အခန်း (၂၂၈၁-၂၂၈၂)
Vol. 163 Ch. 2281-2282
အပိုင်း(၂၂၈၁)
ကျင့်ကြံသူများ သတိပြုမိခဲ့ကြသလောက် ဆိုလျှင်... လျှို့ဝှက်ပြစ်ဒဏ်သည် ပဲ့တင်သံလှိုင်း ဆယ့်တစ်ခု ကဲ့သို့သော ထူးခြားသည့် ကျင့်ကြံခြင်း အခြေခံများ၊ အဆင့်မြင့် လက်နက်များ၊ ကောင်းကင်ရတနာများ၊ အဆောင်လက်ဖွဲ့များ၊ ဆေးလုံးများ သို့မဟုတ် အစီအရင်များ အစရှိသည်တို့ကို ထည့်သွင်းစဉ်းစားခြင်း မရှိပေ။ ထို့အပြင် ၎င်းသည် အလွန်တရာ တရားမျှတလှသည်။
အသက်အရွယ် သို့မဟုတ် ကျား၊ မ မရွေး၊ သင်သည် ကောင်းချီးခံ တစ်ဦး ဖြစ်စေ၊ အပြစ်သား ဖြစ်စေ... ၎င်း၏ ပြင်းထန်လှသော သတ်ဖြတ်နိုင်စွမ်းမှာ ပြောင်းလဲသွားခြင်း မရှိပေ။
ထိုသို့ ဆိုသော်လည်း "ကောင်းကင် တာအို" သည် အခွင့်အရေးရပါက သင့်ကို ကူညီရန် သို့မဟုတ် ဖျက်ဆီးရန်အတွက် အချိန်ကိုက် ဝင်ရောက်နှောင့်ယှက်လေ့ရှိသော်လည်း ၎င်းမှာ သီးခြားကိစ္စရပ်တစ်ခုသာ ဖြစ်သည်။
ထို့အပြင်... ကျိန်ဆိုသူများက လျှို့ဝှက် ပြစ်ဒဏ်၏ စွမ်းအားကို မြှင့်တင်ပေးရန် တောင်းဆိုခဲ့ပါက၊ ၎င်းသည် ကျိန်စာ၏ ရည်ရွယ်ချက်ကို မဆန့်ကျင်သရွေ့ ၎င်းအနေဖြင့် ထိုသို့ ပြုလုပ်ပေးရန် မည်သည့် ပြဿနာမျှ မရှိပေ။
အကယ်၍ ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးက ၎င်း၏ ပြစ်ဒဏ်ကို "ပဲ့တင်ထပ် ဝိညာဉ် အဆင့်" အထိ မြှင့်တင်လိုပါက - ၎င်းသည် ထိုအတိုင်းပင် ပြုလုပ်ပေးပေလိမ့်မည်။
အမှန်စင်စစ် ဤအရာမှာ ကျိန်ဆိုထားသော ကျိန်စာကို ဖောက်ဖျက်မှသာ အသက်ဝင်လာမည့် ကိစ္စ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မဖောက်ဖျက်မီအချိန်အထိ မည်သည့်စွမ်းအားမျှ ကုန်ဆုံးခြင်း မရှိသောကြောင့်ပင်။ သို့သော် အကယ်၍သာ ကျိန်စာကို ဖောက်ဖျက်ခဲ့ပါက ကောင်းကင် တရားသူကြီးသည် ပဲ့တင်ထပ် ဝိညာဉ် အဆင့်နှင့် ညီမျှသော လျှို့ဝှက် ပြစ်ဒဏ်ကို ဧကန်မုချ ကျရောက်စေမည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
ဝေ့ဝူယင်၏ အံ့ဩဖွယ်ရာ အခြေအနေသတ်မှတ်ချက်သည် လျှို့ဝှက် စာချုပ်ကို အသည်းအသန် လိုက်လံရှာဖွေစေရန် လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ဤသည်မှာ လျှို့ဝှက် ပြစ်ဒဏ်ကို ကြောက်ရွံ့ခြင်းကြောင့်သာမက ထိုစာချုပ်သည် အဖွဲ့အစည်းအားလုံးအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် စွမ်းအားရှိသောကြောင့်လည်း ဖြစ်သည်။ မည်သူမျှ လူမိုက်များ မဟုတ်ကြချေ။
ဝေ့ဝူယင်သည် ဤကစားပွဲကို အသုံးပြု၍ မိမိကိုယ်ကိုယ် အခိုင်အမာ တည်ဆောက်ရန်နှင့် ပါဝင်ပတ်သက်ရဲသော အဖွဲ့အစည်းအသီးသီးကို အကျပ်ကိုင်ရန် ကြံစည်နေခြင်းဖြစ်ကြောင်း သူတို့ သိကြသည်။ သို့သော် သူတို့ဘက်ကရော ထိုနည်းတူ ပြန်မလုပ်နိုင်ပါသလော။
ဟင်းလင်းပြင်အတွင်းသို့ စေလွှတ်လိုက်သော လျှို့ဝှက်စာချုပ်များသည် မသမာသော ရည်ရွယ်ချက်ရှိသူများ၏ ဖျက်ဆီးခြင်း သို့မဟုတ် သိမ်းပိုက်ခြင်းကို ခံရသည့် အကြိမ်ပေါင်းများစွာ ရှိခဲ့ဖူးသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ရှုပ်ထွေးလှသော အချိန်စီးကြောင်းများနှင့် အဆုံးမဲ့သော အာကာသဟင်းလင်းပြင်ကို ဖြတ်သန်းရန်အတွက် အထွတ်အထိပ် သူတော်စင်များ မလိုအပ်ဘဲ "လျှို့ဝှက် အာဏာရှင်" အဆင့် ပညာရှင် အနည်းငယ် ရှိရုံဖြင့် လုံလောက်လှသည်။ သို့သော် ယခုမူ အထွတ်အထိပ် သူတော်စင်ဟု သံသယရှိရသူ ဝေ့ဝူယင် ကိုယ်တိုင် ရှိနေသောကြောင့် သူတို့အနေဖြင့် စာချုပ်ကို ရရှိရန် ပြိုင်ပွဲတွင် မည်သို့မျှ နောက်ဆုတ်မနေနိုင်ကြတော့ချေ။
ဝေ့ဝူယင်၏ အဂ္ဂိရတ် ကြယ်တာရာ မျက်ဝန်းများအတွင်း၌ အလင်းတန်းများ အဆက်မပြတ် လက်လှမ်းနေသော်လည်း သူ၏ အပြုံးမှာ ပျောက်ကွယ်မသွားပေ။ သူသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီတစ်ခုလုံးကို ငုံ့မိုးကြည့်ရှုနေသော ကောင်းကင် တရားသူကြီး၏ ကြီးမားထွားကျိုင်းလှသော ပုံရိပ်ကြီးကို စောင့်ကြည့်နေသည်။
စနစ်...
