လက်နက်ကောင်း၏ စွမ်းအားနှင့် ငါးရံ့နက်
Vol. 7 Ch. 96
အန်းရန်သည် တုန်ယင်နေသော သူမ၏ လက်ချောင်းများကို အားတင်းကာ ထိန်းချုပ်ပြီး ပင်လယ်ငါးကို သံလှံဖြင့် ထိုးချလိုက်သည်။
ဖလပ်!
ထိုးချက်က လွဲချော်သွားသည်မှာ အံ့သြစရာတော့မဟုတ်ပေ။ သူမသည်ပင် ဟန်ချက်ပျက်ပြီး ပင်လယ်ထဲသို့ ခေါင်းစိုက်ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
ထိုပင်လယ်ငါးသည် လန့်သွားကာ တစ်ပတ်ဝိုက်ကာကူးခတ်သွားပြီးနောက် ကျွန်း၏ အုတ်မြစ်ကျောက်ကို ထပ်မံတိုက်ခိုက်ရန် ပြန်ရောက်လာပြန်သည်။
အန်းရန်က သံလှံဖြင့် ထပ်ထိုးလိုက်၏။ နောက်တစ်ကြိမ် လွဲချော်သွားပြန်သည်။
နောက်တစ်ကြိမ်...ဘာမှမဖြစ်။
ထပ်မံ၍...ဘာမှမထူးခြားသေး။
...
ခုနစ်ကြိမ်မြောက် ထိုးချက်ကျမှသာ...
စွက်!
လှံမှာ ငါးကိုယ်ထဲသို့ စိုက်ဝင်သွားခဲ့၏။ သူမသည် လှံတံပေါ်တွင် လူးလွန့်နေသော ငါးကို ကုန်းပေါ်သို့ ဆွဲတင်လိုက်လေသည်။
သူမ၏ လက်မောင်းနှစ်ဖက်စလုံးမှာ ယခင်ကထက် ပိုမိုနာကျင်ကိုက်ခဲနေပြီဖြစ်သည်။
“လုံးဝ အရှုံးကြီးတော့လည်း မဟုတ်ပါဘူးလေ...။”
သူမသည် ငါးကိုကြည့်ရင်း ခပ်နွမ်းနွမ်း အပြုံးဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။
သစ်သားတဲအတွင်းသို့ ပြန်ရောက်သောအခါ သူမသည် အမွှေးအနွေးထည်ကို ပုခုံးပေါ်သို့ ဝတ်ရုံသလို လွှားခြုံလိုက်၏။ သူမ ဝတ်ထားသော နွေရာသီဝတ်စုံမှာ အေးစက်သော ပင်လယ်လေကို ကာကွယ်ရန် မလုံလောက်လှပေ။
ထို့နောက် သူမသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကြည့်လိုက်ပြီး စာရိုက်လိုက်၏။
“အန်းယွဲ့၊ လီယန်၊ ရှောင်းယီ...ဒီစာကိုမြင်ရင် ကျွန်မကို စာပို့ပေးပါ။”
ကံကြမ္မာ၏ အလှည့်အပြောင်းကြောင့် အန်ယွဲ့နှင့် ရှောင်းယီတို့ နှစ်ဦးစလုံးမှာ ၎င်းတို့၏ အုတ်မြစ်ကျောက်များကို ကာကွယ်ရန် ကျောက်တိုင်များကို ထားခဲ့ကြရလေသည်။
ရှောင်းယီ၏ ဂရုစိုက်မှုကြောင့် အန်ယွဲ့သည် ချိုင်းထောက်ပင် မလိုအပ်တော့ပေ။ သူသည် လမ်းလျှောက်လျှင် ထော့နဲ့ထော့နဲ့ ဖြစ်နေဆဲ ဖြစ်သော်လည်း မကြာမီ ပြန်လည်ကျန်းမာလာတော့မည်ကို သူသိပေသည်။
ယခုတစ်ကြိမ်တွင် ပင်လယ်မြွေတစ်ကောင်သည် သူ၏ကျွန်းပေါ်သို့ တွားသွားကာ တက်လာခဲ့၏။ ၎င်းကို လှံဖြင့်ထိုးရန် မလွယ်ကူသလို ပိုက်ဖြင့်ဖမ်းရန်လည်း မဖြစ်နိုင်ပေ။
“ရှောင်းယီ ငါ့ဆီမှာ ပင်လယ်မြွေတစ်ကောင် ရောက်နေတယ်။ လှံနဲ့လည်း ထိုးမရဘူး။ ငါးဖမ်းပိုက်နဲ့လည်း ဖမ်းမမိဘူး။”
အန်ယွဲ့က အော်ပြောလိုက်သည်။
