အခန်း (၄၀၃)
Vol. 41 Ch. 403
လင်းလီကို ကယ်တင်လိုက်သူမှာ အခြားသူမဟုတ်ဘဲ ကျောက်လင်းပင်။
ယခုအခါ ကျောက်လင်း၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အလွန်အမင်း အင်အားကြီးမားပြီး လေးလံလှရာ ယခင်နှင့် လုံးဝ နှိုင်းယှဉ်၍ မရတော့ပေ။
သူမ၏ နုနယ်လှပသော လက်ကလေးမှာ ဝိညာဉ်အလင်းတန်းများဖြင့် ဝင်းလက်နေပြီး ရှေ့သို့ အသာအယာ ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ပြေးဝင်လာသော မိုးကြိုးများသည် မခံမရပ်နိုင်သော ထိုးနှက်ချက်တစ်ခုကို ခံလိုက်ရသည့်အလား အလိုအလျောက်ပင် ကွဲအက်ပျက်စီးသွားတော့သည်။
ကျောက်လင်းသည် လင်းလီ၏ ရှေ့တွင် အေးစက်သော အမူအရာဖြင့် မတ်တပ်ရပ်နေပြီး ရှေ့မှ မိုးကြိုးဟိန်းသံကို စိုက်ကြည့်နေသည်။ ကျောက်လင်း ရုတ်တရက် ပြန်လည်ပေါ်ပေါက်လာမှုကြောင့် ဆင့်ကဲပြောင်းလဲသူများမှာ ကြောင်အမ်းသွားကြရသည်။
"တပ်မှူးကျောက်က အစောကြီးကတည်းက... မဟုတ်ဘူးလား"
"ဟုတ်တယ်... ဒါ ဘယ်လိုဖြစ်တာလဲ"
"ဒါ တကယ့် တပ်မှူးကျောက်ပဲလား..."
"..."
နောက်ဘက်ရှိ ဆင့်ကဲပြောင်းလဲသူ အုပ်စုမှာ ဝေခွဲမရဖြစ်လျက် အုတ်အုတ်ကျက်ကျက် ဆွေးနွေးနေကြသည်။
ဤအခြေအနေမှာ အမှန်တကယ်ပင် ထူးဆန်းလွန်းလှသည်။ ကျောက်လင်း သေဆုံးသွားသည်ကို သူတို့ မျက်ဝါးထင်ထင် မြင်ခဲ့ကြရသဖြင့် ဒေါသနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေခဲ့ကြပြီး တပ်မှူးကျောက်အတွက် လက်စားချေရန်ပင် သစ္စာဆိုခဲ့ကြသည်။
သို့သော် ယခုအခါတွင်မူ ကျောက်လင်းက အသက်ရှင်နေဆဲဖြစ်ကြောင်း မြင်နေရသည်။
"တပ်မှူး... ကျွန်တော် ကိုယ်တိုင် မြင်လိုက်တာပါ။ တပ်မှူးကျောက် တစ်ကိုယ်လုံး ကြိတ်ချေခံလိုက်ရတာကို။ ဒါက... ဒါ ဘယ်လိုဖြစ်တာလဲ လမ်းလျှောက်နေတဲ့ အလောင်းကြီးလား..."