ကောင်းကင် တရားသူကြီးသည် ဥပဒေစနစ်နှင့် ဆက်နွှယ်နေသည်။ အချိန်မြစ်သည် အချိန်ကာလ၏ ရုပ်လုံးပေါ်လာမှုနှင့် အသိဉာဏ်ရှိသော အလိုတော် ဖြစ်သကဲ့သို့၊ ဤအရာသည်လည်း စနစ်၏ ရုပ်လုံးပေါ်လာမှု ဟုတ်မဟုတ် သူ မသိသေးပေ။ သို့သော် ၎င်းသည် အနည်းဆုံးအားဖြင့် "မမြင်အပ်သော နတ်ဘုရား" တစ်ပါးဖြစ်ကြောင်း သူ သိရှိထားသည်။
သို့သော် သူ အနည်းငယ် အံ့အားသင့်မိသည်။ လျှို့ဝှက် ကျိန်စာများမှာ ဖောက်ဖျက်ခံရခဲလှသော်လည်း သူ၏ အာရုံခံနိုင်စွမ်းမှာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကောင်းလောက်အောင် ဝေးကွာသော နေရာအထိ ရောက်ရှိနေသည်။ သူ ဤအရာကို အဘယ်ကြောင့် ယခင်က သတိမထားမိခဲ့ပါသနည်း။
သို့တည်းမဟုတ်...
တရားသူကြီးသည် ဂလက်ဆီ၏ အပြင်ဘက်တွင် အမြဲရှိနေခဲ့ခြင်းလော။ အကယ်၍ ထိုသို့သာဆိုလျှင် ဤသည်မှာ အဓိပ္ပာယ်ရှိလှသည်။ ရှေးဟောင်း ချိပ်ပိတ်နယ်မြေ၏ နေထိုင်သူတစ်ဦးအနေဖြင့် အပြင်ဘက်ရှိ ကြယ်တာရာ ကောင်းကင်ယံများမှာ အစစ်အမှန် ဂလက်ဆီမြင်ကွင်းများ မဟုတ်ပေ။
ထို့အပြင် သူ၏ ကျင့်ကြံခြင်းမှာ မကြာသေးမီကမှ "လျှို့ဝှက် အာဏာရှင်" အဆင့်သို့ တက်လှမ်းနိုင်ခဲ့သဖြင့် သူ၏ စွမ်းအားများမှာ ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
လျှို့ဝှက် ကျိန်စာများသည် မြင့်မြတ်ပြီး လေးစားအပ်သောအရာများ ဖြစ်သည်။ ၎င်းကို ဖောက်ဖျက်သူ ရှားပါးလှသကဲ့သို့၊ ကြီးမားသော ရန်ငြိုးရန်စ မရှိဘဲ ထိုကျိန်စာကို သတ်ဖြတ်ရန်အတွက် အသုံးပြုသူမှာ ပို၍ပင် ရှားပါးလှသည်။ ကစားပွဲကို အသုံးပြု၍ သတ်ဖြတ်ခြင်းထက် တိုက်ရိုက် ကြံစည်သတ်ဖြတ်ခြင်းက ပို၍ လွယ်ကူလှသည်။
ဤအဖွဲ့အစည်းများ ဤအရာကို အားကိုးရဲခြင်းမှာ ၎င်းတို့၏ အလွန်အမင်း သတိကြီးမှုကြောင့်သာ ဖြစ်သည်။ အမှန်စင်စစ် ဤနေရာသို့ ရောက်လာကတည်းက ဝေ့ဝူယင်၏ လှုပ်ရှားမှုတိုင်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ပြီး သူ၏ စကားလုံးများမှာလည်း ရန်လိုတိုက်ခိုက်လိုသော ဟန်ရှိသည်။ ထို့အပြင် သူသည် ယခင်က ဂလက်ဆီ သုံးလုံးကို သိမ်းပိုက်ခဲ့သည် မဟုတ်ပါလော။
သူတို့သည် တိုက်ခိုက်ရန် ရှာဖွေနေပုံ ပေါ်သည့် သူတစ်ဦးနှင့် ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ခြင်းဖြင့် မိမိကိုယ်ကိုယ် အန္တရာယ်ဖြစ်အောင် မည်သည့်အခါမျှ လုပ်မည်မဟုတ်ပေ။ ဤသည်မှာ သူတို့၏ ထိန်းချုပ်နိုင်စွမ်းနှင့် ဉာဏ်ပညာကို ပြသနေသကဲ့သို့ ထိုအင်အားစုများ၏ ပါးနပ်သော စိတ်ဓာတ်ကိုလည်း ဖော်ပြနေသည်။
"ကျွန်မ အာရုံခံမိတယ်"
ချင်ရင်ရင်၏ မျက်လုံးများမှာ ကျဉ်းမြောင်းနေ၏။ စုရီက သူမအား ဘေးတိုက် တစ်ချက်ကြည့်လိုက်သည်။ သူမ၏ ထူးခြားသော "အသိစိတ် ပင်လယ်" ကြောင့် ကောင်းကင် တရားသူကြီး ဆင်းသက်လာတော့မည့် အငွေ့အသက်ကို အာရုံခံမိခြင်းမှာ မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း ဤသည်မှာ အစပြုရုံသာ ရှိသေးသည်။
ကောင်းဟိန်မှာမူ လုံးဝကွဲပြားခြားနားသော ခံစားချက်ကို ခံစားနေရသည်။ ၎င်းမှာ နတ်ဘုရားမျက်လုံးတစ်စုံ၏ စီရင်ချက်ကို ခံနေရသည့်အလား သူ၏ ဝိညာဉ်အတွင်း၌ သေစေနိုင်သော ဘေးအန္တရာယ်ကြီး တစ်စုံတစ်ရာ အဆုံးမဲ့ တိုးပွားလာနေသည့် ခံစားချက်ပင် ဖြစ်သည်။
...
တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင် အတွင်း၌ လျှို့ဝှက် စာချုပ်မှာ အလွန်တရာ ရှေးကျသော်လည်း အသစ်စက်စက် ဖြစ်နေသော အော်ရာတစ်ခုအဖြစ် ပေါ်ထွက်လာသည်။ ထိုအော်ရာသည် ထာဝရအော်ရာထက် အနည်းငယ်မျှ လျော့နည်းခြင်းမရှိဘဲ ရေးသားထားသော စာလုံးများမှတစ်ဆင့် ပဲ့တင်ထပ်နေကာ မှင်သားများကို တောက်ပစေသည်။
၎င်းမှာ ထောင့်လေးထောင့်ရှိသော စာရွက်တစ်ရွက်သာ ဖြစ်သော်လည်း အတွင်းရှိ စွမ်းအားမှာ "လျှို့ဝှက် အာဏာရှင်" အဆင့်ထက် နိမ့်သော မည်သည့်စွမ်းအားကမျှ မဖျက်ဆီးနိုင်လောက်အောင် ခိုင်မာလှသည်။
စူဟောင်ရန်၏ နိမိတ်ဖတ် ရတနာမှာ အသက်ဝင်လာသည်နှင့်အမျှ သူ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ဝတ်ရုံဖားဖား ဝတ်ဆင်ထားသော အသားဖြူဖြူ အမျိုးသမီးနှင့် သူမ၏ နိမိတ်ဖတ် ပညာရှင်ကြီး နှစ်ဦးမှာလည်း အလားတူပင် ပြင်းထန်စွာ တုံ့ပြန်လိုက်ကြသည်။
ဟင်းလင်းပြင်အတွင်း၌ အခြားသူများလည်း ရှိနေကြသည်။ အချို့မှာ လျှို့ဝှက် စာချုပ်ကို ရှာဖွေပြီး အမြင့်ဆုံး လေလံဈေးပေးသူထံ ရောင်းချရန် သို့မဟုတ် စုရီ၏ နောက်လိုက် ဝိညာဉ်များကဲ့သို့ ကစားသမားများကိုယ်စား ရှာဖွေပေးရန် ရည်ရွယ်သည့် အခွင့်အရေးသမားများ ဖြစ်ကြသည်။
သူတို့အားလုံး ထိုအရာကို တစ်ပြိုင်နက်တည်း သတိပြုမိလိုက်ကြသည်။
အလျားနှင့် အနံ ၃၃ လက်မစီရှိသော လေးထောင့်ပုံစံ စာရွက်၏ ညာဘက်အပေါ်ထောင့်တွင် ဟင်းလင်းပြင် မြူခိုးများ ဖုံးလွှမ်းနေသော အန်နုနှင့် တူသည့် မီးခိုးရောင် နဂါးငယ်လေးတစ်ကောင် ရှိနေသည်။
၎င်းမှာ စာရွက်၏ အနားသတ်ကို နောက်ပြောင်ကာ ကိုက်နေသည်။ ၎င်းသည်လည်း စာရွက်အတွင်းရှိ အပြောင်းအလဲများကို အာရုံခံမိလိုက်သည်။ ကောင်းကင် တရားသူကြီးသည် ကမ္မအဆက်အသွယ် အားလုံးကို စစ်ဆေးနေပြီး ကျိန်စာ ဖောက်ဖျက်ခြင်း ရှိမရှိနှင့် မည်သူ့ကို ပြစ်ဒဏ်ပေးရမည်ကို ဆုံးဖြတ်နေပြီ ဖြစ်သည်။
နဂါးငယ်လေးက မျက်တောင်တစ်ချက် ခတ်လိုက်သည်။ ဟင်းလင်းပြင် တစ်ခုလုံးမှ အချိန်စီးကြောင်းများနှင့် နားမလည်နိုင်လောက်အောင် ဝေးကွာသော အာကာသ အကွာအဝေးများကို ဖြတ်ကျော်လျက် အထွတ်အထိပ် အော်ရာများစွာ ပေါ်ထွက်လာသည်။ ၎င်းတို့မှာ ထင်ရှားလှသည်။
တစ်ချိန်တည်းမှာပင် သူတော်စင်များနှင့် လျှို့ဝှက် အာဏာရှင်များ၏ အော်ရာများသည်လည်း အဝေးမှနေ၍ ပဲ့တင်ထပ်လာကာ အဆုံးမဲ့သော အတိတ်၊ အတိုင်းအဆမဲ့သော ပစ္စုပ္ပန်နှင့် အဆုံးမဲ့သော အနာဂတ်တို့၏ ရှုပ်ထွေးမှုများကို ဖြတ်ကျော်လာကြသည်။
နဂါးငယ်လေးသည် ပြုံးလျက် စာရွက်ကို လျှာဖြင့် လျက်လိုက်သည်။ ထို့နောက် ၎င်းသည် ဟင်းလင်းပြင်နှင့် တစ်သားတည်း ဖြစ်သွားသည့်အလား ပျောက်ကွယ်သွားတော့သည်။
ချက်ချင်းဆိုသလိုပင် လျှို့ဝှက် စာချုပ်သည် ဆိုက်ရောက်လာသော အော်ရာအားလုံးနှင့် အကွာအဝေး တူညီလုနီးပါးရှိသော နေရာတစ်ခုသို့ ရွှေ့လျားသွားသည်။ သို့သော် ၎င်းမှာ စုရီ၏ ဝိညာဉ်များနှင့် အနည်းငယ် ပို၍ နီးကပ်နေသည်။
