← Chapters

အခန်း (၄၀၉)

Vol. 41 Ch. 409

အခန်း (၄၀၉)

Vol. 41 Ch. 409

ကျောက်လင်း ဘေးအန္တရာယ်ကင်းရှင်းဟန်ရှိသည်ကို မြင်တွေ့ရသောအခါ လုချွမ်းသည် စိတ်အေးသွားပြီး သူမအား ဖြတ်သန်းသွားခွင့်ပြုလိုက်ကာ အဝေးရှိ မိုးကြိုးဟိန်းသံဆီသို့ အကြည့်ကို လွှဲပြောင်းလိုက်သည်။

မကြာမီမှာပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် မိုးကြိုးဟိန်းသံက အနောက်ဘက်မှနေ၍ အပြင်းအထန် လိုက်လံလာခဲ့သည်။

မီတာ ရာဂဏန်းခန့် အကွာအဝေးတွင် အာဖန်းနှင့် အခြားသော ဇွန်ဘီရုပ်သေးများက လမ်းကို ပိတ်ဆို့ထားသည်ကို မြင်လိုက်ရသောအခါ မိုးကြိုးဟိန်းသံ၏ လိုက်လံမှုမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ပုန်းအောင်းနေသော နေရာမှနေ၍ မိုးကြိုးဟိန်းသံထံမှ ထွက်ပေါ်လာသည့် ပြင်းထန်သော စွမ်းအားများကို အာရုံခံမိသောအခါ လုချွမ်းသည် သူ၏မျက်လုံးများကို အနည်းငယ် မှေးလိုက်မိသည်။

ဤသားရဲ၏ ခွန်အားမှာ အမှန်တကယ်ပင် ကြီးမားလှပေသည်။ ၎င်းထုတ်လွှတ်နေသည့် အရှိန်အဝါမှာ အဆင့် ၅ ဇွန်ဘီရုပ်သေးများအဖြစ် အဆင့်တက်ထားပြီးဖြစ်သော တာဖန်းတို့အဖွဲ့ထက် အလျင်းလျော့နည်းခြင်း မရှိပေ။

အထူးသဖြင့် ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလျှပ်စီးများသည် တိုက်ရိုက်ထိမှန်ခဲ့ပါက ဧရာမဇွန်ဘီ ၁ ကဲ့သို့သော အဆင့် ၄ ဇွန်ဘီရုပ်သေးများမှာ သေဆုံးခြင်းမရှိလျှင်ပင် ဒုက္ခိတဖြစ်သွားနိုင်လောက်သည်။

ထို့ကြောင့် လုချွမ်းသည် ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သည်။ ဤရင်ဆိုင်

တိုက်ပွဲတွင် မိုးကြိုးဟိန်းသံ၏ ဖျက်ဆီးမှုကို ခံရပြီး အမြုတေများစွာ အသုံးပြု၍ အင်အားပြန်လည်ဖြည့်တင်းရမည့် အခြေအနေကို ရှောင်လွှဲနိုင်ရန်အတွက် အဆင့် ၄ ဇွန်ဘီရုပ်သေးများကို အသုံးမပြုတော့ရန်ပင်။

နောက်တစ်ခဏတွင် လုချွမ်းသည် သူ၏စိတ်အာရုံကို စုစည်းလိုက်ရာ ဧရာမဇွန်ဘီ ၁ နှင့် အခြားဇွန်ဘီများက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ကြပြီး အာဖန်း၊ မသေမျိုး ၁ ၊ မီးလျှံ ၁ နှင့် မီးလျှံ ၂ ဟူသော အဆင့် ၅ ဇွန်ဘီရုပ်သေး လေးကောင်ကို ရှေ့တန်းသို့ ထွက်ပေါ်လာစေခဲ့သည်။

ထိုအခိုက်အတန့်တွင် ဇွန်ဘီရုပ်သေး လေးကောင်စလုံးသည် အဆင့် ၅ စစ်သည်တော်များတွင်သာ ရှိတတ်သည့် ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြပြီး သွေးရောင်လွှမ်းနေသော မျက်လုံးများအတွင်းမှ သတ်ဖြတ်လိုစိတ်များဖြင့် ရှေ့ရှိ မိုးကြိုးဟိန်းသံကို စူးစိုက်ကြည့်လိုက်ကြသည်။

