခဲ့ချေ။
သို့သော် သူ အလွန်အမင်း တုန်လှုပ်နေစဉ်မှာပင်...
အသက်သခင်ကျမ်းပေါ်ဝယ် အစွန်းကုန် တောက်ပလွန်းလှသည့် နောက်ထပ် စာကြောင်းတစ်ကြောင်း ထပ်မံ ပေါ်ပေါက်လာပြန်သည်။
[ဧကရာဇ်ခရမ်းရောင်ကံကြမ္မာ - မွေးရာပါ ထာဝရရှင်သန်ခြင်း ရုပ်အသွင်]
ဘုန်းးး
နင်ချန်းယွီ၏ ဦးနှောက်မှာ လုံးဝ ဗလာဖြစ်သွားတော့သည်။
ဧကရာဇ်ခရမ်းရောင်ကံကြမ္မာ၊ မွေးရာပါ ထာဝရရှင်သန်ခြင်း ရုပ်အသွင်
သမိုင်းတစ်လျှောက်တွင် ဤကံကြမ္မာကို လူနည်းစုသာ ပိုင်ဆိုင်ခဲ့ဖူးသည်။ ပြီးတော့ ဤကံကြမ္မာကို ပိုင်ဆိုင်ရန်အတွက် ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိသည်။
အဲဒါကတော့... ချန်ကျီရှင်းက ဒဏ္ဍာရီလာ ရှေးဟောင်းပုံစံရှင် ဆယ်ပါးထဲက တစ်ယောက် ဖြစ်နေတာပဲ
အဘယ်ကြောင့်ဆိုသော် ထိုရှေးဟောင်းပုံစံရှင် ဆယ်ပါးကိုသာလျှင် မွေးရာပါ ထာဝရရှင်သန်
ခြင်း ရုပ်အသွင် ရှိသူများဟု သတ်မှတ်နိုင်သောကြောင့်ပင်။
ဤကဲ့သို့သော ကံကြမ္မာမျိုးကို ပိုင်ဆိုင်ထားခြင်းမှာ မတော်တဆ မသေဆုံးခဲ့လျှင် ထိုသူသည် မဟာထာဝရရှင်သန်ခြင်းကို သေချာပေါက် ရရှိမည်ဖြစ်ပြီး ထာဝရအသက်နှင့် အစဉ်အမြဲ ထွန်းကားခြင်းကို ပိုင်ဆိုင်ရမည်ဟု ဆိုလိုခြင်းပင်။
"ထာဝရရှင်သန်ခြင်း... ဒါက ဧကရာဇ်ခရမ်းရောင်ကံကြမ္မာရဲ့ ထာဝရရှင်သန်ခြင်း ရုပ်အသွင် ပဲ..."
နင်ချန်းယွီသည် မျက်သူငယ်အိမ်တို့ ဝေဝါးလျက် တစ်နေရာတည်းတွင် ကြောင်စီစီဖြင့် ရပ်နေမိတော့သည်။ သူ၏ယခင်ဘဝ နှစ်ပေါင်းငါးရာတိုင် ကြိုးပမ်းအားထုတ်ခဲ့မှုတွင် ဤ ထာဝရရှင်သန်ခြင်း ရုပ်အသွင်၏ အရိပ်အယောင်ကိုပင် သူ မမြင်တွေ့ခဲ့ဖူးချေ။ သူသည် ကျောက်ရုပ်တစ်ရုပ်အလား တောင့်တင်းနေပြီး အကြီးအကျယ် တုန်လှုပ်ချောက်ချားမှုအတွင်း နစ်မြောနေခဲ့သည်။
"နင်ချန်းယွီ"
"နင်ချန်းယွီ... မင်း အခု ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
"ဘာတွေ တစ်ယောက်တည်း ရောင်ရမ်းနေတာလဲ။ စနစ်တကျ ပြန်ထိုင်စမ်း"
ရွှီမိသားစုဝင်များ၏ နိမ့်ပါးသော်လည်း ပြင်းထန်သော ငေါက်ငမ်းသံများကို နားထဲ၌ အကြိမ်ကြိမ် ကြားလိုက်ရမှသာ နင်ချန်းယွီသည် သတိပြန်ဝင်လာပြီး သူ၏တည်ငြိမ်မှုများ နောက်တစ်ကြိမ် ပျက်ပြားသွားခဲ့ကြောင်း သိလိုက်ရသည်။
တစ်နာရီအတွင်းမှာတင် သူသည် သုံးကြိမ်တိုင်တိုင် စိတ်လှုပ်ရှားတုန်လှုပ်ခဲ့ရသည်။ ယခင်ဘဝက အထွတ်အထိပ်နယ်ပယ်သို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ထာဝရရှင်သန်ခြင်း ဘေးဒုက္ခကြောင့် ကျဆုံးခဲ့ရသည့် အချိန်ကလွဲလျှင် ဤကဲ့သို့သော အခြေအနေမျိုးကို သူ မည်သည့်အခါမှ မကြုံတွေ့ခဲ့ဖူးချေ။
"ချန်းယွီ... မင်း ကောင်းကောင်း အနားမယူရသေးဘူးဆိုရင်လည်း သွားပြီး အနားယူလိုက်ပါဦး"
အေးစက်ပြီး လျစ်လျူရှုထားသော အသံတစ်ခု ထွက်ပေါ်လာသည်။ နင်ချန်းယွီ မော့ကြည့်လိုက်သောအခါ စိတ်ပျက်အားလျော့နေသော ရွှီချင်းကျိုး၏ မျက်ဝန်းများကို တွေ့လိုက်ရ၏။
"ငါ... ငါ အဆင်ပြေပါတယ်"
နင်ချန်းယွီသည် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီးနောက် ခေါင်းကို ပြန်ငုံ့ထားလိုက်သည်။ ထိုစဉ် အတွေးတစ်ခုမှာ သူ၏ဦးနှောက်အတွင်းသို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ရုတ်တရက် ဝင်ရောက်လာ၏။
"နေဦး"
"ငါ့ရဲ့ မှတ်ဉာဏ်တွေ ဘာလို့ လွဲချော်နေတာလဲ။ ချန်ကျီရှင်းရဲ့ ကံကြမ္မာတွေက ဘာလို့ ဒီလောက်တောင် ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး ပြောင်းလဲနေရတာလဲဆိုတာကို ငါမသိပေမဲ့..."