အနည်းငယ်မျှသာ ပို၍ နီးကပ်ခြင်း ဖြစ်သည်။
ကောင်းဟိန်မှာမူ အလွန်တရာ စိတ်ပျက်အားငယ်နေပြီ ဖြစ်သည်။ သူသည် အသက်ရှင်လိုစိတ်နှင့် နှလုံးသားအတွင်းရှိ မျှော်လင့်ချက် အားလုံးကို ဆုံးရှုံးသွားပုံရသည်။
***
အပိုင်း(၂၂၈၂)
"ကျွန်မတို့ အန္တရာယ်ရှိလား"
ယွီပေါင်ယွဲ့က ထိတ်လန့်တုန်လှုပ်နေသော အသံဖြင့် စုရီအား မေးမြန်းလိုက်သည်။ သူမ၏ ရင်ဘတ်အတွင်း၌ ပုံမှန်မဟုတ်သော စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေပြီး ၎င်းမှာ ရှင်းပြ၍မရနိုင်လောက်အောင်ပင်။
စုရီက ကောင်းဟိန်ကို အကဲခတ်ကြည့်ရင်း ပြောလိုက်သည်။
"လျှို့ဝှက် ပြစ်ဒဏ်ဆိုတာ တရားမျှတပါတယ်... သဘောတူညီထားတဲ့ ကျိန်စာအောက်မှာ ရှိနေတဲ့သူတွေကိုပဲ အရေးယူတာပါ... ငါတို့က တစ်လက်မလောက်ပဲ ခြားနားတဲ့ အကာအဝေးမှာ ရှိနေရင်တောင် ငါတို့ကို ဘာမှ သက်ရောက်မှာ မဟုတ်ဘူး"
ကောင်းကင် ကပ်ဘေး နှင့် ခြားနားစွာပင် လျှို့ဝှက် ပြစ်ဒဏ်သည် ကျိန်စာ ဖောက်ဖျက်သည်ဟု သတ်မှတ်ခံရသူများကိုသာ သက်ရောက်ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူတော်စင်များ၏ စွမ်းအားသည် ဂလက်ဆီ အစိတ်အပိုင်း အတော်များများကို ရိုက်ခွဲပစ်နိုင်ရာ ထိုအရာက မည်မျှအထိ ပျက်စီးဆုံးရှုံးစေမည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။
သို့ဆိုလျှင်ပင်... ကောင်းကင် ကပ်ဘေးသည် ခွဲခြားမှုမရှိသော ဒေါသမာန်များဖြင့် ကြယ်အစုအဝေး နယ်မြေတစ်ခုလုံးကို ဂလက်ဆီမြေပုံပေါ်မှ ဖျက်ဆီးပစ်ခဲ့သည့် အကြိမ်ပေါင်းများစွာ ရှိခဲ့ဖူးသည်။ အထူးသဖြင့် ကျိန်စာ ဖောက်ဖျက်သူက ထိုစွမ်းအားကို ပြန်လည်ခုခံနိုင်ပါက ပို၍ ဆိုးဝါးတတ်သည်။ ဤသည်မှာ ကောင်းကင် တာအိုက ဘေးပတ်ဝန်းကျင်ရှိသူများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းကြောင့် မဟုတ်ဘဲ၊ ကျိန်စာ ဖောက်ဖျက်သူနှင့် ထိုစွမ်းအားတို့ ထိပ်တိုက်တွေ့ရာမှ ထွက်ပေါ်လာသော တုန်ခါလှိုင်းများကြောင့် ဖြစ်သည်။
ထို့ကြောင့်ပင် လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူများသည် သူတို့၏ တိုက်ပွဲများကို ကာကွယ်ထားသော အခွံလောကနှင့် သီးခြားခွဲထုတ်ထားသော အာကာသ အစိတ်အပိုင်းများအတွင်း၌သာ ဆင်နွှဲကြခြင်း ဖြစ်သည်။ တစ်ခါက သေမျိုးတစ်ပိုင်းအရှင် အဆင့် နှစ်ဦးသည် မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို ဖြတ်ကျော်၍ တိုက်ခိုက်ခဲ့ကြရာ ကောင်းကင်ခန္ဓာများစွာကို ဖျက်ဆီးခဲ့ပြီး ခန့်မှန်း၍မရနိုင်လောက်သော သေဆုံးမှုများကို ဖြစ်ပေါ်စေခဲ့ဖူးသည်။
"လျှို့ဝှက် ပြစ်ဒဏ်" ကို ပြန်လည်ခုခံခြင်းသည်လည်း အန္တရာယ်ရှိသော နောက်ဆက်တွဲများကို ဖြစ်ပေါ်စေနိုင်သည်မှာ အမှန်ပင်။
ဝေ့ဝူယင်က ကောင်းဟိန်ကို ကြည့်ကာ မေးလိုက်သည်။
