ငါးရံ့ကင်နှင့် အန်းရန်၏ အကျပ်အတည်း
Vol. 7 Ch. 97
ယခင်က လူသားတို့၏ ဖမ်းဆီးခြင်းကို မခံခဲ့ရဖူးသောကြောင့် ဖြစ်နိုင်၏။ ထိုငါးရံ့ကြီးသည် သူ့ကိုယ်သူ ဤနေရာ၏ ဘုရင်ဟု ထင်မှတ်နေပုံရပြီး ဘာမှမဖြစ်သလို ငြိမ်နေစဉ် ရှောင်းယီ၏ မှိန်းဖြင့် အချက်ကျကျ ထိုးစိုက်ခြင်းကို ခံလိုက်ရတော့သည်။
“ရရှိသော ထောက်ပံ့ရေးပစ္စည်း- မြောက်ပိုင်းငါးရံ့ (C အဆင့်) ၁၀.၂၅ ကီလိုဂရမ်။”
မြောက်ပိုင်းငါးရံ့ဆိုသည်မှာ အနက်ရောင်ငါးရံ့၏ သိပ္ပံအမည် ဖြစ်သည်။
ရှောင်းယီသည် ငါး၏အဆင့်ကို ကြည့်ပြီး အံ့သြသွားကာ မေးလိုက်သည်။
“ဒါက စနစ်က အသစ်ထုတ်ပေးလိုက်တာလား။ ဒါမှမဟုတ် သဘာဝအတိုင်း ဆင့်ကဲပြောင်းလဲလာတာလား။”
“နှစ်မျိုးစလုံး ဖြစ်နိုင်ပါတယ်။”
စနစ်က ပြန်ဖြေလာခဲ့သည်။ ရှောင်းယီ ခေါင်းငြိမ့်လိုက်လေသည်။
“နားလည်ပြီ။ ဒီနေ့ နေ့လယ်စာကို ငါးကင်ပဲ စားကြတာပေါ့။”
ငါးကင်ချင်း တူသော်လည်း ယခင်က ပင်လယ်ငါးကင်ဖြစ်ပြီး ယခုမူ ရေချိုငါးကင် ဖြစ်သည်။ အရသာနှင့် အသားမှာ ကွာခြားမှု ရှိပေလိမ့်မည်။
ထို့နောက် သူသည် တိုက်ခန်းသို့ ပြန်လာပြီး ငါးရံ့ကို ဆေးကြောကာ ပင်လယ်ဆားဖြင့် နယ်လိုက်၏။ ထို့နောက် ဆီပူပူတွင် ခဏကြော်ပြီးမှ အကင်စင်ပေါ်သို့ တင်ကာ ကင်လိုက်တော့သည်။
ငါးကင်နေစဉ်အတွင်း ရှောင်းယီသည် မြက်များကို ရိတ်သိမ်းကာ ကြက်ခြံနှင့် နွားတင်းကုပ်များထဲသို့ အစာအနည်းငယ် ထည့်ပေးခဲ့လိုက်သည်။ ယခုအခါ ကြက်ခြံမှ တစ်နေ့လျှင် ကြက်ဥပေါင်း သုံးရာနီးပါး ထွက်ရှိနေပြီး ကြက်တွန်သံများမှာလည်း ပြတ်တောက်သွားသည်ဟူ၍ မရှိပေ။
သူသည် စစ်ဆေးပြီးနောက် မျိုးအောင်သောဥ ၁၆၀ ကို ချန်ထားပြီး ကျန်ရှိသောဥအားလုံးကို သိမ်းဆည်းလိုက်တော့သည်။
“ဥတွေ ဒီလောက်များနေတာ ဘယ်လိုကုန်အောင် စားရပါ့မလဲ။ အကြာကြီးထားရင် ပုပ်ကုန်တော့မယ်။”
ရှောင်းယီ စိတ်ပူသွားခဲ့သည်။
အကယ်၍ တစ်ယောက်ယောက်သာ ရှောင်းယီ ထိုကိစ္စအတွက် စိတ်ပူနေသည်ကို သိပါက “ကျွန်တော့်ကိုသာ ပေးလိုက်ပါ။ ကျွန်တော် ကုန်အောင် စားပေးပါ့မယ်။” ဟု ပြောကြပေလိမ့်မည်။
