အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
အခန်း (၅၉) - သွေးမျက်ရည် ကျောက်ကမာ
ချွီရှောင်နှင့် သခင်မ ချွီလီတို့ နှစ်ဦးစလုံးက ကူမော့အား တောင်းပန်နေကြ၏။
ကူမော့က သားအမိနှစ်ယောက်ကို နှစ်သိမ့်လိုက်သည်။
"ရှောင်ရှောင်၊ အန်တီ... စိတ်မပူပါနဲ့"
သခင်မ ချွီလီက ရှိုက်ငင်ကာ ပြောလိုက်၏။
"ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ အာမော့ရယ်... တံခါးခြောက်ချပ် အဖွဲ့ ဆိုတာ ဘယ်လိုနေရာမျိုးလဲ... လူကောင်းတွေတောင် အဲ့ဒီနေရာမှာ အကြီးအကျယ် ဒုက္ခရောက်ရတာလေ... မင်းရဲ့ ဦးလေးချွီ ဘာတွေဖြစ်နေလဲဆိုတာကိုတောင် ငါတို့ မသိရဘူး... သူ့ကို တွေ့ခွင့်တောင် မရဘူး... အဲ့ဒီအပြင် ချင်းယန်ခရိုင် တံခါးခြောက်ချပ် အဖွဲ့က သူ့ကို ဒီကို ပြန်လွှဲပေးလိုက်ပြီဆိုတော့ မင်းရဲ့ ဦးလေးချွီ ကို အပြစ်ပေးပြီးလောက်ပြီ"
ကူမော့ အနည်းငယ် မျက်မှောင်ကုတ်လိုက်၏။ သခင်မ ချွီလီ ပြောသည်မှာ ယုတ္တိရှိလေသည်။ တရားဝင် လုပ်ထုံးလုပ်နည်းများအရ ပုံမှန်အားဖြင့် အကျဉ်းသားတစ်ဦးကို ပြစ်မှုထင်ရှားစီရင်ပြီးမှသာ သူတို့၏ နေရပ်သို့ ပြန်လည်လွှဲပြောင်းပေးလေ့ရှိသည်။ ယခု ချွီဟန်နှင့် အခြားသူများကို လင်းကျန်းခရိုင်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်ပြီ ဆိုကတည်းက သက်သေအထောက်အထားများ အားလုံး စုဆောင်းပြီးစီးကာ အပြစ်ကို အတည်ပြုပြီးပြီဟု ဆိုလိုခြင်း ဖြစ်သည်။ သို့သော် မေးစရာတစ်ခု ရှိသေးသည် - အကယ်၍ ပြစ်မှုထင်ရှားစီရင်ပြီးပါက မိသားစုဝင်များကို တွေ့ခွင့်ပြုသင့်ပြီး တိကျသောအခြေအနေများကို မိသားစုအား အကြောင်းကြားသင့်ပေသည်။
ကူမော့က မေးလိုက်၏။
"အန်တီတို့ ဘယ်လို သိလာတာလဲ"
ချွီရှောင်က ပြန်ဖြေလိုက်သည်။
"ချန်ဖုန်း အစောင့်အရှောက်အဖွဲ့ ကနေ သိရတာပါ... အခု ချန်ဖုန်း အစောင့်အရှောက်အဖွဲ့ မှာ အရမ်း ရှုပ်ယှက်ခတ်နေတာ... သေသွားတဲ့ ဖျောင်ရှီး တွေရဲ့ အလောင်းတွေကို ပြန်ပို့လိုက်ပြီး သူတို့ရဲ့ မိသားစုတွေကို လာရွေးဖို့ အကြောင်းကြားထားတယ်... ကျွန်မတို့ အဲ့ဒီကို ရောက်တော့မှ ကျွန်မ အဖေက လူသတ်သမားတွေထဲက တစ်ယောက် ဖြစ်နေတယ်ဆိုတာ သိရတာပဲ... အဲ့ဒီနောက် ကျွန်မနဲ့ အမေ တံခါးခြောက်ချပ် အဖွဲ့ရုံးကို အပြေးအလွှား သွားခဲ့ပေမယ့် သူတို့က ဘယ်သူ့ကိုမှ ပေးမတွေ့ဘူး... သူတို့က လွှဲပြောင်းရေး လုပ်ငန်းစဉ်တွေ လုပ်နေတုန်းမို့လို့ လောလောဆယ် ဘယ်သူ့ကိုမှ လာတွေ့ခွင့် မပေးဘူးတဲ့... ဒါပေမဲ့ သူတို့ဖမ်းထားတဲ့ လူသတ်သမား ဆယ့်သုံးယောက်ထဲမှာ ကျွန်မ အဖေ ပါတယ်ဆိုတာကိုတော့ အတည်ပြုလို့ ရခဲ့တယ်"
ကူမော့က ခေါင်းညိတ်ကာ ပြောလိုက်၏။
"အန်တီတို့ နှစ်ယောက် လောလောဆယ် အိမ်မပြန်နဲ့ဦး... ဒီမှာ ကျွန်တော်နဲ့အတူ နေခဲ့ပါ... ဖျောင်ရှီး ရှစ်ဆယ်ကျော်တောင် သေသွားတာလေ... အစိုးရက တိကျတဲ့ ကြေညာချက် မထုတ်သေးပေမယ့်၊ သေသွားတဲ့သူတွေရဲ့ မိသားစုဝင် တချို့က စိတ်လိုက်မာန်ပါနဲ့ ကလဲ့စားလာချေတာမျိုး မလုပ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး... အထူးသဖြင့် အဓိက အစောင့်အရှောက်ခေါင်းဆောင် လင်းကျန့်ယွဲ့ ရဲ့ မိသားစုပေါ့... သူတို့ မိသားစု တစ်ခုလုံးက သိုင်းလောကသားတွေချည်းပဲ၊ ပြီးတော့ သူတို့ဆီမှာ စရိုက်က အတော်လေး ပြင်းထန်တယ်"
ချွီရှောင်က ပြောလိုက်သည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ... အစ်ကို အာမော့၊ ကျွန်မတို့ အစ်ကို့စကားကို နားထောင်ပါ့မယ်... အစ်ကို ဘာခိုင်းခိုင်း လုပ်ပါ့မယ်... အစ်ကိုကလွဲရင် ဘယ်သူ့ကို အားကိုးရမလဲဆိုတာ တကယ် မသိတော့လို့ပါ"
ကူမော့က ခေါင်းညိတ်ပြီး မတ်တပ်ရပ်ကာ လှမ်းခေါ်လိုက်၏။
"ချူတုန်း... ရထားလုံး ပြင်ထား... ငါ အခု တံခါးခြောက်ချပ် အဖွဲ့ရုံးကို သွားမလို့"
ချွီရှောင်က မေးလိုက်သည်။
"အစ်ကို အာမော့... ဒါဆို ကျွန်မတို့ကကော..."
