ကျွန်းတိုက်ခိုက်ခံရမှုအပေါ် ခန့်မှန်းချက်များ
Vol. 7 Ch. 91
“အများသုံးချန်နယ်ထဲမှာ လူသိများတဲ့ စကားပြောကောင်းသူ အနည်းငယ်ရှိပါတယ်။ အဲဒီထဲမှာ ငါလည်း တစ်ယောက်အပါအဝင်ပဲ။ တခြားသူတွေကိုလည်း ငါကောင်းကောင်းသိတယ်။ ဒါပေမဲ့ မင်းကတော့ သူတို့ထဲမှာ မပါဘူး။”
“ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်း သတိမထားမိတာနေမှာပါ။ ငါက အမြဲတမ်း အများသုံးချန်နယ်ထဲမှာ တက်တက်ကြွကြွ ရှိနေတာပဲကို။”
“ငါလည်း အဲ့ဒီအဖွဲ့ထဲမှာ ခဏခဏရှိနေတာပဲလေ။ ဘာလို့ မင်းကိုမမြင်မိရတာလဲ။”
“မင်း အမြဲတမ်း အများသုံးချန်နယ်ထဲမှာ စကားပြောနေတာ သေချာလို့လား။”
“သေချာတာပေါ့ဟ။ ငါ စကားပြောနေသလား၊ မပြောဘူးလားဆိုတာ ငါကိုယ်တိုင် မသိဘဲ နေမလား။”
“ငါ သဘောပေါက်ပြီ။”
“ဘာကို သဘောပေါက်တာလဲ။”
“ဒါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ ဖော်ပြထားတဲ့ ‘သူငယ်ချင်းသစ်များ’ ဆိုတာပဲ ဖြစ်ရမယ်။”
“ဟင်...တကယ်ပဲ ဟုတ်သလိုလိုပဲ။ လူသစ်တွေ ရောက်လာပြီဆိုမှတော့ အရင်ကမ္ဘာက သူငယ်ချင်းဟောင်းတွေနဲ့ ပြန်ဆုံဖို့ ဖြစ်နိုင်ခြေရှိပြီပေါ့။ လီရှင်း မင်းရှိလား။ ရှိရင် ငါ့ကို သီးသန့်စာ ပို့လိုက်ပါဦး။”
ခဏအတွင်းမှာပင် တစ်ချန်နယ်လုံး ဆွေမျိုးမိတ်ဆွေ ရှာဖွေသူများဖြင့် ပြည့်နှက်သွားတော့သည်။
“မင်း တကယ် အသက်ရှင်နေသေးတာပဲ။ ဝမ်းသာလိုက်တာ။”
“မင်းကို တစ်သက်လုံး ပြန်မတွေ့ရတော့ဘူးလို့တောင် ထင်နေတာ။”
မျက်တောင်တစ်ခတ်အတွင်းမှာပင် လူနှစ်ယောက်သည် ၎င်းတို့၏ ဆွေမျိုးများကို အမှန်တကယ် ပြန်လည်၍ ရှာတွေ့သွားခဲ့ကြလေသည်။
ထိုအရာက ရှောင်းယီ၏ ခန့်မှန်းချက်ကို ပိုပြီးခိုင်မာစေခဲ့သည်။
“အန်းရန် မင်းရှိလာ။ ဒီစာကို မြင်ရင် ငါ့ကို စာပို့ပါ။”
ရှောင်းယီသည် တွေးရင်းတောရင်း အများသုံးချန်နယ်ထဲ၍ အန်းရန်ကို ရှာဖွေရန် စာပို့လိုက်လေသည်။
“ကျုပ် လူတိုင်းကို အကြံပြုချင်ပါတယ်...။ ဒီနေ့တစ်ရက်တော့ တခြားစကားတွေမပြောဘဲ နေပေးကြပါ။ ဒါမှ ဆွေမျိုးမိတ်ဆွေ ရှာဖွေနေတဲ့စာတွေက အပေါ်မှာ ကြာကြာရှိနေမှာပါ။”
“သဘောတူတယ်။”
“သဘောတူတယ် +၁။”