"ဒါက ငါ့အတွက်တော့ အကြီးမားဆုံးသော ကံကောင်းခြင်းတစ်ခုပဲ မဟုတ်လား"
နင်ချန်းယွီ၏ မျက်ဝန်းအစုံတွင် ပြင်းထန်လှသော အလင်းတန်းတစ်ခု ဖြတ်ခနဲ ပေါ်ပေါက်လာသည်။ နောက်တစ်ခဏ၌ သူ၏လက်အစုံမှာ မထိန်းချုပ်နိုင်ဘဲ အနည်းငယ် တုန်ယင်လာခဲ့လေတော့သည်။
"အကယ်၍သာ... ငါ ချန်ကျီရှင်းဆီက ကံကြမ္မာ ခုနစ်ပါးစလုံးကို လုယူနိုင်ခဲ့မယ်ဆိုရင်..."
"အဲဒီအချိန်ကျရင် ထာဝရရှင်သန်ခြင်းနယ်ပယ်ဆိုတာ ဘာအရေးပါတော့မှာလဲ။ အသေးအဖွဲ့ကိစ္စလေးတစ်ခုပဲပေါ့"
"ငါက... ကမ္ဘာဦးအစကတည်းက ပထမဆုံးသော မဟာထာဝရရှင်သန်သူတောင် ဖြစ်လာနိုင်တယ်"
နင်ချန်းယွီ၏ မျက်ဝန်းအစုံ၌ ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားမှု အရှိန်အဟုန်တို့က အထင်အရှား ပေါ်ပေါက်လာတော့သည်။
"ပြန်လည်မွေးဖွားလာတာက အကြီးမားဆုံး ကံကောင်းခြင်းမဟုတ်ဘူး။ အသက်သခင်ကျမ်း ငါ့အနားမှာ ရှိနေတာကလည်း အကြီးမားဆုံး ကံကောင်းခြင်း မဟုတ်သေးဘူး။ ငါ့ရဲ့ တကယ့် ကံထူးခြင်းက သူပဲ... ချန်ကျီရှင်း"
ဤသို့တွေးတောမိသည်နှင့် နင်ချန်းယွီ၏ မျက်နှာတွင် လောဘဇောနှင့် တပ်မက်မှုများကြောင့် နီမြန်းလာခဲ့သည်။
...
...
အဓိကတောင်ထိပ်ရှိ ခန်းမဆောင်ကြီးအတွင်း မြင့်မားသော စင်မြင့်ထက်ဝယ်...
မြင့်မြတ်တည်ငြိမ်သော အရှိန်အဝါရှိသည့် ချန်ကျီရှင်းသည် မျက်လွှာချလျက် လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေ၏။
"ရွှီမိသားစုရဲ့ ဖီးနစ်ငှက်မလေး ရွှီချင်းကျိုး..."
သူသည် ရွှီချင်းကျိုးကို ခပ်စိမ်းစိမ်း တစ်ချက် ကြည့်လိုက်သည်။ ရွှီချင်းကျိုးသည် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ မျက်နှာသွင်ပြင်မှာ သိသာထင်ရှားသော အလှတရားမျိုး မဟုတ်ဘဲ နုနယ်သောအသွင် ရှိသည်။ သို့သော် သူမ၏ မျက်နှာပုံပန်း သဏ္ဌာန်မှာ ပြတ်သားလွန်းသဖြင့် သူမအား ပြိုင်ဘက်ကင်း အလှနတ်သမီးဟုတော့ ခေါ်ဆို၍ မရနိုင်ပေ။
ဤမိန်းကလေး၏ ပါရမီမှာ ထူးကဲလှပြီး မူလဇာတ်လမ်းလိုင်း ကိုးခုအနက်မှ အမျိုးသမီး ဇာတ်ကောင်များထဲတွင် ထိပ်ဆုံးအဆင့်၌ ပါဝင်သည်။ သို့သော်လည်း မဟာကျင့်ကြံခြင်းဂိမ်းအတွင်း၌ ရွှီချင်းကျိုး၏ ပါဝင်မှုနှုန်းမှာ မမြင့်မားလှပေ။
ငါသာ အမှတ်မမှားဘူးဆိုရင်...
ဒီမိန်းကလေးဟာ အရှေ့နယ်မြေ မဟာပြိုင်ပွဲအပြီးမှာ ရွှီမိသားစုဆီ အပြန်လမ်းမှာတင် မိစ္ဆာဂိုဏ်းရဲ့ ရက်စက်တဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာ မဟုတ်လား။ အဲဒီတုန်းက သူမက ငယ်ငယ်ရွယ်ရွယ်နဲ့တင် ကွယ်လွန်သွားခဲ့ရရှာတာ။
ငါ့ရဲ့ ယခင်ဘဝတုန်းကတော့ ဒီသတင်းကို ကြားလိုက်ရတဲ့ ကစားသမား အတော်များများက တကယ်ကို နှမြောတသဖြစ်ပြီး ညည်းတွားခဲ့ကြရတာ။ သူမလို ပါရမီရှင်တစ်ယောက် ဒီလောက်အစောကြီး ကြွေလွင့်သွားရတာက တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုပဲ။
"သူမ သေဆုံးသွားချိန်မှာ အပိုဆုတစ်ခု ပါခဲ့သလိုပဲ။ ရွှီချင်းကျိုးက သူမရဲ့ နက်ရှိုင်းသောယငနတ်ဘုရားခန္ဓာကြောင့် ဝိညာဉ်ဖိုအဖြစ် အသုံးပြုဖို့ တကယ့်ကို သင့်တော်တဲ့သူပဲ"
ချန်ကျီရှင်းသည် သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး အောက်ဘက်ရှိ နင်ချန်းယွီကို ကြည့်လိုက်သည်။ ခုနက ရွှီမိသားစုဝင်များ၏ စကားဝိုင်းမှတစ်ဆင့် ဤသူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သူ သိရှိထားပြီးဖြစ်သည်။
"ရွှီမိသားစုရဲ့ သမက်... နင်ချန်းယွီ..."