"ခင်ဗျားကို ခင်ဗျားရဲ့ မျှော်စင်ဆီ ပို့ပေးစေချင်သလား"
ရုတ်တရက်ဆိုသလို၊ ရေငတ်၍ သေလုမတတ် ဖြစ်နေသူတစ်ဦးကို အေးမြသော ရေတစ်ခွက် ကမ်းလှမ်းလိုက်သကဲ့သို့ပင် ကောင်းဟိန်၏ စိတ်ဓာတ်များ နိုးထလာတော့သည်။
"မင်း အဲဒီလို လုပ်ပေးနိုင်လို့လား"
မိမိအား ချောက်ကမ်းပါးပေါ်မှ သေတွင်းထဲသို့ ရက်စက်သော ကန်ချက်ဖြင့် တွန်းချကာ ပရိယာယ်ဆင်ခဲ့သူမှာ ဝေ့ဝူယင် ကိုယ်တိုင် ဖြစ်နိုင်သည်ဟူသောအချက်ကို သူ မေ့လျော့သွားပုံရသည်။
စုရီပင်လျှင် ဤကမ်းလှမ်းမှုကြောင့် အံ့အားသင့်သွားရသည်။
ဝေ့ဝူယင်က ခေါင်းညိတ်ပြလိုက်၏။
"ကျုပ် ခင်ဗျားကို ခင်ဗျားရဲ့ မျှော်စင်ဆီ ပြန်ပို့ပေးမယ်... အဲဒီမှာဆိုရင် ခင်ဗျားရဲ့ 'တာအို အစောင့်အရှောက်' ကို အားကိုးပြီး အသက်ရှင်ဖို့ အခွင့်အရေး ရှိနိုင်တာပေါ့။ အဲဒီအတွက် အပြန်အလှန်အနေနဲ့..."
သူက သူ၏ တောင်းဆိုချက်များကို ပေးပို့လိုက်ရာ ကောင်းဟိန်၏ မျက်နှာအမူအရာမှာ ခဏချင်းပင် သိသိသာသာ ပြောင်းလဲသွားသည်။ ထိုတောင်းဆိုချက်များမှာ အလွန်တရာ လွန်ကဲလှသည်။ သူက ကောင်းဟိန်၏... တစ်ခုလုံးသော အဂ္ဂိရတ် မျိုးဆက်နှင့် သူပိုင်ဆိုင်သမျှ ဆေးဖော်စပ်နည်း အားလုံးကို အလိုရှိနေခြင်း မဟုတ်ပါလော။ ထို့အပြင် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီနှင့် ပတ်သက်၍ သူသိသမျှ လျှို့ဝှက်ချက်များနှင့် သမိုင်းကြောင်း အားလုံးကိုပါ တောင်းဆိုနေခြင်း ဖြစ်သည်။
"ငါ့မှာ... အဲဒီအရာတွေကို အခု ကိုယ်နဲ့မပါဘူး၊ ပြီးတော့ ငါတို့မှာ အချိန်လည်း မရှိတော့ဘူး"
ကောင်းဟိန်က သတိကြီးစွာဖြင့် ပြောလိုက်သည်။ မည်သူမျှ မိမိတို့၏ အဂ္ဂိရတ် ဆေးဖော်စပ်နည်းများကို ကိုယ်နှင့်မကွာ သိမ်းဆည်းမထားကြချေ။ အထူးသဖြင့် ထိုအရာကို တန်ဖိုးထားသော အဖွဲ့အစည်းတစ်ခုတွင် ပါဝင်နေပါက ပို၍ပင် ဖြစ်သည်။ အကြောင်းမဲ့ သေဆုံးသွားနိုင်သည့် နည်းလမ်းပေါင်းများစွာ ရှိနေသည့်ကြားတွင် မိမိ၏ အမွေအနှစ်ကို ကိုယ်ပေါ်တွင် အမြဲဆောင်ထားရန်မှာ လက်တွေ့မကျပေ။
"အဲဒါ ကိစ္စမရှိဘူး... ခင်ဗျား သဘောတူရင် ကျုပ်မှာ နည်းလမ်းရှိတယ်"
ဝေ့ဝူယင်က ပြုံးလျက်ပင် ပြောလိုက်ပြီး သူ၏ နေရာမှ ထလိုက်သည်။
"သဘောတူတယ်..."
အကယ်၍သာ မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင်သို့ ပို့ဆောင်ခံရမည်ဆိုပါက သူ အသက်ရှင်ရန် အခွင့်အရေး ရှိပေလိမ့်မည်။ ၎င်းကသာ အရေးကြီးဆုံးပင်။
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ မည်သည့်အချိန်ကမှန်း မသိသော်လည်း ကောင်းဟိန်မှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လျှို့ဝှက် စာချုပ်အရ ဝေ့ဝူယင်သည် ကောင်းဟိန်၏ ဆန္ဒကို ဆန့်ကျင်၍ လှုပ်ရှားခြင်း သို့မဟုတ် အန္တရာယ်ပြုခြင်း မလုပ်နိုင်ပေ။ လုပ်ခဲ့ပါက သူ ရှုံးနိမ့်သူအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။ သို့သော်လည်း သူ သဘောတူခဲ့မည်ဆိုပါက...
