အခန်း (၄၀၄)
Vol. 41 Ch. 404
ဤသို့ဖြင့် ကျောက်လင်း၏ အားထုတ်မှုကြောင့် မိုးကြိုးဟိန်းသံသားရဲကြီးသည် ဆင့်ကဲပြောင်းလဲသူများအဖွဲ့ သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း အရှိန်အဟုန်ပြင်းစွာဖြင့် ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။
မိုးကြိုးဟိန်းသံ၊ ကျောက်လင်းနှင့် နောက်မှ လိုက်ပါလာသော ဆင့်ကဲပြောင်းလဲသူများ အားလုံးသည် သူတို့၏ ပန်းတိုင်ဖြစ်သော လီမြစ်အခြေစိုက်စခန်းသို့ တဖြည်းဖြည်း နီးကပ်လာကြပြီ ဖြစ်သည်။
တောရိုင်းမြေပြင်ထက်တွင်မူ...
"ဂီးးး…"
မိုးကြိုးဟိန်းသံသည် ရူးသွပ်မတတ် ဒေါသထွက်လျက် မြေပြင်တစ်ခုလုံး တုန်ခါသွားစေလောက်သော မိုးကြိုးလျှပ်စီးတန်း ဒါဇင်နှင့်ချီ၍ ထုတ်လွှတ်လိုက်ပြီး ရှေ့မှ ကျောက်လင်းကို ပစ်မှတ်ထား၍ တိုက်ခိုက်လိုက်သည်။
ကျောက်လင်းသည် တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်လှသော အရှိန်အဝါဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် မီတာရာနှင့်ချီသော အကွာအဝေးသို့ ရောက်ရှိသွားပြီး မိုးကြိုးတိုက်ကွက်ကို အသာအယာ ရှောင်တိမ်းလိုက်သည်။
ဝုန်း... ဝုန်း... ဝုန်း
မိုးကြိုးတစ်ခုချင်းစီ၏ ကြောက်မက်ဖွယ် စွမ်းအားများသည် မြေပြင်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ကျင်းကြီးများ ဖြစ်ပေါ်သွားစေသည်။
ဤသည်ကို မြင်လိုက်ရသောအခါ မိုးကြိုးဟိန်းသံသည် မကျေမနပ် ဟိန်းဟောက်လိုက်ပြီး မျက်လုံးများမှာလည်း နီရဲတောက်လျက် ကျောက်လင်းနောက်သို့ မရပ်မနား ဆက်လက်လိုက်လံတော့သည်။
ရှေ့မှ စိတ်အနှောင့်အယှက်ပေးနေသော ပုရွက်ဆိတ်ငယ်ကို ဖမ်းဆီးဝါးမြိုပြီး ကြိတ်ချေပစချင်သော်လည်း အဆင့် ၅ သို့ အသစ်စက်စက် တက်လှမ်းထားသော ကျောက်လင်း၏ အရှိန်မှာ သိသိသာသာ ပိုမိုမြန်ဆန်နေခဲ့သည်။
မိုးကြိုးဟိန်းသံက မည်သို့ပင် တိုက်ခိုက်စေကာမူ ကျောက်လင်းကို အနည်းငယ်မျှပင် ထိမှန်အောင် မလုပ်နိုင်တော့ချေ။
နောက်ဘက်ရှိ ယာဉ်တန်းမှနေ၍ ဗီဒီယိုကို ကြည့်နေကြသော ယွမ်ရိနှင့် အခြားသူများမှာမူ ပြုံးရုံသာ တတ်နိုင်တော့သည်။ ကျောက်လင်းတစ်ယောက် မိုးကြိုးဟိန်းသံကို အလွယ်တကူ မျှားခေါ်သွားနိုင်သည်ကို မြင်လိုက်ရသဖြင့် သူတို့အားလုံး စိတ်အေးသွားကြပြီ ဖြစ်သည်။
