အခန်း (၂၂၇၁-၂၂၇၂)
Vol. 163 Ch. 2271-2272
အပိုင်း(၂၂၇၁)
"ကျွန်တော် တင်ဒါခေါ်မှာက..."
စုရီက စကားစလိုက်သည်။
"နေဦး..."
ရုတ်တရက် အရေးပေါ် အခြေအနေတစ်ခုကဲ့သို့ အသံကျယ်ကျယ်ဖြင့် အော်ဟစ်တားဆီးလိုက်သံ ထွက်ပေါ်လာသည်။ ထိုအသံကြောင့် ရှိနေသူအားလုံး၏ နားစည်များမှာ မသက်မသာ ဖြစ်သွားကြရပြီး စုရီအပါအဝင် ဝိုင်းတွင်ထိုင်နေသူ အားလုံး၏ စိတ်ပျက်အားမလိုအားမရ ဖြစ်နေသော အကြည့်များမှာ ထိုအသံရှင်ထံသို့ စုပြုံရောက်ရှိသွားတော့သည်။ အသံရှင်မှာ အခြားသူမဟုတ်ဘဲ စကားများပြီး သဘောထားသေးသိမ်သော လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် ကောင်းဟိန်ပင် ဖြစ်၏။
"လောကရှန့်ထို အဆိပ်ပြောင်းပြန်... အခုလို အနာဂတ် အလောင်းအစားအတွက် တင်ဒါခေါ်နေတဲ့ အချိန်မှာ အခြားပါဝင်သူတစ်ဦးကို ကြားဖြတ်နှောင့်ယှက်တာဟာ ရိုင်းပျတဲ့ လုပ်ရပ်ပဲ..."
စွန်းကျားကျန့်က အေးစက်သော လေသံဖြင့် တင်းတင်းမာမာ သတိပေးလိုက်သည်။
"ဒါပေမဲ့ ဒါဟာ စည်းမျဉ်းကို ချိုးဖောက်တာမှ မဟုတ်တာ..."
ကောင်းဟိန်က အလျင်အမြန် တုံ့ပြန်လိုက်သည်။ ထို့နောက် သူသည် စွန်းကျားကျန့်ကို လျစ်လျူရှုထားလိုက်၏။ တရားသူကြီးအနေဖြင့်လည်း ဤသည်မှာ အတည်ပြုထားသော စည်းမျဉ်းထက် လူမှုရေးအရ လက်ခံထားသော ကျင့်ဝတ်တစ်ခုသာ ဖြစ်ကြောင်း လက်ခံလိုက်ရတော့သည်။ ဆက်သွယ်ပြောဆိုခြင်းကို လုံးဝ ပိတ်ပင်ထားခြင်း မရှိသည့်အပြင်၊ စကားဖြင့် ပြောဆိုခြင်းမှာ အနှောင့်အယှက် အဖြစ်ဆုံး ဖြစ်သော်လည်း ဝေ့ဝူယင်မှလွဲ၍ ကျန်သူအားလုံးမှာ နည်းလမ်းအမျိုးမျိုးဖြင့် အပြင်လောကနှင့် ဆက်သွယ်နေကြသည် မဟုတ်ပါလား။ အကယ်၍ ၎င်းသည် စည်းမျဉ်းကို ချိုးဖောက်ခြင်း ဖြစ်ပါက သူတို့အားလုံး အပြစ်ပေးခံရပြီးသား ဖြစ်ပေလိမ့်မည်။
ကောင်းဟိန်က စုရီကို ကြည့်လိုက်၏။
"တာအိုမိတ်ဆွေ စု... ခင်ဗျားသာ ကြေးခေါ်ဆိုမှုကို စတင်လိုက်မယ်ဆိုရင် ဒီပွဲကို ပြန်ဖွင့်လိုက်သလို ဖြစ်သွားလိမ့်မယ်... ခင်ဗျားရဲ့ ဆုံးဖြတ်ချက်က ဘယ်လို အကျိုးဆက်တွေ ရှိလာနိုင်မလဲဆိုတာ နားလည်ရဲ့လား"
သူ၏ အသံမှာ ပုံမှန်နှင့်မတူဘဲ နူးညံ့ပျော့ပျောင်းနေပြီး စုရီအား ကြေးမမြှင့်ရန် ဖျောင်းဖျနေခြင်း ဖြစ်သည်။ သူသည် အကျိုးဆက် ဟူသော စကားလုံးကို အလေးပေး ပြောဆိုရင်း ဝေ့ဝူယင်ဘက်သို့ သိသိသာသာ အကြည့်တစ်ချက် ပေးလိုက်သေးသည်။
လျှို့ဝှက်ကောင်းကင် အဆင့် အမတေ ကျောက်တုံး ၅၃ တုံး၏ တန်ဖိုးမှာ ဂလက်ဆီ အတိုင်းအတာဖြင့် ကြည့်လျှင်ပင် မယုံနိုင်လောက်အောင် မြင့်မားလှကြောင်း နားလည်ထားရန် လိုအပ်သည်။ ဂလက်ဆီတစ်ခုလုံး၏ ကြွယ်ဝမှုနှင့် နှိုင်းယှဉ်လျှင် မိုးကုပ်စက်ဝိုင်း မျှော်စင် ခုနစ်ခု အနက်မှ တစ်ခုခုအတွက် ဤပမာဏမှာ အိတ်ကပ်ပြဲသွားလောက်သည့် အထိ မဟုတ်သော်လည်း၊ အကယ်၍ စုရီကသာ အဖွင့်ကြေးကို နှစ်ဆမြှင့်လိုက်ပြီး ဝေ့ဝူယင်က တစ်ဆင့်တက်ကာ ကျောက်တုံး ၄၂၄ တုံးအထိ မြှင့်တင်လိုက်မည်ဆိုလျှင် အခြေအနေမှာ သိသိသာသာ ပြောင်းလဲသွားပေလိမ့်မည်။
