SSS-အဆင့် ငါးမောင်းကိရိယာ နှင့် အန်းရန်၏ အခက်အခဲ
Vol. 7 Ch. 95
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ် - ငါးမောင်းကိရိယာ (SSS အဆင့်)။”
[ငါးမောင်းကိရိယာ (SSS အဆင့်): ရေနေသတ္တဝါများ၏ ဝိသေသလက္ခဏာများပေါ်မူတည်၍ ထိရောက်သော နှင်ထုတ်မှုနည်းလမ်းများကို ဉာဏ်ရည်တုဖြင့် ရွေးချယ်ပေးသည်။ ရေနေသတ္တဝါသည် အလွန်အမင်း ဒေါသထွက်နေသော အခြေအနေတွင် မရှိသရွေ့ နှင်ထုတ်နိုင်မှု အောင်မြင်နှုန်းမှာ ၁၀၀% ဖြစ်သည်။”]
“မိုက်တယ်။”
ရှောင်းယီသည် စိတ်လှုပ်ရှားလွန်း၍ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိ၏။ သို့သော် သူက ဇဝေဇဝါဖြင့် ရေရွတ်လိုက်သည်။
“ဒါပေမဲ့ ဒါက SSS အဆင့် ငါးမောင်းကိရိယာတောင် ဖြစ်နေပြီပဲကို။ ဘာလို့ ကျရှုံးနိုင်တဲ့ အခြေအနေမျိုး ရှိနေသေးတာလဲ။”
စနစ်က ရှောင်းယီ၏ မေးခွန်းကို အဖြေမပေးခဲ့ပေ။ ရှောင်းယီသည်လည်း ထိုအကြောင်းကို အကြာကြီး စဉ်းစားမနေတော့ဘဲ ပစ္စည်းကို ဂရုချတ်ထဲသို့သာ တိုက်ရိုက် ပို့လိုက်တော့သည်။
“ခင်ဗျားတို့ ပင်လယ်သတ္တဝါတွေနဲ့ တွေ့ရင် ဒါကို ချက်ချင်းသုံးလိုက်။ ဒါက ရေနေသတ္တဝါ အတော်များများကို မောင်းထုတ်နိုင်လိမ့်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
ယွမ်နွန်သည် ထိုပစ္စည်းကို မြင်သောအခါ အံ့ဩဝမ်းသာစွာဖြင့် ပြောလိုက်၏။
“ကောင်းလိုက်တာ။ နောက်ဆုံးတော့ အဲ့ဒီ ပင်လယ်သတ္တဝါကြီးတွေနဲ့ ဉာဏ်ပြိုင်နေရတဲ့ ကစားပွဲကို မဆော့ရတော့ဘူး။”
သို့သော် သူ၏စကားပင် မဆုံးသေးမီမှာပင် “ဒုန်း” ဆိုသော အသံကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။
ယွမ်နွန်တစ်ကိုယ်လုံး ယိုင်ထိုးသွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှလည်း ချက်ချင်း သတိပေးချက် တက်လာတော့လေသည်။
“လှေကိုယ်ထည် ပျက်စီးသွားပါပြီ။ အချိန်မီ ပြုပြင်ပါ။”
“ငါ ထပ်ပြီး အတိုက်ခိုက်ခံရပြန်ပြီ။”
ယွမ်နွန်က ထိုသို့ပြောရင်း လှေကိုယ်ထည်ကို ချက်ချင်း စတင်ပြင်ဆင်တော့၏။
ရှောင်းယီသည် ငါးမောင်းကိရိယာကို ယွမ်နွန်ထံသို့ ချက်ချင်း လဲလှယ်ပေးလိုက်သည်။
ယွမ်နွန်သည် လဲလှယ်မှုကို လက်ခံပြီး ငါးမောင်းကိရိယာကို ထုတ်ယူကာ လှေပေါ်တွင် တပ်ဆင်၍ ခလုတ်ဖွင့်လိုက်၏။