ယခုအချိန်မှစ၍ သူတို့အနေဖြင့် ဘာမှလုပ်ရန် မလိုတော့ဘဲ ကျောက်လင်းက မိုးကြိုးဟိန်းသံကို လီမြစ်အခြေစိုက်စခန်းသို့ အရောက်ပို့ဆောင်ပြီး တာဝန်ပြီးမြောက်အောင်မြင်မည့် အချိန်ကိုသာ စောင့်ဆိုင်းရန် ကျန်တော့သည်။
"တပ်မှူးကျောက်ရဲ့ အဆင့်တက်လှမ်းနိုင်မှုက တကယ်ကို အံ့မခန်းပဲ။ မိုးကြိုးဟိန်းသံကို ကစားနေသလိုပဲဗျာ။ ကျွန်တော်သာ အဲဒီသားရဲကြီးနေရာမှာဆိုရင် ဒေါသထွက်လွန်းလို့ သေသွားနိုင်တယ်"
ဆင့်ကဲပြောင်းလဲသူတစ်ဦးက ရယ်မောရင်း ပြောလိုက်သည်။ တပ်မှူးကျောက်၏ ကြီးမားလှသော အင်အားကြောင့် သူတို့အနေဖြင့် အသက်ကို အလဟဿ စတေးရန် မလိုတော့သည့်အတွက် စိတ်သက်သာရာ ရသွားကြခြင်းပင်။
သူတို့အားလုံးသည် ဤခရီးကို မလာခင်ကတည်းက သေခြင်းတရားကို ဘေးဖယ်ထားခဲ့ကြသော်လည်း ၎င်းမှာ တာဝန်အောင်မြင်ဖို့ မျှော်လင့်ချက်ရှိမှသာ အဓိပ္ပာယ်ရှိပေလိမ့်မည်။ မည်သည့်ရလဒ်မှ ထွက်ပေါ်မလာဘဲ အလကားသက်သက် အသက်ပေးလိုက်ရမည်ကိုမူ မည်သူမှ အလိုမရှိကြပေ။
"တပ်မှူးကျောက်ရဲ့ အင်အားက အဆင့် ၅ ကို ရောက်နေပြီ ထင်တယ်။ ဒါကြောင့်သာ မိုးကြိုးဟိန်းသံလို သားရဲမျိုးကို ဒီလောက် အေးအေးဆေးဆေး ကိုင်တွယ်နိုင်တာ"
ယွမ်ရိက ခေါင်းညိတ်ရင်း ဗီဒီယိုထဲမှ ကျောက်လင်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ယခုမြင်တွေ့နေရသော တပ်မှူးကျောက်နှင့် အစောပိုင်းက တပ်မှူးကျောက်မှာ လူနှစ်ယောက်ကဲ့သို့ပင် ကွာခြားလှသည်။ ကျင့်စဉ်အဆင့် တက်လှမ်းနိုင်ခဲ့ခြင်းမှတစ်ပါး ဤမျှ ကြီးမားသော အပြောင်းအလဲကို ဖြစ်ပေါ်စေမည့် အခြားအကြောင်းရင်းကို သူ တွေးမရတော့ပေ။
"ဒါနဲ့ တပ်မှူးယွမ်... အခုသွားနေတဲ့ အရှိန်အတိုင်းဆိုရင် လီမြစ်အခြေစိုက်စခန်းကို ရောက်ဖို့ ဘယ်လောက်လိုသေးလဲ"
ထိုစဉ် ဗီဒီယိုကို ကြည့်နေသော ကျန်းဟုန်ကန်းက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ယွမ်ရိဘက်သို့ လှည့်မေးလိုက်သည်။
"သတ်မှတ်ထားတဲ့ အရှိန်အတိုင်းသာ ဆက်သွားမယ်ဆိုရင် လီမြစ်မြို့တော်ကို ရောက်ဖို့ သုံးရက်လောက်တော့ လိုဦးမယ်"
ယွမ်ရိက သူ၏ဘေးမှ ကိရိယာများကို တစ်ချက်ကြည့်ကာ အားလုံးကို အသိပေးလိုက်သည်။
"သုံးရက်တောင်လား... တပ်မှူးကျောက် အဲဒီလောက်အထိ တောင့်ခံနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်"
တစ်ဦးက စိုးရိမ်တကြီး ပြောလိုက်သည်။
"စိတ်မပူပါနဲ့... အဆင့် ၅ ဆင့်ကဲပြောင်းလဲသူဆိုတာ အပြောသက်သက် မဟုတ်ဘူး။ တပ်မှူးကျောက်ကို ယုံကြည်လိုက်စမ်းပါ..."
