← Chapters

လေဆင်နှာမောင်း ဖြတ်သန်းတိုက်ခတ်ခြင်းနှင့် သီသီလေးလွတ်မြောက်သွားခြင်း

Vol. 7 Ch. 93

လေဆင်နှာမောင်း ဖြတ်သန်းတိုက်ခတ်ခြင်းနှင့် သီသီလေးလွတ်မြောက်သွားခြင်း

Vol. 7 Ch. 93

“မင်းက ဘယ်လိုလုပ်သိတာလဲ။”

လူတိုင်းက ထိုသူ၏ ခန့်မှန်းချက်ကို ဝိုင်းဝန်းမေးခွန်းထုတ်ကြတော့သည်။

“ခန့်မှန်းကြည့်ရုံပါပဲ။ တကယ်ဟုတ်မဟုတ်တော့ ကျုပ်လည်းမသိဘူး။”

“ကျစ်.. မင်းက လေလာကန်နေတာပဲ။ လူတွေကို ထိတ်လန့်အောင် လျှောက်ပြောနေတယ်။”

“ဟုတ်တယ်။ သင်္ဘောကြီးတွေဆိုရင်တော့ ပိုကောင်းလောက်မှာပါ။”

“အားလုံး အပြင်ကို ကြည့်လိုက်ကြပါဦး။ သင်္ဘောကြီးတွေတောင် အဆင်ပြေပါ့မလားဆိုတာ ငါသံသယဝင်သွားပြီ။”

“အပြင်မှာ ဘာဖြစ်နေလို့လဲ။”

“ငါ့ဘက်မှာတော့ အပြင်မှာ တော်တော်လေး အေးအေးဆေးပါပဲ။”

“ဟာ.. သွားပြီ။ ငါ့ဆီမှာလေဆင်နှာမောင်းကြီးတစ်ခု တွေ့နေရတယ်။”

“ငါ့ဘက်မှာလည်း လေတွေလှိုင်းတွေ ထန်လာပြီ။”

“ငါအရမ်းကြောက်နေပြီ။ အရမ်းလည်းချမ်းတယ်။ တစ်ယောက်ယောက် ကယ်ကြပါဦး။ ငါ့သစ်သားတဲလေး ပျက်စီးသွားပြီ။”

ရှောင်းယီသည် အန်းယွဲ့နှင့် ဆုဝမ်တို့၏ အခြေအနေကို အပြေးအလွှား မေးမြန်းလိုက်၏။ ယွမ်နွန်နှင့် ကျန်းယွင်ထျန်းတို့ကမူ သူတို့ဘာသာ အဆက်မပြတ် အကြောင်းကြားနေသဖြင့် မေးနေစရာမလိုပေ။

“ဒီမှာတော့ ဘာမှမဖြစ်သလိုပါပဲ။”

အန်းယွဲ့က ပြောလိုက်သည်။

“ဒီမှာတော့ လေနဲ့လှိုင်းက နည်းနည်းမြင့်နေပေမဲ့ လေဆင်နှာမောင်းတော့ မမြင်ရသေးဘူး။”

ဆုဝမ်က ပြန်ဖြေလာခဲ့သည်။

ထိုအခါ ကျန်းယွင်ထျန်းက ဂရုထဲတွင် ဝင်ပြောလိုက်၏။

“အဲ့ဒီလေဆင်နှာမောင်းက ငါ့နေရာကို ဖြတ်တိုက်သွားတဲ့ဟာလို့ ငါထင်တယ်။”

ကျန်းယွင်ထျန်း၏ စကားကို ကြားသောအခါ ရှောင်းယီက ချက်ချင်းတုံ့ပြန်လိုက်သည်။

“အဲဒီအချိန်တုန်းက လေဆင်နှာမောင်း ရွေ့လျားသွားတဲ့လမ်းကြောင်းက ဘယ်ဘက်ကိုလဲ။”