မိုးကြိုးဟိန်းသံသည် ၎င်း၏ လိုက်လံမှုကို ရပ်တန့်လိုက်ရကာ ယခုကဲ့သို့ လမ်းပိတ်ဆို့ခြင်း ခံလိုက်ရသည့်အတွက် အလွန်အမင်း ဒေါသထွက်သွားခဲ့ပြီး အာဖန်းနှင့် အခြားသူများကို မိုးကြိုးလျှပ်စီးများဖြင့် ဖျက်ဆီးပစ်လိုသော ဆန္ဒများ ပြင်းပြနေခဲ့သည်။

သို့ရာတွင် နောက်တစ်ခဏ၌ မသေမျိုး ၁ အပါအဝင် အဆင့် ၅ ဇွန်ဘီရုပ်သေး လေးကောင်၏ အရှိန်အဝါကို မြင်တွေ့လိုက်ရသောအခါ မိုးကြိုးဟိန်းသံ၏ မျက်လုံးများအတွင်း၌ ကြောက်ရွံ့တုန်လှုပ်ရိပ်များ ဖြတ်သန်းသွားခဲ့သည်။

အမှန်စင်စစ် အထင်အရှားရှိနေသော အဆင့် ၅ အရှိန်အဝါများမှာ တစ်ဦးတည်းမဟုတ်ဘဲ လေးဦးတိုင်တိုင် ရှိနေသဖြင့် မိုးကြိုးဟိန်းသံပင်လျှင် ၎င်းတို့အား အလွယ်တကူ ရန်မစသင့်ကြောင်း ကောင်းစွာ နားလည်သဘောပေါက်ထားသည်။

သို့သော်လည်း ခဏတာအတွင်းမှာပင် မိုးကြိုးဟိန်းသံသည် စိတ်ကို ပြန်လည်စုစည်းနိုင်ခဲ့ပြီး ၎င်း၏မျက်လုံးများအတွင်းရှိ ကြောက်ရွံ့ရိပ်များမှာ ကွယ်ပျောက်သွားခဲ့သည်။ ထိုနေရာတွင် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော အမူအရာနှင့် ထိန်းချုပ်မရနိုင်လောက်အောင် ပြင်းထန်လှသော ရက်စက်ကြမ်းကြုတ်သည့် စိတ်ဆန္ဒများဖြင့် အစားထိုး ဝင်ရောက်လာခဲ့သည်။ ပတ်ဝန်းကျင် လေထုမှာလည်း သတ်ဖြတ်လိုစိတ်များဖြင့် အစွန်းကုန် တင်းကျပ်နေပြီး တိုက်ပွဲကြီးမှာ စတင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုအချိန်တွင် အနီးသို့ ချဉ်းကပ်လာနေသော ယာဉ်တန်းအတွင်း၌...

ကျောက်လင်းသည် မိုးကြိုးစုစည်းကွင်းကို ဇွန်ဘီအုပ်စုအတွင်းသို့ အောင်မြင်စွာ ပစ်ချပေးခဲ့ပြီး နှစ်ဖက်စလုံးအား ထိပ်တိုက်ရင်ဆိုင်စေရန် ဆွဲဆောင်နိုင်ခဲ့သည်ကို မြင်တွေ့ရသောအခါ ဆင့်ကဲပြောင်းလဲသူအားလုံးမှာ စိတ်လှုပ်ရှားသွားကြသည်။

"ဟိုဟာ... ဇွန်ဘီဘုရင်ရဲ့ လက်အောက်ခံ ဇွန်ဘီတွေပဲ အများကြီးပါလား ကောင်းလိုက်တာ။ တပ်မှူးကျောက်တော့ အောင်မြင်သွားပြီ"

"တပ်မှူးကျောက်ကတော့ တကယ့်ကို အံ့မခန်းပါပဲ မိုးကြိုးဟိန်းသံနဲ့ ဇွန်ဘီဘုရင်ရဲ့ လက်ထဲကနေ လွတ်အောင်ပြေးနိုင်ခဲ့ရုံတင်မကဘဲ သူတို့ကိုပါ ထိပ်တိုက်တွေ့အောင် လုပ်ပေးနိုင်ခဲ့တယ်"

"ဟားဟား... တာဝန်တော့ အောင်မြင်ပြီ။ အခုတော့ မိုးကြိုးဟိန်းသံနဲ့ ဇွန်ဘီဘုရင်တို့ အသေအလဲ တိုက်ကြတာကိုပဲ ထိုင်ကြည့်ရုံပဲ..."