စုရီသည် ဝေ့ဝူယင်၏ စတိုင်ကို အတုယူထားသည့်အလား တည်ငြိမ်သော အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်လိုက်သည်။ ထိုမြင်ကွင်းက ကောင်းဟိန်ကို အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်စေပြီး သူ၏ ရင်ထဲတွင် ရန်ငြိုးများ ပေါ်ပေါက်လာတော့သည်။ သူ ဒေါသထွက်တော့မည့် ဆဲဆဲမှာပင် မဟာပုရောဟိတ် အမှောင်လှိုင်းက ကြားဝင်လာခဲ့သည်။
"တာအိုမိတ်ဆွေ စုကို ဘာမှ ရှင်းပြနေစရာ မလိုပါဘူး လောကရှန့်ထို အဆိပ်ပြောင်းပြန်... သူဟာ ဘယ်လို စိန်ခေါ်မှုကိုမဆို မကြောက်တတ်တဲ့သူပဲ... စိန်ခေါ်မှုတွေကို သူ သဘောကျတယ်... ကိုယ်ပိုင် အင်ပါယာကို တည်ထောင်ထားပြီး ပါရမီရှင် အဂ္ဂိရတ်ပညာရှင်တွေ များစွာရှိတဲ့အပြင်၊ ဂလက်ဆီ တစ်ခု၊ နှစ်ခုတင်မကဘဲ သုံးခုစာ နယ်မြေပိုင်ဆိုင်ခွင့်တွေ ရှိထားတဲ့ အထွတ်အထိပ် သူတော်စင် တစ်ဦးရဲ့ နှစ်ပေါင်းသောင်းချီ စုဆောင်းထားတဲ့ ကြွယ်ဝမှုနဲ့ ယှဉ်ပြိုင်ရတာထက် ပိုကောင်းတဲ့ စိန်ခေါ်မှု ဘယ်မှာ ရှိဦးမှာလဲ"
"အဆုံးမှာ အားလုံးကို အနိုင်ရရှိနိုင်မယ်ဆိုရင်တော့ အဲဒီလို ယှဉ်ပြိုင်ရတာဟာ တကယ်ကို တန်ဖိုးရှိမှာပေါ့..."
မဟာပုရောဟိတ် အမှောင်လှိုင်း၏ စကားများမှာ ကြားရသူအတွက် မသက်မသာ ဖြစ်စေပြီး လှောင်ပြောင်မှုများ ရောနှောနေသည်။ အထူးသဖြင့် ယွီပေါင်ယွဲ့အတွက် ပို၍ ခံရခက်စေ၏။ သူမသည် ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားရပြီး သူမ၏ မျက်ဝန်းများတွင် အန္တရာယ်ရှိသော အလင်းတန်းများ ပေါ်ပေါက်လာတော့သည်။ မဟာပုရောဟိတ် အမှောင်လှိုင်းက သူမဘက်သို့ လှည့်ကြည့်လိုက်သော်လည်း သူမ၏ ရန်လိုမှုကို မွေးကင်းစ ကြောင်ပေါက်လေးတစ်ကောင်၏ ခြိမ်းခြောက်မှုကဲ့သို့သာ သဘောထားပြီး လုံးဝ အရေးမစိုက်ဘဲ ရှိနေသည်။
စုရီက ရယ်မောလိုက်သည်။ မဟာပုရောဟိတ် အမှောင်လှိုင်း၏ လုပ်ရပ်မှာ အလွန်ပင် ပါးနပ်လှပေသည်။ သူသည် စုရီအား ဝေ့ဝူယင်၏ ကြေးမြှင့်မည်ဟူသော ခြိမ်းခြောက်မှုကို သတိပေးနေသလို၊ ဝေ့ဝူယင်၏ အံ့မခန်း ကြွယ်ဝမှုများကိုလည်း တစ်ပါတည်း ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။ ထို့ပြင် မဟာပုရောဟိတ် အမှောင်လှိုင်းသည် စုရီအား ထိုကြေးအတိုင်း လက်ခံစေလိုသလော သို့မဟုတ် စုရီ၏ မာနကို ဆွပေးကာ အစွမ်းကုန် ကြေးမြှင့်စေလိုသလော ဆိုသည်မှာ မသဲကွဲချေ။ နောက်ပိုင်းတွင် စုရီအား လှည့်စားရလွယ်သူဟု စွပ်စွဲကာ ရန်စရန် ကြံစည်နေခြင်းလည်း ဖြစ်နိုင်ပေသည်။
ထျန်းရှီယာမှာမူ တိတ်ဆိတ်စွာ စောင့်ကြည့်နေသော်လည်း စုရီအနေဖြင့် ကြေးမမြှင့်ရန်သာ ဆုတောင်းနေမိသည်။ ဝေ့ဝူယင်၏ ခြိမ်းခြောက်မှုမှာ သူမ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်ပြီး၊ ကစားပွဲတွင် အနိုင်ရမည်ဟု သူမ လုံးဝ ယုံကြည်ထားသော်လည်း အကယ်၍သာ ရှုံးနိမ့်သွားခဲ့လျှင်...