ချန်ကျီရှင်းသည် နင်ချန်းယွီကို စိတ်ဝင်တစား ကြည့်လိုက်ပြီး သူ၏ ရှည်လျားလှပသော လက်ချောင်းလေးများဖြင့် ကျောက်ထိုင်ခုံ၏ လက်တင်ကို ခပ်သာသာလေး ခေါက်နေမိသည်။
"ငါ မှတ်မိမမှားဘူးဆိုရင် ဒီလူက ဇာတ်လမ်းကိုးခုထဲက ဇာတ်လိုက်တစ်ယောက်ဖြစ်တဲ့ ပြန်လည်မွေးဖွားခြင်းကဏ္ဍရဲ့ ကောင်းကင်ဘုံ ရွေးချယ်ခံ ဇာတ်လိုက်ပဲ ဖြစ်ရမယ်"
"သူ့ရဲ့ တုံ့ပြန်မှုတွေကို ကြည့်ရရင် အခုဘဝမှာ မြင်တွေ့နေရတဲ့ အရာတွေက သူသိထားတဲ့ အရင်ဘဝနဲ့ လွဲချော်နေတာကို သတိပြုမိသွားပြီး တည်ငြိမ်မှု ပျက်ပြားနေပုံပဲ"
ချန်ကျီရှင်းသည် သူ၏ မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်လိုက်ရင်း ရယ်ချင်စဖွယ် အတွေးတစ်ခု ဝင်လာခဲ့သည်။
"အကယ်၍သာ ငါ အခု သူ့ကို ပြောပြလိုက်မယ်ဆိုရင်ကော... ဘာလဲ ကောင်းကင်ဘုံကို ငုံ့ကြည့်ပြီး အထွတ်အထိပ်ကို ရောက်ခဲ့တဲ့ ချန်းယွီနတ်မင်းကြီး ဟုတ်လား။ အသက်သခငကျမ်းကနေ သူတစ်ပါးရဲ့ ကံကြမ္မာကို မြင်ရတယ် ဟုတ်လား။ အဲဒါတွေအားလုံးက အနှိမ်ခံနေရတဲ့ ရွှီမိသားစုသမက် တစ်ယောက်ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေပဲလို့ ပြောလိုက်ရင် သူ့ရဲ့ တာအိုစိတ်နှလုံးတစ်ခုလုံး ပြိုလဲသွားမလားပဲ"
"ထားလိုက်ပါတော့လေ..."
ချန်ကျီရှင်းသည် သူ၏အကြည့်များကို ရုပ်သိမ်းလိုက်ပြီး ဤကဲ့သို့သော ဟာသမျိုးကို မလုပ်သင့်ဘူးဟု ဆုံးဖြတ်လိုက်သည်။ ဇာတ်လမ်းလိုင်းကိုးခုအနက်မှ ထိပ်တန်း ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်တစ်ဦးဖြစ်သော နင်ချန်းယွီအတွက်မူ ပြန်လည်မွေးဖွားလာခြင်းမှာ စိတ်ကူးယဉ်အိပ်မက်တစ်ခု မဟုတ်သည်မှာ သေချာလှသည်။
နင်ချန်းယွီသည် အမှန်တကယ်ပင် နောက်ထပ် နှစ်ပေါင်းငါးရာအကြာ အနာဂတ်မှ ပြန်လည်မွေးဖွားလာသူ ဖြစ်သည်။ သူသည် နှစ်ပေါင်းငါးရာစာ ကျင့်ကြံမှု အတွေ့အကြုံများကို ပိုင်ဆိုင်ထားရုံသာမက သူ၏ အသိအာရုံပင်လယ်အတွင်း၌ ထိပ်တန်းလျှို့ဝှက်ရတနာတစ်ခုဖြစ်သော အသက်သခင်ကျမ်းကိုလည်း ရွှေလက်ချောင်းအဖြစ် ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ထိုအသက်သခင်ကျမ်းသည် သူတစ်ပါး၏ ကံကြမ္မာကို ချောင်းကြည့်နိုင်ရုံသာမက အကြောက်ရဖွယ်အကောင်းဆုံးမှာ တစ်ဖက်လူကို သတ်ဖြတ်ပြီးနောက် ထိုသူ၏ ကံကြမ္မာကို လုယူကာ သူ့ကိုယ်ပိုင်အဖြစ် ပြောင်းလဲပစ်နိုင်ခြင်းပင်။ မူလက သာမန်ပါရမီသာရှိသော နင်ချန်းယွီသည် ဘဝနှစ်ခုစလုံးတွင် ဤကျမ်းစာကို အားကိုးကာ သူတစ်ပါး၏ ကံကြမ္မာများကို အဆက်မပြတ် လုယူခဲ့ပြီးနောက် နောက်ဆုံး၌ ကံကြမ္မာပေါင်း ထောင်သောင်းကို ပိုင်ဆိုင်လျက် အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့ခြင်းပင်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ချန်ကျီရှင်း၏ အမြင်၌ နင်ချန်းယွီသည် အစကတည်းက အားသာချက်အပြည့်ဖြင့် ကစားပွဲကို စတင်နေသူ ဖြစ်သည်။ ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို အဆုံးစွန်ထိ ရရှိထားခြင်းပင်။
