အပြန်အလှန် ဖေးမကူညီခြင်း၊ ပန်ရှန်းဂိုဏ်းသို့ ပြန်လာခြင်း ၄
Vol. 69 Ch. 685
"မင်း ဘာလာလုပ်တာလဲ" ဟု ပန်ရှန်းဂိုဏ်းချုပ် က စိတ်မရှည်သလိုလှည့်ကြည့်ရင်း မေးလိုက်သည်။
ထိုစကားကြောင့် ယန်ချုံကျန်း၏ မျက်နှာအမူအရာမှာ ရုတ်တရက်ပိုမိုတည်ကြည်သွားကာ သက်ပြင်းချလိုက်ပြီး "တပည့်တကယ်တော့ ညီလေးရှန်းကို တကယ်ဘဲ ပန်ရှန်းဂိုဏ်းကို ခဏလောက်မေ့ထားလိုက်စေချင်မိတယ်...အနန္တတာအိုအင်ပါယာဂိုဏ်းက ဖန်းဘိုယန်က ကျွန်တော်တို့ ဂိုဏ်းဆီကို လာရောက်လည်ပတ်နေပြီး အခုဆို ဂိုဏ်းအပြင်ဘက်ကို ရောက်နေပါပြီ" ဟု ပြောလိုက်လေသည်။
"ဖန်းဘိုယန် " ပန်ရှန်းဂိုဏ်းချုပ်က ခေတ္တမျှ စဉ်းစားပြီးမှ " တာအိုလက်နက်မှတ်တမ်းမှာ အဆင့် ၃၉ ရှိတဲ့ လူငယ်လား" ဟု ပြန်မေးလိုက်သည်။
ကျောက်စိမ်းဖြူမြို့တော်ကျင့်ကြံသူ တစ်ဦးအတွက် တာအိုပေါင်းစည်းခြင်းအဆင့်ရှိ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးက သူ၏အမည်ကို မှတ်မိနေခြင်းမှာ သူ့ကိုယ်သူ စွမ်းအားရှိကြောင်း သက်သေပြနေခြင်းပင် ဖြစ်သည်။
သေချာသည်မှာ ပန်ရှန်းဂိုဏ်းချုပ်က အားယားလွန်း၍ မှတ်မိနေခြင်းတော့ မဟုတ်ပေ။ ဤကဲ့သို့သောဂိုဏ်းကြီးများမှ ပါရမီရှင်များသည် အနာဂတ်တွင် တာအိုပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိနိုင်ခြေရှိသူများဖြစ်ပြီး၊ တစ်ခါအဆင့်တက်လှမ်းပြီးသွားပါက သူတို့၏ စုဆောင်းထားသော ပါရမီများဖြင့် ဤအဘိုးကြီးများကိုပင် ကျော်တက်သွားနိုင်သည့် စွမ်းအားမျိုး ပိုင်ဆိုင်နိုင်သောကြောင့် ဖြစ်သည်။
"သူပါပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က ညီလေးရှန်းရဲ့ စော်ကားမှုကို ခံခဲ့ရတဲ့သူပေါ့... သူက ရှန်းရဲ့ အစစ်အမှန် ပုံရိပ်ကို မသိသေးပေမဲ့လည်း" ဟု ယန်ချုံကျန်းက မျက်မှောင်ကြုတ်ကာ အခက်တွေ့နေသည့်ပုံစံဖြင့် ပြောလိုက်၏။
"တပည့်အနေနဲ့ ဂိုဏ်းသားတွေနဲ့ အကြီးအကဲတွေကို ညီလေးရှန်းနဲ့ ပတ်သက်တာ ဘာမှမပြောဖို့ အမိန့်ထုတ်ထားပါတယ်။ တောင်ပိုင်းဟုန်က တာအိုကလေးငယ် သုံးယောက်စလုံးကလည်း ထက်မြက်တဲ့သူတွေဆိုတော့ သူတို့လည်း စကားကျွံမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ စိုးရိမ်တာက..."