ကြေးမမြှင့်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ချီရင်ရင်၏ တုံ့ပြန်မှုမှာမူ အေးစက်နေပြီး ဖြစ်ပျက်နေသည်များနှင့် ကင်းကွာနေသကဲ့သို့ ရှိသည်။ သူမသည် အစမှအဆုံး ဝေ့ဝူယင်ကိုသာ ထူးဆန်းသော အကြည့်ဖြင့် စောင့်ကြည့်နေခဲ့သည်။ ထင်ယောင်ထင်မှား ဖြစ်မှုလားတော့ မသိသော်လည်း၊ ဝေ့ဝူယင် ပေးပို့လိုက်သော ဝိညာဉ်ဆန္ဒကို သူမ အာရုံခံကြည့်သောအခါ မည်သည့် ဖုံးကွယ်မှုမှ မရှိကြောင်း တွေ့ရသည်။ ဤသည်မှာ အလွန် ထိတ်လန့်စရာ ကောင်းလှပေသည်။ အကြောင်းကား ထိုဝိညာဉ်ဆန္ဒမှာ ဝိညာဉ်စွမ်းအားနှင့် အလွန်တရာ ဆင်တူနေခြင်းကြောင့် ဖြစ်သည်။
၎င်းမှာ လျှို့ဝှက်အာဏာရှင် များ၏ ဝိညာဉ်အင်အားသို့မဟုတ် ပဲ့တင်ထပ် ဝိညာဉ်အဆင့် ရှိသူများ၏ ဝိညာဉ်ပဲ့တင်ထပ်ချီတို့နှင့် လုံးဝ မတူညီချေ။
သူမ၏ အာရုံခံစားမှုများ မှားယွင်းနေလေသလော။ သူမ၏ အလိုလို သိမြင်နိုင်စွမ်းကို လှည့်စားနိုင်သော အဆင့်မြင့် ဖုံးကွယ်ခြင်း မန္တန်တစ်ခုခုများ ရှိနေသလော။ ထို့ပြင် အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် မိမိ၏ ဝိညာဉ်ဆန္ဒကို လျှို့ဝှက်ကြယ်တာရာ အဆင့်၌သာ ရှိတတ်သော ဝိညာဉ်စွမ်းအား အခွံဖြင့် ဖုံးအုပ်ထားရသနည်း။
သူမအတွက်မူ ဤသည်မှာ အဓိပ္ပာယ် မရှိလှပေ။ အကယ်၍ ဤနယ်ခြားသားသည် နောက်ပြောင်လိုစိတ်ဖြင့် သူ၏ ကျင့်ကြံခြင်း အဆင့်ကို တမင်တကာ ဝေဝါးအောင် ပြုလုပ်ထားသည်ဆိုလျှင်ပင် ခွဲခြားမရအောင် ပြုလုပ်ရန် လွယ်ကူလှပေသည်။
ဝေ့ဝူယင်သည် ချီရင်ရင်၏ စိတ်ထဲမှ ရှုပ်ထွေးမှုများနှင့် သူ၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားမှုများကို အာရုံခံမိသည်။ ထို့ပြင် သူမ၏ ဆွဲဆောင်မှုနှင့် အေးစက်မှုနောက်ကွယ်တွင် ဖုံးကွယ်ထားသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒကိုလည်း သူ သိရှိနေသည်။ အမှန်စင်စစ် ဝေ့ဝူယင်၏ ဖုံးကွယ်ထားမှုမှာ သူ၏ ပင်ကိုယ် ဖြစ်တည်မှုတစ်ခုကဲ့သို့ပင် ဖြစ်သည်။ အထူးသဖြင့် သူ၏ ခန္ဓာကိုယ်သည် အစစ်အမှန် ဟင်းလင်းပြင်နဂါး ၏ ပင်ကိုယ်စွမ်းရည်များ ပါဝင်နေခြင်းကြောင့် ဖြစ်၏။ သို့သော်လည်း ဤကဲ့သို့သော အဆင့်မြင့် ပုဂ္ဂိုလ်ကြီးများရှေ့တွင် အားနည်းချက် အချို့တော့ ရှိနေပေသည်။ ၎င်းမှာ သူ၏ ကျင့်ကြံခြင်း အဆင့်ကို သိမြင်သွားခြင်း မဟုတ်ဘဲ၊ သူ၏ စွမ်းအားများကို ထုတ်ဖော် အသုံးပြုသည့်အခါတိုင်း ခွဲခြမ်းစိတ်ဖြာ ခံရနိုင်ခြင်းပင် ဖြစ်သည်။