ပိုင်ချန်းတပ်ဖွဲ့မှ မယုံကြည်နိုင်ဖြစ်နေသော ဆင့်ကဲပြောင်းလဲသူတစ်ဦးက ကျောက်လင်းကို ကြည့်ရင်း ဘေးနားရှိ ကျန်းဟုန်ကန်းကို မေးလိုက်သည်။
"လျှောက်မပြောနဲ့ တပ်မှူးကျောက်မှာ မိုးကြိုးဟိန်းသံရဲ့ လက်အောက်ကနေ အသက်ရှင်အောင် လွတ်မြောက်နိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခုခု ရှိလို့နေမှာပေါ့"
ကျန်းဟုန်ကန်းက သူ၏ လက်အောက်ငယ်သားကို ငေါက်ငမ်းလိုက်သည်။
တိတ်ဆိတ်စွာ မျက်မှောင်ကြုတ်နေသော ယွမ်ရိကလည်း ထိုအချိန်တွင် ဝင်ပြောလိုက်သည်။
"ဒါကို ထူးဆန်းတယ်လို့ မထင်ကြနဲ့။ ဆင့်ကဲပြောင်းလဲသူတွေရဲ့ စွမ်းရည်ဆိုတာ အမျိုးမျိုး အထွေထွေ ရှိတာပဲ။ မင်းတို့ မသိသေးတဲ့ စွမ်းရည်တွေ အများကြီး ရှိပါသေးတယ်"
"တပ်မှူးကျန်း ပြောသလိုပါပဲ တပ်မှူးကျောက်မှာ အစွမ်းအစ အကြီးကြီးရှိပါတယ်။ အစောပိုင်းက တိုက်ခိုက်မှုကနေ သူမ လွတ်မြောက်ခဲ့တာ သေချာပါတယ်။ အားလုံးမြင်လိုက်ရတာက တပ်မှူးကျောက် ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့တဲ့ လှည့်ကွက်တစ်ခုပဲ"
"ဟုတ်ပါ့ အဆင့် ၄ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်တဲ့ တပ်မှူးကျောက်မှာ ထူးခြားတဲ့ စွမ်းရည်အချို့ မရှိဘဲ နေပါ့မလား။ ဒါက အံ့သြစရာ မဟုတ်ပါဘူး"
"ဟုတ်တယ်... အားလုံးပဲ အရမ်း အံ့သြမနေကြပါနဲ့တော့..."
ဤသို့ဖြင့် အခြားတပ်ဖွဲ့ခေါင်းဆောင်များကလည်း တစ်ဦးပြီးတစ်ဦး ဝင်ရောက်ပြောဆိုကြသဖြင့် လှုပ်ခတ်နေသော လူအများ၏ စိတ်ကို နောက်ဆုံးတွင် ငြိမ်သက်သွားစေခဲ့သည်။
တစ်ဖက်တွင်မူ သူ့ရှေ့ရှိ ရင်းနှီးနေသော ကျောပြင်ကို ကြည့်ရင်း ဒဏ်ရာရထားသော လင်းလီမှာ အတိုင်းထက်အလွန် ဝမ်းသာသွားတော့သည်။
"တပ်မှူးကျောက်... တပ်မှူး အသက်ရှင်နေတာလား"
"ဟဲဟဲ... လင်းလီလေး နင် အရင်သွားနှင့်တော့။ ဒီသားရဲစုတ်ကို ငါပဲ ကိုင်တွယ်လိုက်မယ်"
ကျောက်လင်းက သာယာသောလေသံဖြင့် ခေါင်းလှည့်ပြောရင်း ခပ်ဖွဖွ ရယ်မောလိုက်သည်။
"ဟုတ်ကဲ့... ဂရုစိုက်ပါဦး တပ်မှူးကျောက်"
လင်းလီမှာလည်း အင်အားကုန်ခမ်းနေပြီဖြစ်ရာ ကူညီပေးပါမည်ဟု အပိုမပြောတော့ဘဲ ခေါင်းညိတ်ပြလျက် ဒဏ်ရာများကို အောင့်အည်းကာ အမြန်ဆုံး ဆုတ်ခွာသွားတော့သည်။
လင်းလီ ထွက်ခွာသွားသည်ကို မြင်မှသာ ကျောက်လင်းသည် စိတ်အေးသွားပြီး သူမ၏ အကြည့်မှာ ထက်မြက်သော ဓားတစ်စင်းကဲ့သို့ ရှေ့မှ မိုးကြိုးဟိန်းသံဆီသို့ စူးစိုက်သွားသည်။
သူမ၏ လက်ထဲမှ တိုက်ပွဲဝင်ဓားမှာလည်း ပြာလဲ့လဲ့ ဝိညာဉ်အလင်းတန်းများ ဖြာထွက်လာပြီးလှိုင်းပုတ်သံကဲ့သို့သော အသံသဲ့သဲ့မှာ အန္တရာယ်ကြီးမားသော အငွေ့အသက်များကို ဖုံးကွယ်ထားပုံပင်။
သူမ၏ ပါရမီစွမ်းရည် အကူအညီဖြင့် အောင်မြင်စွာ ပြန်လည်ရှင်သန်လာခဲ့သော ကျောက်လင်းသည် အဆင့် ၄ မှ အဆင့် ၅ သို့ပါ တိုးတက်ရောက်ရှိသွားခဲ့ရာ သူမ၏ အင်အားမှာ ယခင်ကထက် သိသိသာသာ မြင့်မားလာခဲ့ပြီဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်ဆေးလုံးတစ်လုံးမှာ စုစည်း၍ ဖြစ်တည်နေပြီး ဝိညာဉ်
အဆီအနှစ်များမှာလည်း မြစ်ရေပြင် လှိုင်းထန်နေသကဲ့သို့ သူမ၏ အကြောအခြင်များအတွင်း လျင်မြန်စွာ စီးဆင်းနေသည်။ ဤအရာက သူမထုတ်လွှတ်နေသော အရှိန်အဝါကို အဆင့် ၄ ဆင့်ကဲပြောင်းလဲသူတစ်ဦးထက် များစွာ သာလွန်စေခဲ့သည်။
"ဂီး….."