သူနှင့် နှိုင်းယှဉ်လျှင် ရဲ့ချန်၏ ဓားတာအိုပါရမီနှင့် ဓားနတ်ဘုရား အမွေအနှစ်၊ လင်းဖုန်း၏ ထိပ်တန်းနတ်ဘုရား နည်းဗျူဟာများ ပေးစွမ်းသည့် ကိုးထပ်ကျောက်စိမ်းမျှော်စင် သို့မဟုတ် မုန့်ဟဲတုန်း၏ ရှေးဟောင်းဝိညာဉ်အကြွင်းအကျန် ရွှေလက်ချောင်းတို့မှာ စကားလုံး နှစ်လုံးတည်းနှင့် ပြောရလျှင် သနားစရာပင်။
"ဒါကြောင့်မို့လို့ ဒီလိုလူမျိုးကို ငါမသတ်နိုင်ရင် စားလည်းမဝင် အိပ်လည်းပျော်မှာ မဟုတ်ဘူး"
ချန်ကျီရှင်း၏ နှုတ်ခမ်းထောင့်တွင် နူးညံ့သောအပြုံးတစ်ခု ပေါ်လာသော်လည်း သူ၏ ရှည်လျားသော မျက်ဝန်းအစုံ၌မူ အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားခဲ့သည်။
အထက်ပါ အချက်အလက်များအရ နင်ချန်းယွီသည် အစွမ်းထက်သူဖြစ်သော်လည်း ၎င်းမှာ ချန်ကျီရှင်း သူ့ကို အနှောင့်အယှက်ဖြစ်စရာဟု မှတ်ယူရသည့် အဓိကအကြောင်းရင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နင်ချန်းယွီသည် အခုမှ ပြန်လည်မွေးဖွားလာကာ အင်အားနည်းနေသေးသဖြင့် သူ့ကို အချိန်မရွေး အလွယ်တကူ သတ်ဖြတ်ပစ်နိုင်သောကြောင့်ပင်။
ချန်ကျီရှင်းအတွက် တကယ့် အခက်အခဲမှာ နင်ချန်းယွီ၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးနေရာ၌ နင်ချန်းယွီကိုယ်တိုင်ပင် မသိရှိထားသော အထွတ်အထိပ် စွမ်းအားတစ်ခု ကိန်းအောင်းနေခြင်းပင်။
ဤစွမ်းအားသည် သူပြန်လည်မွေးဖွားခြင်း မတိုင်မီက ချန်းယွီနတ်မင်းကြီး ဘဝမှ ရရှိလာသော အရှိန်အဝါ ဖြစ်သည်။ ပြန်လည်မွေးဖွားချိန်တွင် အဆပေါင်းများစွာ အားနည်းသွားသည်ဆိုသော်လည်း ၎င်းသည် အထွတ်အထိပ်စွမ်းအား ဖြစ်နေဆဲပင်။ နင်ချန်းယွီ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရသည့် အခါတိုင်း ထိုစွမ်းအားမှာ အလိုအလျောက် ပွင့်ထွက်လာမည် ဖြစ်သည်။ ဤအချက်ကပင် ချန်ကျီရှင်းအား သတိကြီးစွာ ထားစေပြီး တုံ့ဆိုင်းစေခဲ့ခြင်းပင်။
"ကဲ... ငါ မင်းကို ဘယ်လိုနည်းနဲ့ သတ်ရမလဲ"
ချန်ကျီရှင်းသည် နဂါးရုပ်ပုံပါသော အမည်းရောင်ရွှေ လက်ဖက်ရည်ခွက်ကို အသာအယာ ချလိုက်ရင်း သူ၏လက်ချောင်းများဖြင့် ကျောက်ထိုင်ခုံ၏ လက်တင်ကို ရင်ခုန်စိတ်လှုပ်ရှားစွာ ခေါက်နေမိသည်။ မကြာမီမှာပင် သူ၏ နှုတ်ခမ်းထောင့်၌ ခပ်သဲ့သဲ့လေး ပြုံးလိုက်မိ၏။
စေ့စပ်သေချာလှသော အကြံအစည်တစ်ခုက သူ၏ ဦးနှောက်အတွင်း၌ အစီအရီ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
အခန်း။ ၉၀
တစ်ချိန်တည်းမှာပင်...
"ကဲ... ငါ မင်းကို ဘယ်လိုနည်းနဲ့ သတ်ရမလဲ"
နင်ချန်းယွီသည် မျက်မှောင်ကြုတ်လျက် အဓိကနေရာတွင် ထိုင်နေသော ချန်ကျီရှင်းကို စိုက်ကြည့်နေပြီး သူ၏မျက်ဝန်းအစုံ၌ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ဝေစီလာခဲ့သည်။ မည်သည့်ရှုထောင့်မှပင် ကြည့်သည်ဖြစ်စေ ဇီဝေချန်မိသားစု၏ တတိယသခင်လေး ချန်ကျီရှင်းက သေရမည်သာ ဖြစ်သည်။
ထို့ပြင် သူသည် နင်ချန်းယွီ၏ လက်ဖြင့်သာ သေဆုံးရပေမည်။ အကယ်၍ ချန်ကျီရှင်း အသတ်ခံရပါက နင်ချန်းယွီသည် သူ၏ ကံကြမ္မာအားလုံးကို အပြည့်အဝ ဆက်ခံနိုင်မည် မဟုတ်ပေ။ ထိုအချိန်ကျလျှင် သူ သိရှိထားသော အခွင့်အလမ်းများနှင့် နှစ်ပေါင်းငါးရာစာ တိုက်ပွဲအတွေ့အကြုံတို့ကို ပေါင်းစပ်လိုက်ပါက သူသည် တစ်ဟုန်ထိုး တက်လှမ်းနိုင်မည်မှာ အသေအချာပင်။