ချီရင်ရင်နှင့် တိုင်ယန်တောက် (စုရီ၏ တာအို ပညာရှိကြီး) တို့ အာရုံခံမိသည်မှာ ဝေ့ဝူယင်၌ လျှို့ဝှက်စွမ်းအား ရှိနေခြင်း မဟုတ်ဘဲ၊ ၎င်းမှာ လျှို့ဝှက်စွမ်းအား မဟုတ်ကြောင်း သက်သေပြနိုင်သည့် အထောက်အထား တစ်ခုမျှ မရှိခြင်းပင် ဖြစ်သည်။ ဝေ့ဝူယင်၏ စွမ်းအားတွင် လျှို့ဝှက်အာဏာရှင် အဆင့်၏ ဝိညာဉ်ပုံသဏ္ဍာန် သို့မဟုတ် အခြားသော သင်္ကေတများ၏ အရှိန်အဝါမျိုး မရှိသလို၊ ကောင်းကင်ဘုံနှင့် ပဲ့တင်ထပ်ကာ အထွတ်အထိပ် စွမ်းအားများကို ရရှိစေသည့် ဝိညာဉ်ပဲ့တင်ထပ်ချီ၏ လက္ခဏာရပ်များလည်း ကင်းမဲ့နေသည်။
မိမိ၏ ကျင့်ကြံခြင်း အဆင့်ကို အခြေခံကျကျ တမင်တကာ ဖိနှိပ်ထားခြင်း မရှိဘဲ ထိုကဲ့သို့သော ပင်ကိုယ် အရည်အသွေးများကို ဖျောက်ကွယ်ထားရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထိုကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကိုလည်း ကျင့်ကြံသူ အလွန်အနည်းငယ်သာ ချမှတ်ကြပေလိမ့်မည်။
တစ်ဖက်တွင်မူ သူ၏ ပင်ကိုယ် စွမ်းအင်များနှင့် လျှို့ဝှက်စွမ်းအားများမှာ လျှို့ဝှက်ကြယ်တာရာ အဆင့် ကျင့်ကြံသူတစ်ဦး၏ ဂုဏ်သတ္တိများအားလုံးနှင့် ပြည့်စုံနေသည်။ ဝေ့ဝူယင်အနေဖြင့်လည်း ဤကိစ္စတွင် ဘာမျှ မတတ်နိုင်သလို၊ ထပ်မံ၍ ဖုံးကွယ်နေရန် လိုအပ်သည်ဟုလည်း မယူဆပေ။
စုရီက ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး ကောင်းဟိန်နှင့် မဟာပုရောဟိတ် အမှောင်လှိုင်းတို့ကို နှာခေါင်းရှုံ့ကြည့်လိုက်ကာ ဝေ့ဝူယင်ဘက်သို့ လှည့်၍ ပြောလိုက်၏။
"လောကရှန့်ထို အာရုဏ်ဦး... ခင်ဗျား တစ်ချက်လောက် စမ်းကြည့်ချင်သေးလား"
"..."
ကောင်းဟိန်၏ မျက်နှာမှာ မှောင်မှောက်သွားတော့သည်။ ဝေ့ဝူယင်က စိတ်ဝင်တစားဖြင့် မျက်တောင်ခတ်လိုက်မိသည်။ မိမိကိုယ်ကို ဒုက္ခိတဖြစ်စေမည့် ကန့်သတ်ချက်များ ရှိနေပါလျက်၊ ဤနေရာရှိ လူတိုင်းမှာ ထိတ်လန့်ခြင်း မရှိဘဲ မိမိတို့ အနိုင်ရမည်ဟု အပြည့်အဝ ယုံကြည်နေကြသည်။ ယွီပေါင်ယွဲ့မှလွဲ၍ ကျန်သူအားလုံးမှာ တည်ငြိမ်နေကြဆဲပင်။ သို့သော် စုရီ၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို သူ ကောင်းစွာ နားလည်လိုက်သည်။
"ခင်ဗျားရဲ့ အလှည့်ပါ..."