ယွမ်ရိက ပြုံးလျက် ပြောလိုက်သည်။
ဤသို့ဖြင့် အချိန်များမှာ တဖြည်းဖြည်း ကုန်ဆုံးလာခဲ့ပြီး မိုးကြိုးဟိန်းသံသည်လည်း လီမြစ်အခြေစိုက်စခန်းနှင့် ပိုမိုနီးကပ်လာခဲ့ပြီ ဖြစ်သည်။
ထိုကာလအတွင်း မိုးကြိုးဟိန်းသံကို စောင့်ကြိုနေသော လုချွမ်းမှာလည်း မျိုးဗီဇပြောင်း သားရဲငါးဆိုးများကို အမဲလိုက်သည့်အလုပ်ကို တစ်ခါမျှ ရပ်နားခြင်း မရှိခဲ့ပေ။
ဘာပဲဖြစ်ဖြစ် မိုးကြိုးဟိန်းသံ မရောက်လာခင်မှာ နောက်ထပ် အဆင့် ၅ ဇွန်ဘီရုပ်သေးတစ်ကောင်ကို အဆင့်မြှင့်တင်ချင်တယ်ဆိုရင်တော့ ဇွန်ဘီမွေးမြူရေးကွင်းအတွက် အစားအစာ ထောက်ပံ့မှုက လုံးဝ ပြတ်တောက်သွားလို့ မဖြစ်ပေ။
အမှန်တကယ်ပင် မကြာသေးမီရက်များအတွင်း လုချွမ်းသည် မွေးမြူရေးကွင်းရှိ ဇွန်ဘီများကို အစာဝဝလင်လင် ကျွေးမွေးထားသဖြင့် ဆင့်ကဲပြောင်းလဲလာသော ဇွန်ဘီအချို့မှာ အဆင့်များ တက်လှမ်းလာခဲ့ကြပြီ ဖြစ်သည်။
လီမြစ်ကမ်းပါးတွင်မူ...
ဝေါ….
မီးလျှံနဂါးများမှာ မိုးပေါက်များကဲ့သို့ ကျရောက်လာပြီး မီးပင်လယ်ကြီးများအဖြစ် အဆက်မပြတ် ပေါက်ကွဲနေသလို အနက်ရောင် အကြေးခွံချပ်ဝတ်များမှာလည်း အေးစက်သော အလင်းတန်းများ ဖြာထွက်နေသည့် သံမဏိ မြားတိုများကဲ့သို့ ကောင်းကင်ယံမှ ပစ်လွှတ်နေသည်။
ရှူး... ရှူး...
လီမြစ်ကမ်းဘေးတွင် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများမှာ ပဲ့တင်ထပ်နေတော့သည်။
ကုန်းပေါ်သို့ မျှားခေါ်ခံရသော မျိုးဗီဇပြောင်း ငါးဆိုးများစွာမှာ မီးလျှံများကြောင့် ငါးကင်များအဖြစ် ပြောင်းလဲသွားကြရသလို အချို့မှာမူ အနက်ရောင် အကြေးခွံများကြောင့် ချက်ချင်းပင် သွေးအိုင်ထဲ နစ်သွားကြပြီး ခဏတာ တွန့်လိမ်ပြီးနောက် ငြိမ်သက်သွားကြတော့သည်။
ထွက်ပြေးရန် ကြိုးစားနေသော ငါးဆိုးအချို့မှာမူ ရေအောက်တွင် ပုန်းအောင်းနေပြီး ယခင်ကထက် ကိုယ်လုံးကိုယ်ထည် ပိုမိုကြီးမားလာသော မျိုးဗီဇပြောင်း လိပ်ကြီး၏ တိုက်ခိုက်မှုကြောင့် ကုန်းပေါ်သို့ ပြန်လည်ရောက်ရှိသွားကြရသည်။
မျိုးဗီဇပြောင်း လိပ်ကြီးက ပိတ်ဆို့ထားသဖြင့် ထွက်ပြေးရန် ကြိုးစားနေသော ထိုငါးဆိုးများသည် ကျိရုရွှယ်ဝင်ရောက်ကူညီရန်ပင် မလိုဘဲ လျှပ်စီး ၁ နှင့် အခြားဇွန်ဘီရုပ်သေးများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ကြရသည်။
အမဲလိုက်ခြင်း ပြီးဆုံးသွားသောအခါ လုချွမ်းသည် ချီချီလေးကို ခေါ်ဆောင်ကာ သယ်ယူပို့ဆောင်ရေး ယာဉ်တန်းလေးနှင့်အတူ အခြေစိုက်စခန်းသို့ ပြန်လာခဲ့သည်။
ဇွန်ဘီမွေးမြူရေးကွင်းတွင်မူ...