ကျောက်လင်း ပြန်လည်ရှင်သန်လာမှုအပေါ် မိုးကြိုးဟိန်းသံက အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်တုံ့ပြန်လိုက်ပြီး ၎င်း၏မျက်လုံးများတွင် လူသားကဲ့သို့ ဝေခွဲမရသည့် ဇဝေဇဝါဖြစ်ဟန်များ ပေါ်ပေါက်လာသည်။
သေချာသည်မှာ မြေကြီးထဲသို့ ရိုက်သွင်းခံရပြီး သေသည်ထက်ပင် သေချာနေခဲ့သည့် ဤပုရွက်ဆိတ်ငယ်က မည်သို့ပြန်လည်ရှင်သန်လာသည်ကို ၎င်း လုံးဝနားမလည်နိုင်ပေ။
သို့သော်လည်း မိုးကြိုးဟိန်းသံ၏ စိတ်အခြေအနေမှာ ချက်ချင်းဆိုသလို ပြန်လည်ပြောင်းလဲသွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်ပြန်သည်။ ၎င်း၏ အမွေးအမှင်များအားလုံး ထောင်မတ်သွားပြီး စူးရှတောက်ပကာ အန္တရာယ်ရှိလှသော လျှပ်စီးကြောင်းများနှင့်အတူ ကျောက်လင်းရှိရာသို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။
"ဟွန်း... သားရဲစုတ် နင်သတ္တိရှိရင် ငါ့ကို နောက်တစ်ခါ ထပ်သတ်ကြည့်စမ်း"
ပြေးဝင်လာသော မိုးကြိုးဟိန်းသံကို ရင်ဆိုင်ရင်း ကျောက်လင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူမ၏ လေသံတွင် အလွန်အမင်း ယုံကြည်မှုများ ပြည့်နှက်နေ၏။
ယခုအခါ သူမသည်လည်း အဆင့် ၅ သို့ ရောက်ရှိသွားပြီဖြစ်ရာ နှစ်ဖက်ကြားရှိ အင်အားကွာခြားချက်မှာ များစွာ လျော့နည်းသွားခဲ့ပြီဖြစ်သည်။
ဝုန်း... ဝုန်း...
နောက်တစ်ခဏတွင်မူ မိုးကြိုးဟိန်းသံသည် လျှပ်စီးတန်း တစ်ဒါဇင်ကျော်ကို ထုတ်လွှတ်လိုက်ရာ ကျောက်လင်းရှိရာသို့ တဟုန်ထိုး ပြေးဝင်သွားသည်။ ကောင်းကင်ယံကို ဖောက်ထွင်းသွားသော ထိုမိုးကြိုးသံကြီးမှာ နားကွဲမတတ် ကျယ်လောင်လှသည်။
ထိုတိုက်ကွက်ကို ရင်ဆိုင်ရချိန်တွင် ကျောက်လင်း၏ မျက်ဝန်းများ၌ သက်သောင့်သက်သာရှိဟန် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ အစောပိုင်းကမူ ဤလျှပ်စီးများကို ရှောင်တိမ်းရန်မှာ အသက်နှင့်ရင်းခဲ့ရပြီး ခွန်အားများစွာ ကုန်ခမ်းခဲ့ရသည်။
သို့သော် ယခုအချိန်တွင်မူ သူမအတွက် အလွန်ပင် လွယ်ကူသွားခဲ့ပြီဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အဆီအနှစ်များကြောင့် ချီချီလေး သင်ပေးထားသော ကိုယ်ခံပညာများကို နောက်ဆုံးတွင် အစွမ်းကုန် အသုံးချနိုင်ပြီဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်း ကျောက်လင်း၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ဆေးလုံးမှာ အနည်းငယ် တုန်ခါသွားပြီး ဝိညာဉ်အဆီအနှစ်များ ပွင့်ထွက်လာသည်။ ထိုအခါ ရပ်နေသော ကျောက်လင်း၏ ပုံရိပ်မှာ တစ္ဆေပုံရိပ် ကိုးခုအဖြစ်သို့ ပြောင်းလဲသွားပြီး အရပ်ရပ်သို့ လျှပ်တပြက် လွင့်ပျံသွားတော့သည်။
ဝုန်း... ဝုန်း...