ဒီနေရာက ဇီဝေချန်မိသားစုရဲ့ နယ်မြေပဲ။ ဒီမှာ သူ့ကို တိုက်ခိုက်ဖို့ဆိုတာ လက်တွေ့မကျဘူး။
ပြီးတော့ သူ့ရဲ့ ကံကြမ္မာကို ကြည့်ရတာ ဒီဘဝက ချန်ကျီရှင်းက ကြက်တစ်ကောင်ကိုတောင် မသတ်ရဲတဲ့ အရင်ဘဝက ချန်ကျီရှင်းနဲ့ လုံးဝ မနှိုင်းယှဉ်နိုင်ဘူး။
ဒါကြောင့် ငါ့အနေနဲ့ ဒီလူကို အရင်ဘဝက အမြင်မျိုး၊ သဘောထားမျိုးနဲ့ လုံးဝ မဆက်ဆံသင့်ဘူး။ အကယ်၍သာ ငါ့ဘက်က အရင်ဘဝကလို အထင်အမြင်သေးတာမျိုး ဒါမှမဟုတ် မာနထောင်လွှားတာမျိုး အနည်းငယ်လောက်ပဲ ရှိခဲ့ရင်တောင် နောက်ဆုံးမှာ ရှုံးနိမ့်မှာက ငါပဲ ဖြစ်လိမ့်မယ်
ဒီလူရဲ့ ကံကြမ္မာအရဆိုရင် သူက ဝိညာဉ်ခရီးစဉ်နယ်ပယ်ထဲကို ရောက်နေလောက်ပြီ။ အခုလောလောဆယ်တော့ ငါက သူ့ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး။
နင်ချန်းယွီသည် အစဉ်မပြတ် တွေးတောနေမိ၏။ သူသည် ယခင်ဘဝက အထွတ်အထိပ်နယ်ပယ် ကိုးဆင့်အထိ ရောက်ရှိခဲ့သူဖြစ်ရာ လူမိုက်တစ်ယောက်တော့ မဟုတ်သည်မှာ သေချာသည်။ ယခုအခါ သူသည် ချန်ကျီရှင်းနှင့် ထိပ်တိုက်တွေ့ဆုံရာတွင် သူ၏ အားသာချက်နှင့် အားနည်းချက်များကို အလျင်အမြန် ခွဲခြမ်းစိတ်ဖြာနေတော့သည်။
ခေတ္တအကြာတွင် နင်ချန်းယွီသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ….
ငါ့မှာ အရင်ဘဝက ကျင့်ကြံမှု အတွေ့အကြုံတွေနဲ့ အခွင့်အလမ်းတွေကို ကြိုတင်သိမြင်မှုတွေ ရှိတယ်။ သူကတော့ ဇီဝေချန်မိသားစု တစ်ခုလုံးရဲ့ အရင်းအမြစ်တွေနဲ့ အားကောင်းလှတဲ့ ပါရမီတွေကို ပိုင်ဆိုင်ထားတယ်။ ချန်တောက်ယန်က မိသားစုအတွက် သူ့ကို အရေးတယူ ရှိနေတာကြောင့် သူ့အတွက် လိုအပ်တာမှန်သမျှကို ပံ့ပိုးပေးနေမှာ အသေအချာပဲ။ ဒီတော့ ဒီအချက်တွေအရဆိုရင် ငါနဲ့သူက အင်အားချင်း တူညီနေတယ်လို့ ပြောလို့ရတယ်။
ဒါကြောင့် ငါ့ရဲ့ အကြီးမားဆုံး အားသာချက်ကတော့ ငါက အမှောင်ထဲမှာ ရှိနေပြီး သူကတော့ အလင်းထဲမှာ ရှိနေတာပဲ။ သူက ငါ့အပေါ်မှာ ဘယ်လို ကာကွယ်မှုမျိုးမှ ရှိနေမှာ မဟုတ်ဘူး။
နင်ချန်းယွီသည် ပြုံးလိုက်မိ၏။ သူ၏ အဆင့်ဆင့်သော တွက်ချက်မှုများမှတစ်ဆင့် ချန်ကျီရှင်းကို မည်သို့ကိုင်တွယ်ရမည်ကို သူ စဉ်းစားမိသွားပြီ ဖြစ်သည်။
ရှေ့ဆက်၍ သူသည် ချန်ကျီရှင်းအပေါ် မည်သည့် ရန်လိုမှုကိုမျှ ပြသမည်မဟုတ်ဘဲ ထိုအစား သူ၏ စိတ်ဝင်စားမှုများကို လိုက်လျောပေးကာ သူနှင့် ရင်းနှီးအောင် ပြုမူပြီး သူ၏ ယုံကြည်မှုကို ရယူရန် ကြိုးစားပေလိမ့်မည်။
ဟက်... အားသာချက်ကတော့ ငါ့ဆီမှာပဲ ရှိနေတုန်းပဲ။
နင်ချန်းယွီသည် ခပ်သဲ့သဲ့လေး ပြုံးလိုက်စဉ် သူ၏ မျက်လုံးထောင့်မှတစ်ဆင့် ချန်ကျီရှင်းသည် ရွှီချင်းကျိုးကို အကဲခတ်နေသည်ကို သတိပြုမိလိုက်သည်။ သူ၏ ရင်ထဲတွင် အတွေးစတစ်ခု ဖြတ်ခနဲ ပေါ်လာ၏။
သူက ငါ့ဇနီးကို စိတ်ဝင်စားနေတာလား။ ဒါလည်း ဖြစ်နိုင်တာပဲလေ။ ငါ့ဇနီးရဲ့ ကျော့ရှင်းတဲ့ အလှနဲ့ ထိပ်တန်းပါရမီတွေကို ဘယ်ယောကျ်ားကများ စိတ်မလှုပ်ရှားဘဲ နေမှာလဲ။
"ဘာပဲဖြစ်ဖြစ် သူက ငါ့အပေါ်မှာ အခုထိ စိတ်ဝင်စားမှု မရှိသေးတာပဲ။ သူ့ရဲ့အချစ်ကို ရဖို့အတွက် အချိန်ကုန်ခံနေမယ့်အစား ရွှီချင်းကျိုးကိုသာ လက်လွှတ်လိုက်တာ ပိုကောင်းမယ်... သူ့ကို ငါနဲ့ ချန်ကျီရှင်းကြား ရင်းနှီးမှုတည်ဆောက်ဖို့အတွက် ပထမဆုံးသော အသုံးချဖန်တီးမှုအဖြစ် အသုံးချလိုက်မယ်"