“တောင်ဘက်တည့်တည့်ကနေ မြောက်ဘက်တည့်တည့်ကိုပဲ။”

ကျန်းယွင်ထျန်းက ပြန်ဖြေသည်။

ရှောင်းယီသည် မြေပုံပေါ်၌ အမှတ်အသားပြုကြည့်လိုက်၏။ လက်ရှိတွင် ရှောင်းယီ၏ ကျွန်းပေါ်၌လည်း လေတိုက်နှုန်းမှာ တော်တော်လေး ပြင်းထန်နေပြီး အနီးနားရှိ သစ်တောများမှာ တရှဲရှဲနှင့် ဆူညံနေပြီဖြစ်သည်။

ရှောင်းယီသည် ရေဒါစက်ကို တစ်ချက်ကြည့်လိုက်ရာ သူ့အနီးအနားသို့ လေဆင်နှာမောင်း ရောက်ရှိလာမည့် လက္ခဏာတော့ မတွေ့ရပေ။

ထို့ကြောင့် ထိုလေဆင်နှာမောင်းသည် သူ၏ကျွန်းနှင့် အနည်းဆုံး ၃၂ ကီလိုမီတာခန့် ဝေးကွာနေသင့်သည်ဟု သူ အခြေခံအားဖြင့် ဆုံးဖြတ်နိုင်လိုက်၏။

ကျန်းယွင်ထျန်း တွေ့ရှိစဉ်က လေဆင်နှာမောင်းသည် တောင်မှမြောက်သို့ မျဉ်းဖြောင့်အတိုင်း ရွေ့လျားနေခြင်း ဖြစ်ပေသည်။ အကယ်၍ ၎င်းသည် မျဉ်းဖြောင့်အတိုင်း ဆက်သွားပါက ရှောင်းယီ၏ ကျွန်းပေါ်သို့ သေချာပေါက် ကုန်းတွင်းပိုင်းမှ ဝင်ရောက်မည် ဖြစ်သော်လည်း လက်ရှိတွင်မူ လေဆင်နှာမောင်းမှာ ရောက်ရှိမလာသေးပေ။

အကယ်၍ လေဆင်နှာမောင်းသည် မျဉ်းကွေးအတိုင်း သွားနေပါက ၎င်းသည် အနောက်မြောက် သို့မဟုတ် အရှေ့မြောက်ဘက်သို့ ကွေ့သွားပေလိမ့်မည်။

အနောက်ဘက်ရှိ အန်းယွဲ့၏ တည်နေရာတွင် လေငြိမ်နေသဖြင့် လေဆင်နှာမောင်းမှာ လမ်းကြောင်းကွေ့သွားပြီး အရှေ့မြောက်ဘက်သို့ ဦးတည်သွားသည်မှာ အတော်လေး သေချာနေပြီဖြစ်သည်။

သို့သော် ယွမ်နွန်သည် လက်ရှိတွင် အရှေ့မြောက်မှ အနောက်တောင်သို့ ရွက်လွှင့်လာနေခြင်းဖြစ်ရာ သူသည် ထိုလေဆင်နှာမောင်းနှင့် ထိပ်တိုက်တိုးရန် အလားအလာ အလွန်များနေခဲ့လေသည်။

တိုက်ရိုက်မတိုးလျှင်တောင် အကြီးအကျယ် သက်ရောက်မှုရှိပေလိမ့်မည်။

“အဘိုးကြီးယွမ် အနောက်ဘက်တည့်တည့်ကို ချက်ချင်း ရွက်လွှင့်တော့။”

ရှောင်းယီက သူ၏ တွက်ချက်မှုကို ရှင်းပြရင်း အရေးတကြီး ပြောလိုက်၏။

ယွမ်နွန်သည် အနည်းငယ်မျှပင် တွန့်ဆုတ်မနေဘဲ လမ်းကြောင်းကို ချက်ချင်းပြောင်းကာ အနောက်ဘက်တည့်တည့်သို့ ဦးတည်လိုက်တော့သည်။

