← Chapters

အခန်း (၄၀၂)

Vol. 41 Ch. 402

အခန်း (၄၀၂)

Vol. 41 Ch. 402

ထိုအခိုက်အတန့်တွင် ယာဉ်အတွင်းရှိ လေထုမှာ အလွန်အမင်း လေးလံထိုင်းမှိုင်းနေတော့သည်။

ရှိနေသူအားလုံးမှာ ကျောက်လင်းသေဆုံးမှုကြောင့် နက်ရှိုင်းစွာ ထိခိုက်ခံစားနေရပြီး ဒေါသနှင့် လက်စားချေလိုစိတ် အရှိန်အဝါများက ယာဉ်တန်းတစ်ခုလုံးတွင် ပျံ့နှံ့နေသည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်သည့် ယွမ်ရိသည် နီရဲနေသော မျက်လုံးများဖြင့် အားလုံးကို ဝေ့ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"မိတ်ဆွေတို့... တပ်မှူးကျောက်ရဲ့ သေဆုံးမှုက တကယ်ကို ရင်နာစရာကောင်းပြီး မမျှော်လင့်ထားတဲ့ ကိစ္စပါ။

ဒါပေမဲ့ အခုအချိန်မှာ ငါတို့ရဲ့ အရေးကြီးဆုံး တာဝန်က တပ်မှူးကျောက် မပြီးဆုံးသေးဘဲ ချန်ထားခဲ့တဲ့ အလုပ်ကို အဆုံးသတ်ဖို့နဲ့ မိုးကြိုးဟိန်းသံကို လီမြစ်အခြေစိုက်စခန်းဆီ ဆက်ပြီး လမ်းပြခေါ်ဆောင်သွားဖို့ပဲ။

ငါတို့သာ အောင်မြင်ခဲ့မယ်ဆိုရင် မိုးကြိုးဟိန်းသံနဲ့ ဇွန်ဘီဘုရင်တို့ အပြန်အလှန် တိုက်ခိုက်ဖျက်ဆီးကြလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့ မိုးကြိုးဟိန်းသံရဲ့ အသက်ကို ယူပြီး တပ်မှူးကျောက်ရဲ့ ဝိညာဉ်ကို ဂုဏ်ပြုနိုင်မှာပါ"

"ဟုတ်တယ်... အခု ငါတို့ အလိုအပ်ဆုံးက တာဝန်ပြီးမြောက်ဖို့ပဲ။ တပ်မှူးကျောက်ရဲ့ ကျေးဇူးကြောင့် အခုဆိုရင် မိုးကြိုးဟိန်းသံက လီမြစ်အခြေစိုက်စခန်းနဲ့ အရင်ကထက်စာရင် တစ်ဝက်လောက် ပိုနီးကပ်သွားပြီ။ ဒါက ငါတို့ အောင်မြင်ဖို့ အခွင့်အလမ်းကို အများကြီး တိုးစေတယ်"

ပိုင်ချန်းတပ်ဖွဲ့ခေါင်းဆောင် ကျန်းဟုန်ကန်းသည် ဗီဒီယိုထဲမှ မိုးကြိုးဟိန်းသံအပေါ် ထားရှိသော မုန်းတီးမှုကို အံကြိတ်ကာ ထိန်းချုပ်လိုက်ပြီး ခေါင်းလှည့်လျက် ထိုစကားကို ထောက်ခံလိုက်သည်။

ယခုအခါ မိုးကြိုးဟိန်းသံသည် လီမြစ်အခြေစိုက်စခန်းနှင့် ပိုမိုနီးကပ်လာပြီဖြစ်ပြီး ဤတာဝန် အောင်မြင်ရန်အတွက် တပ်မှူးကျောက် အပါအဝင် ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ဤမျှ ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရသည့်အတွက် မိုးကြိုးဟိန်းသံ၏ ခက်ခဲကြမ်းတမ်းမှုကြောင့်နှင့်တော့ လွယ်လွယ်နှင့် လက်လျှော့ရန် မဖြစ်နိုင်တော့ပေ။ အသက်ကို ရင်းရလျှင်ပင် ဤတာဝန်ကို အပြီးသတ်ရမည်သာ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အခုချိန်မှာ လက်လျှော့လိုက်မယ်ဆိုရင် ငါတို့ရဲ့ ဆုံးရှုံးမှုတွေက အဖတ်ဆယ်လို့ မရနိုင်တော့ဘူး။