ဝေ့ဝူယင်သည် ကောင်းဟိန်၏ အသိစိတ် ပင်လယ် အတွင်းမှ မှတ်ဉာဏ်အားလုံးကို ထုတ်ယူလိုက်ပြီး အာကာသဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနေစဉ်အတွင်း ထိုအရာများကို သူ၏ ဒုတိယစိတ် ဆီသို့ ပို့ဆောင်ကာ စစ်ထုတ်ခိုင်းလိုက်သည်။
သံချပ်ကာ ကောင်းချီး ကြယ်ကွင်းပြင်၏ ဟင်းလင်းပြင် နေရာလွတ်တစ်ခုသို့ ရောက်ရှိသောအခါ သူသည် ဟင်းလင်းပြင် ပေါ်တယ် တစ်ခုကို ဖန်တီးကာ ကောင်းဟိန်ကို အာလူးအိတ်တစ်အိတ်ကဲ့သို့ ပစ်ထည့်လိုက်တော့သည်။
"မင်း လိုချင်တာ ရပြီလား"
ကောင်းကင်စစ်ဝိညာဉ်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ဝေ့ဝူယင်သည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ အပြောကျယ်လှသော ကောင်းကင်ကို ငေးကြည့်ရင်း၊ သန့်စင်ခြင်းနယ်မြေနှင့် အခြားသော ဂလက်ဆီ နယ်မြေအားလုံးကို အကဲခတ်နေသည်။
"မရသေးဘူး"
ဝေ့ဝူယင်က ခဏအကြာတွင် ပြောလိုက်ပြီး ပျောက်ကွယ်သွားတော့သည်။ သူသည် မိမိ၏ နေရာသို့ ပြန်လည်ရောက်ရှိလာပြီး ဘာမှမလုပ်ခဲ့သည့်အလား တည်ငြိမ်စွာ ပြုံးလျက် ထိုင်နေသည်။
တစ်ချိန်တည်းမှာပင်၊ မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင်သည် ပုံမှန်မဟုတ်လောက်အောင် လှုပ်ရှားမှုများနှင့် ပြည့်နှက် နေတော့သည်။ သူတို့သည် ပြစ်ဒဏ်အတွက် မိမိကိုယ်ကိုယ် ပြင်ဆင်နေကြပြီ ဖြစ်လေတော့သည်။
...
သန့်စင်ခြင်း ကောင်းကင် ဂလက်ဆီဇုန်...
အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ ဂလက်ဆီဇုန် ခုနစ်ခုအနက် တစ်ခုဖြစ်သော ဤဒေသသည် "မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင်" နှင့် ကြည်ညိုလေးစားအပ်သော ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် "မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း အဂ္ဂိရတ် ရှန့်ထို" တို့ ကိန်းအောင်းရာ နေရာဖြစ်သည်။
အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီအတွင်း၌ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားသော ထင်ရှားကျော်ကြားသည့် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ခုနစ်ဦး ရှိသည်။ သူတို့မှာ မိုးကုပ်စက်ဝိုင်း ထုတ်ယူခြင်း၊ မိုးကုပ်စက်ဝိုင်း ကြီးထွားခြင်း ၊ မိုးကုပ်စက်ဝိုင်း ထိန်းသိမ်းခြင်း ၊ မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း ၊ မိုးကုပ်စက်ဝိုင်း ဖန်တီးခြင်း- ထျန်းရှီကျောက်ရွှမ်၊ မိုးကုပ်စက်ဝိုင်း ပြောင်းလဲခြင်း နှင့် မိုးကုပ်စက်ဝိုင်း ပေါင်းစပ်ခြင်းတို့ ဖြစ်ကြသည်။
သူတို့သည် ဂလက်ဆီ အမည်များနှင့် ဆင်တူသော ဘွဲ့အမည်များကို ခံယူထားကြသော်လည်း သက်ဆိုင်ရာ ဂလက်ဆီဇုန်များကို အုပ်ချုပ်သော ဘုရင်များ မဟုတ်ကြချေ။ သူတို့သည် ဧကရာဇ် အာဏာစက်ဖြင့် မဟုတ်ဘဲ အဂ္ဂိရတ် အာဏာစက်ဖြင့် တည်ဆောက်ထားသော ပိုမိုမြင့်မားသည့် အဂ္ဂိရတ်ပညာရှင် အဆင့်အတန်း စနစ်၏ အစိတ်အပိုင်းများသာ ဖြစ်ကြသည်။
အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီတွင် တိုင်းနိုင်ငံများနှင့် အင်ပါယာများကို အုပ်ချုပ်နေသော ဘုရင်များ၊ ဧကရာဇ်များနှင့် အရှင်သခင်များ ရှိကြသည်။ သူတို့သည် ဂလက်ဆီ၏ ကောင်းကင် နေထိုင်ရာ အရပ်ရပ်တွင် တည်ရှိနေကြသော်လည်း၊ သာမန်လူထု၏ ယုံကြည်ကိုးစားမှု တန်ဖိုးအရ သူတို့၏ ဩဇာအာဏာမှာ မည်သည့် အဂ္ဂိရတ်ပညာရှင်ထက်မဆို များစွာ နိမ့်ကျလှသည်။