“ကောင်းပြီ။ အခုကစပြီး လူရှာတဲ့စာကလွဲလို့ တခြားစာတွေ ပို့ခွင့်မပြုဘူး။”
အရင်က ဘယ်လိုပဋိပက္ခတွေပဲ ရှိခဲ့ရှိခဲ့ ဤအချိန်တွင်မူ လူတိုင်းသည် အတိတ်က အငြိုးအတေးများကို ဘေးဖယ်ထားပြီး ချတ်မျက်နှာပြင်တစ်ခုလုံးအား လူရှာသည့်စာများဖြင့်သာ ပြည့်နှက်သွားစေခဲ့ကြသည်။
ရှောင်းယီသည် အရင်ကမ္ဘာ၌ တစ်ကိုယ်တည်းသမားဖြစ်ပြီး အန်းရန်မှာ သူ၏ တစ်ဦးတည်းသော စိုးရိမ်ရသူ ဖြစ်သည်။ အန်းယွဲ့သည်လည်း အန်းရန်နှင့် သူမ၏ အမေကို ရှာဖွေသည့်စာများ ပေးပို့ထားလိုက်သည်။
လူတိုင်းက တခြားအကြောင်းအရာများ မပြောရန် ဆုံးဖြတ်ထားကြသော်လည်း လူတိုင်းလိုလိုတွင် ရှာရမည့် ဆွေမျိုးများ ရှိနေသောကြောင့် ရှောင်းယီတို့ ပို့ထားသည့်စာများမှာ မြန်မြန်ဆန်ဆန်ပင် အောက်သို့ ရောက်သွားရ၏။
ထိုအချိန်တွင် အန်းရန်မှာ ပင်လယ်မြွေတစ်ကောင်နှင့် တိုက်ပွဲဖြစ်နေခဲ့လေသည်။ မိန်းကလေးများသည် သဘာဝအရ မြွေကို ကြောက်တတ်သော်လည်း အန်းရန်မှာ သူမ၏ အုတ်မြစ်ကျောက်ကို သတ္တိရှိရှိ ကာကွယ်နေခဲ့သည်။
သူမသည် ရေထဲရှိ ပင်လယ်မြွေကို သံလှံဖြင့် အဆက်မပြတ် ထိုးနှက်နေသော်လည်း ရေ၏ခုခံအားကြောင့် လှံ၏စွမ်းအားမှာ များစွာ လျော့နည်းသွားခဲ့သည်။ ၎င်းအပြင် ပင်လယ်မြွေများသည် ပင်လယ်ငါးများနှင့်မတူဘဲ အလွန်ချောကျိပြီး ထိုးရခက်လှ၏။
ရေမျက်နှာပြင်ကို ရိုက်ပုတ်ရုံမျှဖြင့် ကျောက်တုံးကို ပစ်မှတ်ထားနေသော ပင်လယ်မြွေကို ခြောက်လှန့်၍ မရနိုင်ပေ။ အန်းရန်၏ လက်မောင်းမှာ ညောင်းညာနေပြီဖြစ်သော်လည်း ပင်လယ်မြွေကမူ ကျောက်တုံးကို ဆက်လက် တိုက်ခိုက်နေဆဲပင်။
သူမတွင် အုတ်မြစ်ကျောက် ၃ ခု ကျန်သေးသော်လည်း ၎င်းတို့မှာ သူမမိဘများအတွက် ဖြစ်သောကြောင့် အလွယ်တကူ မသုံးရက်ပေ။
အန်းရန်သည် ဆက်တိုက်ထိုးခြင်း၊ မွှေခြင်း၊ ရိုက်ခြင်းများ ပြုလုပ်နေသော်လည်း ပင်လယ်မြွေမှာ အန်းရန်၏ တိုက်ခိုက်မှုများကို ကျင့်သားရသွားပုံရပြီး လုံးဝမကြောက်တော့ပေ။ တစ်ချိန်တည်းမှာပင် ၎င်းမြွေသည် ကျောက်တုံးကို ဖျက်ဆီးရန် အသေအလဲ ကြိုးစားတော့လေသည်။ နှစ်ဦးသားမှာ အကြိတ်အနယ် ဖြစ်နေခဲ့ကြ၏။