မူလနေရာတွင် ကျန်ရစ်ခဲ့သော ပုံရိပ်ယောင်မှာ မိုးကြိုးထိမှန်ကာ ပျက်စီးသွားသော်လည်း ပုံရိပ်ကိုးခုအနက်မှ တစ်ခုတည်းသော ခန္ဓာကိုယ်အစစ်မှာမူ မီတာရာနှင့်ချီသော အကွာအဝေးတွင် ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။
"ဝိညာဉ်အဆီအနှစ် ရှိတာနဲ့ မရှိတာက တကယ့်ကို ကွာခြားတာပဲ"
ယခုလေးတင် ဖြစ်ပေါ်သွားသော အပြောင်းအလဲကို မြင်လိုက်ရသည့်အခါ မီတာရာနှင့်ချီသော အကွာအဝေးတွင် ရပ်နေသည့် ကျောက်လင်းမှာ စိတ်ထဲမှ အလွန်ပင် ဝမ်းသာသွားမိသည်။
ဝိညာဉ်အဆီအနှစ်၏ ပံ့ပိုးမှုကြောင့် သူမ၏ ကိုယ်ခံပညာမှာ ချက်ချင်းပင် အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။ သူမကို ထိမှန်အောင် တိုက်ခိုက်ရန်မှာ မိုးကြိုးဟိန်းသံအတွက် စိတ်ကူးယဉ်အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
"ဂီး…"
ယခင်က သားကောင်အများအပြားကို သတ်ဖြတ်နိုင်ခဲ့သဖြင့် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိနေသော မိုးကြိုးဟိန်းသံသည် ယခုတစ်ကြိမ်တွင်မူ ၎င်း၏ တိုက်ကွက်များ လွဲချော်သွားပြီး ကျောက်လင်းက အားလုံးကို ရှောင်တိမ်းသွားနိုင်သည်ကို မြင်သောအခါ ချက်ချင်းပင် ရူးသွပ်မတတ် ဒေါသထွက်သွားတော့သည်။
ဝုန်း….
နားကွဲမတတ် ပေါက်ကွဲသံကြီးနှင့်အတူ စူးရှတောက်ပပြီး အန္တရာယ်ရှိလှသော ခရမ်းရောင် မိုးကြိုးတိုင်ကြီးမှာ မိုးကြိုးဟိန်းသံ၏ ပါးစပ်အတွင်းမှ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။ ယခင်က ကျောက်လင်းသည် ဤတိုက်ကွက်ကြောင့်ပင် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။
"သေစမ်း ဒေါသလှိုင်းဓားချက်"
သို့သော်လည်း ဤမိုးကြိုးတိုင်ကြီးနှင့် ရင်ဆိုင်ရချိန်တွင် ကျောက်လင်း၏ မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင်မျှပင် မရှိတော့ပေ။ သူမသည် ချီချီလေး သင်ပေးထားသော ဓားသိုင်းပညာကို ချက်ချင်း အသုံးချလိုက်ပြီး ပြင်းထန်သော အော်ဟစ်သံနှင့်အတူ လက်ထဲမှ တိုက်ပွဲဝင်ဓားရှိ ပြာလဲ့လဲ့ ဝိညာဉ်အလင်းတန်းများကို ပွင့်ထွက်စေလျက် ရှေ့သို့ အားကုန်လွှဲခုတ်လိုက်တော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးလေးပေခန့် ရှည်လျားသော ပြာလဲ့လဲ့ ဓားအရှိန်အဝါကြီးမှာ တိုးထွက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ရေငွေ့များသည်လည်း ကောင်းကင်ယံရှိ ပြာလဲ့လဲ့ မြူခိုးများကဲ့သို့ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားသည်။