“အဲ့ဒီကောင်ကြီးပဲ ထပ်ရောက်လာတာ ထင်တယ်။”
ယွမ်နွန်က မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
ယွမ်နုန်ပြောသော အကောင်ကြီးဆိုသည်မှာ မနေ့ညက သူ့ကို တိုက်ခိုက်ခဲ့သည့် ခရိုနိုဆောရပ်စ်ပင် ဖြစ်သည်။
ယွမ်နွန်သည် လှေအစွန်းသို့ လမ်းလျှောက်သွားပြီး တိုက်ခိုက်မှု လာရာဘက်သို့ ကြည့်လိုက်၏။
ယခုအခါ ကောင်းကင်မှာ လုံးဝ လင်းထိန်နေပြီဖြစ်ရာ လှေကိုယ်ထည်၏ ညာဘက်ခြမ်းတွင် ကြီးမားသော အမည်းရောင် အရိပ်ကြီးတစ်ခုကို မြင်နေခဲ့ရသည်။
တစ်ဖက်သတ္တဝါသည်လည်း ယွမ်နွန်ကို မြင်သွားပုံရပြီး ရေထဲမှ ခေါင်းထောင်လာ၏။ မိကျောင်းခေါင်းနှင့်တူသော ခေါင်းကြီးတစ်ခု ယွမ်နွန်၏ မျက်စိရှေ့တွင် ပေါ်လာခဲ့လေသည်။
သို့သော် ထိုဦးခေါင်းမှာ သာမန်မိကျောင်းများထက် အဆပေါင်းများစွာ ပိုမိုကြီးမား၏။ အကယ်၍ ဤခရိုနိုဆောရပ်စ်သာ သူ့ကို မျိုချချင်ပါက တစ်ကိုယ်လုံးကို တစ်လုတ်တည်းနှင့် မျိုချနိုင်မည်ဟု ယွမ်နွန် ခန့်မှန်းမိလိုက်သည်။
ခရိုနိုဆောရပ်စ်သည် ၎င်း၏ ခန္ဓာကိုယ်ကို လိမ်ကာ ရေထဲသို့ ပြန်ငုပ်သွားခဲ့၏။ ၎င်း၏ ဗိုက်အောက်တွင် ကြီးမားသော ရေယက်လေးခု ရှိနေသည်ကို ယွမ်နွန် ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။
ခရိုနိုဆောရပ်စ်သည် မူလက ယွမ်နွန်၏ ရွက်လှေကို ဆက်လက်တိုက်ခိုက်ရန် ရေငုပ်သွားခြင်း ဖြစ်သော်လည်း အရှိန်နှင့် ပြေးဝင်လာစဉ် လမ်းခုလတ်၌ ၎င်း၏ နဂါးနှင့်တူသော ဦးခေါင်းကြီးမှာ ရုတ်တရက် တုန်ခါသွားပြီး နောက်သို့ လှည့်ထွက်သွားတော့သည်။
“အလုပ်ဖြစ်တယ်။”
ယွမ်နွန်က ပျော်ရွှင်စွာ ပြောလိုက်သည်။
ခရိုနိုဆောရပ်စ်သည် တစ်ကြိမ်သာ တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ ပျက်စီးမှုမှာ မကြီးမားလှပေ။ ယွမ်နွန်သည် လှေပေါ်ရှိ ပစ္စည်းများဖြင့်ပင် အလွယ်တကူ ပြုပြင်နိုင်ခဲ့သည်။
“ခင်ဗျားတို့ နှစ်ယောက် ဒီငါးမောင်းကိရိယာကို တစ်လှည့်စီ သုံးလိုက်ကြပါ။ အရေးပေါ် အခြေအနေမျိုးကြုံရရင် အချင်းချင်း တိုင်ပင်ကြပေါ့။”
ရှောင်းယီက ဆိုသည်။
“ကောင်းပါပြီ။”
ငါးမောင်းကိရိယာကို သုံးပြီးနောက် ၎င်းတို့နှစ်ဦးမှာ အသက်မဲ့သော သမုဒ္ဒရာထဲသို့ ရောက်ရှိသွားသကဲ့သို့ပင် ခံစားလိုက်ကြရလေသည်။
မည်သည့် ပင်လယ်သတ္တဝါ၏ နှောင့်ယှက်မှုကိုမျှ လုံးဝ မခံရတော့ပေ။