နင်ချန်းယွီ ဤသို့တွေးတောလိုက်စဉ် သူ၏ရင်ထဲ၌ အနည်းငယ် နာကျင်သွားရသည်။
အမှန်တကယ်တော့ ရွှီချင်းကျိုးမှာ သူ၏ယခင်ဘဝက အကြီးမားဆုံးသော နောင်တတစ်ခု ဖြစ်ခဲ့သည်။ ယခုမူ သူမကို အခြားတစ်ယောက်ထံသို့ ကိုယ်တိုင်ကိုယ်ကျ တွန်းပို့ရန် သူ စီစဉ်နေမိသည်။ သို့သော် ထိုနာကျင်မှုမှာ မကြာမီမှာပင် ရက်စက်မှုနှင့် ပြတ်သားမှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ထာဝရရှင်သန်ခြင်းနဲ့ ယှဉ်လိုက်ရင် မိန်းကလေးတစ်ယောက်ဆိုတာ ဘာအရေးပါလို့လဲ"
"မိန်းမဆိုတာ အစွမ်းထက်သူတွေအတွက် အသုံးအဆောင်ပစ္စည်းတစ်ခုပဲ။ အကယ်၍ ငါသာ အထွတ်အထိပ်ကို ရောက်သွားမယ်ဆိုရင် ရွှီချင်းကျိုးလို မိန်းမမျိုး ဆယ်ယောက် အယောက်တစ်ရာဆိုတာ လက်ဖျစ်တစ်ချက် တီးလိုက်ရုံပဲ"
နင်ချန်းယွီ၏ အတွေးတို့ အဆုံးမသတ်နိုင်အောင် ဖြစ်နေစဉ်မှာပင်...
ခန်းမဆောင်ကြီးအတွင်း၌ စားပွဲမှာ စတင်နေပြီ ဖြစ်သည်။ အိမ်ရှင်ဖြစ်သည့် ချန်မိသားစုမှာ တကယ့်ကို ရက်ရက်ရောရော တည်ခင်းဧည့်ခံထား၏။ စားပွဲပေါ်ရှိ ဟင်းလျာတိုင်းကို သွေးသန့် ရှေးဟောင်းသားရဲမျိုးစိတ်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုသားရဲများကို ဝိညာဉခရီးစဉ်နယ်ပယ်၏ အထွတ်အထိပ်၌ ရှိသော ချန်ထျန်းချန်နှင့် အကြီးအကဲများက မိုင်ပေါင်းသောင်းချီ ရှည်လျားသော တောင်တန်းကြီးများအတွင်းမှ ဖမ်းဆီးလာခဲ့ကြခြင်းပင်။ ထိုသားရဲများ၏ အနိမ့်ဆုံး ကျင့်ကြံဆင့်မှာပင် ဝိညာဉ်ခရီးစဉ်နယ်ပယ် အထွတ်အထိပ်၌ ရှိနေကြ၏။
အသုံးပြုထားသော အရက်မှာလည်း ရွှေနှင့်လဲမှရနိုင်သည်ဟု ကျော်ကြားလှသည့် ထာဝရရှင်သန်ခြင်း သေရည်ဖြစ်သည်။ ဤအရက်ကို ကောင်းကင်ဘုံမှ ပစ္စည်းမျိုးစုံနှင့် မြေကမ္ဘာမှ ရတနာမျိုးစုံကို အသုံးပြု၍ ချက်လုပ်ထားခြင်း ဖြစ်ရာ အလွန်ပင် တန်ဖိုးကြီးလှသည်။ နာမည်နှင့်အညီ ဤအရက်သည် ကျင့်ကြံသူများကိုပင် မူးယစ်စေနိုင်သော ဝိညာဉ်အရက်အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။
ယွမ်ကျိုးနယ်မြေမှ အထက်တန်းလွှာမိသားစု ဖြစ်သော ရွှီမိသားစုမှာပင် ဤကဲ့သို့ ခမ်းနားထည်ဝါလှသော တည်ခင်းမှုကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။ ရွှီမိသားစုတွင် နိဗ္ဗာန်နယ်ပယ်အဆင့်ရှိသော ဘိုးဘေးတစ်ဦး ရှိသော်လည်း ထိုသူမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး လောကီရေးရာများကို ဂရုမစိုက်တော့ပေ။ ဒုတိယအစွမ်းထက်ဆုံးဖြစ်သော ရွှီသခင်မကြီးမှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ ရောက်ရှိထားသော်လည်း သူမသည်လည်း မိသားစုအတွင်း၌သာ နေထိုင်ပြီး ဤကဲ့သို့ ဟင်းလျာများအတွက် သားရဲများကို လိုက်လံဖမ်းဆီးခြင်းမျိုး မပြုလုပ်ခဲ့ချေ။
ထို့ကြောင့် ရွှီမိသားစုဝင်အားလုံးမှာ မျက်လုံးအပြူးသားဖြင့် ဤစားပွဲကြီးကို အားပါးတရ စားသောက်နေကြတော့သည်။
ရွှီချင်းကျိုးမှာမူ ချန်ကျီရှင်း၏ ဘေးတွင် ထိုင်နေ၏။ ချန်ယန်အကယ်ဒမီ၏ ထိပ်တန်းကျောင်းသူတစ်ဦး ဖြစ်သည့်အတိုင်း သူမသည် လောကအတွေ့အကြုံ များပြားလှသဖြင့် အလွယ်တကူ တည်ငြိမ်မှု ပျက်ပြားခြင်း မရှိပေ။