"ဘာကို စိုးရိမ်တာလဲ။ ရက်ပေါင်း သုံးဆယ်တောင် မပြည့်သေးဘူး၊ သူက ဒီရက်ပိုင်းအတွင်း ရောက်လာနိုင်ပါ့မလား။ သူ လာတာ၊ မလာတာက အရေးမကြီးဘူး"
ပန်ရှန်းဂိုဏ်းချုပ်သည် သူ့ကိုယ်သူ ပြန်လည်ဖျောင်းဖျနေခြင်းမှာ သိသာလှ၏။ သို့သော် တာအိုပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိပြီးသူတစ်ဦးအနေဖြင့် သူ၏ စိတ်ခံစားချက်များကို အလျင်အမြန်ထိန်းချုပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
"လောလောဆယ်မှာ အနန္တတာအိုအင်ပါယာဂိုဏ်းရဲ့ ဩဇာအာဏာက အရမ်းကြီးထွားနေပြီး အင်အားစုတော်တော်များများက သူတို့ဆီမှာ ခိုလှုံချင်နေကြတယ်။ ငါတို့အနေနဲ့ သူတို့နဲ့ အဆင်ခြင်မဲ့ ရင်းနှီးအောင်လုပ်ဖို့က ကောင်းတဲ့ အကြံဉာဏ် မဟုတ်နိုင်ဘူး။ မင်းပဲ သွားရောက်ဧည့်ခံလိုက်ပါ၊ လိုအပ်ရင်တော့ ဟန်ပြလောက်ပဲ လုပ်ပြီး ပြန်လွှတ်လိုက်"
"သူက ကျွန်တော်တို့ကို အပြစ်ရှာဖို့ လာတာလားလို့ စိုးရိမ်မိလို့ပါ" ဟု ယန်ချုံကျန်းက တိုးညှင်းစွာ ပြောလိုက်သည်။
"မင်း သူ့ကို စော်ကားမိလို့လား" ဟု ပန်ရှန်းဂိုဏ်းချုပ်က ဘေးတိုက်ကြည့်ကာ မေးလိုက်၏။
"မရှိပါဘူး" ယန်ချုံကျန်း၏ စကားမဆုံးခင်မှာပင် သူ၏ဆရာဖြစ်သူက အေးစက်စွာ နှာခေါင်းရှုံ့လျက် ကြားဖြတ်ပြောလိုက်လေသည်။
"စော်ကားမိတယ်ဆိုရင်ရော ဘာဖြစ်လဲ။ သူ့လို မျိုးဆက်သစ်လူငယ်လေးတစ်ယောက်က ငါတို့ ပန်ရှန်းဂိုဏ်းကို စိန်ခေါ်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ ထင်နေတာလား။ ငါ့မျက်နှာကို ထောက်ထားပြီး မင်းရဲ့ကျောရိုးကို ဖြောင့်ဖြောင့်ထားစမ်းပါ တပည့်ရာ၊ အခု ငါ တကယ် ရှက်နေပြီ"
"တပည့်... နားလည်ပါပြီ ဆရာ"
ယန်ချုံကျန်း ခေတ္တစဉ်းစားလိုက်ရာ သူ၏မျက်နှာတွင်အကူအညီမဲ့နေသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ လူတိုင်းက သူ့ကို တည်ငြိမ်လွန်းသည်ဟု ချီးကျူးကြပြီး၊ ထိုတည်ငြိမ်မှုကြောင့်ပင် ပြီးခဲ့သည့်အကြိမ်က ရှန်းကို တစ်ချက်ပိုကြည့်မိရုံဖြင့် အကြီးအကဲယန်မှာ ထိတ်လန့်သွားခဲ့ရ၏။
သို့သော် ထိုတည်ငြိမ်မှုများကြောင့်ပင် သူ၏ ထက်မြက်သော အစွမ်းအစများမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ခဲ့ရလေပြီ။
ကောင်းကင်ဓားဂိုဏ်းမှ စုဟုန်ရှို့ကို ကြည့်လျှင် သူမ၏ စွမ်းအားမှာ သူ့ထက် မသာလွန်သော်လည်း၊ သူမ၏ ထက်မြက်လှသော အရှိန်အဝါမှာ ယန်ချုံကျန်း၏ မျက်လုံးများကို စူးရှနာကျင်စေ၏။