ကျန်းယွင်ထျန်းသည်လည်း သူ၏ရွက်သင်္ဘောပေါ်ရှိ SSS အဆင့် ကျောက်ဆူး ကို ယွမ်နွန်ထံ ချက်ချင်း လဲလှယ်ပေးလိုက်သည်။

ယွမ်နွန် လက်ခံလိုက်ပြီးနောက် ကျောက်ဆူးမှာ သူ၏ အလတ်စားရွက်သင်္ဘောပေါ်၌ အလိုအလျောက် တပ်ဆင်ပြီးသား ဖြစ်သွားခဲ့လေသည်။

“တကယ်လို့ လေဆင်နှာမောင်းကို မြင်လိုက်တာနဲ့ ကျုပ်ကို ကြိုပြောပါ။”

ရှောင်းယီက တိုက်တွန်းလိုက်သည်။

အကယ်၍ လေဆင်နှာမောင်းသည် ယွမ်နွန်၏ ရွက်သင်္ဘောကို တိုက်ခိုက်ခဲ့လျှင် ပျက်စီးမှုမှာ အလွန်ပြင်းထန်မည် ဖြစ်သည်။ အချိန်မီ မပြင်ဆင်နိုင်ပါက ယွမ်နွန်သည် ပင်လယ်ထဲ၌ အသက်ဆုံးရှုံးသွားနိုင်ပေသည်။

ကျန်းယွင်ထျန်းသည်လည်း ယခင်က သူ၏သင်္ဘောကို ၅ ကြိမ်တိုင်တိုင် ပြုပြင်ခဲ့ရ၏။ ထိုပြုပြင်မှု ၅ ကြိမ်သည် ရှောင်းယီ၏ ပစ္စည်းသိုလှောင်ရုံထဲမှ လက်ကျန်ပစ္စည်း ထက်ဝက်ကျော်ကို ကုန်စင်သွားစေခဲ့သည်။

အကယ်၍ ရှောင်းယီသာ ပစ္စည်းများကို ကျန်းယွင်ထျန်းထံသို့ အချိန်မီ မပို့ပေးခဲ့ပါက ကျန်းယွင်ထျန်းမှာ ယခုအချိန်တွင် သမုဒ္ဒရာထဲ၌ ရေများစိုရွှဲနေလောက်ပြီ ဖြစ်သည်။

“ကောင်းပြီ။”

ယွမ်နွန်က တုံ့ပြန်လိုက်သည်။

ဤအချိန်တွင် ပင်လယ်မြွေနှင့် တစ်နေ့ကုန် အကြိတ်အနယ် ရင်ဆိုင်နေရသော အန်းရန်မှာ သူမ၏ လက်မောင်းများ ထုံကျင်နေပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။

အန်းရန် လက်လျှော့တော့မည့် အချိန်မှာပင် ပင်လယ်မြွေက အရင်ဦးစွာ လက်လျှော့ကာ လှည့်ထွက်သွားပြီး အဝေးသို့ ကူးခတ်သွားတော့သည်။

အန်းရန်၏ လက်ထဲရှိ သံရှည်မှာ ကြမ်းပြင်ပေါ်သို့ လျှောကျသွားတော့လေသည်။ သူမ ထိုင်ချလိုက်ပြီး ပင်လယ်ထဲ၌ လေပြင်းများ လှိုင်းထန်လာသည်ကို မြင်သောအခါ အားယူ၍ သူမ၏ သစ်သားတဲလေးထဲသို့ တွားသွားကာ ဝင်သွားလိုက်သည်။

သူမ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တစ်ချက်ကြည့်လိုက်ရာ လူများမှာ လေဆင်နှာမောင်းအကြောင်း ဆွေးနွေးနေကြဆဲ ဖြစ်သော်လည်း အန်းရန်မှာ ဂရုမစိုက်နိုင်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်သွားခဲ့တော့လေသည်။