ဝုန်း... ဝုန်း... ဝုန်း
မျိုးဗီဇပြောင်း ငါးဆိုးအသေကောင်များကို တစ်ခုပြီးတစ်ခု ပစ်ချပေးလိုက်သည့်အခါ အတွင်းရှိ ဇွန်ဘီများမှာ ရူးသွပ်သွားကြပြီး သွေးစိမ်းရှင်ရှင် အသားများကို လုယက်စားသောက်ရင်း တရစပ် ဟိန်းဟောက်နေကြတော့သည်။
အဆင့် ၃ ဆင့်ကဲပြောင်းလဲပြီးသား ဇွန်ဘီ ရှစ်ကောင်အထိ ပေါ်ပေါက်နေပြီဖြစ်သော ဇွန်ဘီအုပ်ကြီးကို ကြည့်ရင်း လုချွမ်းက တံတိုင်းပေါ်မှနေ၍ ပြုံးလိုက်သည်။
"ကောင်းပြီ... နောက်ထပ် ရက်အနည်းငယ်ကြာရင်တော့ နောက်တစ်ကျော့ ပြန်လည်ရိတ်သိမ်းဖို့ လုပ်လို့ရပြီပဲ"
တစ်ဖက်တွင်မူ ကျောက်လင်းအောင်မြင်စွာ ပြန်လည်ရှင်သန်လာပြီးနောက် နှစ်ရက်တာ အချိန်ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
"ဝေါ့"
လိုက်လံတိုက်ခိုက်နေသော မိုးကြိုးဟိန်းသံ၏ မိုးကြိုးဟိန်းသံကြီးမှာ နားကွဲမတတ် ကျယ်လောင်နေဆဲဖြစ်ပြီး ရှေ့တွင်မူ ကျောက်လင်းသည် လှိုင်းပုတ်သံများကို ကြားလိုက်ရသည်။
ကျယ်ပြောလှသော လီမြစ်ရေပြင်ကြီးကို မြင်လိုက်ရသည့်အခါ ကြာရှည်စွာ လိုက်တမ်းပြေးတမ်း ကစားခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်နေသော ကျောက်လင်း၏မျက်နှာတွင် မျှော်လင့်ချက်အလင်းရောင်များ ယှက်သန်းသွားတော့သည်။
နောက်ဆုံးတော့... သူတို့ ရောက်လာကြပြီ။
ကျောက်လင်းသည် မဆိုင်းမတွဘဲ မလှမ်းမကမ်းရှိ လီမြစ်ကူးတံတားကြီးပေါ်သို့ အရှိန်အဟုန်ဖြင့် ပြေးတက်သွားပြီး လီမြစ်၏ တစ်ဖက်ကမ်းသို့ ရောက်ရှိသွားခဲ့သည်။
အကြောင်းမှာ လီမြစ်အခြေစိုက်စခန်းသည် မြစ်၏ တစ်ဖက်ကမ်းတွင် ရှိနေသောကြောင့်ပင်။ မိုးကြိုးဟိန်းသံကို မြစ်တစ်ဖက်ကမ်းသို့ အောင်မြင်စွာ ဖြတ်ကျော်ခေါ်ဆောင်နိုင်မှသာ အခြေစိုက်စခန်းရှိရာသို့ မျှားခေါ်နိုင်မည် ဖြစ်သည်။
သို့သော် မျှော်လင့်မထားသော အခြေအနေတစ်ခုမှာ ကျောက်လင်းသည် တံတားကို ဖြတ်ကျော်ပြီးနောက်တွင် အံ့အားသင့်စွာဖြင့် ရပ်တန့်သွားခဲ့ရသည်။ တစ်ဖက်ကမ်းတွင် ကျန်ရစ်ခဲ့သော မိုးကြိုးဟိန်းသံမှာ တုံ့ဆိုင်းနေသဖြင့် သူမ ဇဝေဇဝါ ဖြစ်သွားရခြင်းပင်။