ဝေ့ဝူယင်က ပြုံးလျက် လက်ဟန်ဖြင့် ဖိတ်ခေါ်လိုက်သည်။
စုရီက ခေါင်းညိတ်လိုက်ရာ သူ၏ အရှိန်အဝါမှာ လေကဲ့သို့ လွတ်လပ်ပြီး သမုဒ္ဒရာကဲ့သို့ နက်နဲလှပေသည်။
"ကျွန်တော် လျှို့ဝှက်ကောင်းကင် အဆင့် အမတေ ကျောက်တုံး ၄၂၄ တုံးနဲ့ ကြေးခေါ်ဆိုပါတယ်"
"..."
***
အပိုင်း(၂၂၇၂)
"မင်း ရူးသွားပြီလား..."
ကောင်းဟိန်သည် ဒေါသတကြီး ထိတ်လန့်ကာ အော်ဟစ်လိုက်တော့သည်။ အမြင့်ဆုံး ကြေးခေါ်ဆိုမှုကြောင့် သူ တုန်လှုပ်သွားခြင်း မဟုတ်ဘဲ၊ ဤလုပ်ရပ်ကြောင့် ဝေ့ဝူယင်အား ကြေးထပ်မြှင့်ရန် အခွင့်အရေး ပြန်ပေးလိုက်ခြင်းကြောင့် ဖြစ်၏။ ဤကောင်က သူတို့အားလုံးနှင့်အတူ ငရဲသက်ဆင်းလိုနေသည်လော။
စွန်းကျားကျန့်မှာမူ တည်ငြိမ်စွာဖြင့် ကြေညာလိုက်၏။
"လတ်တလော ကြေးခေါ်ဆိုမှု တန်ဖိုးကတော့ ကျောက်တုံး ၄၂၄ တုံး ဖြစ်ပါတယ်... မိန်းကလေးချီ ခင်ဗျားရဲ့ အလှည့်ပါ"
ရှန့်လျိုမှာမူ ဖြစ်ပျက်နေသည်များကို ကြည့်ကာ ဆွံ့အလျက်၊ ရရှိလာမည့် ကြီးမားလှသော ကြွယ်ဝမှုများကို တွေးတောကာ သွားရည်ကျနေတော့သည်။ အဘယ်ကြောင့်ဆိုသော် အနိုင်ရသူသည် ကျောက်တုံး ၄၂၄ တုံးတန်ဖိုးကိုသာ ရရှိမည်မဟုတ်ဘဲ ၎င်း၏ ခြောက်ဆအထိ ရရှိမည် ဖြစ်သောကြောင့်ပင်။
"ကျွန်မ ဒီအတိုင်းပဲ နေပါမယ်"
စုရီ၏ ကြေးခေါ်ဆိုမှုအပြီးတွင် ချီရင်ရင်မှာ သူမ၏ အတွေးများကို ပြန်လည် စုစည်းလိုက်ရသည်။
"မဟာပုရောဟိတ် အမှောင်လှိုင်း၊ ခင်ဗျားရဲ့ အလှည့်ပါ"
မဟာပုရောဟိတ် အမှောင်လှိုင်း၏ စိတ်ခံစားချက်ကို ခန့်မှန်းရန် ခက်ခဲလှပေသည်။ ဤသည်မှာ သူ လိုချင်သော ရလဒ်မျိုးလား၊ မဟုတ်လားဆိုသည်ကို မသိနိုင်ချေ။ ကံကောင်းထောက်မစွာဖြင့် စုရီကမူ ထိုအချက်ကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။
"ကျုပ်လည်း ဒီကြေးအတိုင်းပဲ ဆက်သွားပါမယ်..."
မဟာပုရောဟိတ် အမှောင်လှိုင်းက အေးစက်စွာ ပြောလိုက်သည်။
စွန်းကျားကျန့်က ခေါင်းညိတ်လိုက်၏။
"လောကရှန့်ထို တောက်ပသောရတနာ၊ ခင်ဗျားရဲ့ အလှည့်ပါ"
ယွီပေါင်ယွဲ့သည် စုရီ၏ အတွေးကို နားမလည်နိုင်သော်လည်း သူ့ကို ယုံကြည်ထားဆဲ ဖြစ်သည်။ သူမအား ကြေးထပ်မြှင့်ရန် သူ အရိပ်အယောင် ပြမည်လားဟု စောင့်ကြည့်နေခဲ့သော်လည်း သူကမူ မည်သည့် အကြံဉာဏ်မျှ မပေးဘဲ အေးအေးဆေးဆေးသာ ကြည့်နေခဲ့သည်။ သူမသည် အသက်ကို ပြင်းပြင်းရှူကာ သက်ပြင်းတစ်ချက် ချလိုက်ပြီး...