ယာဉ်များပေါ်ရှိ ဆင့်ကဲပြောင်းလဲသူများသည် ပြုံးရွှင်စွာဖြင့် ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုရင်း စိတ်လှုပ်ရှားတက်ကြွစွာ မှတ်ချက်ပေးနေကြသည်။

ထိုအခိုက်အတန့်တွင် ဗီဒီယိုမြင်ကွင်းထဲ၌ မသေမျိုး ၁ အပါအဝင် အဆင့် ၅ ဇွန်ဘီရုပ်သေး လေးကောင်မှာ လူတိုင်း၏ မြင်ကွင်းထဲသို့ ပေါ်ထွက်လာခဲ့သည်။

ရှေ့တန်းတွင် ရပ်နေသော ထိုပုံရိပ် လေးခုကို မြင်လိုက်ရသောအခါ ဆင့်ကဲပြောင်းလဲသူ တစ်ဦးမှာ တုန်လှုပ်သွားပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။

"နေဦး... ဒီဇွန်ဘီတွေအားလုံးက အဆင့် ၅ တွေများ ဖြစ်နေမလား။ အကယ်၍ အားလုံးက အဆင့် ၅ တွေဆိုရင်တော့ မိုးကြိုးဟိန်းသံအတွက် ဇွန်ဘီဘုရင်နဲ့ ယှဉ်ဖို့ အတော်လေး ခက်ခဲသွားလိမ့်မယ်"

"စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက်တွေနဲ့ သိရှိထားတဲ့ ဆင့်ကဲပြောင်းလဲမှု ပုံသဏ္ဌာန်တွေအရဆိုရင် ဒီဇွန်ဘီ လေးကောင်စလုံးက အဆင့် ၅ တွေ ဖြစ်သင့်တယ်"

"မိုးကြိုးဟိန်းသံတော့ အခက်တွေ့တော့မှာပဲ..."

ယွမ်ရိက ဗီဒီယိုထဲမှ အဆင့် ၅ ဇွန်ဘီရုပ်သေး လေးကောင်ကို ကြည့်ရင်း သူ၏အပြုံးများ ပျောက်ကွယ်သွားကာ လေးနက်သော အသံဖြင့် ပြောကြားလိုက်သည်။

ဤအဆင့် ၅ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီလေးကောင်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှရာ မိုးကြိုးဟိန်းသံတစ်ကောင်တည်းအနေဖြင့် ၎င်းတို့ကို တောင့်ခံနိုင်ပါ့မလားဟု သူ သံသယဝင်မိသည်။

သူတို့အနေဖြင့် အလိုရှိသည်မှာ မိုးကြိုးဟိန်းသံနှင့် ဇွန်ဘီဘုရင်တို့ နှစ်ဦးနှစ်ဖက် အပြန်အလှန် အင်အားချည့်နဲ့သွားကြမည့် တိုက်ပွဲမျိုးဖြစ်ပြီး မိုးကြိုးဟိန်းသံက ဇွန်ဘီဘုရင်၏ လက်အောက်ခံဇွန်ဘီများ၏ ချေမှုန်းခြင်းကို ခံရမည့်အဖြစ်မျိုး မဟုတ်ပေ။

အဆုံးသတ်တွင် မိုးကြိုးဟိန်းသံက ဒဏ်ရာများဖြင့် ထွက်ပြေးသွားသည်ဖြစ်စေ သို့မဟုတ် ဇွန်ဘီဘုရင်၏ ဇွန်ဘီများလက်ချက်ဖြင့် သေဆုံးသွားသည်ဖြစ်စေ ၎င်းမှာ လူသားအခြေစိုက်စခန်းများက မြင်တွေ့လိုသည့် ရလဒ်မဟုတ်ပေ။