ရှောင်းယီနှင့် အန်းယွဲ့တို့သည် အန်းရန်ကို ရှာဖွေသည့် စာများကို ထပ်ခါတလဲလဲ ပို့နေကြသော်လည်း အန်းရန်မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားရန် အခွင့်အရေး မရှိသေးပေ။
“ဒီ... ဒီ... သတိပေးချက် - ကျွန်းအုတ်မြစ်ကျောက် တိုက်ခိုက်ခံနေရသည်။”
ရှောင်းယီသည် သူ၏သီးသန့်ချန်နယ်ကို မျှော်လင့်ချက်ကင်းမဲ့စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့၏ ထန်ဓားနှင့် သံလှံကို ဆွဲကိုင်ကာ အပြင်သို့ ပြန်ပြေးထွက်ခဲ့ရ၏။
ကျန်းယွင်ထျန်း အနီးရှိ ပင်လယ်ပြင်မှာလည်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီဖြစ်သည်။ သူသည် ကျောက်ဆူးကို မတင်ကာ ရှောင်းယီ၏ ကျွန်းဆီသို့ သင်္ဘောကို ဆက်လက် မောင်းနှင်ခဲ့လိုက်သည်။
“အို...ကျွန်းလေးတစ်ကျွန်းပဲ။”
ကျန်းယွင်ထျန်းသည် သူသွားနေသည့် လမ်းကြောင်း၏ ဘယ်ဘက်တွင် ကျွန်းငယ်လေးတစ်ခုကို ရုတ်တရက် သတိထားမိသွားခဲ့၏။
ခဏမျှ စဉ်းစားပြီးနောက် ထိုကျွန်းသို့ သွားကြည့်ရန် စိတ်ကူးကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်သည်။ သူ့ရဲ့ ခွန်အားနဲ့ဆိုရင် လူအများစုကို အလွယ်တကူ ရင်ဆိုင်နိုင်သော်လည်း သူသည် ရက်စက်ပြီး ထိန်းချုပ်မရသည့်သူမျိုး မဟုတ်ချေ။
သူတို့ ငါ့ကို လာရန်စရင်တော့ ဘယ်လောက်ဝေးဝေး ငါ အပြစ်ပေးမယ်။ ရန်လာမစဘူးဆိုရင်တော့ အေးအေးဆေးဆေးပဲ နေကြတာပေါ့။
“ရှောင်းယီ ငါ ကျွန်းလေးတစ်ကျွန်း တွေ့တယ်။”
ကျန်းယွင်ထျန်းက ဂရုထဲမှာ သတင်းပို့လိုက်သည်။
“လောလောဆယ် အဲ့ဒါကို ဂရုမစိုက်နဲ့ဦး။”
ရှောင်းယီက သူ၏အုတ်မြစ်ကျောက်ကို တိုက်ခိုက်နေသည့် ပင်လယ်ငါးကို ရှင်းလင်းပြီး ပြန်ရောက်လာချိန်၌ ကျန်းယွင်ထျန်းရဲ့စာကို မြင်လိုက်ရပြီး ပြန်ဖြေလိုက်သည်။
“နားလည်ပြီ။”
ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။
ရှောင်းယီမှာ သူ့ကို ကူညီမည့်သူများအား အလွန်အမင်း လိုအပ်နေပေသည်။ သူတစ်ယောက်တည်း ကျောက်တိုင်မှ သတင်းများကို စောင့်ကြည့်ရ၊ ကျန်းယွင်ထျန်းတို့၏ ခရီးစဉ်ကို ကြည့်ရ၊ ရိက္ခာများ အချိန်မီ ပို့ပေးရ၊ ထို့ပြင် သူ့ကျွန်း တိုက်ခိုက်ခံရသည်များကိုလည်း ရှင်းရနှင့် အလုပ်များလွန်းနေခဲ့သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကိစ္စများကိုပင် ထည့်မပြောရသေးချေ။