ကျောက်လင်း၏ သေဆုံးမှုက လူတိုင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို သိသိသာသာ လှုံ့ဆောပေးလိုက်ပြီး ထိုနှစ်ဦး၏ စကားကို ကြားပြီးနောက် လူအများအပြားက သူတို့သဘောဖြင့် တာဝန်ယူရန် ရှေ့ထွက်လာကြသည်။

"တပ်မှူး... ကျွန်တော့်ကို သွားခွင့်ပြုပါ ကျွန်တော်က အရှိန်အမျိုးအစားဆင့်ကဲပြောင်းလဲသူပါ။ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှုရှိပါတယ်။ မိုးကြိုးဟိန်းသံက ကျွန်တော့်ကို လက်ဖျားနဲ့တောင် ထိနိုင်မှာ မဟုတ်ဘူး"

ကျန်းဟုန်ကန်း၏ အဖွဲ့မှ အဆင့် ၃ ဆင့်ကဲပြောင်းလဲသူ တစ်ဦးက ဒေါသတကြီး ပြောဆို လိုက်သည်။

"ကျွန်တော်လည်း သွားမယ်။ ကျွန်တော့်အရှိန်ကလည်း မနှေးပါဘူး။ အကယ်၍ မိုးကြိုးဟိန်းသံကို လီမြစ်အခြေစိုက်စခန်းဆီ ခေါ်သွားနိုင်ပြီး တာဝန်ပြီးမြောက်အောင် လုပ်နိုင်မယ်။ တပ်မှူးကျောက်နဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် လက်စားချေနိုင်မယ်ဆိုရင် ဒီအသက်ကို ရင်းရတာ ဘာမှ မဟုတ်ပါဘူး"

ယွမ်ရိ၏ ဘေးတွင် ထိုင်နေသော သေခြင်းတရားကို မကြောက်မရွံ့ ရင်ဆိုင်ဝံ့သည့် ကျန်းဟိုင်တပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောလိုက်သည်။

"ငါတို့ရဲ့ တပ်မှူးတောင် အသက်ပေးသွားခဲ့ပြီပဲ။ အဖွဲ့ဝင်တွေဖြစ်တဲ့ ငါတို့ကကော ဘယ်လိုလုပ် သူရဲဘောကြောင်ပြီး အသက်ရှင်နေနိုင်မှာလဲ။ ငါ့အသက်ကို ရင်းရရင်တောင် တပ်မှူးကျောက် မပြီးဆုံးသေးဘဲ ချန်ထားခဲ့တဲ့ တာဝန်ကို ပြီးအောင် ကူညီရမယ်"

ဤသို့ဖြင့် ယွီဟွာတပ်ဖွဲ့မှ လင်းလီက လေးနက်တည်ကြည်စွာ ပြောဆို လိုက်သည်။

ထို့နောက် အခြားသူအများအပြားသည်လည်း သားရဲကြီးကို မျှားခေါ်မည့် ငါးစာအဖြစ်တာဝန်ယူရန် ဆန္ဒပြုလာကြသည်။

ယွမ်ရိနှင့် အခြားသူများမှာမူ ဤသို့ပြုလုပ်ခြင်းက အသေအပျောက် အမြောက်အမြား ရှိလာမည်ကို ကောင်းစွာသိရှိထားကြသည်။ ဘာပဲဖြစ်ဖြစ် တပ်မှူးကျောက်ကဲ့သို့ အစွမ်းထက်သူပင် မိုးကြိုးဟိန်းသံ၏ လက်ချက်ဖြင့် ကြေကွဲဖွယ် သေဆုံးသွားခဲ့ရရာ သူမထက် များစွာအင်အားနည်းသော ဤအဖွဲ့ဝင်များအတွက်မူ ပို၍ပင် အန္တရာယ်ကြီးလှသည်။

သို့သော်လည်း တာဝန်ပြီးမြောက်စေရန်အတွက် ယွမ်ရိတို့မှာ စိတ်မကောင်းဖြစ်ရသော်လည်း ထိုအဖွဲ့ဝင်များကို စေလွှတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

မကြာမီမှာပင် ပထမဆုံးသော မျှားခေါ်သူဖြစ်သည့် ပိုင်ချန်းတပ်ဖွဲ့မှ အရှိန်အမျိုးအစား ဆင့်ကဲပြောင်းလဲသူတစ်ဦးသည် မိုးကြိုးစုစည်းလက်ပတ်ကို ကိုင်ဆောင်ကာ ကျောက်လင်းနှင့် မိုးကြိုးဟိန်းသံတို့ တိုက်ခိုက်ခဲ့သည့် စစ်တလင်းဆီသို့ အပြေးထွက်သွားတော့သည်။