"အဆင့် ၅ ဇွန်ဘီလေးကောင်ဆိုတာ တကယ့်ကို ထိတ်လန့်စရာကောင်းပေမဲ့ ပုံမှန်အားဖြင့်တော့ အဆင့်တူ သားရဲရိုင်းတွေက ဒီဇွန်ဘီတွေထက် ပိုပြီး အစွမ်းထက်ကြပါတယ်။ ဒါ့အပြင် မိုးကြိုးဟိန်းသံဆိုတာကလည်း သာမန်အဆင့် ၅ သားရဲတစ်ကောင် မဟုတ်တာကြောင့် အလွယ်တကူတော့ ရှုံးနိမ့်သွားမှာ မဟုတ်ပါဘူး... ဟုတ်တယ်မလား"

ကျန်းဟုန်ကန်းက မျက်မှောင်ကြုတ်လျက် အနည်းငယ် သံသယရှိဟန်ဖြင့် ပြောဆို လိုက်သည်။ ဘာပဲဖြစ်ဖြစ် တစ်ယောက်နှင့် လေးယောက် တိုက်ပွဲဖြစ်နေသဖြင့် မိုးကြိုးဟိန်းသံက မည်မျှပင် သန်မာသည်ဟု ဆိုစေကာမူ စိုးရိမ်စိတ်ဝင်မိသည်မှာ မလွဲသာပေ။

"မှန်ပါတယ်။ မိုးကြိုးဟိန်းသံ ဘယ်လောက် ကြောက်စရာကောင်းသလဲဆိုတာ လူတိုင်း သိကြတာပဲ။ စန်းချွမ်းအခြေစိုက်စခန်းကိုတောင် ဖောက်ထွင်းနိုင်ခဲ့တယ်ဆိုတဲ့ အချက်ကတင် ဒီသားရဲရဲ့ အစွမ်းက မရိုးရှင်းဘူးဆိုတာ ငြင်းလို့မရတဲ့ အထောက်အထားပါပဲ"

မလှမ်းမကမ်းမှ အဖွဲ့ခေါင်းဆောင်တစ်ဦးကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

"အဲဒီအတိုင်းပဲ ဖြစ်ပါစေတော့"

ထိုစကားကို ကြားသောအခါ ယွမ်ရိ၏ အကြည့်များမှာ အနည်းငယ် လှုပ်ခတ်သွားသည်။

မိုးကြိုးဟိန်းသံနှင့် အလောင်းရုပ်ဆေးအုပ်စုတို့ရှိရာမှ ကီလိုမီတာ အနည်းငယ်အကွာရှိ သစ်ပင်ထိပ်ဖျားတစ်ခုပေါ်တွင် ပုံရိပ်တစ်ခုမှာ သစ်ရွက်ကြားမှနေ၍ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေသည်။

ဇွန်ဘီများနှင့် တူညီသော ထိုပုံရိပ်များက မိုးကြိုးဟိန်းသံ၏ လမ်းကြောင်းကို ပိတ်ဆို့ထားသည်ကို မြင်လိုက်ရသောအခါ ဟွမ်ရွှမ်း၏ မျက်နှာတွင် စိတ်လှုပ်ရှားနေသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

၎င်းတို့မှာ ဇွန်ဘီဘုရင်၏ လက်အောက်ခံ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများ ဖြစ်ရပေမည်။ ယခုမူ နှစ်ဖက်စလုံးသည် နောက်ဆုံးတွင် ထိပ်တိုက်ရင်ဆိုင်တွေ့နေကြသည်။

"ဟဲဟဲဟဲ... လူသားအရာရှိတွေ တကယ်ပဲ ကောင်းကောင်း အသုံးတော်ခံပေးတာပဲ။ နောက်ဆုံးတော့ ငါ့အစီအစဉ် အောင်မြင်သွားပြီ"

ဟွမ်ရွှမ်း၏ စူးရှလှောင်ပြောင်သော ရယ်သံမှာ သစ်ပင်ထိပ်ဖျားမှ ပဲ့တင်ထပ်သွားပြီး သူ၏အပြုံးများမှာလည်း ပိုမိုရူးသွပ်လာခဲ့သည်။ သူ၏ အစီအစဉ်မှာ ပြီးမြောက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ရာ အတိတ်က ရန်ကြွေးများကို ဆပ်နိုင်တော့မညဖြစ်ရုံသာမက သူ၏လက်အောက်တွင် အဆင့် ၅ သားရဲတစ်ကောင်ကိုပါ ထပ်မံဖြည့်တင်းနိုင်တော့မည်ဖြစ်သဖြင့် ဟွမ်ရွှမ်းမှာ အတိုင်းမသိ စိတ်လှုပ်ရှားနေမိသည်။