“ထားလိုက်ပါတော့။ ဒီနေ့ကစပြီး လူတိုင်း တစ်နပ်ကို ဥတစ်လုံးစီ စားကြရမယ်။”
ရှောင်ယီ ဆုံးဖြတ်လိုက်တော့သည်။
ထို့နောက် သူသည် ဥရှစ်လုံးကို ထုတ်ယူကာ ပြုတ်လိုက်၏။ ရှောင်းယီသည် သံပြားကြီးအချို့ကို ယူကာ အာလူး၊ ဆလတ်ရွက်နှင့် သခွားသီးကဲ့သို့သော ဟင်းသီးဟင်းရွက်များကို ထည့်ကာ အတူတူ ကင်လိုက်သည်။ သူသည် အသစ်ရိတ်သိမ်းထားသော ဇီရာမှုန့်များကိုပါ ဖြူးထည့်လိုက်၏။
ဇီရာ၏ မွှေးကြိုင်လှသော ရနံ့များမှာ ချက်ချင်းပင် ပျံ့လွင့်လာတော့သည်။
“ဒါမှ တကယ့် အကင်လို့ ခေါ်တာ။”
ရှောင်းယီသည် အကင်ရနံ့ကို ရှူရှိုက်ရင်း ကျေနပ်စွာ ပြောလိုက်သည်။
သူသည် ငါးရံ့ကင်ကို တစ်ပန်းကန်လျှင် ၂ ကီလိုစီ ခွဲထည့်ပြီး လူတိုင်းထံသို့ လဲလှယ်ပေးလိုက်သည်။
“[မြောက်ပိုင်းငါးရံ့ကင်] (C အဆင့်) ၂ ကီလို၊ [အာလူး]...၊ [ကြက်ဥ] (A အဆင့်) ၆၀ ဂရမ် - အခမဲ့လဲလှယ်ခြင်း။”
ထိုဟင်းသီးဟင်းရွက်များမှာ သာမန်အဆင့်များသာ ဖြစ်ပြီး အရန်ဟင်းများအဖြစ် ထည့်ပေးလိုက်ခြင်း ဖြစ်သည်။
ယွမ်နွန်သည် ရှောင်းယီ ပို့လိုက်သော ငါးရံ့ကင်ကို မြင်သောအခါ အံ့သြတကြီးဖြင့် မေးလိုက်သည်။
“မင်းရဲ့ ရေချိုမြစ်ထဲမှာ ငါးတွေ ရှိနေပြီလား။”
“တကယ်တော့ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ပေါ်နေတာ။ ကျုပ် မအားသေးလို့ အခုမှ ဖမ်းဖြစ်တာ။”
“အထင်ကြီးစရာပဲ။ ငါ အခုချက်ချင်းတောင် မင်းရဲ့ကျွန်းကို လာချင်လိုက်သွားပြီ။”
“ခင်ဗျား လာနေပြီပဲ မဟုတ်ဘူးလား။ မကြာခင် ကျုပ်တို့ ဆုံကြရမှာပါ။”
ရှောင်းယီက အားပေးလိုက်သည်။
လဲလှယ်မှုကို လက်ခံပြီးနောက် ဆုဝမ်သည် ဇီရာနံ့ကို ရရှိသွားခဲ့ကာ ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
“ဇီရာတွေ ဘယ်တုန်းက ရတာလဲ။ အရမ်းမွှေးတာပဲ။”
“လွန်ခဲ့တဲ့ ရက်ပိုင်းက မျိုးစေ့တွေ ရခဲ့တာလေ။ အခုမှ ရိတ်သိမ်းပြီး သုံးလိုက်တာ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