ခဏအကြာတွင် ထိုဆင့်ကဲပြောင်းလဲသူသည် စစ်တလင်းအနီးသို့ ရောက်ရှိသွားချိန်တွင် မိုးကြိုးဟိန်းသံမှာ ၎င်း၏ ဒေါသများကို ပုံချပြီးဖြစ်သလို ကျောက်လင်းထံမှ လုယူထားသော လက်ပတ်ရှိ စွမ်းအင်များကိုလည်း စုပ်ယူပြီးစီးသွားပြီဖြစ်ရာ နောက်သို့ ဖြည်းညင်းစွာ ပြန်လှည့်ရန် ပြင်နေသည်။

ဤသည်ကို မြင်လိုက်ရသောအခါ ထိုဆင့်ကဲပြောင်းလဲသူသည် လက်ပတ်ကို အသက်သွင်းလိုက်ရာ မကြာမီမှာပင် မိုးကြိုးစွမ်းအင်များ ပွင့်ထွက်လာတော့သည်။ ၎င်းစွမ်းအင်မှာ အလွန်ကောင်းမွန်သော အစားအစာတစ်ခုကဲ့သို့ မိုးကြိုးဟိန်းသံ၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်လိုက်သည်။

"ဝူးးး"

မိုးကြိုးဟိန်းသံ၏ အကြည့်များမှာ အဝေးမှ ခရမ်းရောင်အလင်းတန်းဆီသို့ စူးစိုက်သွားသည်။ ထိုဆင့်ကဲပြောင်းလဲသူနှင့် သူ၏လက်ထဲမှ လက်ပတ်ကို မြင်လိုက်ရသည့်အခါတွင်မူ သူ၏မျက်လုံးများထဲ၌ ရက်စက်ကြမ်းကြုတ်မှုများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

လူသားများက လက်ပတ်များကို အသုံးပြု၍ ၎င်းအား အကြိမ်ကြိမ် လှည့်စားနေသဖြင့် မိုးကြိုးဟိန်းသံမှာ အစွမ်းကုန် ဒေါသထွက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများဖြင့် ထိုသူရှိရာသို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။

မြေပြင်တုန်ခါလာသည်ကို ခံစားမိလိုက်သောအခါ ထိုသူ၏ စိတ်မှာ တင်းကျပ်သွားပြီး မပေါ့ဆရဲတော့ဘဲ သူ၏ ပါရမီစွမ်းရည်ကို ချက်ချင်း အသုံးချလိုက်သည်။ သူ၏ ခြေထောက်အောက်တွင် ပြာလဲ့လဲ့ လေဆင်နှာမောင်းတစ်ခု ပေါ်ပေါက်လာပြီး ရှေ့သို့ အရှိန်အဟုန်ဖြင့် လွင့်ပျံကာ ထွက်ပြေးတော့သည်။

ဝုန်း... ဝုန်း...

မိုးကြိုးဟိန်းသံ၏ အရှိန်မှာ အံ့မခန်းလှပေ။ အဆင့်အတန်း ကွာခြားမှုမှာလည်း ကြီးမားလွန်းလှသည်။ အရှိန်အမျိုးအစား ဆင့်ကဲပြောင်းလဲသူ ဖြစ်နေသော်လည်း အဆင့် ၃ နှင့် အဆင့် ၅ ကြား ကွာခြားချက်ကြောင့် သူ၏ အရှိန်မှာ မိုးကြိုးဟိန်းသံထက် သိသိသာသာ နှေးကွေးနေခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ ပို၍ ကျဉ်းမြောင်းလာတော့သည်။

ဝုန်း... ဝုန်း... ဝုန်း

ချက်ချင်းဆိုသလိုပင် သူ၏နောက်ဘက်တွင် ပြင်းထန်လှသော မိုးကြိုးသံများ ဆူညံသွားတော့သည်။

ထိုဆင့်ကဲပြောင်းလဲသူသည် အလိုအလျောက် နောက်သို့ လှည့်ကြည့်လိုက်ရာ လျှပ်စီးကြောင်းပေါင်း ဒါဇင်နှင့်ချီ၍ သူရှိရာသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသဖြင့် တစ်ကိုယ်လုံး တုန်လှုပ်ချောက်ချားသွားကာ ကျောပြင်တွင် ချွေးစေးများ စီးကျလာတော့သည်။