ယနေ့တွင် သူမသည် ထောက်ပံ့ရေးသေတ္တာများ ကို မဖမ်းနိုင်ခဲ့သော်လည်း ပင်လယ်မြွေနှင့် တစ်နေ့လုံး ရုန်းကန်ခဲ့ရသဖြင့် အလွန်အမင်း မောပန်းနေပြီဖြစ်သည်။

“ငါသာ လှေအသေးလေးကို မောင်းနေရင်း လေဆင်နှာမောင်းနဲ့ တိုးရင် အသက်ရှင်ဖို့ အခွင့်အရေး ရှိလောက်လား။”

“ရှိတာပေါ့... မင်းအိပ်မက်ထဲမှာလေ။ အိပ်မက်ထဲမှာဆိုရင် မင်းဖြစ်ချင်တာ အကုန်ဖြစ်နိုင်တယ်။”

“လေဆင်နှာမောင်းက လှေတစ်စီးလုံးကို ကောင်းကင်ပေါ်အထိ မတင်သွားလောက်တယ်။ မင်းလည်း လှေစီးရင်း ပျံသန်းရတဲ့ ခံစားချက်ကို ရလောက်မှာပေါ့။ ပြီးရင်တော့ ပင်လယ်ထဲကို အရှိန်နဲ့ ပြန်ကျလာလိမ့်မယ်။”

“လေဆင်နှာမောင်း မဖျက်ဆီးလိုက်ရင်တောင် အမြင့်က ပြုတ်ကျတဲ့ဒဏ်နဲ့ လှေကတော့ တစ်စစီ ပျက်စီးသွားမှာပဲ။”

“သင်္ဘောကြီးဆိုရင်ရော...။”

“သင်္ဘောကြီးကတော့ အပေါ်ကို ပါမသွားနိုင်ဘူး။ ဒါပေမဲ့ လေဆင်နှာမောင်းက သင်္ဘောပေါ်က ကိရိယာတွေ အားလုံးကိုတော့ သေချာပေါက် ဆွဲဖြဲပစ်လိမ့်မယ်။”

“အဲဒါက ကိစ္စမရှိပါဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သုံးပြီး ပြန်ပြင်လို့ရတာပဲ။”

“သင်္ဘောကိုယ်ထည်ကြီးကို လေဆင်နှာမောင်းက ဆွဲမဖြဲပစ်နိုင်ဘူးဆိုတာ မင်းသေချာလို့လား။ ပြီးတော့ လေဆင်နှာမောင်းလာတဲ့အချိန်မှာ လေပြင်းပြီး လှိုင်းတွေကလည်း အရမ်းကြမ်းတယ်။ လေဆင်နှာမောင်းက သူ့အစွမ်းမပြခင်မှာတင် မင်းက လှိုင်းရိုက်လို့ မှောက်သွားလောက်ပြီ။”

“လေယာဉ်တင်သင်္ဘော ဆိုရင်ရော...။”

“လေယာဉ်တင်သင်္ဘောရဲ့ ဘေးကင်းမှုကတော့ အများကြီး ပိုမြင့်မှာပေါ့။ ဒါပေမဲ့ အဓိကအချက်က မင်းမှာ တကယ်ရှိဖို့ လိုတယ်လေ။”

“အားလုံးပဲ အိပ်မက်ယောင်မနေကြစမ်းပါနဲ့။ လေယာဉ်တင်သင်္ဘော ဟုတ်လား။ အခုအချိန်မှာ လှေအသေးလေး ရှိတဲ့သူဆိုရင်တောင် တော်တော်ဟုတ်နေပြီ။”