ကျန်းယွင်ထျန်းသည်မူ အစားအသောက်များကို လက်ခံရရှိသောအခါ ထူးထူးခြားခြား တုံ့ပြန်မှု မရှိဘဲ ကလေးနှင့်အတူ စတင်စားသောက်လိုက်၏။ သို့သော် ဇီရာနံ့မှာ အလွန်ပြင်းလွန်းသဖြင့် လှေပေါ်မှ အပြင်ဘက်သို့ တိုက်ရိုက် ပျံ့လွင့်သွားခဲ့သည်။
ကျန်းယွင်ထျန်း၏ ရွက်လှေနောက်မှ လိုက်လာသော မုတ်ဆိတ်ရှည်နှင့် လူမှာ နှာခေါင်းကို ရှုံ့ကာ အနံ့ခံလိုက်သည်။
“ဒါ... ဒါ အသားကင်နံ့လား။”
ထိုလူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး တံတွေးကို မျိုချရင်း ရေရွတ်လိုက်သည်။
“သူတို့က လှေပေါ်မှာ အသားကင် စားနေကြတာလား။ အရမ်း ဖြုန်းတီးတာပဲ။”
ထိုဇီရာနံ့ကို ရရှိပြီးနောက် မုတ်ဆိတ်ရှည်နှင့်လူ၏ ရွက်လှေအပေါ် ကြည့်သည့် အကြည့်မှာ ပို၍ပင် လောဘဇော တက်လာခဲ့၏။ သို့သော် သူသည် အခုချက်ချင်း ဘာမှမလုပ်နိုင်သေးပေ။ အလတ်စား ရွက်လှေမှာ သူ၏ သစ်သားလှေလေးထက် အလွန်မြင့်မားနေသဖြင့် သူ လှေပေါ်သို့ တက်ရန်မှာ မဖြစ်နိုင်ပေ။
ထို့ပြင် ထိုလူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ မြေပုံကို အချိန်အကြာကြီး လေ့လာခဲ့၏။ ကျန်းယွင်ထျန်းသည် လမ်းကြောင်းကို မည်သို့ပင် ပြောင်းလဲစေကာမူ နောက်ဆုံးတွင် မြောက်ဘက်သို့သာ ပြန်လည်ဦးတည်နေကြောင်း သူ သတိထားမိခဲ့လေသည်။
“ဒီရွက်လှေမှာ သွားရမယ့် ပန်းတိုင်တစ်ခု ရှိနေတာ သေချာတယ်။ မင်း ရောက်တဲ့အထိ စောင့်ပြီးမှ ငါ မင်းကို အပြတ်ရှင်းမယ်။”
ထိုမုတ်ဆိတ်ရှည်နှင့်လူမှာ ယခင်က မြေအောက် လက်ဝှေ့လောကတွင် ပွဲပေါင်း တစ်ရာကျော် ဆက်တိုက် အနိုင်ရထားသော လူသတ်သမား တစ်ဦးဖြစ်၏။ မည်သူနှင့်မဆို သူ ယှဉ်ပြိုင်နိုင်သည်ဟု ယုံကြည်မှု အပြည့်ရှိပေသည်။
“နှမြောစရာကောင်းတာက လှေပေါ်က အစားအစာတွေပဲ။ သူ စားပစ်လိုက်တာတော့ နှမြောစရာကောင်းတယ်။”
ထိုလူက ညည်းတွားလိုက်သည်။
“မဟုတ်သေးဘူး။ သူ့ကို သတ်ပြီးရင် ငါ သူ့ကိုပါ ကင်စားပစ်မယ်။”
ထိုလူမှာ အစားမစားရသည်မှာ တစ်ရက်ကျော်ပြီ ဖြစ်သည်။ လှေကြီးနောက်သို့ လိုက်နေရသဖြင့် ထောက်ပံ့ရေး သေတ္တာများနှင့်လည်း မဆုံခဲ့ရပေ။ အနည်းငယ် ဝေးသောနေရာမှ သေတ္တာများကိုလည်း သူ မသွားဖမ်းနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သစ်သားလှေလေးမှာ အလွန်နှေးကွေးလှသဖြင့် သေတ္တာသွားယူပါက ရွက်လှေကြီးအား မျက်ခြေပြတ်သွားနိုင်သောကြောင့်ပင်။