အချိန်ကြာလာသည်နှင့်အမျှ ထိုဘုရင်များ၊ အင်ပါယာများနှင့် အရှင်သခင် အားလုံးနီးပါးမှာ သေမျိုးအဆင့် မှသာ ဖြစ်ကြပြီး၊ ကျင့်ကြံခြင်းလမ်းစဉ်တွင် ပိုမိုတိုးတက်လို၍ အဆင့်တက်လှမ်းလာသူများသည် ကျင့်ကြံခြင်းလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းရန်အတွက် သူတို့၏ ဧကရာဇ် အဆောင်အယောင်များကို စွန့်လွှတ်ခဲ့ကြရသည်။
အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီတစ်ခုလုံးတွင် တိုင်းနိုင်ငံများနှင့် အင်ပါယာများကို ခိုင်မာသော အင်အားစုများအဖြစ် အသိအမှတ်မပြုကြချေ။ ၎င်းတို့မှာ လူ့အဖွဲ့အစည်း၏ ဦးတည်ရာ ပြောင်းလဲတိုးတက်မှုများကြောင့် ဖယ်ထုတ်ခြင်း ခံခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ ထိုဦးတည်ရာ၏ အမြင့်ဆုံး ခေါင်းဆောင်မှာ အခြားမဟုတ်ဘဲ "အဂ္ဂိရတ် တာအို" ပင် ဖြစ်သည်။
မိမိတို့၏ အင်ပါယာ တာအိုကို လျှို့ဝှက် အာဏာရှင်တို့၏ လောကသို့ ယူဆောင်လာကာ အဆင့်တက်လှမ်းရန် ကြိုးစားသူများသည် တစ်လောကလုံး၏ တိတ်ဆိတ်သော နားလည်မှုများဖြင့် ချေမှုန်းခြင်း သို့မဟုတ် ဖိနှိပ်ခြင်းကို ခံရပြီး ခေါင်းမော့ခွင့်ပင် မရရှိကြချေ။
ဤသည်မှာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ အစစ်အမှန် အာဏာပိုင်များအကြား ပြောစရာမလိုသော နားလည်မှုတစ်ခုအဖြစ် သဘောတူထားကြခြင်း ဖြစ်သည်။ ဤသည်မှာ ကောင်းဟိန် သိရှိထားသော လျှို့ဝှက်ချက်များစွာအနက် တစ်ခုလည်း ဖြစ်သည် - ၎င်းမှာ "အင်ပါယာ တာအို" ကို ပြင်းထန်ပြီး မဆုတ်မနစ် ဖိနှိပ်ထားခြင်းပင်။
ထိတ်လန့်ဖွယ် ကောင်းသည်က အရိပ်ကွယ် အဖွဲ့နှင့် အခြားသော အလားတူ အဖွဲ့အစည်းများထံသို့ ထုတ်ပြန်ထားသည့် အမြဲတမ်း လုပ်ကြံသတ်ဖြတ်မိန့် တစ်ခုပင် ရှိနေသည်။
"အင်ပါယာ ဥပဒေသ မျိုးစေ့ အားလုံးကို အမြစ်ပြတ်အောင် သုတ်သင်လော့"
ဟူ၍ ဖြစ်သည်။
ဤတာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ပြီး မိုးကုပ်စက်ဝိုင်း မျှော်စင်များထံ ဆက်သနိုင်သူများသည် ကြီးမားသော ဆုလာဘ်များကို ရရှိကြသည်။ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးသော ဆုလာဘ် ဥပမာတစ်ခုမှာ "လျှို့ဝှက်-ကောင်းကင်" အဆင့် ဝိညာဉ်ဆေးလုံး တစ်လုံးဖြစ်သည်။
ထိုဆေးလုံးသည် "အသွင် ပြောင်းလဲခြင်းလောက" ဂလက်ဆီဇုန်မှ ပဲ့တင်ထပ် ဝိညာဉ် အဆင့် ပညာရှင်တစ်ဦး၏ ဂလက်ဆီ မျိုးနွယ်စုကြီး ငါးခုအနက် တစ်ခုကို တည်ထောင်နိုင်ရန် ကူညီပေးခဲ့သည်။
ဤသည်မှာ ကောင်းဟိန်အနေဖြင့် မိုးကုပ်စက်ဝိုင်း မျှော်စင်တစ်ခု၏ "မျှော်စင်သခင်" အဖြစ်လည်းကောင်း၊ "အထွတ်အထိပ် မဟာ လောကအဂ္ဂိရတ် သူတော်စင်" အဖြစ်လည်းကောင်း သိရှိထားသော မှောင်မိုက်သည့် လျှို့ဝှက်ချက်များစွာထဲမှ တစ်ခုသာ ဖြစ်သည်။ ဤလျှို့ဝှက်ချက်မှာ လူ့အဖွဲ့အစည်း၏ ဦးတည်ရာနှင့် စံနှုန်းများအတွင်း၌ ကြာမြင့်စွာကတည်းက အမြစ်တွယ်နေပြီးသားဖြစ်၍ မည်သူကမျှ မငြင်းခုံကြသည့် သာမန်ကိစ္စတစ်ခုမျှသာ ဖြစ်နေသည်။
"အင်ပါယာ ဥပဒေသ မျိုးစေ့" သည် သူတော်စင်တစ်ဦး၏ အတုအယောင် အမိန့်တော် သို့မဟုတ် ပိုမိုမြင့်မားသော ကျင့်ကြံသူတစ်ဦး၏ အကူအညီမပါဘဲ သဘာဝအတိုင်း ဖွံ့ဖြိုးတိုးတက်ရန် အလွယ်ကူဆုံးသော "ဥပဒေသ မျိုးစေ့" များထဲမှ တစ်ခုဖြစ်ပြီး သာမန်လူသားများ၌ပင် မွေးဖွားလာနိုင်သည်။