“အိပ်မက်ယောင်ရတာ ဝါသနာပါတဲ့သူတွေက အမြဲရှိတာပဲလေ။ စီးပွားရေးလုပ်ရင် အမြတ်အစွန်းကြီးကြီးရဖို့ မျှော်လင့်တယ်၊ စတော့ရှယ်ယာကစားရင် ဈေးတက်ဖို့ မျှော်လင့်တယ်၊ ထီထိုးရင် ထီပေါက်ဖို့ မျှော်လင့်တယ်၊ နောက်ဆုံး ဝတ္ထုရေးရင်တောင် အရောင်းရဆုံးဖြစ်ဖို့ မျှော်လင့်နေကြတာပဲ။ လောကမှာ ကောင်းတဲ့အရာတွေ ဒီလောက်အများကြီး ဘယ်ရှိပါ့မလဲ။ လက်တွေ့ကို ရင်ဆိုင်ကြစမ်းပါ။”

“အခုတောင် ဘဝက တော်တော့်ကို ခက်ခဲနေပါပြီ။ အမှန်တရားတွေကို လာမဖော်ထုတ်ကြပါနဲ့။”

ရှောင်းယီသည် ထိုမက်ဆေ့ဂျ်များကို လိုက်ကြည့်သော်လည်း ထူးထူးခြားခြား အသုံးဝင်သော အချက်အလက်များ မတွေ့သဖြင့် အန်းရန်ကို ရှာဖွေသည့် မက်ဆေ့ဂျ်တစ်ခုသာ ပို့ထားလိုက်ပြီး အနားယူရန် ပြင်ဆင်လိုက်တော့သည်။

ညဘက်တွင် ကျန်းယွင်ထျန်းနှင့် ယွမ်နွန်တို့ ဘာတွေကြုံတွေ့ရဦးမလဲဆိုသည်ကို သူ မသိနိုင်သဖြင့် အချိန်ရတုန်း အမြန်အနားယူထားရပေမည်။

ကျန်းယွက်ထျန်းသည်လည်း သူ၏သားဖြစ်သူ ကျွင်းကျွင်းနှင့်အတူ ထိုင်နေရင်း ပင်လယ်သတ္တဝါများ တိုက်ခိုက်မှု မရှိသည့်အချိန်လေးတွင် မျက်စိမှိတ်ကာ အနားယူနေလိုက်သည်။

ခရက်!

“သတိပေးချက်- သင်္ဘောကိုယ်ထည် တိုက်ခိုက်ခံရပြီး ပျက်စီးသွားပါသည်။ ကျေးဇူးပြု၍ အချိန်မီ ပြုပြင်ပါ။”

ထူးဆန်းသော အသံကြောင့် ကျန်းယွင်ထျန်း ချက်ချင်း လန့်နိုးသွားခဲ့၏။

ထို့နောက် သင်္ဘောကိုယ်ထည်ကို ချက်ချင်း ပြုပြင်လိုက်သည်။ ရှောင်းယီ ပေးထားသော ပစ္စည်းများမှာ မကုန်သေးပေ။

ပြုပြင်ပြီးနောက် ကျန်းယွင်ထျန်းသည် သင်္ဘောဘေးဘက်သို့ အပြေးအလွှား သွားကြည့်လိုက်ရာ သူ့ထံသို့ ဦးတည်လာသော ကြီးမားသည့် လက်တံကြီးတစ်ခုကို တွေ့လိုက်ရလေသည်။

ကျန်းယွင်ထျန်း ဘေးသို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီးနောက် သူ၏လက်ထဲရှိ ဓားမြှောင်ဖြင့် အားကုန်လွှဲခုတ်လိုက်ရာ လက်တံကြီးမှာ တိခနဲ ပြတ်တောက်သွားတော့သည်။

ပြတ်သွားသော လက်တံကြီးသည် ကုန်းပတ်ပေါ်သို့ ပြုတ်ကျလာခဲ့ပြီး ရုန်းကန် လှုပ်ရှားနေခဲ့သည်။

ကျန်းယွင်ထျန်း၏ တိုက်ကွက်အောင်မြင်သွားချိန်တွင် သင်္ဘောကိုယ်ထည်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာပြီး နေရာအနှံ့မှ အက်ကွဲသံများ ထွက်ပေါ်လာတော့သည်။