"ဒုက္ခပဲ"

တပ်မှူးကျောက် အသုံးပြုခဲ့သည့် မိုးကြိုးဟိန်းသံ၏ တိုက်ကွက်များကို ရှောင်ကွင်းသည့် နည်းလမ်းကို သတိရကာ ထိုဆင့်ကဲပြောင်းလဲသူသည် မိုးကြိုးထိမှန်ခြင်းမှ လွတ်ကင်းစေရန် သူ၏ခန္ဓာကိုယ်ကို အမြန်ဆုံး လိမ်ကျစ်ရှောင်တိမ်းလိုက်သည်။

ဝုန်း... ဝုန်း...

နောက်တစ်ခဏတွင်မူ လျှပ်စီးကြောင်းများ ကျရောက်လာတော့သည်။ ထိုဆင့်ကဲပြောင်းလဲသူသည် အစောပိုင်းတွင် တိုက်ကွက်အချို့ကို ကျွမ်းကျင်စွာ ရှောင်တိမ်းနိုင်ခဲ့ပြီး မိုးကြိုးများသည် သူ၏ဘေးနားတွင်သာ ပေါက်ကွဲသွားခဲ့သည်။

သို့သော်လည်း ကံတရားမှာ အကန့်အသတ် ရှိနေပေသည်။ မကြာမီမှာပင် ထိုသူသည် လျှပ်စီးကြောင်းနှစ်ခုကြားတွင် ပိတ်မိသွားပြီး မရှောင်သာတော့ဘဲ တိုက်ရိုက်ထိမှန်ခြင်း ခံလိုက်ရတော့သည်။

"အားးးးးး"

အော်ဟစ်သံနှင့်အတူ ထိုဆင့်ကဲပြောင်းလဲသူသည် မိုးကြိုးလျှပ်စီးများအောက်တွင် နစ်မြုပ်သွားပြီး မြေပြင်ပေါ်၌ မီးကျွမ်းလျက် နာကျင်စွာ တွန့်လိမ်၍ အော်ဟစ်နေတော့သည်။

ဘုန်း….

ရုတ်တရက်ဆိုသလိုပင် လေပြင်းများကို သယ်ဆောင်လာသည့် ဧရာမ လက်ဝါးကြီးတစ်ဖက် ကျရောက်လာပြီး ထိုသူ၏ ဦးခေါင်းကို တစ်ခဏအတွင်း အမှုန့်ခြေပစ်လိုက်သည်။

တွန့်လိမ်နေသော ထိုဆင့်ကဲပြောင်းလဲသူ၏ ခန္ဓာကိုယ်မှာ ခဏတာ တောင့်တင်းသွားပြီးနောက် ပျော့ခွေငြိမ်သက်သွားတော့သည်။

"တောက်... ခွေးကောင်"

ကျန်းဟုန်ကန်းနှင့် အခြားသူများသည် သူတို့အဖွဲ့ဝင်၏ ကြောက်မက်ဖွယ် သေဆုံးမှုကို ဗီဒီယိုမှတစ်ဆင့် ကြည့်ရင်း အလွန်အမင်း ဒေါသထွက်နေကြသော်လည်း ဘာမှမတတ်နိုင်ဘဲ ဖြစ်နေကြရသည်။

ထို့နောက်တွင်မူ ဒုတိယမြောက် ငါးစာမှာ ထပ်မံထွက်ခွာသွားလေတော့သည်။

ထိုစဉ် မိုးကြိုးဟိန်းသံသည် ပထမဆုံးသော ဆင့်ကဲပြောင်းလဲသူ ယူဆောင်လာသည့် မိုးကြိုးစုစည်းလက်ပတ်ရှိ စွမ်းအင်များကို ဝါးမြိုနေပြီး ၎င်း၏ တစ်ကိုယ်လုံးတွင် လျှပ်စီးကြောင်းများ ဝင်းလက်ကာ အရှိန်အဝါများ တဟုန်ထိုး မြင့်တက်နေသည်။

အခြား ပုရွက်ဆိတ်ငယ်တစ်ကောင် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည့်အခါ ၎င်း၏ ခရမ်းရောင် အမွေးအမှင်များမှာ ချက်ချင်း ထောင်မတ်သွားပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပျံ့လွင့်လာတော့သည်။

"အားးးးး"