“မြွေတွေကို နှိမ်နင်းနိုင်တဲ့ လက်နက် ရှိလား။”
ထိုစဉ် ဝမ်ချိုင်က ရှောင်းယီကို သတိပေးလိုက်ရာ ရှောင်းယီသည် သူ၏အုတ်မြစ်ကျောက်ကို တိုက်ခိုက်နေသော ငါးများကို အမြန်ရှင်းလင်းပြီး ပြန်ရောက်လာခဲ့၏။ ထိုတောင်းဆိုမှုကို ဖတ်ပြီးနောက် သူသည် လက်ထဲရှိ တန်ဓာကို လဲလှယ်ပေးလိုက်လေသည်။
[တန်ဓား] ၁
“ဒီဟာက အရမ်းထက်တယ်။ တစ်ချက်လောက် ထိလိုက်တာနဲ့ သူ အသက်လုပြီး ပြေးရလိမ့်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
အန်ယွဲ့သည် ထိုလဲလှယ်မှုကို လက်ခံလိုက်ပြီး ဓားကို ကိုင်မြှောက်ကာ ရှေ့သို့ တိုးဝင်သွားလိုက်၏။
ရွှပ်
တစ်ချက်တည်းနှင့်ပင် မြွေသည် ထိုမျှထက်လှသော ဓားသွားကို မမျှော်လင့်ထားသဖြင့် နှစ်ပိုင်းပြတ်သွားတော့လေသည်။
ပြတ်သွားသော ကိုယ်ထည်အပိုင်းအစများသည် ရေနက်ပိုင်းသို့ ဦးတည်ကာ လူးလွန့်သွားသော်လည်း နှစ်ပိုင်းပြတ်နေသော ခန္ဓာကိုယ်မှာ အရှိန်မရှိတော့ပေ။
အန်းယွဲ့က ထပ်မံခုတ်ပိုင်းလိုက်ရာ တွန့်လိမ်နေသော မြွေမှာ လေးပိုင်းပြတ်သွားပြီး ငြိမ်သက်သွားတော့သည်။
သူသည် တန်ဓားကို ပြန်ပေးလိုက်ရင်း ပြောလိုက်သည်။
“တကယ်ပဲ လက်နက်ထက်မှ ဖြစ်လိမ့်မယ်။”
“ရှင်းပြီးသွားပြီလား။”
ရှောင်းယီက မေးလိုက်သည်။
“တစ်ချက်တည်းနဲ့ နှစ်ပိုင်းပဲ။”
အန်းယွဲ့က ပြန်ဖြေသည်။
“ကျုပ်တို့ ဒီလိုဓားမျိုးတွေ ထပ်စုထားဖို့ လိုလိမ့်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“အမှန်ပဲ...။ သံလှံတွေနဲ့ ပိုက်တွေ အသုံးမဝင်တဲ့အခါမျိုးမှာ အသားထဲ စိမ့်ဝင်သွားမယ့် အသွားထက်တဲ့လက်နက်မျိုးကပဲ အလုပ်ပြီးစေတာ။”
အန်းယွဲ့က သဘောတူလိုက်၏။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“ရှောင်းယီ ငါ လေဆင်နှာမောင်းတစ်ခု တွေ့နေရတယ်။”
ယွမ်နွန်က ဂရုထဲသို့ ရုတ်တရက် စာပို့လာခဲ့သည်။
“ခင်ဗျားနဲ့ တိုက်မိလောက်လား။”
ရှောင်းယီက ချက်ချင်းမေးလိုက်၏။
၎င်းတို့ စုဆောင်းထားသော ပစ္စည်းများက နောက်ထပ် လေဆင်နှာမောင်းတစ်ခုကို ခံနိုင်ရည်မရှိတော့ပေ။
ယွမ်နွန်က ခေါင်းခါပြလိုက်၏။
“အဝေးကြီးမှာပါ။ ဒါပေမဲ့ ပင်လယ်လှိုင်းတွေကတော့ အရမ်းကြမ်းနေတယ်။ ငါ SSS အဆင့် ကျောက်ဆူးကို ချပြီး ရပ်ထားလိုက်ပြီ။”
“ဘေးကင်းအောင် ဂရုစိုက်ပါ။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို သတိထားကြည့်နေဦး။”
ရှောင်းယီက မှာလိုက်သည်။
“နားလည်။ပြီ”
ထို့နောက် ကျန်းယွင်ထျန်းက ဝင်ပြောလာခဲ့သည်။