“ဒီ... ဒီ... - ကျွန်း၏ အုတ်မြစ်ကျောက် အတိုက်ခံနေရသည်။”
“မင်းတို့နှစ်ယောက်ကတော့ အခု အေးအေးဆေးဆေး ဖြစ်သွားပြီ။ ငါကတော့ အလုပ်ရှုပ်နေရတုန်းပဲ။”
ရှောင်းယီက သက်ပြင်းချရင်း ပြောလိုက်ပြီး ဘေးနားရှိ ထန်ဓားနှင့် သံလှံကို ဆွဲကာ အပြင်သို့ ထွက်လာခဲ့လိုက်သည်။
ယခုတစ်ကြိမ် အတိုက််ခိုက်ခံရသည့် နေရာမှာ တိုက်ခန်းနှင့် တော်တော်ဝေးပေသည်။ ရှောင်းယီ ရောက်သွားချိန်တွင် အုတ်မြစ်ကျောက်၏ ထက်ဝက်ခန့်မှာ ဝါးစားခံလိုက်ရပြီဖြစ်သည်။
[ရေဘဝဲ (B အဆင့်): ၎င်း၏ လက်တံများကို သတိထားပါ။ ၎င်းပေါ်ရှိ စုပ်ခွက်များမှာ အလွန်အားပြင်းသည်။ အကယ်၍ သင်သာ ဖမ်းမိခဲ့ရင် ၎င်း၏ အရသာက အတော်လေး ကောင်းမွန်ပါသည်။]
“တော်သေးတာပေါ့...အဆင့်တက်မသွားလို့။”
ရေဘဝဲ၏ အဆင့်ကို မြင်သောအခါ ရှောင်းယီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
ရေဘဝဲ၏ လက်တံ ရှစ်ခုစလုံးသည် အုတ်မြစ်ကျောက်ကို မြဲမြံစွာ ရစ်ပတ်ထားဆဲပင်။ ရှောင်းယီသည် လက်ထဲရှိ သံလှံဖြင့် ၎င်းကို တည့်တည့် ထိုးဖောက်ပစ်လိုက်၏။
၎င်းသည် အုတ်မြစ်ကျောက်ကို အတင်းဖက်ထားသောကြောင့် ရှောင်းယီအတွက် တိုက်ခိုက်ရ ပိုလွယ်ကူသွားပြီး တစ်ချက်တည်းနှင့် ထိထိမိမိ ရှိသွားခြင်းဖြစ်သည်။
ပြင်းထန်သော နာကျင်မှုကြောင့် ရေဘဝဲလေးသည် ၎င်း၏ နှာမောင်းများဖြင့် သံလှံကို အတင်းရစ်ပတ်တော့လေသည်။
ရှောင်းယီသည် ရေဘဝဲကို ရေထဲမှ ဆွဲတင်လိုက်ပြီး ထန်ဓားကို ထုတ်ကာ အပိုင်းပိုင်း ခုတ်ထစ်လိုက်တော့သည်။
ထိုခဏအတွင်းမှာပင် သံလှံ၏ ထိပ်ဖူးမှာ ဝါးစားခံရကာ ပဲ့ကြွေသွားခဲ့သည်။
ကျန်းယွင်ထျန်းနှင့် ယွမ်နွန်တို့ဘက်တွင် ထူးခြားသည့် အခြေအနေ မရှိတော့သဖြင့် ရှောင်းယီလည်း ပို၍ စိတ်အေးသွားခဲ့သည်။
ထို့နောက် သူသည် မနေ့က ကျန်းယွင်ထျန်း ပို့ပေးထားသော ကီလို ၄၀၀ အလေးချိန်ရှိ ရေဘဝဲကြီး၏ လက်တံအသားအချို့ကို လှီးဖြတ်ကာ ယခုလေးတင် သတ်ထားသော ရေဘဝဲအသေးလေးနှင့်အတူ ရော၍ ကင်လိုက်၏။
ကျန်ရှိသော ရေဘဝဲသားကြီးများကိုမူ အတုံးကြီးကြီးများ လှီးဖြတ်ပြီး ပင်လယ်ဆားများဖြင့် အသားဆားနယ်လုပ်ကာ သိမ်းဆည်းထားလိုက်သည်။
ရေဘဝဲသား ကင်ပြီးသောအခါ လူတိုင်းအတွက် မနက်စာအဖြစ် ပို့ပေးလိုက်လေသည်။