"တတိယသခင်လေး... ချန်ကျောက်ရှင်းအကြောင်း သတင်းတစ်စုံတစ်ရာ ရပါသလား"
ရွှီချင်းကျိုးက အရက်ကို တစ်ငုံသောက်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"သတင်းမရပါဘူး။ မိန်းကလေးရွှီက ငါ့ရဲ့ အစ်ကိုကြီးကို သိလို့လား"
ချန်ကျီရှင်းက မျက်မှောင်ပင့်၍ မေးလိုက်၏။
ရွှီချင်းကျိုးက ခေါင်းခါယမ်းကာ "သိတယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမဲ့ သူက ချန်ယန်အကယ်ဒမီမှာ အတော်လေး နာမည်ကြီးခဲ့တာလေ။ ပထမနှစ်ကျောင်းသားတွေထဲမှာ အစွမ်းထက်ဆုံး ပါရမီရှင်အဖြစ် အသိအမှတ်ပြုခံထားရသူပါ။ ဆရာအများစုနဲ့ ကျွန်မတို့အားလုံးက သူ့အပေါ် အများကြီး မျှော်လင့်ချက် ထားခဲ့ကြတာ"
ဤသို့ပြောပြီးနောက် ရွှီချင်းကျိုးက လက်ဖက်ရည်ခွက်ကို ချလိုက်ကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"ဒီလို ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် အချိန်မတိုင်ခင် ကွယ်လွန်သွားရတာ နှမြောစရာပါပဲ။ မဟုတ်ရင် သူက အရှေ့နယ်မြေရဲ့ ထိပ်တန်းပါရမီရှင်တွေထဲမှာ သေချာပေါက် နေရာတစ်ခု ရမှာပါ"
ချန်ကျီရှင်းက ခေါင်းညိတ်လျက် သက်ပြင်းချကာ "ဘဝဆိုတာ ခန့်မှန်းရခက်ပါတယ်။ ဒါ ကံကြမ္မာပဲပေါ့"
ထိုစကားကို ကြားသောအခါ ရွှီချင်းကျိုးသည် ချန်ကျီရှင်းကို ကြည့်လိုက်မိရာ သူ၏မျက်နှာထက်မှ ဝမ်းနည်းရိပ်များကို မြင်တွေ့ရသဖြင့် စိတ်ပျော့သွားကာ နူးညံ့စွာ ပြောလိုက်သည်။ "တတိယသခင်လေး... အရမ်းလည်း ဝမ်းမနည်းပါနဲ့တော့။ ချန်ကျောက်ရှင်း မရှိတော့ပေမဲ့ ချန်မိသားစု ရှိနေသေးတာပဲ။ တစ်ဦးတည်းသော အမွေဆက်ခံသူအနေနဲ့ သခင်လေးက ပိုပြီး ကြံ့ကြံ့ခံနိုင်ဖို့ လိုအပ်ပါတယ်"
ထိုစကားများအဆုံးတွင် ချန်ကျီရှင်းက ရွှီချင်းကျိုးကို ကြည့်လိုက်ရာ သူ၏မျက်နှာထားမှာ အနည်းငယ် ထူးဆန်းသွားပြီး မျက်မှောင်ပင့်လိုက်မိသည်။
ဝမ်းနည်းနေတယ် ဟုတ်လား...
ကောင်းပါပြီလေ... အဲဒီလိုပဲ သတ်မှတ်လိုက်ကြတာပေါ့။
အရက်ဝိုင်း သုံးပတ်ခန့် လည်ပြီးနောက် သူတို့နှစ်ဦးသည် လောကီရေးရာများမှစ၍ ကျင့်ကြံခြင်းဆိုင်ရာ ဗဟုသုတများအထိ ရင်းရင်းနှီးနှီး စကားဖောင်ဖွဲ့နေကြတော့သည်။
မူလက ရွှီချင်းကျိုးသည် ပေါ့ပေါ့ပါးပါး သဘောထားဖြင့်သာ စကားပြောဆိုနေခဲ့သော်လည်း ချန်ကျီရှင်းနှင့် ဆွေးနွေးမှု နက်ရှိုင်းလာသည်နှင့်အမျှ သူမ၏ အံ့အားသင့်မှုတို့မှာ ပိုမိုတိုးပွားလာခဲ့သည်။
သူမ၏ ကျင့်ကြံခြင်းဆိုင်ရာ အခက်အခဲ မည်သည့်အရာကိုမဆို ဤတတိယသခင်လေးက သွက်လက်စွာ ဖြေကြားပေးနိုင်ရုံသာမက သူမတစ်ခါမျှ မစဉ်းစားဖူးသည့် ရှုထောင့်အသစ်များကိုပါ ထောက်ပြပေးနိုင်နေခြင်းပင်။ ထို့ကြောင့် ကျင့်ကြံခြင်းကို ရူးသွပ်သူဖြစ်သည့် ရွှီချင်းကျိုးသည် ဤအကြောင်းအရာအပေါ် ပိုမိုနက်ရှိုင်းစွာ ဆွေးနွေးလိုစိတ်များ ပြင်းပြလာခဲ့သည်။
"တတိယသခင်လေး... ဒီနေရာက ဆူညံလွန်းတယ်။ ငါတို့ စကားပြောဖို့ ပိုတိတ်ဆိတ်တဲ့နေရာကို သွားကြမလား"
ရွှီချင်းကျိုး၏ မျက်နှာတွင် စိတ်အားထက်သန်မှုများ အထင်အရှား ပေါ်လွင်နေသည်။
ချန်ကျီရှင်း စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင်...