“ရှောင်းယီ တစ်ယောက်ယောက် ငါ့နောက် လိုက်နေတယ်။”
“တခြား အသက်ရှင်ကျန်ရစ်သူရဲ့ လှေလား။”
ရှောင်းယီက မေးလိုက်၏။
“သစ်သားလှေအသေးလေးတစ်စင်းပါ။ နှစ်ပစ်လိုက်ရမလား။”
ကျန်းယွင်ထျန်းက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
“မလိုပါဘူး။ အဲ့ဒါက အချိန်ဖြုန်းရာရောက်တယ်။ တကယ်လို့ သူက အရင်စတိုက်ရင်တော့ မညှာနဲ့။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ။”
ထိုစဉ် ဧရာမ ရေဆင်နှာမောင်းကြီးတစ်ခုသည် ယွမ်နွန်၏ သင်္ဘောညာဘက်နံဘေးမှ ဖြတ်ကျော်သွားခဲ့ပြီး တောင်တစ်လုံးကဲ့သို့ မြင့်မားသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည်။
သူ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရ၏။ အကယ်၍ သူသာ ယခင်လမ်းကြောင်းအတိုင်း ဆက်သွားနေပါက သူ၏သင်္ဘောမှာ အစအနတောင် ရှာရမည်မဟုတ်ပေ။ ရှောင်းယီ၏ မြန်ဆန်သော သတိပေးမှုကြောင့်သာ လမ်းကြောင်းကို အချိန်မီ ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်သည်။
လေပြင်းများ ငြိမ်သက်သွားသဖြင့် ယွမ်နွန်သည် ကျောက်ဆူးကို မတင်ကာ လမ်းကြောင်းကို ချိန်ညှိပြီး ဆုဝမ်၏ ကျွန်းဆီသို့ ဆက်လက်ထွက်ခွာခဲ့သည်။
“လေဆင်နှာမောင်းက သွားလိုက်ပြီ။ ရှောင်းယီ လမ်းကြောင်းအသစ်ပေးလို့သာ တည့်တည့်အတိုက်မခံလိုက်ရတာ။”
သူက အစီရင်ခံလိုက်သည်။
“ကောင်းတယ်။ ဦးလေး ဘေးကင်းသွားလို့ တော်သေးတယ်။”
ရှောင်းယီက သက်ပြင်းချလိုက်ပြီး အများသုံးချန်နယ်သို့ ကူးပြောင်းလိုက်လေသည်။
“ဘုရားရေ...လေဆင်နှာမောင်းက ငါ့ဆီလာနေပြီ။ ကယ်ကြပါဦး။”
“ကံဆိုးတာပဲ။ ကြမ်းပြင်ပေါ်မှာ ဝပ်နေလေ။ ဒါမှမဟုတ် ခိုင်ခိုင်မာမာတစ်ခုခုကို ဖမ်းကိုင်ထား။”
“ငါ သစ်ပင်တွေ အကုန်ခုတ်ထားတာ။ ကိုင်စရာ ဘာမှမရှိတော့ဘူး။”
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဖက်ထားကြည့်ပါလား။”
တစ်ယောက်က အကြံပေးလိုက်သည်။
ထိုလူသည် ကျောက်တိုင်ကို ဖက်ထားလိုက်ရာ လေဆင်နှာမောင်းသည် အခြားအရာအားလုံးကို ဖျက်ဆီးသွားသော်လည်း ကျောက်တိုင်မှာမူ မလှုပ်မယှက် ကျန်ရှိနေခဲ့၏။ ကျောက်တိုင်ကို ဖက်ထားခြင်းက သူ့ကို ကောင်းကင်ပေါ် လွင့်မသွားအောင် ကယ်တင်နိုင်ခဲ့သော်လည်း ပျံဝဲနေသော အမှိုက်သရိုက်များက သူ၏ လက်မောင်းနှင့် ခြေထောက်များကို ပြတ်ရှစေခဲ့သည်။
“ဟေး ရောင်းရင်း အသက်ရှိသေးရဲ့လား။”
“ကျောက်တိုင်ကို ဖက်ထားတာ အလုပ်ဖြစ်တယ်။ ဒါပေမဲ့ ပျံလာတဲ့ အမှိုက်တွေကြောင့် ဒဏ်ရာတွေတော့ အများကြီးပဲ။”