နဝမလှိုင်းဒေါသအမည်ရှိ ဤကိုယ်ခံပညာသည် သမုဒ္ဒရာ၏ ပြင်းထန်သော လှိုင်းလုံးကြီးများကဲ့သို့ အင်အားကြီးမားလှပြီး အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပါက ဓားအရှိန်အဝါ ကိုးခုအထိ ထပ်ဆင့် အစွမ်းထုတ်နိုင်စွမ်း ရှိပေသည်။
ဝုန်း…
မျက်တောင်တစ်ခတ်အတွင်းမှာပင် အဆုံးမရှိသော ထက်မြက်မှုများကို ထုတ်လွှတ်နေသည့် ထိုပြာလဲ့လဲ့ ဓားအရှိန်အဝါနှင့် ခရမ်းရောင် မိုးကြိုးတိုင်ကြီးတို့ ထိပ်တိုက်တွေ့ဆုံကာ နှလုံးတုန်စရာကောင်းလောက်အောင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ မိုးကြိုးတိုင်ကြီးမှာ ဓားအရှိန်အဝါကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားပြီး နှစ်ခုစလုံး တပြိုင်နက်တည်း ပေါက်ကွဲပျက်စီးသွားတော့သည်။
ကျောက်လင်း၏ မျက်နှာမှာ ဖြူလျော့သွားပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း နောက်သို့ ဆယ်ခြေလှမ်းခန့် ဆုတ်ခွာသွားရပြီးမှ ခက်ခဲစွာ ရပ်တန့်နိုင်ခဲ့သည်။
သူမနှင့် မိုးကြိုးဟိန်းသံကြားတွင် အင်အားကွာခြားချက်မှာ ရှိနေသေးကြောင်း သိထားသဖြင့် နောက်ထပ် ရင်ဆိုင်မှုများတွင် ကျောက်လင်းသည် သူမ၏ ဗျူဟာကို ပြောင်းလဲလိုက်သည်။ သူမသည် တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း မိုးကြိုးဟိန်းသံကို လီမြစ်အခြေစိုက်စခန်းဆီသို့ သက်သောင့်သက်သာဖြင့် ပိုမိုနီးကပ်အောင် မျှားခေါ်သွားလေတော့သည်။
တစ်ဖက်တွင်လည်း ကျောက်လင်းနှင့် မိုးကြိုးဟိန်းသံတို့ တိုက်ခိုက်နေသည်ကို ကြည့်ရင်း နောက်ဘက်ရှိ လူများမှာ ကျောက်လင်း၏ အင်အားကြောင့် အံ့အားသင့်နေကြရသည်။
"တပ်မှူးကျောက်ရဲ့ အင်အားက တကယ့်ကို အများကြီး တိုးတက်လာတာပဲ"
"ဟုတ်တယ်... အရင်ကဆို မိုးကြိုးဟိန်းသံနဲ့ ရင်ဆိုင်ရတာ အသက်လုခဲ့ရတာ။ အခုတော့ သူက အပြန်အလှန်တောင် တိုက်နိုင်နေပြီ"
"တိုက်ပွဲကြားထဲမှာပဲ ကျင့်စဉ်အဆင့် တက်သွားတာလား မသိဘူး"
"တကယ်ကို အားကိုးထိုက်လိုက်တာ..."
သို့သော် မကြာမီမှာပင် လူအုပ်ကြီးမှာ ပြန်လည် စိတ်လှုပ်ရှားလာကြသည်။ ယခုတစ်ကြိမ် ကျောက်လင်းရှိနေသဖြင့် သူတို့အနေဖြင့် တာဝန်အောင်မြင်ရန်မှာ သေချာသလောက် ရှိနေပြီဖြစ်သလို ယခင်က ပေးဆပ်ခဲ့ရသော အသက်များမှာလည်း အလဟဿ ဖြစ်တော့မည် မဟုတ်ပေ။