ကူမော့က ပြောလိုက်၏။
"ဒီမှာပဲ စောင့်နေပါ... သတင်းတချို့ရအောင် တပ်မှူးကျိုး ဆီ သွားမလို့... တံခါးခြောက်ချပ် အဖွဲ့က ခင်ဗျားတို့ကို ပေးမတွေ့ဘူး ဆိုကတည်းက လုပ်ငန်းစဉ်တွေ လုပ်နေတုန်းမို့လို့ပဲ... ခင်ဗျားတို့ကို ခေါ်သွားရင် တပ်မှူးကျိုး ကို အခက်တွေ့စေရုံပဲ ရှိလိမ့်မယ်"
သိပ်မကြာခင်မှာပင်... ကူမော့နှင့် ကူချူတုန်းတို့ တံခါးခြောက်ချပ် အဖွဲ့ရုံးသို့ ရောက်ရှိလာကြသည်။
ကူမော့သည် လောလောဆယ်တွင် ယွင်ကျိုးနယ် တစ်ခုလုံးတွင် အလွန် နာမည်ကြီးနေပြီး လင်းကျန်းခရိုင် သိုင်းလောကတွင် ပို၍ပင် ကျော်ကြားနေသူ ဖြစ်သည်။ ထို့ကြောင့် သိုင်းလောကနှင့် သက်ဆိုင်သော တရားဝင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် တံခါးခြောက်ချပ် အဖွဲ့တွင် သူ၏ နာမည်က သဘာဝကျကျပင် မှတ်ပုံတင်ပြီးသား ဖြစ်နေလေသည်။
ထို့ကြောင့် တံခါးခြောက်ချပ် အဖွဲ့ရုံးသို့ ရောက်သောအခါ သူ၏ နာမည်ကို ပြောလိုက်သည်နှင့် ကူမော့အား အတွင်းသို့ ခေါ်ဆောင်သွားပြီး ဧည့်ခန်းတစ်ခုတွင် စောင့်ဆိုင်းရန် စီစဉ်ပေးခဲ့ကြ၏။
သိပ်မကြာခင်မှာပင်... တံခါးခြောက်ချပ် အဖွဲ့၏ တပ်မှူး ကျိုးချင်းဖုန်း ရောက်ရှိလာသည်။
ကူမော့က ကျိုးချင်းဖုန်းကို စကားမပတ်တော့ဘဲ တိုက်ရိုက် ပြောလိုက်၏။
"တပ်မှူးကျိုး... ကျွန်တော် ချန်ဖုန်း အစောင့်အရှောက်အဖွဲ့ ရဲ့ လုယက်ခံရတဲ့ အမှုအကြောင်း လာမေးတာပါ"
ကျိုးချင်းဖုန်းက ကူမော့နှင့် ကူချူတုန်းတို့အတွက် လက်ဖက်ရည် တစ်ခွက်စီ ငဲ့ပေးရင်း ပြောလိုက်သည်။
"မင်း ရောက်နေတယ်လို့ ငါ့လူတွေဆီက ကြားကတည်းက၊ ချန်ဖုန်း အစောင့်အရှောက်အဖွဲ့ ကိစ္စကြောင့် လာတာဖြစ်မယ်လို့ ငါ ခန့်မှန်းမိတယ်... ဘာပဲဖြစ်ဖြစ် မင်းက အဲ့ဒီကနေ လာတာကိုး"
ကူမော့က ခေါင်းအသာညိတ်ကာ မေးလိုက်၏။
"ချင်းယန်နယ် တံခါးခြောက်ချပ် အဖွဲ့ကနေ လွှဲပြောင်းပေးလိုက်တဲ့ လူ ဆယ့်သုံးယောက်ထဲမှာ ချွီဟန် ဆိုတဲ့ နာမည်နဲ့ တစ်ယောက် ပါတယ် မဟုတ်လား"
ကျိုးချင်းဖုန်းက ပြန်ဖြေလိုက်သည်။
"အင်း... အဲ့ဒီလူ ပါတယ်"
ကူမော့က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
"သူက ကျွန်တော့်ရဲ့ စီနီယာတစ်ယောက်ပါ၊ ကျွန်တော်နဲ့ ကျွန်တော့်ညီမအပေါ် အရမ်း ကောင်းခဲ့တာ... အခု သူ ဒုက္ခရောက်နေချိန်မှာ ကျွန်တော် လက်ပိုက်ကြည့်မနေနိုင်ဘူး"
ကျိုးချင်းဖုန်းက အသံဩဩဖြင့် မေးလိုက်သည်။
"မင်း သူ့ကို ထောင်ဖောက်ဖို့ လာတာတော့ မဟုတ်ပါဘူးနော်"
ကူမော့က လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
"ငါသာ ထောင်ဖောက်ချင်ရင် မင်းဆီကို ဘာလို့ လာရမှာလဲ... မင်းကို ငါ့ရဲ့ အတွင်းလူ လုပ်ခိုင်းမလို့လား... ငါ ချွီဟန် ရဲ့ စရိုက်ကို အရမ်း ကောင်းကောင်း သိတယ်... သူက တာဝန်ခံရတဲ့ ပစ္စည်းကို ခိုးယူမယ့် အလုပ်မျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး... ဒီအမှုရဲ့ အသေးစိတ်ကို ငါ သိချင်တယ်... သူ အပြစ်ပေးခံရပြီလား... သူ ဝန်ခံပြီးပြီလား"