“အဲဒီဒဏ်ရာတွေကို မြန်မြန်ဆေးကြောလိုက်ဦး။ အခု ရာသီဥတုက သိပ်မပူတော့လို့ တော်သေးတယ်။ မဟုတ်ရင် ဒဏ်ရာတွေ ရင်းလာလိမ့်မယ်။”
“ဒါပေမဲ့ ဘာမှတော့ အာမ၊မခံနိုင်ဘူး။ ကံကောင်းပါစေ။”
“ငါ ဘယ်လိုလုပ် ဆေးကြောရမှာလဲ။ မုန်တိုင်းက ငါ့ဆီက ပစ္စည်းမှန်သမျှကို အကုန်ယူသွားလိုက်ပြီ။”
ထိုလူက အော်ဟစ်ငိုယိုတော့လေသည်။
ယခု သူသည် တကယ့်ကို အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ သူ့တွင် ငါးဖမ်းပိုက်လေးတောင် မကျန်တော့ပေ။ အခြား အသက်ရှင်ကျန်ရစ်သူများမှာ ခေါင်းခါရုံမှအပ ဘာမှမတတ်နိုင်ခဲ့ကြချေ။
လေဆင်နှာမောင်း ဖြတ်သန်းသွားပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းလာခဲ့သည်။ ခဏတာသာ ဖြစ်သော်လည်း လူတိုင်း၏ သောက်သုံးရေ ပြဿနာကိုမူ ပြေလည်စေခဲ့သည်။ ရှောင်းယှ၏ ရေနွေးရောင်းအားမှာလည်း ကျဆင်းသွားတော့သည်။
အရေးကြီးကိစ္စ မရှိတော့သဖြင့် ရှောင်းယီသည် တိုက်ခန်းထဲမှ ထွက်ကာ တောင်ကုန်းနောက်ဘက်ရှိ မြစ်အောက်ခြေသို့ သွားပြီး နေ့လယ်စာအတွက် ငါးအချို့ကို လှံဖြင့်ထိုးရန် ပြင်ဆင်လိုက်လေသည်။
တောင်စောင်းမှ ရေများမှာ မှန်မှန်စီးဆင်းနေ၏။ ယခင်က လက်နက်များ စုဆောင်းစဉ်က သူသည် မှိန်းတစ်ခုကို တွေ့ရှိထားရာ ထိုအရာသည် ယခုအလုပ်အတွက် အကောင်းဆုံးပင်။
သူကိုယ်တိုင် တူးထားသော ကုန်းတွင်းမြစ်သည် ယခုအခါ ခြောက်မီတာခန့် ကျယ်ဝန်းနေပြီဖြစ်ပြီး ပေါပေါင်းပင်များအောက်တွင် ရေအနက်ကိုပင် ခန့်မှန်းရန် မလွယ်ကူတော့ပေ။ ငါးများမှာ ရေပေါ်သို့ ခုန်တက်လိုက်၊ ဗြုန်းခနဲ မြုပ်သွားလိုက်နှင့် ရှိနေခဲ့ကြသည်။
ခဏကြာအောင် ကြည့်ရှုပြီးနောက် ရက်အနည်းငယ်မျှ လစ်ဟင်းသွားသည်နှင့် ငါးအုပ်များပင် ဖွဲ့တည်နေပြီဖြစ်ကြောင်း သူတွေ့လိုက်ရသည်။
“မင်းပဲ...”
သူသည် ၁၀ ကီလိုဂရမ်ခန့်ရှိသော အနက်ရောင်ငါးရံ့ကြီးတစ်ကောင်ကို ချိန်လိုက်၏။ ကမ္ဘာဟောင်းတွင် စံချိန်တင်ခဲ့သည် ငါးရံ့မှာ ၉၈.၆၅ ကီလိုဂရမ်အထိ ရှိခဲ့ဖူးသော်လည်း ဈေးကွက်ထဲတွင်မူ ၂ ကီလို၊ ၃ ကီလိုထက် ပိုကြီးသော ငါးကိုမူ တွေ့ရခဲလှသည်။
သူသည် ထိုငါးကို ကြီးသောကြောင့်သာ ရွေးချယ်ခြင်းမဟုတ်ဘဲ ဤမျိုးစိတ်သည် အလွန်ရက်စက်ပြီး အစားကြူးကာ မျိုးပွားနှုန်း မြန်ဆန်သောကြောင့်လည်း ဖြစ်သည်။ ငါးရံ့ တစ်ကောင်တည်းနှင့်ပင် ကန်တစ်ခုလုံးရှိ အခြားငါးမျိုးစိတ်အားလုံးကို ပြောင်စင်အောင် စားပစ်နိုင်ပေသည်။
ရှောင်းယီသည် ဇီဝမျိုးကွဲများ စုံလင်စွာ ရှိနေသည်ကိုသာ ပို၍ သဘောကျလေသည်။