ကျန်းယွင်ထျန်း၏ အခုအရှိန်နှင့်ဆိုရင် နောက်တစ်ရက်လောက်မှာ သူ့ကျွန်းကို ရောက်လာတော့မည်ဖြစ်သည်။
ထိုအချိန်တွင် ကျန်းယွင်ထျန်း၏ ရွက်လှေနောက်မှ ခပ်လှမ်းလှမ်းတွင် လှေငယ်တစ်စင်း လိုက်ပါလာပြီး မုတ်ဆိတ်ဗလပွနဲ့ လူလတ်ပိုင်းတစ်ဦးက လှေကို အားသွန်ခွန်စိုက် လှော်ခတ်နေခဲ့သည်။
“သင်္ဘောကြီးတွေက တကယ် မြန်တာပဲ။”
ထိုမုတ်ဆိတ်ရှင်သည် တစ်ကိုယ်တည်း ရေရွတ်ရင်း အလတ်စားရွက်လှေကြီးကို လောဘတကြီး ကြည့်နေခဲ့၏။
ရေဒါကဲ့သို့ ထောက်လှမ်းရေးကိရိယာများ မရှိခြင်းနှင့် ကျန်းယွင်ထျန်းသည်လည်း လမ်းကြောင်းကို အမြဲစောင့်ကြည့်နေရပြီး ပင်လယ်သတ္တဝါလေးများကြောင့် ပျက်စီးသွားသည့် သင်္ဘောကိုယ်ထည်ကို ပြင်နေရခြင်းတို့ကြောင့် ပတ်ဝန်းကျင်ကို အသေအချာ မကြည့်နိုင်ခဲ့ရာ မုတ်ဆိတ်ရှင်အတွက် အခွင့်အရေး ရသွားစေခဲ့သည်။
ရှောင်းယီမှာမူ တခြားအားလပ်ချိန် မရှိတော့ပေ။ သူသည် ဝက်နံရိုးစွပ်ပြုတ် အိုးကြီးတစ်လုံးကို အမြန်ချက်ပြီး အားလုံးအတွက် နေ့လယ်စာအဖြစ် အာလူးများ ထည့်လိုက်သည်။ လတ်လတ်ဆတ်ဆတ် ခူးထားသည့် သခွားသီးတစ်လုံးနှင့် နွားနို့များလည်း ပါဝင်သည်။
“[တောဝက်နံရိုးစွပ်ပြုတ်] ၁ ကီလိုဂရမ်၊ [သခွားသီ]၂၀၀ ဂရမ်၊ [နွားနို့] (A အဆင့်) ၅၀၀ မီလီလီတာ - အခမဲ့လဲလှယ်ခြင်း။”
“အားလုံးပဲ၊ လောလောဆယ်တော့ ဒီတိုင်းလေးပဲ ဖြစ်သလို စားပေးကြပါဦး။ ကျုပ် အစားအသောက် ပြင်ဆင်ဖို့ အချိန်မရသေးလို့ပါ။”
ရှောင်းယီက အားလုံးအတွက် စာချန်ထားခဲ့လိုက်၏။
“ဒါတွေရှိနေတာတောင် အတော်ကောင်းနေပါပြီ။ လူတော်တော်များများဆိုရင် အခုထိ အစားအစာနဲ့ ရေတောင် ဝဝလင်လင် မရကြသေးဘူး။”
ဆုဝမ်က ပြောသည်။
“ဆုဝမ် ပြောတာမှန်တယ်။ ဒါက ငါတို့အတွက် တကယ့်ကို ဇိမ်ခံ ထမင်းဝိုင်းပဲ။”
ယွမ်နွန်သည်လည်း ဝေလငါးရန်မှ လွတ်မြောက်လာခဲ့သဖြင့် စိတ်ကြည်လင်နေခဲ့သည်။