ကျိုးချင်းဖုန်းက ခဏမျှ တွေးတောလိုက်ပြီး ပြောလိုက်သည်။
"ရိုးရိုးသားသား ပြောရရင် ဒီအမှုက နည်းနည်း ရှုပ်ထွေးတယ်၊ ပြီးတော့ အသေးစိတ် အချက်အလက်တွေကို အခုလောလောဆယ် ထုတ်ပြောဖို့ အဆင်မပြေသေးဘူး... ဒါပေမဲ့ သိုင်းသူရဲကောင်း ကူ ကိုယ်တိုင် လာမေးမှတော့ ငါ အသေးစိတ် ပြောပြပါ့မယ်... အခုထိတော့ ဝန်ခံချက် မရှိသေးဘူး၊ ဒါပေမဲ့ ငါတို့ဆီမှာ ရှိနေတဲ့ သက်သေအထောက်အထားတွေအရ ဆိုရင် ဝန်ခံချက် မလိုတော့ပါဘူး... သူ့ကို တိုက်ရိုက် အပြစ်ပေးလို့ ရနေပြီ... ငါတို့ အခုထိ မကြေညာသေးတဲ့ အကြောင်းရင်းက အခိုးခံရတဲ့ ပစ္စည်းတွေကို ရှာမတွေ့သေးလို့ရယ်၊ ပြီးတော့ သံသယရှိသူ ဆယ့်သုံးယောက်ရဲ့ စိတ်အခြေအနေက နည်းနည်း ပုံမှန်မဟုတ် ဖြစ်နေလို့ပါ"
ကူမော့က နားမလည်နိုင်စွာ မေးလိုက်၏။
"'ပုံမှန်မဟုတ်ဘူး' ဆိုတာ ဘာကို ဆိုလိုတာလဲ"
ကျိုးချင်းဖုန်းက ပြန်ဖြေလိုက်သည်။
"သူတို့ အားလုံးက ဇာတ်လမ်းတစ်ပုဒ်တည်းကိုပဲ ပြောနေကြတာ... မိစ္ဆာတစ်ကောင်နဲ့ ကြုံခဲ့ရတယ်တဲ့"
ကူမော့က အံ့အားသင့်စွာ မေးလိုက်၏။
"ဟင်... မိစ္ဆာ ဟုတ်လား"
ကျိုးချင်းဖုန်းက ရှင်းပြလေသည်။
"ဟုတ်တယ်... သူတို့အားလုံးက ကိုယ်ကျိုးအတွက် ခိုးယူတာ မဟုတ်ဘဲ မိစ္ဆာတစ်ကောင်နဲ့ ကြုံခဲ့ရတယ်လို့ အခိုင်အမာ ပြောနေကြတာ... သူတို့ရဲ့ ကုန်ပစ္စည်းတွေကို မိစ္ဆာတစ်ကောင်က ခိုးသွားတာတဲ့၊ အဲ့ဒီ မိစ္ဆာက နွားသငယ်လောက် အရွယ်အစားရှိတဲ့ ကြောင်မိစ္ဆာကြီး ဖြစ်ပြီး၊ ကြောင် ရာနဲ့ချီ ဒါမှမဟုတ် ထောင်နဲ့ချီပြီး ဦးဆောင်လာပြီး သူတို့ကို လုယက်သွားတာတဲ့... တကယ့်ကို... အဲ့ဒါကြောင့် သူတို့ရဲ့ စိတ်အခြေအနေက ပုံမှန်မဟုတ်ဘူးလို့ ငါ ပြောတာပေါ့"
ကူမော့က မေးလိုက်၏။
"ဒီအမှုမှာ တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ"
ကျိုးချင်းဖုန်းက ရှင်းပြလိုက်သည်။
"အင်း... လွန်ခဲ့တဲ့ တစ်လလောက်က ချန်ဖုန်း အစောင့်အရှောက်အဖွဲ့ က လင်းကျန်းမြို့ အပြင်ဘက်က လင်းယွင်စံအိမ် ရဲ့ ပိုင်ရှင် မော့ချင်းရှန်း ဆီကနေ အလုပ်တစ်ခု လက်ခံရရှိခဲ့တယ်... အဲ့ဒီတာဝန်က လင်းယွင်စံအိမ် ရဲ့ အတန်ဖိုးထားရဆုံး ရတနာဖြစ်တဲ့ သေသူကိုတောင် ရှင်ပြန်ထမြောက်စေနိုင်ပြီး၊ ဒဏ်ရာတွေကို ကုသပေးနိုင်သလို စွမ်းအားတွေကိုလည်း တိုးမြှင့်ပေးနိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီလာ ‘သွေးမျက်ရည် ကျောက်ကမာ’ ကို ပို့ဆောင်ပေးဖို့ပဲ... မင်း ကြားဖူးတယ် မဟုတ်လား"
ကူမော့က အံ့အားသင့်စွာ မေးလိုက်၏။
"အဲ့ဒါ တကယ် ရှိတာလား"
လင်းယွင်စံအိမ်သည် မကြာသေးမီ နှစ်များအတွင်း လင်းကျန်းခရိုင် သိုင်းလောကတွင် ထွန်းပေါက်လာသော နာမည်ကျော် ထိပ်တန်း အင်အားစုတစ်ခု ဖြစ်သည်။ ယနေ့ လင်းကျန်းခရိုင် သိုင်းလောကတွင် ဦးဆောင်နေသော အင်အားစုများအနက် တစ်ခုဖြစ်ပြီး၊ ၎င်း၏ ပိုင်ရှင်ဖြစ်သူ မော့ချင်းရှန်းမှာ "ပြိုင်ဘက်ကင်း နတ်ဓား" ဟု လူသိများသည်။