"ကျွန်မလည်း ဒီကြေးအတိုင်းပဲ ဆက်သွားပါမယ်...”
စွန်းကျားကျန့်က ကြေညာလိုက်၏။
"ပထမအကျော့ တင်ဒါခေါ်ဆိုမှု ပြီးဆုံးပါပြီ... လောကရှန့်ထို အာရုဏ်ဦး နဲ့ တာအိုမိတ်ဆွေ စုရီကလွဲလို့ ကျန်သူအားလုံးဟာ သူတို့ရဲ့ တင်ဒါခေါ်ဆိုခွင့်ကို အသုံးပြုခဲ့ကြပြီး ဖြစ်ပါတယ်... ပါဝင်သူ တစ်ဦးချင်းစီကို သတိပေးလိုတာကတော့... အခုအသစ် သတ်မှတ်လိုက်တဲ့ ကြေးတန်ဖိုးကို ထုတ်ပြရန် မလိုသေးပေမဲ့၊ အစောပိုင်းက သတ်မှတ်ထားတဲ့ ကျောက်တုံး ၅၃ တုံး တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ပိုင်ဆိုင်ကြောင်းကိုတော့ သက်သေပြရပါမယ်... ဒါပေမဲ့ နောက်ဆုံး ကြေးခေါ်ဆိုသူကတော့ မိမိခေါ်ဆိုထားတဲ့ ကြေးအတိုင်း အပြည့်အဝ ပိုင်ဆိုင်ကြောင်း ပြသရပါမယ်..."
စုရီအတွက်မူ သူသည် ယခုအချိန်တွင် ရပ်တန့်လိုက်လျှင်ပင် သူ ခေါ်ဆိုထားသည့် ကျောက်တုံး ၄၂၄ တုံးနှင့် ညီမျှသော ပိုင်ဆိုင်မှုများကို ထုတ်ဖော်ပြသရမည် ဖြစ်သည်။
ဝေ့ဝူယင်သည် စုရီအား ရင်ထဲမှ အမှတ်မထင် ချီးကျူးမိသွားသည်။ ကံမကောင်းစွာဖြင့် ဝေ့ဝူယင်၏ ရည်မှန်းချက်မှာ တစ်စုံတစ်ဦးအား ချက်ချင်း ရှုံးနိမ့်သွားစေရန် မဟုတ်ပေ။
အရည်အသွေးမပြည့်မီသော ပစ္စည်းများ၏ အဆမတန် မြင့်မားနေသော တန်ဖိုးများကြောင့် သူ ပိုင်ဆိုင်ထားသည့် ဂလက်ဆီ သုံးခုစလုံးကို အလောင်းအစား မလုပ်ဘဲနှင့် တစ်ဖက်လူအား ချက်ချင်း ရှုံးနိမ့်စေရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။ သူသည် အရည်အသွေးမမီသော လျှို့ဝှက်လောက အဆင့် ဆေးလုံး သန်းပေါင်းများစွာကို မိမိလက်ထဲသို့ ရောက်မလာစေလိုချေ။
ဤအဆင့်သည် သူ၏ အဂ္ဂိရတ် စွမ်းရည်ကို ကြေညာရန် သူ ရွေးချယ်ထားသော စင်မြင့်သာ ဖြစ်သည်။
စုရီ၏ အစီအစဉ်နှင့် ပတ်သက်၍မူ သူ သိပ်ပြီး စိတ်မဝင်စားချေ။ ထိုအင်အားစုများကို အကြီးအကျယ် ရှုံးနိမ့်သွားစေရန်မှာလည်း အခွင့်အရေး ရှိလိမ့်မည်ဟု သူ အမှန်တကယ် မထင်ထားခဲ့ပေ။ သို့သော် ယခုမူ...။ အခွင့်အရေး တစ်ခု ပေါ်ပေါက်လာခဲ့လေပြေ။
"လောကရှန့်ထို အာရုဏ်ဦး... ခင်ဗျားရဲ့ အလှည့်ပါ"
သူတို့ ထိုင်နေသော ကျောက်စိမ်းစားပွဲကြီးမှာ အလွန်ပင် ကြီးမားလှသော်လည်း ထူးခြားသော လုပ်ဆောင်ချက်တစ်ခု ရှိနေသည်။ ဝေ့ဝူယင်က စားပွဲကို အသာအယာ ထိလိုက်သောအခါ၊ ၎င်းမှာ အာကာသ ဥပဒေသများကို ဆန့်ကျင်လျက် စတင် ပြန့်ကားလာတော့သည်။ ထိုင်နေသူများမှာ စားပွဲ၏ အလယ်ဗဟိုမှ ပိုမို ဝေးကွာသွားသည်ဟု ခံစားရသော်လည်း အခြားသော မသက်မသာ ဖြစ်မှုမျိုး မရှိချေ။
ယွီပေါင်ယွဲ့မှာမူ အံ့သြတကြီး ဖြစ်သွားရသည်။
"ဒါ... အာကာသ ဥပဒေသ လာ..."