“ဒါက မနေ့ညက ကျန်းယွင်ထျန်း ရလာတဲ့ လက်ဆောင်ပဲ။ အားလုံး မြည်းကြည့်ကြပါဦး။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
အားလုံးက လက်ခံလိုက်ကြ၏။ အဆင့်ရှိသော ရေဘဝဲသားကင်မှာ အလွန်အရသာရှိလှသည်။
ထို့အပြင် ရှောင်းယီက ဆီအနည်းငယ်သုတ်ပြီး ပင်လယ်ဆားလေး ဖြူးထားသောကြောင့် လူတိုင်းအတွက် ပို၍ပင် မွှေးကြိုင်နေတော့သည်။
မြေပုံပေါ်ရှိ ကျန်းယွင်ထျန်းနှင့် ယွမ်နွန်ကို ကိုယ်စားပြုသော အလင်းစက်လေးနှစ်စက်မှာ ပုံမှန်အရှိန်ဖြင့် သူ့ထံသို့ နီးကပ်လာသည်ကို ကြည့်ရင်း ရှောင်းယီ ကျေနပ်စွာ ခေါင်းငြိမ့်လိုက်မိ၏။
SSS အဆင့် ပစ္စည်းနှစ်ခု၏ ကာကွယ်မှုဖြင့်ဆိုလျှင် ၎င်းတို့၏ ခရီးစဉ်မှာ အဆင်ပြေချောမွေ့သွားတော့မည် ဖြစ်သည်။
SSS အဆင့် ကျောက်ဆူးက လေပြင်းနှင့် လှိုင်းတံပိုးကို ခံနိုင်ရည်ရှိပြီး SSS အဆင့် ငါးမောင်းကိရိယာက ပင်လယ်သတ္တဝါများကို ဟန့်တားပေးနိုင်သည်။
သူသည် အခြေခံရိက္ခာများကို စုဆောင်းရန် အရင်ကလို အသည်းအသန် အလျင်လိုနေစရာ မလိုတော့ပေ။
အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီသည် လဲလှယ်နှုန်းထားများကို မူလစျေးနှုန်းအတိုင်း ပြန်ပြင်လိုက်၏။ ပစ္စည်းများကို ဆက်လက်စုဆောင်းရန် လိုအပ်သည်မှာ မှန်သော်လည်း ယခုအခါ အေးအေးဆေးဆေး လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။
“အား... ဘာတွေဖြစ်နေတာလဲ။ သူဌေးက ပစ္စည်းတွေ လုံလောက်သွားပြီလား။”
“ဟုတ်တယ်။ ငါ ရေနဲ့ အစားအစာ နည်းနည်းလောက် ထပ်လဲမလို့ဟာကို ဘာလို့ စျေးက ရုတ်တရက် တက်သွားရတာလဲ။”
“သူဌေးတော့ စုလို့ ဝသွားပြီ ထင်တယ်။”
“မင်းတို့က ကံကောင်းပါတယ်။ အနည်းဆုံးတော့ လဲလိုက်ရသေးတယ်လေ။ ငါက စျေးထပ်ကျမလားလို့ စောင့်နေတာ။”
“မင်းက စောစောက အဲ့ဒီလူပြောတာကို ယုံလိုက်တာကိုး။ သူဌေးက အရေးတကြီး လိုနေတာမို့ စျေးထပ်ချမှာ သေချာတယ်ဆိုတဲ့ စကားလေ။ အခုတော့ကြည့်စမ်း...စျေးမကျတဲ့အပြင် မူလစျေးအတိုင်း ပြန်ဖြစ်သွားပြီ။”
“ဟုတ်တယ်...။ စောစောက လျှောက်ပြောနေတဲ့သူ အခုထွက်ခဲ့စမ်း။ ငါ့မှာ ရေနဲ့ အစားအစာ မရတာ နှစ်ရက်ရှိပြီ။ ရှိတာလေးလည်း ကုန်တော့မယ်။ အဲ့ဒါတွေ အားလုံး မင်းကြောင့်။”
“စောစောက ဝယ်လိုက်တာ တကယ်တန်တာပဲ။ အခုတော့ ရေနဲ့ အစားအစာ ရဖို့ ပစ္စည်း နှစ်ဆပေးနေရပြီ။”