သို့သော် မော့ချင်းရှန်းအပြင် လင်းယွင်စံအိမ်နှင့် ပတ်သက်၍ သိုင်းလောကတွင် လူပြောအများဆုံးမှာ "သွေးမျက်ရည် ကျောက်ကမာ" ဟုခေါ်သော ဒဏ္ဍာရီလာ ရတနာတစ်ခု အကြောင်းပင် ဖြစ်သည်။
ကောလာဟလများအရ မော့ချင်းရှန်းသည် တစ်ချိန်က သိုင်းလောကတွင် အမည်မသိ လူတစ်ယောက်သာ ဖြစ်ပြီး သာမန် သိုင်းပညာသာ ရှိခဲ့သည်။ သူသည် စမ်းပေါက်တစ်ခုထဲတွင် ကျောက်ကမာ တစ်ခုကို အမှတ်မထင် တွေ့ရှိခဲ့ပြီး အစပိုင်းတွင် ၎င်း၏ အလှအပကို သဘောကျသဖြင့် အိမ်သို့ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
သူ အံ့ဩသွားရသည်မှာ ထိုကျောက်ကမာသည် သွေးရောင် ပုလဲများကို ထွေးထုတ်တတ်ပြီး ပါးစပ်ထဲမှ တံတွေးများ ယိုကျလာစေလောက်အောင် မွှေးကြိုင်သော အနံ့တစ်မျိုးနှင့်အတူ ထွက်ပေါ်လာခြင်းပင်။ မော့ချင်းရှန်းက မခံစားနိုင်တော့ဘဲ တစ်လုံးကို စားလိုက်ရာ သူ၏ စွမ်းအားများ ချက်ချင်း တိုးတက်သွားခဲ့သည်။ ထိုပုလဲကို "သွေးမျက်ရည်ပုလဲ" ဟု ခေါ်ကြလေသည်။
အဲ့ဒီနောက်ပိုင်း... ထိုကျောက်ကမာသည် နှစ်စဉ် သွေးမျက်ရည်ပုလဲ တစ်လုံး ထုတ်လုပ်ပေးပြီး ထိုပုလဲတစ်လုံးမှာ ဆယ်နှစ်စာ ကျင့်ကြံမှုနှင့် ညီမျှလေသည်။ ၎င်းကြောင့်ပင် မော့ချင်းရှန်းသည် နှစ်အနည်းငယ်အတွင်း သူ၏ သိုင်းပညာများကို ကျွမ်းကျင်လာပြီး သိုင်းလောကရှိ ထိပ်တန်း သိုင်းပညာရှင် တစ်ယောက် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် မော့ချင်းရှန်းသည် သွေးမျက်ရည်ပုလဲ၌ အလွန် အစွမ်းထက်သော ဆေးဖက်ဝင်စွမ်းရည်များ ပါဝင်နေပြီး သေသူကိုပင် ရှင်ပြန်ထမြောက်စေနိုင်ကာ ကျိုးနေသော အရိုးများကိုပင် ဆက်စေနိုင်စွမ်း ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
သို့သော် သူ့တွင် သူငယ်ချင်းများလွန်းပြီး သွေးမျက်ရည်ပုလဲကို လိုချင်သူ များလွန်းသဖြင့် အားလုံးကို ဝေငှရန် မလုံလောက်ခဲ့ပေ။ ထို့ကြောင့် သူက သွေးမျက်ရည်ပုလဲများကို အမှုန့်ကြိတ်ကာ အခြား ဆေးဖက်ဝင်အပင်များနှင့် ရောစပ်ပြီး ဆေးလုံးအဖြစ် ဖော်စပ်လိုက်ကာ ၎င်းကို "သွေးမျက်ရည်ဆေးလုံး" ဟု အမည်ပေးလိုက်သည်။ ယခုအခါ ထိုသွေးမျက်ရည်ဆေးလုံးမှာ သိုင်းလောကတွင် အလွန် ဝယ်လိုအားများနေပြီး ဆေးတစ်လုံးလျှင် ငွေစင် တစ်ထောင်ကျော် တန်ဖိုးရှိသော်လည်း တန်ဖိုးဖြတ်၍ မရနိုင်သေးပေ။ သွေးမျက်ရည်ပုလဲ အစစ်များကိုမူ လင်းယွင်စံအိမ်က အပြင်လူများကို ရောင်းချခြင်း မရှိဘဲ၊ မော့ချင်းရှန်းနှင့် အလွန် ရင်းနှီးသူ အနည်းငယ်သာလျှင် ရရှိခဲ့ဖူးလေသည်။
ကျိုးချင်းဖုန်းက ပြောလိုက်၏။
"ဒီတစ်ခါ ချန်ဖုန်း အစောင့်အရှောက်အဖွဲ့ က စောင့်ရှောက်သွားတာ သွေးမျက်ရည် ကျောက်ကမာ ကြီးလေ... ဒါကြောင့် အာမခံကြေးက မယုံနိုင်လောက်အောင် ငွေစင် နှစ်သိန်း ဖြစ်နေတာကို အခု မင်း နားလည်ပြီ မဟုတ်လား"