သူသည် ယခင်က ရှိထားသော ပစ္စည်းအချို့ကို အစားအစာ အနည်းငယ်နှင့် လဲလှယ်ခဲ့ရသော်လည်း ၎င်းမှာ ဗိုက်ပြည့်ရန် မလုံလောက်ခဲ့ပေ။ ယခု အသားကင်နံ့ကို ရရှိလိုက်သောအခါ ထိုလူမှာ အနံ့နောက်သို့ လွင့်မျောသွားချင်စိတ်ပင် ပေါက်နေတော့လေသည်။ သို့သော် သူသည် မျက်ခြေမပြတ်စေရန် လှေကို အတင်းလှော်ခတ်နေရ၏။
ကံကောင်းသည်မှာ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု ကောင်းမွန်ခြင်းနှင့် ပင်လယ်တွင် လေဆန့်ကျင်ဘက် တိုက်ခတ်နေသဖြင့် ကျန်းယွင်ထျန်း၏ ရွက်လှေ အရှိန်မတင်နိုင်ခြင်းတို့ကြောင့်သာ မျက်ခြေမပြတ်သွားခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက သူ အဝေး၌ ကျန်ရစ်ခဲ့သည်မှာ ကြာလှပြီဖြစ်သည်။
ကျန်းယွင်ထျန်းသည် သူ၏ ကျောက်တိုင်မှ မြေပုံကို ကြည့်ကာ တွက်ချက်လိုက်ပြီးနောက် ဂရုချတ်ထဲတွင် ပြောလိုက်သည်။
“ရှောင်းယီ ငါ့ရဲ့ အခု အရှိန်အတိုင်းဆိုရင် ဒီည ၁၀ နာရီလောက်မှာ မင်းရဲ့ ကျွန်းကို ရောက်နိုင်တယ်။”
“အရမ်းကောင်းတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ပင်လယ်သတ္တဝါတွေရဲ့ အနှောင့်အယှက်သာ မရှိရင် ငါတို့အားလုံး မကြာခင် ဆုံကြရတော့မှာပဲ။”
“ဟုတ်တယ်။”
ယွမ်နွန်ကလည်း ထောက်ခံလိုက်သည်။
“ထူးခြားတာ ဘာမှမဖြစ်ရင် ငါလည်း မနက်ဖြန် နေ့လယ်လောက်မှာ ဆုဝမ်ရဲ့ ကျွန်းကို ရောက်လိမ့်မယ်။”
“ကောင်းပြီ...ဦးလေး ရောက်တာနဲ့ ကျွန်မတို့ ရှောင်းယီကျွန်းကို ချက်ချင်း ထွက်ကြမယ်။”
ဆုဝမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အစီအစဉ်အတိုင်းဆိုရင် ဒီအပတ်ထဲမှာတင် ကျုပ်တို့အားလုံး ဆုံနိုင်လိမ့်မယ်စ။”
ရှောင်းယီက တွက်ချက်ကြည့်လိုက်သည်။
ထိုအချိန်တွင် အန်းရန်၏ ကျွန်းပေါ်သို့ မဖိတ်ခေါ်ထားသည့် ဧည့်သည်တစ်ယောက် ရုတ်တရက် ရောက်ရှိလာခဲ့သည်။