“ဒါကသာ ‘ဖြစ်သလို’ ဆိုရင် ငါ့ရဲ့ တောင်းဆိုချက်က သိပ်မမြင့်ပါဘူး။ နေ့တိုင်း ဒီလိုပဲ ‘ဖြစ်သလို’ စားချင်တယ်။”
ကျန်းယွင်ထျန်းကလည်း ရယ်မောရင်း ပြောလာခဲ့သည်။
အန်းယွဲ့သည်မူ အလဲအလှယ်ကို ချက်ချင်း လက်မခံသေးဘဲ ကျောက်တိုင်ကိုသာ စိုက်ကြည့်နေခဲ့သည်။ တစ်စုံတစ်ယောက်က သူ့ကို စာပို့လာမလားဟု မျှော်လင့်နေသော်လည်း ဘာမှ ရောက်မလာခဲ့ပေ။
“ဦးလေးအန်း စားလိုက်ပါဦး။ အန်းရန်သာ ဒါကိုမြင်ရင် ကျိန်းသေပေါက် ကျုပ်နဲ့ ဦးလေးဆီ စာပို့မှာပါ။”
ရှောင်းယီက အားပေးလိုက်၏။ အန်းယွဲ့လည်း ခေါင်းငြိမ့်လိုက်ပြီး ရှောင်းယီ၏ အလဲအလှယ်ကို လက်ခံလိုက်တော့သည်။
ရှောင်းယီ စွပ်ပြုတ်တစ်ငုံ သောက်ရုံရှိသေးစဉ်၌ ကျွန်းအုတ်မြစ်ကျောက် တိုက်ခိုက်ခံနေရကြောင်း ကျောက်တိုင်က ထပ်မံ သတိပေးလာခဲ့ပြန်သည်။
“တကယ်ကို အနားမပေးဘူးကွာ...။”
ရှောင်းယီသည် ကျန်းယွင်ထျန်းနှင့် ယွမ်နွန်ထံ အခြေခံရိက္ခာအချို့ ထပ်ပို့ပေးပြီးနောက် အပြင်သို့ ပြေးထွက်သွားလိုက်ရပြန်သည်။
ကံကောင်းထောက်မစွာဖြင့် ယခုအကြိမ်မှာလည်း သာမန်ပင်လယ်ငါးသာ ဖြစ်သဖြင့် ရှောင်းယီ အလွယ်တကူ ရှင်းလင်းနိုင်ခဲ့သည်။
ကျွန်းဧရိယာက ကျယ်ပြန့်လာသည်နှင့်အမျှ တိုက်ခိုက်သည့် ပင်လယ်သတ္တဝါများက အားလုံးက အဆင့်မြင့်များချည်းတော့ မဟုတ်ချေ။
မနေ့က ငါးမန်းရှိခဲ့သော်လည်း သူ၏အဆင့်က သာမန်သာဖြစ်ပြီး လျှပ်စစ်ငါးရှဉ့်ကမှ အဆင့် C ဖြစ်သည်။
ယနေ့တွင်မူ B အဆင့် လိပ်တစ်ကောင် ပေါ်လာ၏။ ကျန်သည့် တိုက်ခိုက်မှု နှစ်ခုစလုံးက သာမန်ငါးများသာ ဖြစ်သည်။
ဖြစ်နိုင်သည်မှာ တစ်နေ့ကို အဆင့်မြင့်သတ္တဝါ တစ်ကောင်သာ ပေါ်လာပြီး ကျန်သည့်အကောင်များမှာ သာမန်များသာ ဖြစ်နေနိုင်ပေသည်။
ရှောင်းယီသည် တိုက်ခန်းဆီသို့ ပြန်ပြေးရင်း စဉ်းစားနေမိသည်။ ဤသည်မှာ ရဲတင်းသည့် ခန့်မှန်းချက်တစ်ခုသာ ဖြစ်ပြီး အခြေအနေမှန်ကို သိနိုင်ရန် နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ကြည့်ရဦးမည်ဖြစ်သည်။
တိုက်ခန်းသို့ ပြန်ရောက်ပြီး နေ့လယ်စာ စားသောက်ပြီးနောက် ရှောင်းယီသည် ကြက်ခြံနှင့် နွားတင်းကုပ်များထဲသို့ အစာအချို့ ထည့်ပေးလိုက်လေသည်။