အခန်း (၆၀) - လျှို့ဝှက်ဆန်းကြယ်သော အမှု
ချန်ဖုန်း အစောင့်အရှောက်အဖွဲ့ လုယက်ခံရသော ကုန်ပစ္စည်းမှာ ဒဏ္ဍာရီလာ သွေးမျက်ရည် ကျောက်ကမာ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ၊ ချန်ဖုန်း အစောင့်အရှောက်အဖွဲ့ အနေဖြင့် လိုက်ပါစောင့်ရှောက်မည့် ဖျောင်ရှီး များကိုပင် အသိမပေးဘဲ အသေးစိတ်ကို ဘာကြောင့် လျှို့ဝှက်ထားခဲ့သနည်း ဆိုသည်ကို ကူမော့ ချက်ချင်း နားလည်သွားလေသည်။ အဓိက အစောင့်အရှောက်ခေါင်းဆောင် လင်းကျန့်ယွဲ့ တစ်ယောက်တည်းသာ ဦးတည်ရာကို သိရှိခဲ့ခြင်း ဖြစ်သည်။
အာမခံကြေးမှာ မယုံနိုင်လောက်အောင် ငွေစင် နှစ်သိန်း ဖြစ်သော်လည်း သွေးမျက်ရည် ကျောက်ကမာ နှင့် နှိုင်းယှဉ်လျှင် ငွေစင် နှစ်သိန်းမှာ အလွန် နည်းပါးလွန်းလှသည်။ အဲ့ဒီအရာက တကယ်ကို တန်ဖိုးမဖြတ်နိုင်တဲ့ အရာလေ။ လင်းယွင်စံအိမ် နှင့် ပြိုင်ဘက်ကင်း ဓားသမား မော့ချင်းရှန်း တို့၏ လက်ထဲတွင် ရှိနေသောကြောင့်သာ ဤမျှ တန်ဖိုးရှိနေခြင်း ဖြစ်သည်။ ကျူးရှန်းခရိုင်မှ ထန်မိသားစု ကဲ့သို့သော အခြား အင်အားစုများသာ ဤကဲ့သို့သော ရတနာမျိုးကို ပိုင်ဆိုင်ထားပါက သေချာပေါက် အမြစ်ပြတ် သုတ်သင်ခံရမည်သာ ဖြစ်သည်။
မော့ချင်းရှန်းသည် သူ နာမည်ကြီးလာပြီးမှသာ သွေးမျက်ရည် ကျောက်ကမာ အကြောင်းကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ထုတ်ဖော်ပြီးနောက်တွင်ပင် သူသည် အကျပ်အတည်းများစွာနှင့် ရင်ဆိုင်ခဲ့ရသေးသည်။ ကံကောင်းစွာဖြင့် မော့ချင်းရှန်းမှာ အမှန်တကယ်ပင် သိုင်းပညာရှင် တစ်ဦး ဖြစ်နေခဲ့သည်။ ဓားတစ်လက်တည်းဖြင့် သူသည် သွေးမျက်ရည် ကျောက်ကမာ ကို ကာကွယ်နိုင်ခဲ့ရုံသာမက ကြီးမားလှသော နာမည်ဂုဏ်သတင်းကိုပါ ရရှိခဲ့ပြီး နာမည်ကျော် လင်းယွင်စံအိမ် ကို တည်ထောင်နိုင်ခဲ့လေသည်။
ကူမော့က နားမလည်နိုင်စွာ မေးလိုက်၏။
"လင်းယွင်စံအိမ် က သွေးမျက်ရည် ကျောက်ကမာ ကို ဘာလို့ ပို့လိုက်တာလဲ"
ကျိုးချင်းဖုန်းက ပြန်ဖြေလိုက်သည်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး လင်းယွင်စံအိမ် ကို ငါ စုံစမ်းပြီးသွားပြီ... အဲ့ဒါက လူတစ်ယောက်ကို ကယ်ဖို့အတွက် ပို့တာလေ...
"မော့ချင်းရှန်း မှာ ကျိုကျဲ လို့ခေါ်တဲ့ ရင်းနှီးတဲ့ သူငယ်ချင်း တစ်ယောက် ရှိတယ်၊ သူက ချင်းယန်ခရိုင်က ကျိုမိသားစု ရဲ့ ခေါင်းဆောင်လေ... လွန်ခဲ့တဲ့ အချိန်တုန်းက ကျိုကျဲ က တိုက်ပွဲတစ်ခုမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ပြီး သေလုနီးပါး ဖြစ်နေခဲ့တာ... ကျိုမိသားစု က လင်းယွင်စံအိမ် ဆီ အကူအညီ လာတောင်းခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ လင်းယွင်စံအိမ် မှာ သွေးမျက်ရည်ပုလဲ တွေ တစ်လုံးမှ မကျန်တော့ဘူး ဖြစ်နေတယ်...