မဟာပုရောဟိတ် အမှောင်လှိုင်း၏ မျက်ဝန်းများမှာ တောက်ပသွားတော့သည်။ သူတို့၏ နိမိတ်ဖတ်ချက်များအရ ဤနယ်ခြားသားသည် အာကာသ၊ အချိန်နှင့် အင်ပါယာ ဥပဒေသများ အပေါ် သာမည အာဏာကို ပိုင်ဆိုင်ထားသည်။ ဝေ့ဝူယင်က ဟင်းလင်းပြင်အလွှာများကြား ပုန်းကွယ်နေသူများကို ဖော်ထုတ်ကာ ထိုဦးခေါင်းမရှိသော လူမိုက်အား ချေမှုန်းပြခဲ့ပြီးနောက်တွင် ဤအချက်မှာ ပို၍ပင် ထင်ရှားသွားခဲ့သည်။
ဝှစ်...
ဝေ့ဝူယင်က လက်ကိုတစ်ချက် ဝေ့ယမ်းလိုက်ရာ ခုနစ်ရောင်ခြယ် အဂ္ဂိရတ်အလင်းတန်းများ စားပွဲတစ်ခုလုံးတွင် ချက်ချင်း ပွင့်လန်းသွားတော့သည်။ ထိုအလင်းမှာ စူးရှခြင်းမရှိသော်လည်း လူတိုင်း၏အကြည့်ကို ဆွဲဆောင်ထားနိုင်စွမ်းရှိ၏။ ဘီလီယံ နှစ်ရာကျော်သော ကြည့်ရှုသူများမှာလည်း ထိုမြင်ကွင်းထဲတွင် နစ်မြောသွားကြရသည်။
ရုတ်တရက်ဆိုသလို သိန်းနှင့်ချီသော ဖန်ပုလင်းများ၊ သေတ္တာများနှင့် အခြားသော ဆေးဗူးများမှာ စားပွဲ၏ အစွန်းတစ်ဖက်မှ အခြားတစ်ဖက်အထိ ပြည့်နှက်သွားတော့သည်။ တစ်ခုချင်းစီတိုင်းမှာ အထွတ်အထိပ် အဆင့် အရှိန်အဝါများကိုသာ ထုတ်လွှင့်နေကြပြီး ထိုအဆင့်အောက် နိမ့်ကျသော ပစ္စည်းတစ်ခုမျှပင် မပါဝင်ချေ။
"ကျွန်တော် ကောင်းကင်ကျောက်တုံး ၇၉၅ တုံးစာနဲ့ ကြေးခေါ်ဆိုပါတယ်... အထွတ်အထိပ် အရည်အသွေး ရှိတဲ့ လျှို့ဝှက်မြေကြီးအဆင့်နိမ့် အမတေ ဆေးလုံး သုံးသောင်း၊ လျှို့ဝှက်လောက အဆင့်နိမ့် အမတေ ဆေးလုံး သုံးထောင်..."
ဝေ့ဝူယင်သည် ပစ္စည်းများကို စိတ်ရှည်လက်ရှည် တစ်ခုချင်းစီ စာရင်းပြုစု၍ ရွတ်ဆိုပြနေတော့သည်။ သာမန်ဆေးပစ္စည်းများမှစ၍ စစ်ပွဲကြီးများကို ဖြစ်ပေါ်စေနိုင်သည့် သို့မဟုတ် သူတော်စင်များကိုပင် ဆွဲဆောင်နိုင်လောက်သော ရှားပါးလှသည့် ပစ္စည်းများအထိ အားလုံး ပါဝင်နေသည်။
သူသည် တစ်နာရီ အချိန်အပြည့်ယူကာ ဆေးပစ္စည်း အမျိုးအစားအားလုံးကို အသေးစိတ် ထုတ်ဖော်ပြသခဲ့သည်။ ဆေးလုံး၊ ဆေးရည်၊ ဆေးတောင့်နှင့် ဆေးအနှစ်များ အားလုံးပါဝင်ပြီး အဆင့်အတန်းအားလုံးတွင် အထွတ်အထိပ် အရည်အသွေးများချည်းသာ ဖြစ်သည်။ မည်သည့်အရာမျှ... မည်သည့်အရာတစ်ခုမျှ အထွတ်အထိပ် အဆင့်အောက်သို့ မရောက်ရှိချေ။
ဝေ့ဝူယင်သည် သူ၏ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှု ရလဒ်များကို လူတိုင်းရှေ့တွင် အေးအေးလူလူပင် ချပြနေခြင်း ဖြစ်သည်။