“အထဲကလူ အခုချက်ချင်း ထွက်ခဲ့စမ်း။”
ကာမရာဂ ဇောထန်နေသော အသံတစ်ခုက ကျယ်လောင်စွာ ဟိန်းဟောက်လာခဲ့သည်။
တဲအတွင်း၌ ငါးကင်စားရင်း အနားယူနေသော အန်းရန်မှာ လန့်ဖျတ်သွားခဲ့၏။ သူမသည် ဘေးနားရှိ လှံရှည်ကို ဆွဲကိုင်ကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အများသုံးချန်နယ်၌ စာတစ်စောင် ချန်ထားခဲ့လိုက်လေသည်။
“အန်ယွဲ့၊ လီယန်... အဖေတို့၊ အမေတို့ရဲ့ သမီးလေးက အဖေတို့၊အမေတို့ကို လာရှာဖို့ အခွင့်အရေး မရှိတော့ဘူး ထင်တယ်ာ ဒါပေမဲ့ အဖေနဲ့အမေ ကောင်းကောင်း ဆက်ရှင်သန်သွားကြပါ။”
ထိုစာလေးကို ချန်ထားပြီးနောက် အန်းရန်သည် သတ္တိကို မွေးကာ အပြင်သို့ ထွက်လာခဲ့တော့သည်။
ထိုအချိန်တွင် အန်းယွဲ့မှာ ထိုစာကို တိုက်တိုက်ဆိုင်ဆိုင် မြင်လိုက်ရ၏။ သူ၏ တစ်ကိုယ်လုံးမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားတော့သည်။
“ရန်ရန်...သမီးလား။ အဖေပါ...။”
အန်းယွဲ့သည် ထိုသူထံသို့ ချက်ချင်းပင် သီးသန့်စာတစ်စောင် ပို့လိုက်သော်လည်း ဘာတုံ့ပြန်မှုမှ မရှိခဲ့ပေ။
“ငါ ဘာလုပ်ရမလဲ။ သမီး အန္တရာယ်ရှိနေပြီ။ ငါ ဘာလုပ်ရမလဲ။”
အန်းယွဲ့မှာ စိုးရိမ်စိတ်ကြောင့် ရူးမတတ် ဖြစ်နေ၏။ ထို့နောက် သူသည် ရှောင်းယီထံသို့ ချက်ချင်းပငခ ဗီဒီယိုကော ခေါ်လိုက်တော့လေသည်။
“ရှောင်းယီ အများသုံးချန်နယ်ကို ကြည့်ပါဦး။ ရန်ရန် စာပို့ထားတယ်။ ဒါပေမဲ့ သူ အခက်တွေ့နေပုံရပဲ။”
အန်းယွဲ့က အသည်းအသန် ပြောလိုက်သည်။
ရှောင်းယီသည် အပြင်မှ အပြေးအလွှား ပြန်ဝင်လာပြီး အန်းယွဲ့၏ စကားကို ကြားသောအခါ မေးလိုက်သည်။
“ဆက်သွယ်လို့ မရဘူးလား။”
“မရဘူး။”
ရှောင်းယီသည် အလွန်အမင်း ပူပန်သွားပြီး ရုတ်တရက် အကြံတစ်ခု ရလာကာ ပြောလိုက်သည်။
“ဦးလေးမှာရှိတဲ့ အသေးစား တည်နေရာပြ ကိရိယာကို သူ့ဆီ မြန်မြန် ပို့လိုက်။”
အန်ယွဲ့သည် လုံးတတုံ့ဆိုင်းမနေဘဲ အန်းရန်ထံသို့ လဲလှယ်မှုတစ်ခု ချက်ချင်း ပို့ပေးလိုက်၏။
“[အသေးစား တည်နေရာပြ ကိရိယာ ] (အဆင့် SS) - အခမဲ့လဲလှယ်ခြင်း။”
သို့သော် တစ်ဖက်လူမှာ လက်ခံခြင်း မရှိပေ။