ကံဆိုးစွာပင် ရလဒ်မှာ ပထမလူနှင့် ထပ်တူပင်။ သူ၏ ခန္ဓာကိုယ် ထက်ဝက်ခန့်မှာ မိုးကြိုးဟိန်းသံ၏ ကြိတ်ချေခြင်းကို ခံလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းစွာ သေဆုံးသွားခဲ့ရသည်။

ယွမ်ရိနှင့် အခြားသူများ၏ မျက်နှာထားမှာလည်း ရေလိုပင် အေးစက်တည်ငြိမ်နေတော့သည်။

အင်အားချင်း ကွာခြားလွန်းလှသဖြင့် လူအတော်များများမှာ သတိပြန်ဝင်လာကြပြီး စိတ်ထဲတွင် ဆုတ်ခွာလိုစိတ်များ ပေါ်ပေါက်လာကြသည်။ အစောပိုင်းက မိုးကြိုးဟိန်းသံကို မျှားခေါ်မည်ဟု ကြွေးကြော်ခဲ့ကြသူများသည်လည်း ယခုအခါတွင်မူ ဘာစကားမှ မဆိုရဲတော့ဘဲ သူတို့၏ ထိုင်ခုံများတွင်သာ ကပ်နေကြတော့သည်။

ဒါတွေက တကယ်ပဲ အဓိပ္ပာယ်ရှိရဲ့လား။

သူတို့ရဲ့ အင်အားနဲ့ မိုးကြိုးဟိန်းသံကို လီမြစ်အခြေစိုက်စခန်းအထိ ဘယ်လိုလုပ် မျှားခေါ်နိုင်မှာလဲ။

တာဝန်မပြီးခင်မှာတင် သူတို့အားလုံး ဒီလမ်းခရီးမှာပဲ အသက်ပျောက်ကုန်ကြတော့မှာလား...

မကြာမီ ငါးယောက်မြောက် မျှားခေါ်သူ၏ အလှည့်သို့ ရောက်ရှိလာသည်။

ဝုန်း... ဝုန်း... ဝုန်း

လျှပ်စီးတန်းများ တစ်ခုပြီးတစ်ခု ပျံသန်းလာသည်။

အသည်းအသန် ထွက်ပြေးနေသော လင်းလီမှာ ကံဆိုးစွာပင် လျှပ်စီးတစ်ချက်နှင့် ထိမိသွားပြီး အော်ဟစ်ကာ လွင့်စင်သွားတော့သည်။

ခဏအကြာတွင် တစ်ကိုယ်လုံး မီးကျွမ်းနေသော လင်းလီသည် ပြင်းထန်လှသော နာကျင်မှုကို အံကြိတ်ခံကာ တုန်တုန်ရင်ရင်ဖြင့် မတ်တပ်ရပ်လိုက်သည်။ သူ၏လက်ထဲတွင် ဓားကို ကိုင်ဆောင်ထားပြီး မုန်းတီးမှုအပြည့်ရှိသော မျက်ဝန်းများဖြင့် အနားသို့ တိုးကပ်လာသော မိုးကြိုးဟိန်းသံကို စိုက်ကြည့်နေသည်။

ဝုန်း…

မိုးကြိုးဟိန်းသံသည် ထိုပုရွက်ဆိတ်ငယ်ကို အေးစက်စွာ ကြည့်ရင်း နောက်ထပ် လျှပ်စီးတစ်ချက် ပစ်လွှတ်လိုက်သည်။

"တပ်မှူးကျောက်... ကျွန်တော် တပ်မှူးနောက်ကို လိုက်လာခဲ့ပါပြီ"

ကျရောက်တော့မည့် မိုးကြိုးကို ရင်ဆိုင်ရင်း လင်းလီသည် ခါးသီးစွာ ပြုံးလိုက်မိသည်။

"လင်းလီလေး... မမ ရှိနေသရွေ့ ဘယ်သူမှ နင့်ကို သတ်လို့မရစေရဘူး"

အရေးကြီးသော ထိုအခိုက်အတန့်တွင် လူရိပ်တစ်ခု ဘေးဘက်မှ လျှပ်တပြက် ရောက်ရှိလာပြီး ကျရောက်လာသော မိုးကြိုးကို ရိုက်ခွဲပစ်လိုက်သည်။

နောက်ဘက်ရှိ လူအားလုံးမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး မယုံကြည်နိုင်စွာ ရေရွတ်

လိုက်မိကြသည်။

"မဖြစ်နိုင်တာ... တပ်မှူးကျောက် ပြန်ရှင်လာတာလား"

All Chapters