စွန်းကျားကျန့်သည် သင်္ချာတွက်ချက်မှုတွင် အလွန်ထူးချွန်သူ ဖြစ်ရာ လူသားတစ်ဦးအဆင့်တွင်ပင် အလွန်မြန်ဆန်သော နှုန်းဖြင့် တွက်ချက်နိုင်စွမ်းရှိသည်။ သူသည် ဆေးပစ္စည်း တစ်ခုချင်းစီ၏ တန်ဖိုးကို ခွဲခြားနိုင်လောက်အောင်လည်း အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်၏။ ဤပစ္စည်းများထဲတွင် အာရုဏ်ဦး အဂ္ဂိရတ်မျိုးဆက်၏ ထုတ်ကုန်များ မပါဝင်သေးချေ။ ၎င်းတို့မှာ ဝေ့ဝူယင်၏ သတ်မှတ်ချက်မပါဘဲ ဈေးနှုန်းသတ်မှတ်ရန် ခက်ခဲလှပြီး ဈေးကွက်ထဲတွင်လည်း လုံးဝ မရှိသေးသောကြောင့် ဖြစ်သည်။
သို့သော်လည်း အခြားသော အံ့မခန်း ပစ္စည်းများစွာ ပါဝင်နေသေးသည်။ ဥပမာအားဖြင့် ယင်ယန် တာအိုပေါင်းစည်းခြင်း ဆေးလုံးများမှာ ယင်ယန် ကောင်းချီးပေး ဆေးလုံး ထက် ပိုမိုအစွမ်းထက်သော သံဝါသ ကျင့်စဉ် ဆေးလုံးများ ဖြစ်ကြပြီး နက်ပစ်အား အစစ်အမှန် သူတော်စင်အဆင့် သို့ ရောက်ရှိစေခဲ့သော ဆေးမျိုး ဖြစ်သည်။
ထို့ပြင် လျှို့ဝှက်တစ်ပိုင်း ဝိညာဉ်နိုးထြင်း ဆေးရည် များလည်း ပါဝင်နေသည်။ ဤဆေးရည်သည် ဝေ့ဝူယင်က သေလုမြောပါး ဖြစ်နေသော မာ့ကျန်းအား မြေကြီးသူတော်စင် အဆင့်သို့ ရောက်ရှိအောင် ကူညီပေးခဲ့စဉ်က အသုံးပြုခဲ့သော ဆေးမျိုးပင် ဖြစ်သည်။
ခန္ဓာကိုယ် ပြန်လည်ကုစားခြင်း၊ အညစ်အကြေး စွန့်ထုတ်ခြင်းနှင့် သက်တမ်းတိုးခြင်း စသည့် အာနိသင်မျိုးစုံရှိသော ဆေးလုံး၊ ဆေးရည်များမှာလည်း စုံလင်လှပေသည်။ အချို့မှာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီတွင် အလွန်ကျော်ကြားပြီး ရှားပါးသော်လည်း၊ အချို့မှာမူ အခြားသော ဂလက်ဆီများသို့ အဆမတန် မြင့်မားသော တန်ဖိုးများဖြင့် ရောင်းချလေ့ရှိသည့် ပစ္စည်းများ ဖြစ်ကြသည်။
ချက်ချင်းဆိုသလိုပင် ဘီလီယံ နှစ်ရာကျော်သော ပရိသတ်ကြီး တစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်သွားတော့သည်။
စွန်းကျားကျန့်မှာမူ သူ၏ စိတ်ထဲတွင် ဆေးပစ္စည်း တစ်ခုချင်းစီကို စနစ်တကျ တွက်ချက်နေပြီး ကြေညာလိုက်သည်။
"ဒါဆိုရင်တော့... ဆေးပစ္စည်း အားလုံးရဲ့ စုစုပေါင်း တန်ဖိုးဟာ လျှို့ဝှက်ကောင်းကင် အမတေ ကျောက်တုံး ၇၉၅ တုံး တိတိ ဖြစ်ပါတယ်..."
စုရီသည် သူ၏ တည်ငြိမ်မှုများကို လုံးဝ လက်လွှတ်လိုက်ရပြီ ဖြစ်သည်။ သူ၏ မျက်ဝန်းများမှာ ပြူးကျယ်နေပြီး ထိတ်လန့် အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေရသည်။ သူ၏ နှလုံးသားမှာလည်း ပြင်းထန်စွာ ခုန်လှုပ်နေတော့သည်။
“ဒါက ဘာကြီးလဲ...”
သူတစ်ယောက်တည်းသာ ထိုသို့ ဖြစ်နေခြင်း မဟုတ်ပေ။
စွန်းကျားကျန့်သည်လည်း သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းကြောင့် ဆေးပစ္စည်းများကို တစ်ချက်ကြည့်ရုံဖြင့် အထွတ်အထိပ် အဆင့်မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် အချိန်ဆွဲမနေတော့ဘဲ နောက်တစ်ဆင့်သို့ ဆက်သွားလိုက်သည်။
"တာအိုမိတ်ဆွေ စု... ခင်ဗျားရဲ့ အလှည့်ပါ"
***