"ကံကောင်းတာက သွေးမျက်ရည် ကျောက်ကမာ က ပုလဲအသစ် တစ်လုံး ထုတ်လုပ်တော့မယ့် အချိန် ဖြစ်နေတာပဲ... ဒါပေမဲ့ ပုလဲထွက်လာပြီးမှ ချင်းယန်ခရိုင်ကို ပို့ဖို့ဆိုရင် အချိန်မမီတော့ဘူးလေ... ဒါကြောင့် မော့ချင်းရှန်း က သွေးမျက်ရည် ကျောက်ကမာ ကို ချင်းယန်ခရိုင်က ကျိုမိသားစု ဆီ တိုက်ရိုက်ပို့ဖို့ ဆုံးဖြတ်လိုက်တာ၊ အဲ့ဒါမှ ပုလဲထွက်လာတာနဲ့ ကျိုကျဲ ကို ချက်ချင်း ကျွေးပြီး သူ့အသက်ကို ကယ်နိုင်မှာကိုး"
ကူမော့က ဆက်မေးလိုက်၏။
"ဒီလောက် အရေးကြီးတဲ့ ပစ္စည်းကို မော့ချင်းရှန်း က ဘာလို့ ကိုယ်တိုင် မပို့တာလဲ... အဲ့ဒီအစား ချန်ဖုန်း အစောင့်အရှောက်အဖွဲ့ ကို အပ်လိုက်တာက အဓိပ္ပာယ် မရှိဘူးလေ"
ကျိုးချင်းဖုန်းက ပြုံးကာ ရှင်းပြလိုက်သည်။
"သူ ကိုယ်တိုင် သွားပို့လို့ မရဘူးလေ... လင်းယွင်စံအိမ် ရဲ့ သခင်လေး ဖြစ်တဲ့ မော့ပုယောင်၊ မော့ချင်းရှန်း ရဲ့ သားလေ... သူက မကြာသေးခင်ကမှ ချန်းလန် ဓားဂိုဏ်း က ရှန်ပိုင် ကို စိန်ခေါ်ခဲ့တယ် မဟုတ်လား... အဲ့ဒီအကြောင်း မင်း ကြားပြီးပြီလား"
ကူမော့က ခေါင်းညိတ်လိုက်၏။
သူ သဘာဝကျကျပဲ အဲ့ဒီအကြောင်းကို သိထားပါသည်။
အလိုရှိရာဇဝတ်ကောင် ဖေးလုံ ကို လိုက်လံဖမ်းဆီးရန် ကျူးရှန်းခရိုင်သို့ သွားရောက်စဉ်က ထန်မိသားစုအိမ်တွင် ရှန်ပိုင်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ သူတို့နှစ်ဦးမှာ ချက်ချင်းပင် အဆင်ပြေသွားပြီး ပျော်ရွှင်စွာ စကားပြောခဲ့ကြသည်။ မူလက သိုင်းပညာ နည်းစနစ်များကို ပိုမိုကြာရှည်စွာ ဖလှယ်ချင်ခဲ့သော်လည်း ရှန်ပိုင်တွင် မော့ပုယောင်နှင့် ယှဉ်ပြိုင်ရန် အချိန်းအချက် ရှိနေသဖြင့် သုံးရက်အကြာတွင် ထွက်ခွာသွားခဲ့ရခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် သူတို့နှစ်ဦး စာနှစ်ကြိမ် အပြန်အလှန် ပေးပို့ခဲ့ကြသည်။ ရှန်ပိုင်က စာများထဲတွင် သူ၏ နောင်တများကို ဖော်ပြခဲ့ပြီး ပြိုင်ဘက်ကင်း ဓားသမား မော့ချင်းရှန်း ၏ သားဖြစ်သဖြင့် နာမည်ကြီးနေသော မော့ပုယောင်၏ သိုင်းပညာများမှာ အံ့ဩစရာကောင်းလောက်အောင် သာမန်မျှသာ ဖြစ်နေကြောင်းနှင့်၊ သူနှင့် တိုက်ခိုက်ရသည်မှာ ဘာခံစားချက်မှ မရှိသဖြင့် ခရီးစဉ်မှာ အလဟဿ ဖြစ်သွားကြောင်းပင် ညည်းညူခဲ့သေးသည်။
ကူမော့က မေးလိုက်၏။
"မော့ချင်းရှန်း က သွေးမျက်ရည် ကျောက်ကမာ ကို ကိုယ်တိုင် မပို့နိုင်တာနဲ့ ရှန်ပိုင် နဲ့က ဘာဆိုင်လို့လဲ"
ကျိုးချင်းဖုန်းက ခေါင်းညိတ်ကာ ဆက်ပြောသည်။
"ရှန်ပိုင် နဲ့ မော့ပုယောင် တို့က သိုင်းလောကမှာ အရည်အချင်းရှိတဲ့ လူငယ်လေးတွေလေ... ရှန်ပိုင် က နာမည်ကြီးပြီး သိုင်းသခင်ကြီး တစ်ယောက်ရဲ့ တပည့်ဖြစ်ပေမယ့်၊ မော့ပုယောင် ကလည်း မော့ချင်းရှန်း ရဲ့ စစ်မှန်တဲ့ သင်ကြားမှုတွေကို ရရှိထားတဲ့ သိုင်းလောကက အသိအမှတ်ပြု ပထမတန်းစား သိုင်းပညာရှင် တစ်ယောက်အနေနဲ့ အတော်လေး နာမည်ကြီးတာပါပဲ...
"မူလကတော့ လူတိုင်းက ဒီတိုက်ပွဲဟာ အကြိတ်အနယ် ဖြစ်မယ်လို့ ထင်ထားခဲ့ကြတာ... ဒါပေမဲ့ ရှန်ပိုင် ရဲ့ ဓားသုံးချက်ကိုတောင် မော့ပုယောင် က မခံနိုင်ဘူးလို့ ဘယ်သူမှ မထင်ထားခဲ့ဘူး... ရှန်ပိုင် ကိုယ်တိုင်လည်း မော့ပုယောင် က ဒီလောက်တောင် အသုံးမကျဘူးလို့ မထင်ထားတော့ ဓားတစ်ချက်တည်းနဲ့ သူ့ကို သတ်မိမလိုတောင် ဖြစ်သွားသေးတယ်"
"ကံကောင်းလို့ ရှန်ပိုင် က ဓားကို ရပ်လိုက်လို့ မော့ပုယောင် မသေခဲ့ပေမယ့် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရသွားတယ်၊ ဒဏ်ရာက တော်တော်လေး ဆိုးရွားပြီး သူ့ရဲ့ နှလုံးသွေးကြော ပြတ်လုနီးပါး ဖြစ်သွားတာ... ဒါပေမဲ့ လင်းယွင်စံအိမ် က တစ်နှစ်မှ သွေးမျက်ရည်ပုလဲ တစ်လုံးပဲ ထုတ်လုပ်နိုင်ပြီး၊ နှစ်တိုင်း ထွက်လာတာနဲ့ အမှုန့်ကြိတ်ပြီး သွေးမျက်ရည်ဆေးလုံး တွေအဖြစ် ဖော်စပ်လိုက်ကြတာလေ... မော့ပုယောင် ကို ကုသပေးဖို့ အပိုပုလဲ တစ်လုံးမှ မရှိတော့ဘူး... သွေးမျက်ရည်ဆေးလုံး တွေက အတော်လေး အာနိသင်ရှိတယ် ဆိုပေမယ့် သေသူကို ရှင်ပြန်ထမြောက်စေတာနဲ့ ဒဏ်ရာတွေကို ကုသတဲ့နေရာမှာတော့ မစွမ်းနိုင်ဘူးလေ...