ယခုအခါ မိုးကြိုးဟိန်းသံနှင့် ဇွန်ဘီဘုရင်တို့ စတင်တိုက်ခိုက်ကြပြီး နှစ်ဦးနှစ်ဖက် အင်အားချည့်နဲ့သွားချိန်မှာပင် သူ၏ အလှည့်ရောက်လာပေတော့မည်။

"တိုက်ကြစမ်း... မြန်မြန်တိုက်ကြစမ်း ငါ့အတွက် အလုပ်အကျွေးပြုကြစမ်း"

ဟွမ်ရွှမ်းသည် အဝေးမှ နှစ်ဖက်အုပ်စုကို မျက်တောင်မခတ် စိုက်ကြည့်ရင်း မသိစိတ်မှနေ၍ အော်ဟစ်ကာ အားပေးနေမိသည်။ သူသည် ဤအခိုက်အတန့်ကို စောင့်စားနေခဲ့ရသည်မှာ ကြာလှပြီဖြစ်သည်။

တောရိုင်းမြေပြင်ထက်တွင်မူ...

"ဝူးးး"

ထိပ်တိုက်ရင်ဆိုင်မှုအတွင်း မိုးကြိုးဟိန်းသံမှာ ဆက်လက်သည်းမခံနိုင်တော့ဘဲ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများနှင့်အတူ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ဝုန်း... ဝုန်း...

နားကွဲမတတ် ကျယ်လောင်လှသော မိုးခြိမ်းသံနှင့်အတူ မြွေနဂါးများအလား ရစ်ပတ်နေသော မိုးကြိုးလျှပ်စီးများသည် မိုးကြိုးဟိန်းသံ၏ ခန္ဓာကိုယ်ပေါ်တွင် ရူးသွပ်စွာ စီးဆင်းနေပြီး ဖျက်ဆီးလိုသော အရှိန်အဝါများမှာလည်း အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ခရမ်းရောင် လျှပ်စီးတန်းများမှာ ဇွန်ဘီရုပ်သေးများ၏ မျက်နှာပေါ်သို့ စူးရှစွာ ကျရောက်နေတော့သည်။

နောက်တစ်ခဏတွင် ကောင်းကင်ယံကို ဖောက်ထွင်းသွားသော ခရမ်းရောင် လှံတိုများအလား လျှပ်စီးတန်း ဒါဇင်ပေါင်းများစွာသည် လေထုကို ဖြတ်သန်းလျက် မသေမျိုး ၁ အပါအဝင် အဆင့် ၅ ဇွန်ဘီရုပ်သေး လေးကောင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

ထိုတိုက်ကွက်ကို တုံ့ပြန်သည့်အနေဖြင့် ထွားကြိုင်းသော ခန္ဓာကိုယ်ရှိသည့် အာဖန်းသည် ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်ပြီး သံတုတ်ကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အဆီအနှစ်များမှာ ပြင်းထန်စွာ ရုန်းကြွလာပြီး တစ်ကိုယ်လုံးတွင် မည်းမှောင်သော ဝိညာဉ်အလင်းတန်းများ ပေါ်ထွက်လာခဲ့သည်။

လျှို့ဝှက်တံခါးတော် မင်အချပ်ကာ..

အာဖန်း၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော ဝိညာဉ်အချပ်ကာမှာ ရုတ်တရက် ဆယ်ဆခန့် ကြီးထွားလာပြီး ထူထဲလှသော အနက်ရောင် ဒိုင်းလွှားကြီးတစ်ခုအလား လေထုထဲတွင် ပေါ်ထွက်လာကာ အာဖန်းနှင့် ၎င်း၏နောက်ကွယ်ရှိ ဇွန်ဘီရုပ်သေးများကို အကာအကွယ် ပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် လုချွမ်း၏ ထိန်းချုပ်မှုအောက်၌ ဇွန်ဘီရုပ်သေးများသည်လည်း ချက်ချင်းပင် တန်ပြန်တိုက်စစ်ကို စတင်လိုက်ကြတော့သည်။

ရှဲ... ရှဲ

လေထုကို ခွင်းသွားသည့် အသံနှစ်ချက်သာ ကြားလိုက်ရတော့သည်။

All Chapters