"ဇနီးလေး... တတိယသခင်လေး"
"မင်းတို့နှစ်ယောက် ဘာတွေများ ဆွေးနွေးနေကြတာလဲ။ ရယ်ရယ်မောမောနဲ့ ပျော်စရာကောင်းလှချည်လား"
ဂလောက် ဟူသော အသံနှင့်အတူ နင်ချန်းယွီသည် အရက်အိုးတစ်လုံးကို ဆုပ်ကိုင်လျက် ယိုင်တိယိုင်တိုင်ဖြင့် ရှေ့သို့ လျှောက်လာသည်။ ထို့နောက် သူသည် နှစ်ယောက်ကြားထဲသို့ အတင်းဝင်ထိုင်လိုက်ပြီး လေချဉ်တစ်ချက်တက်ကာ "ငါ့ကိုလည်း မင်းတို့ဝိုင်းထဲ ထည့်ပေးပါဦး" ဟု ပြောလိုက်သည်။
ဤသည်ကို မြင်သောအခါ ချန်ကျီရှင်းသည် သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာသည်။
ဒီကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်က အခု ဘာပြဇာတ်ခင်းဖို့ ကြံစည်နေပြန်တာလဲ။
"တတိယသခင်လေးနဲ့ ကျွန်မ ကျင့်ကြံခြင်းဆိုင်ရာ ကိစ္စတွေကိုပဲ ဆွေးနွေးနေတာပါ"
ရွှီချင်းကျိုးသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ မူလက နင်ချန်းယွီအား စကားအများကြီး မပြောလိုသော်လည်း နောက်ဆုံးတွင် စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်၏။ နင်ချန်းယွီအပေါ် သူမ မည်သို့ပင် ခံစားရစေကာမူ အနည်းဆုံးတော့ သူသည် သူမ၏ အမည်ခံခင်ပွန်း ဖြစ်နေသည်။ ပြင်ပလူများရှေ့တွင် နင်ချန်းယွီ နားလည်မှုလွဲခြင်း သို့မဟုတ် အရှက်ရခြင်းမျိုး သူမ မဖြစ်စေလိုပေ။
"ချန်းယွီ... မင်း မူးနေပြီ ငါ မင်းကို အနားယူဖို့ လိုက်ပို့ပေးမယ်"
ရွှီချင်းကျိုးက နင်ချန်းယွီကို ထူရန် လက်လှမ်းလိုက်သည်။
"မူးတယ် ငါ မမူးသေးဘူး ဇနီးလေး... မင်းပဲ အရင်ပြန်ပြီး နားလိုက်တော့။ ငါနဲ့ တတိယသခင်လေးက စိတ်တူကိုယ်တူ ဖြစ်နေလို့ အတူတူ အဝသောက်ကြဦးမလို့"
နင်ချန်းယွီသည် ရွှီချင်းကျိုး၏ လက်ကို ပုတ်ထုတ်လိုက်ပြီး မူးဝေနေသော အသွင်ဖြင့် ချန်ကျီရှင်းဘက်သို့ လှည့်လိုက်ကာ
"တတိယသခင်လေး... လာ ငါတို့ အတူတူ သောက်ကြရအောင်"
"ငါ အရက်မသောက်ဘူး"
ချန်ကျီရှင်းက လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ခပ်သဲ့သဲ့လေးပြုံးလျက် နင်ချန်းယွီကို ကြည့်နေသည်။
သရုပ်ဆောင်ပါ... ဆက်ပြီး သရုပ်ဆောင်နေစမ်းပါ။
ဤဇာတ်လိုက်က သူ၏ရှေ့တွင် မည်သို့သော ပြဇာတ်မျိုး ခင်းပြမည်ကို သူ စောင့်ကြည့်လိုသည်။
မူးချင်ယောင်ဆောင်ပြီး ငါနဲ့ ရင်းနှီးအောင်လုပ်မယ်။ အကွာအဝေးကို တဖြည်းဖြည်း လျှော့ချမယ်။ ငါ့ရဲ့ သတိထားမှုကို လျော့နည်းအောင် လုပ်ပြီး နောက်ဆုံးမှာ ထောင်ချောက်ဆင်ဖို့ အခွင့်အရေး ရှာမလို့လား။
ချန်ကျီရှင်း ခေါင်းခါယမ်းလိုက်မိသည်။
အကြံကတော့ ကောင်းပါတယ်။
သို့သော် သူ သိရှိထားသော နင်ချန်းယွီ၏ ဗီဇနှင့် ယှဉ်လိုက်လျှင် ဤသရုပ်ဆောင်ချက်မှာ ရည်ရွယ်ချက် ရှိလွန်းနေပြီး အချိန်ကိုက်မှုမှာလည်း အတင်းအကျပ် ဖြစ်လွန်းလှသည်။ သရုပ်ဆောင်မှုမှာ အလွန်ညံ့ဖျင်းလှပြီး စိတ်တူကိုယ်တူ ဖြစ်စရာ အကြောင်းရင်းလည်း တစ်ခုမှ မရှိပေ။
စကားလုံးလေးလုံးတည်းနှင့် ပြောရလျှင် "အလွဲလွဲ အချော်ချော်ပဲ"
"ချန်းယွီ... မင်း လွန်လာပြီနော်"
ရွှီချင်းကျိုး၏ မျက်နှာမှာ အေးစက်သွားပြီး ငေါက်ငမ်းလိုက်သည်။
"ဟက်... ရွှီမိသားစုက ငါ့ကို အထင်သေးတယ်။ မင်းလည်း အတူတူပါပဲ ရွှီချင်းကျိုးရယ်... အရက်သောက်တာကပဲ လွန်တယ်လို့ ခေါ်ရမှာလား"
နင်ချန်းယွီသည် ဝမ်းနည်းဖွယ်ရာ ရယ်သံဖြင့် ရယ်လိုက်ပြီး ခေါင်းခါယမ်းကာ ချန်ကျီရှင်းကို ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက်ဆိုသလို သူသည် ရီဝေသော မျက်လုံးများဖြင့် ပြုံးလျက် မေးလိုက်တော့သည်။
"တတိယသခင်လေး... ကျွန်တော့်ရဲ့ ဇနီးအပေါ် ဘယ်လို ထင်သလဲ။ သခင်လေးရဲ့ မျက်စိထဲမှာရော ကျေနပ်စရာ ကောင်းရဲ့လား"