သူသည် သူ၏မျက်နှာကို အားရပါးရ ပွတ်သပ်လိုက်ပြီး ဂိုဏ်းအပြင်ဘက်သို့ ထွက်လာခဲ့လေသည်။
ပန်ရှန်းဂိုဏ်း အပြင်ဘက်
မိုးမြေကို ဆက်သွယ်ထားသော ခန့်ညားထည်ဝါသည့် တိုင်လုံးကြီးများ၏ထိပ်ဖျားတွင် ခမ်းနားလှသော တောင်နှင့်မြစ်များပန်ချီးကားလိပ်မှာ တဖြည်းဖြည်း ပွင့်ဟလာခဲ့၏။
အနန္တတာအိုအင်ပါယာနန်းတော်အတွင်း၌လည်း အခင်းဖျာတစ်ခု ချထားလေသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ၊ ထိုဖျာပေါ်၌ ထိုင်နေသော ပုံရိပ်မှာ အလွန်ပင်ခိုင်မာနေပြီး သူ၏ မျက်နှာသွင်ပြင်များကို ရှင်းလင်းစွာ မြင်တွေ့နိုင်လေ၏။
ဟုန်ကျယ်ရှိ ထိပ်တန်းအင်အားစုမှ ဤတိုက်ရိုက်တပည့်သည် အနောက်ပိုင်းဟုန်၏ ဝေးလံသော ဤနေရာ၌ သူ၏အစစ်အမှန် ခန္ဓာကိုယ်ဖြင့် ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်း ဖြစ်သည်။
တူညီသော တာအိုအင်ပါယာနန်းတော်၊ ထပ်တူကျသော တောင်နှင့်မြစ်များပန်ချီကားလိပ်
သို့သော် ထိုအရာမှ ထွက်ပေါ်လာသော ခိုင်မာအားကောင်းမှုမှာ ယခင်ကထက် ဆယ်ဆမက ပိုမိုကြီးမားနေပေသည်။
ထိုသူသည် အေးစက်သော မျက်လုံးများဖြင့် ငုံ့ကြည့်နေပြီး၊ သူ၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါမှာ ဒဏ်ရာတစ်ခုရထားသကဲ့သို့ အားနည်းနေဟန်ရှိလေ၏။
သို့သော် သူ၏အသံမှာ ယခင်ကကဲ့သို့ပင် နက်ရှိုင်းကာကောင်းကင်ယံတစ်ခုလုံးတွင် ခေါင်းလောင်းသံကြီးကဲ့သို့ ပဲ့တင်ထပ်နေလေသည်။
"အနန္တတာအိုအင်ပါယာဂိုဏ်းရဲ့ ကိုးခုမြောက် ဂိုဏ်းခွဲက တိုက်ရိုက်တပည့် ဖန်းဘိုယန် လာရောက်လည်ပတ်ပါတယ်"
"ယန်ချုံကျန်း၊ မင်း အပြင်ထွက်ပြီး ငါ့ကို အလျင်အမြန် ကြိုဆိုရမှာ မဟုတ်ဘူးလား"
နာမည်တပ်၍ ဤကဲ့သို့ခေါ်ဆိုခြင်းမှာ မလိုလားအပ်သောရည်ရွယ်ချက်ရှိကြောင်း သိသာလှသည်။
သို့သော် သူ၏အမည်ဖြစ်စေ၊ အနန္တတာအိုအင်ပါယာဂိုဏ်း၏ ထောက်ပံ့မှုဖြစ်စေ၊ နှစ်မျိုးစလုံးမှာ သူ အနောက်ပိုင်းဟုန်၌အထိန်းအကွပ်မဲ့ ပြုမူရန်အတွက် လုံလောက်လှပေသည်။
မြောက်ပိုင်းဟုန်မှ ကျင့်ကြံသူများအတွက်မူ၊ မိမိ၏မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ခြင်းမှာ အမိုက်မဲဆုံးသော လုပ်ရပ်ပင်။
အကယ်၍ အသတ်ခံရပါက မည်သူက သတ်သွားသည်ကိုပင် မည်သူမျှသိလိမ့်မည် မဟုတ်ချေ။
သူတို့၏ တာအိုအင်ပါယာနန်းတော်ကို ရဲရဲဝံ့ဝံ့ ပြသခြင်းဖြင့် သူတို့သည် မည်သည့် အဟန့်အတားမျှမရှိဘဲ ခရီးသွားနိုင်လေသည်။
မည်သူကမျှ မနာလိုစိတ်ဖြင့်ပင် မကြည့်ဝံ့ကြချေ။