“သတိပေးချက်- သင်္ဘောကိုယ်ထည် တိုက်ခိုက်ခံရပြီး အပြင်းအထန် ပျက်စီးသွားပါသည်။ ကျေးဇူးပြု၍ ချက်ချင်း ပြုပြင်ပါ။”

ကျန်းယွင်ထျန်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ အပြေးသွားကြည့်လိုက်ရာ သင်္ဘောပေါ်တွင် အပေါက်များစွာ အဖောက်ခံထားရပြီး ပင်လယ်ရေများ အတွင်းသို့ စီးဝင်နေသည်ကို တွေ့လိုက်ရလေသည်။

သူသည် ရှောင်းယီထံသို့ ချက်ချင်း မက်ဆေ့ဂျ်ပို့လိုက်၏။

“ရှောင်းယီ ငါ ဒီမှာ ဧရာမရေဘဝဲကြီး တစ်ကောင်နဲ့ တိုးနေတယ်။ သင်္ဘောကိုယ်ထည်က သူ့လက်တံတွေနဲ့ အထိုးခံထားရပြီး အပေါက်တွေ အပြည့်ဖြစ်နေပြီ။”

“ဝုတ် ဝုတ် ဝုတ်”

ထိုအခ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် အိပ်နေသော ဝမ်ချိုင်သည်လည်း ချက်ချင်းပင် အဆက်မပြတ် ထဟောင်တော့လေသည်။

ရှောင်းယီ ချက်ချင်း နိုးလာပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လျှောက်သွားကာ ကျန်းယွင်ထျန်း လိုအပ်သော ပစ္စည်းများကို အမြန် ပို့ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ယွမ်နွန်ကို ပြောလိုက်သည်။

“အဘိုးကြီးယွမ် မေ့ဆေးသေနတ်ကို အစ်ကိုကျန်းဆီ အရင်လဲပေးလိုက်ပါဦး။”

“ကောင်းပြီ။”

ယွမ်နွန်သည် အိပ်ပျော်ရုံသာ ရှိသေးပြီး ကျောက်တိုင်မှ အကြောင်းကြားသံမှာ သူ့ကို နှိုးရန် လုံလောက်နေပြီဖြစ်သည်။

“လဲလှယ်သည့်ပစ္စည်း - [မေ့ဆေးသေနတ်] (SS အဆင့်) ၁။

ကျန်းယွင်ထျန်းသည် လဲလှယ်မှုကို ချက်ချင်းလက်ခံလိုက်ပြီး မေ့ဆေးစက်ကို ကုန်းပတ်ပေါ်သို့ တွန်းထုတ်ကာ ပစ်မှတ်ကို သတ်မှတ်လိုက်တော့သည်။

“ပစ်မှတ် အတည်ပြုပြီးပါပြီ။

ဧရာမရေဘဝဲ: အရွယ်အစား ခန့်မှန်းချက်အရ ၂ နာရီကြာ မေ့မြောနေစေရန် မေ့ဆေးကျည် ၁ တောင့် ပစ်ခတ်ရန် လိုအပ်သည်။ မေ့မြောချိန် တိုးမြှင့်လိုပါက မေ့ဆေးကျည် အရေအတွက်ကို သတ်မှတ်ပါ။ ကျည်တစ်တောင့် တိုးတိုင်း မေ့မြောချိန် နှစ်ဆ တိုးပါမည်။”

“မင်းက ကျည် ၃ တောင့်လောက် ပစ်သင့်တယ်။”

ရှောင်းယီက အကြံပြုလိုက်သည်။

“မလိုဘူး။”

ကျန်းယွင်ထျန်းက အေးစက်စွာ ပြောလိုက်၏။

“ငါ ဒီကောင်ကို သတ်ပစ်မယ်။”

All Chapters