“ဟူး... အဲ့ဒီအကြောင်း မပြောပါနဲ့တော့။ ရင်နာလွန်းလို့ပါ။ ရိက္ခာသေတ္တာတွေပဲ သွားဖမ်းတော့မယ်။”
“ဟုတ်တယ်၊ ရာသီဥတုကလည်း အေးနေပြီဆိုတော့ ဒီလိုအချိန်မှာ လေ့ကျင့်ခန်းမလုပ်ရင် နှမြောစရာကြီး။”
“ခဏလေး...ကျုပ်ကတော့ ဒါက အေးရုံတင် မဟုတ်ဘဲ နည်းနည်းတောင် ချမ်းလာသလို ခံစားနေရတယ်။”
“ဟေ့လူ မင်း တစ်ခုခုကို အလွန်အကျွံ လုပ်ထားလို့ အားနည်းနေတာများလား။ အားဆေးလေး ဘာလေး သောက်ဦးလေ။”
“မင်းတို့ကတော့ ဘယ်အကြောင်းအရာပဲဖြစ်ဖြစ် ညစ်ညမ်းတာတွေဘက် ရောက်အောင် ဆွဲသွားတော့တာပဲ။ ငါ တကယ်ပြောနေတာဟ။ ရာသီဥတုက တကယ် အေးလာတာ။”
“ဒါဆို ဘာစောင့်နေတာလဲ။ လှုပ်ရှားကြစို့။ လှုပ်ရှားမှ သက်ရှည်မှာ။”
အများသုံးချန်နယ်ထဲရှိ ဆွေးနွေးမှုများကို ကြည့်ရင်း ရှောင်းယီသည်လည်း အပူချိန်ကို သတိပြုမိလိုက်ရာ တကယ်ပင် အေးလာသလို ခံစားလိုက်ရသည်။
“အန်းရန်...မင်းဘက်မှာရော ရာသီဥတု အေးနေပြီလား။”
ရှောင်းယီက တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်၌ အန်းရန်ကို ရှာဖွေသည့် မက်ဆေ့ခ်ျတစ်ခု ထပ်တင်လိုက်၏။
ဤအချိန်တွင် အန်းရန်၏ လက်များမှာ အလွန်အမင်း တုန်ယင်နေသဖြင့် သူမ ကင်နေသော ပင်လယ်ငါးမှာ တစ်နေရာတည်း မကျဘဲ အနှံ့အပြား အပူရှိန်ရသွားကာ တကယ့်ကို အကျက်ညီနေခဲ့လေသည်။
ထိုသို့ တုန်ယင်နေခြင်းမှာ အေး၍ မဟုတ်ဘဲ မနေ့က တစ်နေကုန် သံလှံကို အဆက်မပြတ် ဝှေ့ယမ်းခဲ့သည့် နောက်ဆက်တွဲ ဝေဒနာကြောင့် ဖြစ်သည်။ယခုအချိန်အထိ သူမ၏ လက်မောင်းများမှာ နာကျင်ကိုက်ခဲနေဆဲပင်။
“ဒီနေ့သာ ပင်လယ်သတ္တဝါတွေ ထပ်လာရင်တော့ ဒုက္ခပဲ။”
အန်းရန်က သူမ၏ တုန်ယင်နေသော လက်မောင်းများကို ကြည့်ရင်း မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
ကံမကောင်းစွာဖြင့် ဤကမ္ဘာကြီးသည် မနေ့က သင် ကြိုးစားခဲ့သည်ဆိုသည့် အချက်ကြောင့် သင့်ကို အခွင့်ထူးပေးမည် မဟုတ်ပေ။
“ဒီ... သတိပေးချက် - ကျွန်း၏ အုတ်မြစ်ကျောက် တိုက်ခိုက်ခံနေရသည်။”
အန်းရန် သက်ပြင်းချလိုက်ပြီး တုန်ယင်နေသော လက်များဖြင့် သူမဘေးရှိ သံလှံကို ကောက်ကိုင်ကာ ကျောက်တိုင်၏ ညွှန်ပြချက်အတိုင်း တိုက်ခိုက်ခံနေရသည့် နေရာသို့ လျှောက်သွားလိုက်သည်။
ထိုနေရာ၌ သာမန် ပင်လယ်ငါးတစ်ကောင်သည် ကျောက်တုံးကို အဆက်မပြတ် ခေါက်၍ တိုက်ခိုက်နေလေ၏။