သို့သော်လည်း တစ်ဖက်တွင်မူ၊ ၎င်းမှာ ဖွံ့ဖြိုးရန် အခက်ခဲဆုံးသော မျိုးစေ့တစ်ခုဖြစ်ပြီး လူ့ယဉ်ကျေးမှု တစ်ခုလုံးကို ညွှန်ကြားချုပ်ကိုင်နိုင်သည့် ထူးခြားသော စွမ်းအားများကို ပိုင်ဆိုင်ထားသည်။
သန့်စင်ခြင်းဇုန်ဟုခေါ်သော ဂလက်ဆီဇုန်မှာ အလွန်တရာ ကြီးမားလှပြီး ကြယ်တာရာနယ်မြေပေါင်း သန်းနှင့်ချီကာ၊ ကြယ်ကွင်းပြင်ပေါင်း ထောင်နှင့်ချီ၍ ကျယ်ပြန့်သည်။ ၎င်းမှာ အလွန်ပင် ကျယ်ပြောရုံသာမက ထူးထူးခြားခြား လှပလှသည်။
သန့်စင်ခြင်းဇုန်နှင့် အိမ်နီးချင်းများ ဖြစ်ကြသော ထိန်းသိမ်းခြင်းဇုန် နှင့် ဖန်တီးခြင်းဇုန် တို့ကြားတွင် နယ်နိမိတ်မျဉ်းတစ်ခု ရှိသည်။ ၎င်းမှာ သန့်စင်ခြင်း၏ လှပသော အရောင်အသွေးဖြစ်သည့် အလွန်တရာ တောက်ပသော နက်ပြာရောင် အလင်းတန်းများဖြင့် ဖြစ်ပေါ်နေသည်။ ၎င်းသည် နေမင်းအလင်းရောင်ရှိသော ကျန်းမာသည့် ဂြိုဟ်တစ်လုံး၏ မျက်နှာပြင်မှ မြင်တွေ့ရသည့် အတိုင်းအဆမဲ့သော ကောင်းကင်ကြီးကို တုပထားခြင်း ဖြစ်သည်။
ထိုနယ်နိမိတ်ကို မြူခိုးတိမ်တိုက်များက ဖုံးလွှမ်းထားပြီး၊ ၎င်းတို့၏ အရောင်အသွေး၊ အသွင်အပြင်နှင့် အနှစ်သာရများမှာ အဆုံးမဲ့ ပြောင်းလဲတိုးတက်နေကြသည်။ ၎င်းသည် အစဉ်အမြဲ သန့်စင်ခြင်း ဖြစ်စဉ်အတွင်း၌ တည်ရှိနေခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ဤဒေသကို "သန့်စင်ခြင်း ကောင်းကင်" ဂလက်ဆီဇုန်ဟု အမည်ပေးထားခြင်း ဖြစ်သည်။ အဝေးမှ ကြည့်လျှင် အဆုံးမဲ့သော သန့်စင်ခြင်း အဆင့်ဆင့်ကို ခံယူနေရသည့် ကောင်းကင်ကြီးတစ်ခုအလား ထင်မှတ်ရသည်။
ယခုအချိန်တွင် သန့်စင်ခြင်းဇုန်ကို ဖုံးလွှမ်းထားသော ထိုနက်ပြာရောင် ကောင်းကင်ကြီးသည် နေရာအနှံ့အပြား၌ ရှုပ်ထွေးစွာ တုန်ခါနေပြီး အချို့နေရာများတွင် ပိုမိုပြင်းထန်လှသည်။
ကောင်းကင် တရားသူကြီး၏ စစ်ဆေးမှုသည် အရှိန်အပြည့်ဖြင့် လုပ်ဆောင်နေပြီး ဂလက်ဆီဇုန်တစ်ခုလုံး၏ အခြေခံအုတ်မြစ်ကိုပင် ပုံပျက်သွားစေသည်။ ၎င်းသည် နက်ရှိုင်းသော စောင့်ကြည့်မှု စွမ်းအားများဖြင့် မြေပြင်တစ်ခွင်ကို ဝေ့ဝဲကြည့်ရှုလျက်၊ ကောင်းဟိန်နှင့် ဆက်နွှယ်နေသော ကမ္မအဆက်အသွယ်များကို ရှာဖွေကာ သူ၏ "လျှို့ဝှက် ပြစ်ဒဏ်" အတိုင်းအတာကို ဆုံးဖြတ်နေသည်။
၎င်းသည် သတ်မှတ်ထားသော စည်းကမ်းချက်များကို အတိအကျ လိုက်နာနေခြင်း ဖြစ်သည် ။
"လျှို့ဝှက် ပြစ်ဒဏ်ဆိုင်ရာ အခြေအနေ အားလုံးသည် ကျင့်ကြံခြင်း အဆင့် လေးဆင့်အထိ ပြင်းထန်မှု တိုးလာမည် ဖြစ်သည်။ အကယ်၍ ၎င်းသည် လက်ရှိ ကျင့်ကြံခြင်း နယ်ပယ်ထက် ကျော်လွန်သွားပါက၊ နောက်ထပ် ကျင့်ကြံခြင်း နယ်ပယ်၏ ပထမအဆင့်တွင် ရပ်တန့်သွားမည် ဖြစ်ပြီး၊ ဤကစားပွဲတွင် ထိုကစားသမားအား ထောက်ခံအားပေးနေသည့် အဖွဲ့အစည်းများ အားလုံးအထိပါ ပြစ်ဒဏ်မှာ ပျံ့နှံ့ရောက်ရှိသွားမည် ဖြစ်သည်။”
အရေးကြီးဆုံး အချက်မှာ - ဤကစားပွဲတွင် ထိုကစားသမားအား ထောက်ခံအားပေးနေသည့် အဖွဲ့အစည်းများ အားလုံးအထိပါ ပြစ်ဒဏ်မှာ ပျံ့နှံ့ရောက်ရှိသွားမည် ဟူသော အချက်ပင်။
ကောင်းဟိန်သည် ဤ "လျှို့ဝှက် ကစားပွဲ" တွင် တစ်ဦးတည်း ရှိနေခြင်း မဟုတ်ပေ။ "တရားသူကြီး" ၏ စစ်ဆေးမှုသည် ကောင်းဟိန်နှင့် မည်သူများက ပတ်သက်နေပြီး မည်သူများက ထောက်ခံအားပေးနေသလဲဆိုသည်ကို ရှာဖွေနေသည်။ သူသည် ရွေးချယ်မှု ဖြစ်စဉ် မစတင်မီကတည်းက ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သော်လည်း၊ ပြစ်ဒဏ်မှာမူ အတည်ဖြစ်နေပြီ ဖြစ်သည်။
၎င်းကို ပြောင်းလဲ၍ မရနိုင်တော့ချေ။
***