"ဝေါ့"
မိုးကြိုးဟိန်းသံသည် လီမြစ်ကူးတံတား၏ အစတွင် ရပ်နေပြီး ရှေ့ရှိ တံတားနှင့် အောက်ဘက်ရှိ ရေပြင်ကို ဝေခွဲမရသည့်အလား ကြည့်နေသည်။ ၎င်းသည် ဆက်တိုက် ဟိန်းဟောက်နေသော်လည်း ရှေ့သို့ ခြေတစ်လှမ်းတိုးရန်မူ မဝံ့မရဲ ဖြစ်နေပုံပင်။
"ဒါ ဘယ်လိုဖြစ်တာလဲ။ ဒီကောင်ကြီးက ရေကြောက်လို့လား"
ကျောက်လင်းသည် မျက်မှောင်ကြုတ်လျက် ကိုယ့်ဘာကိုယ် တွေးတောနေမိသည်။
နောက်ဘက်ရှိ ယာဉ်တန်းမှာလည်း ဤအခြေအနေကို သိရှိသွားသည့်အခါ တံတားအစတွင် ရပ်နေသော မိုးကြိုးဟိန်းသံနှင့် တိုက်မိမည်ကို စိုးရိမ်သဖြင့် ယာဉ်ကို ချက်ချင်း ရပ်လိုက်ကြသည်။
" မိုးကြိုးဟိန်းသံက ရေကို ကြောက်နေပုံရပြီး တံတားကို ဖြတ်မှာ မဟုတ်ဘူး ငါတို့ ဘယ်လိုလုပ်ကြမလဲ"
ဗီဒီယိုထဲတွင် တုံ့ဆိုင်းနေသော မိုးကြိုးဟိန်းသံကို ကြည့်ရင်း ကျန်းဟုန်ကန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
အကယ်၍ မိုးကြိုးဟိန်းသံက တံတားကို မဖြတ်ဘူးဆိုလျှင် သူတို့ အစောပိုင်းက ကြိုးစားအားထုတ်ခဲ့သမျှမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။ ဝက်ဝံများမှာ ရေကူးတတ်ကြသည် ဖြစ်ရာ ရေကြောင့် တုံ့ဆိုင်းနေသည့် ဤအခြေအနေမှာ သူတို့ ကြိုတင်တွက်ဆမထားသော ကိစ္စဖြစ်သည်။
"အခုချိန်မှာတော့ တပ်မှူးကျောက်က သူ့ကို တံတားပေါ်ရောက်အောင် ဆွဲခေါ်နိုင်မလားဆိုတာပဲ စောင့်ကြည့်ရတော့မယ်"
ယွမ်ရိက ဘာမှမတတ်နိုင်ဘဲ ခေါင်းခါရင်း သူတို့၏ မျှော်လင့်ချက်အားလုံးကို ကျောက်လင်းအပေါ်၌သာ ပုံအပ်ထားလိုက်ရသည်။
ကျောက်လင်းမှာ အစောပိုင်းက တစ်ကြိမ် သေဆုံးခဲ့ဖူးသဖြင့် သူမ၏ ဆက်သွယ်ရေးကိရိယာမှာ ပျက်စီးသွားသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် လက်ရှိတွင် သူမနှင့် ဆက်သွယ်ရန် နည်းလမ်း မရှိတော့ချေ။