"တခြား ရွေးချယ်စရာ မရှိတော့တဲ့အဆုံး မော့ချင်းရှန်း က မော့ပုယောင် ရဲ့ နှလုံးသွေးကြောကို ကာကွယ်ဖို့ သူ့ရဲ့ စွမ်းအားအကုန်လုံးကို အသုံးပြုခဲ့ရတယ်... ဒါကြောင့် မော့ချင်းရှန်း က အခုထိ နာလန်ထူနေတုန်းပဲ၊ အဲ့ဒါကြောင့်ပဲ သွေးမျက်ရည် ကျောက်ကမာ ကို သူ ကိုယ်တိုင် မပို့နိုင်တာပေါ့... မော့ပုယောင် ရဲ့ နှလုံးကို ကယ်တင်ဖို့ သူ့အင်အားတွေ အများကြီး ကုန်သွားလို့လေ"
ကူမော့က ရုတ်တရက် သဘောပေါက်သွားကာ ပြောလိုက်၏။
"ဪ... နားလည်ပါပြီ"
လင်းကျန်းမြို့တွင် အစောင့်အရှောက်အဖွဲ့ အများအပြား ရှိသော်လည်း ချန်ဖုန်း အစောင့်အရှောက်အဖွဲ့မှာ ခြုံငုံကြည့်လျှင် အင်အားအကြီးဆုံးဟု လူအများက အသိအမှတ်ပြုထားကြသည်။ ထို့ကြောင့် လင်းယွင်စံအိမ် အနေဖြင့် သွေးမျက်ရည် ကျောက်ကမာ ကို ပို့ဆောင်ရန် ချန်ဖုန်း အစောင့်အရှောက်အဖွဲ့ကို ရွေးချယ်ခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။
ကျိုးချင်းဖုန်းက ပြောလိုက်သည်။
"အမှုအကြောင်း ဆက်ပြောပြမယ်... ချန်ဖုန်း အစောင့်အရှောက်အဖွဲ့ က လင်းယွင်စံအိမ် ဆီကနေ ကုန်ပစ္စည်းတစ်ခု လက်ခံရရှိခဲ့တယ်... အဖွဲ့ပိုင်ရှင် ယန်ဖန် နဲ့ မော့ချင်းရှန်း တို့က အစိုးရရုံးမှာ ကမ်းလှမ်းမှု စာချုပ်တစ်ခု ချုပ်ဆိုခဲ့ကြတယ်... ပို့ဆောင်ခက ငွေစင် သုံးသောင်းအထိ ရှိတယ်... ယန်ဖန် က သူ့ရဲ့ မိသားစု ပိုင်ဆိုင်မှု အားလုံးကို ပေါင်နှံပြီး ငွေတွေ အများကြီး ချေးငှားကာ အစိုးရရုံးမှာ အာမခံကြေးအဖြစ် စုစုပေါင်း ငွေစင် နှစ်သိန်း သွင်းခဲ့တယ်... ရိုးရိုးသားသား ပြောရရင် သွေးမျက်ရည် ကျောက်ကမာ ရဲ့ တန်ဖိုးနဲ့ ယှဉ်ရင် နှစ်သိန်း ဆိုတာ သိပ်မများပါဘူး...
"ချန်ဖုန်း အစောင့်အရှောက်အဖွဲ့ ကလည်း ဒီကုန်ပစ္စည်းကို အရမ်း အလေးထားခဲ့တယ်... သူတို့က အစောင့်အရှောက်ခေါင်းဆောင် ရှစ်ယောက်၊ ဖျောင်ရှီး ငါးဆယ်ကျော် နဲ့ မြင်းထိန်း သုံးဆယ်ကျော်၊ အားလုံးက ကျွမ်းကျင်သူတွေချည်းပဲ စီစဉ်ခဲ့တယ်... ပြီးတော့ သိုင်းလောကမှာ ပွဲတစ်ရာနိုင် နတ်လက်သီး လို့ နာမည်ကြီးတဲ့ ပထမတန်းစား သိုင်းပညာရှင် ဖြစ်တဲ့ အဓိက အစောင့်အရှောက်ခေါင်းဆောင် လင်းကျန့်ယွဲ့ လည်း ပါသေးတယ်... သူ့လက်သီးတွေက မြန်ရုံသာမကဘဲ အလွန်လည်း ပြင်းထန်တယ်လေ...
"ဒီကုန်ပစ္စည်းက သွေးမျက်ရည် ကျောက်ကမာ တွေပဲ... ချန်ဖုန်း အစောင့်အရှောက်အဖွဲ့ မှာ ပိုင်ရှင်ဖြစ်တဲ့ ယန်ဖန် အပြင် လင်းကျန့်ယွဲ့ တစ်ယောက်ပဲ ဒီအကြောင်းကို သိတာ... ခရီးစဉ် တစ်ခုလုံးကိုလည်း လျှို့ဝှက်စွာနဲ့ ဆောင်ရွက်ခဲ့တာပဲ... ဒီလို အခြေအနေမျိုးမှာတောင် ကုန်ပစ္စည်းတွေ အလုခံရတယ်ဆိုရင်... ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်တဲ့ ဖြစ်နိုင်ခြေက အများဆုံးလို့ မင်း မထင်ဘူးလား"
ကူမော့က ခေါင်းအသာညိတ်လိုက်၏။
ကျိုးချင်းဖုန်းက ဆက်ပြောသည်။
"ကုန်ပစ္စည်းတွေက ဖန်းခရိုင် တည်းခိုခန်းမှာ အလုခံလိုက်ရတာ... ချင်းယန်ခရိုင် တံခါးခြောက်ချပ် အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ အဲ့ဒါက ရှင်းရှင်းလင်းလင်းကို အတွင်းပဋိပက္ခပဲ... အခင်းဖြစ်ပွားတဲ့ နေရာက သက်သေအထောက်အထားတွေအရ သေဆုံးသူ အများစုဟာ သတိမထားမိဘဲ ရုတ်တရက် အသတ်ခံရတာကို ပြသနေတယ်...
"အဲ့ဒီအပြင် ချန်ဖုန်း အစောင့်အရှောက်အဖွဲ့ က လုံခြုံရေးအတွက် ရထားလုံး အများကြီး ပြင်ဆင်ထားပြီး ကြွေထည်ပစ္စည်း အမျိုးမျိုး သယ်လာသယောင် ဟန်ဆောင်ထားခဲ့တယ် - စုစုပေါင်း ရထားလုံး တစ်ဒါဇင်ကျော်ပဲ... ကုန်ပစ္စည်းတွေက ဂိုဒေါင်ထဲမှာ အပြည့်ပဲ... ဒါပေမဲ့ အခင်းဖြစ်တဲ့နေရာမှာ မွှေနှောက်ရှာဖွေထားတဲ့ လက္ခဏာတွေ လုံးဝ မရှိဘူး၊ အဲ့ဒါက ဓားပြတွေဟာ သွေးမျက်ရည် ကျောက်ကမာ ရဲ့ တည်နေရာ အတိအကျကို သိနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြသနေတာပဲ"
ကူမော့က မေးလိုက်၏။
"ဒီအချက်လေး တစ်ခုတည်းအပေါ် အခြေခံပြီး အဲ့ဒါ အတွင်းလူ လုပ်တာလို့ ခင်ဗျားတို့ ကောက်ချက်ချလိုက်တာလား"
ကျိုးချင်းဖုန်းက ပြန်ဖြေလိုက်သည်။
"သေချာပေါက် မဟုတ်ပါဘူး... မျက်မြင်သက်သေတွေ ရှိပါတယ်... အဲ့ဒီနေ့က တည်းခိုခန်းမှာ အစေခံ နှစ်ယောက်က ချန်ဖုန်း အစောင့်အရှောက်အဖွဲ့ ဝင်တွေ ခြံဝင်းထဲမှာ အချင်းချင်း သတ်ဖြတ်နေကြတာကို မြင်တွေ့ခဲ့ရတယ်...
"ပြီးတော့ သတင်းရလို့ အစိုးရ အာဏာပိုင်တွေ ရောက်လာတဲ့အချိန်မှာ သွေးမျက်ရည် ကျောက်ကမာ လည်း ပျောက်နေပြီး ချွီဟန် နဲ့ ကျန်တဲ့ ဆယ့်သုံးယောက်ကလည်း ပျောက်နေတယ်လေ... ချင်းယန်ခရိုင် တံခါးခြောက်ချပ် အဖွဲ့က အရေးပေါ် စုံစမ်းရှာဖွေလိုက်တော့ သူတို့ကို ဂူတစ်ခုထဲမှာ သွားတွေ့တာ... အဲ့ဒီအချိန်မှာ သူတို့က ဖန်းခရိုင်ကနေ ထွက်ပြေးဖို့ လုပ်နေကြပြီ...
"အဲ့ဒီနောက်ပိုင်း ချင်းယန်ခရိုင် တံခါးခြောက်ချပ် အဖွဲ့က သူတို့ရဲ့ လက်နက်တွေ၊ သိုင်းပညာတွေနဲ့ သေဆုံးသူတွေရဲ့ ဒဏ်ရာတွေကို ယှဉ်ကြည့်လိုက်တော့ အကုန်လုံးက ကိုက်ညီနေတာပဲ... ဒါတွေ အားလုံးက သူတို့ ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်တာကို သက်သေပြနေတဲ့ အထောက်အထားတွေချည်းပဲ၊ ငြင်းလို့မရဘူးလေ"
ကူမော့က မျက်မှောင်ကုတ်လိုက်ပြီး မေးလိုက်၏။
"ဒါဆို... ဘာလို့ သတင်းမထုတ်ပြန်ဘဲ အပြစ်မစီရင်သေးတာလဲ"
ကျိုးချင်းဖုန်းက ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ သွေးမျက်ရည် ကျောက်ကမာ ကို အခုထိ ရှာမတွေ့သေးလို့၊ ပြီးတော့ သံသယရှိသူ ဆယ့်သုံးယောက်ရဲ့ စိတ်အခြေအနေကလည်း မတည်ငြိမ်လို့လေ... သူတို့က အလွဲသုံးစားလုပ်တာကို ဝန်မခံဘူး၊ အားလုံးက ကုန်ပစ္စည်းတွေကို ကြောင်မိစ္ဆာ တစ်ကောင်က ခိုးသွားတာလို့ပဲ တညီတညွတ်တည်း ပြောနေကြတာ... နွားငယ်လောက် ကြီးတဲ့ ကြောင်တဲ့လေ"