သူငယ်ချင်းအတု၊ အမှန်တကယ်ဆုံတွေ့ခြင်းနှင့် ညှိနှိုင်းခြင်း
Vol. 7 Ch. 98
“သမီးက လက်မခံဘူး။”
အန်းယွဲ့က ပြာပြာသလဲ ပြောလိုက်သည်။ထိုအခါ ရှောင်းယီက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ဦးလေးအန်...အရမ်းမလန့်ပါနဲ့။ ခဏလောက် စောင့်ကြည့်ရအောင်။”
“ကောင်းပြီ”
အန်းယွဲ့သည် မိမိကိုယ်ကို အတင်းထိန်းချုပ်ကာ စိတ်အေးအေးထားလိုက်၏။
အန်းရန်သည် လှံရှည်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း အပြင်သို့ ထွက်လာခဲ့သည်။ သူမ၏ရှေ့တွင် ကြွက်မျက်နှာနှင့် နှာခေါင်းတရှုံ့ရှုံ့ လုပ်နေသော နှာဘူးရုပ်ပေါက်သည့် လူတစ်ယောက် ရပ်နေပြီး ကျွန်းဘေးတွင်မူ သစ်သားလှေငယ်တစ်စင်း ဆိုက်ကပ်ထားလေသည်။
“လှလိုက်တဲ့ မိန်းကလေး။”
ထိုလူ၏ မျက်လုံးများမှာ အရောင်တောက်သွား၏။
အန်းရန်က မျက်မှောင်ကြုတ်လိုက်ပြီး သံလှံကို သူ့ဘက်သို့ ချိန်ရွယ်ထားကာ ဘာမှမပြောဘဲ နေလိုက်သည်။ ထိုစဉ် လှေပေါ်မှ ရင်းနှီးနေသော မိန်းမပျိုတစ်ဦး၏ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“တောက်...နင်ကတော့ ငါတစ်ယောက်လုံး ရှိနေတာတောင် မဝသေးဘူးလား။”
ထိုလူမှာ ချက်ချင်းပင် ပုံစံပြောင်းသွားခဲ့သည်။
“ရှောင်ယန် ကိုယ့်အတွက် မင်းတစ်ယောက်တည်း ရှိရင် ရပါပြီ။”
သူက ချော့ပြောလိုက်လေသည်။
“အဲ့လိုမှပေါ့။ သူက ဘယ်လောက်တောင် လှနေလို့လဲဆိုတာ ငါလည်း ကြည့်ပါရစေဦး။”
ထိုအမျိုးသမီးသည် ပြောပြောဆိုဆိုနှင့် ကုန်းပေါ်သို့ တက်လာခဲ့၏။
သူမကိုတွေ့သောအခါ အန်းရန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“ဟုန်ရှောင်ယန်...တကယ်ပဲ နင်ဖြစ်နေတာလား။”
ကုန်းပေါ်သို့ တက်လာသော ထိုအမျိုးသမီးမှာ ယခင်က ရှောင်းယီထံသို့ ဆက်သွယ်ကာ သူမကိုယ်သူမ အန်းရန်၏ အခင်ဆုံးသူငယ်ချင်းဟု လိမ်ညာပြောဆိုခဲ့ဖူးသော ဟုန်ရှောင်ယန်ပင် ဖြစ်သည်။ ထိုစဉ်က ရှောင်းယီက သူမကို မယုံကြည်ဘဲ ဘလော့်ခ်ပစ်ခဲ့၏။
“အို... ကုမ္ပဏီက ရေခဲဘုရင်မကြီးပါလား။”
ဟုန်ရှောင်ယန်သည် အန်းရန်ကို မြင်လိုက်ရသဖြင့် အတော်ပင် အံ့သြသွားပုံရသည်။
“မင်းတို့နှစ်ယောက် သိကြတာလား။ ဒါဆိုရင် ပိုကောင်းတာပေါ့။ ငါတို့ အဖွဲ့ဖွဲ့ကြရအောင်။”
ထိုလူက ပြောလိုက်သည်။
“ငါ့နာမည်က ဝေစုန့်ပါ။”
ဝေစုန့်၏ အကြံမှာ ရိုးရှင်းပါသည်။ အတူတူ ခရီးသွားရင်း အခွင့်အရေးရလျှင် ဤအလှလေးအား ပိုင်ဆိုင်ရရန်ပင် ဖြစ်သည်။
ဟုန်ရှောင်ယန်၏ ပထမဆုံး စိတ်ကူးမှာ ငြင်းပယ်ရန်ဖြစ်သော်လည်း ရှောင်းယီနှင့် ယခင်က ဆက်သွယ်ခဲ့သည်ကို သတိရသွားပြီး စိတ်ပြောင်းသွားခဲ့သည်။
“အန်းရန် ငါတို့နဲ့ အဖွဲ့ဖွဲ့ရအောင်။”
ထိုလူ၏ နှာဘူးအကြည့်ကို မြင်သောအခါ အန်းရန်က မျက်မှောင်ကျုံ့လိုက်၏။
“ငါ တစ်ယောက်တည်းလည်း အသက်ရှင်အောင် နေနိုင်တယ်။”
“နင့်မှာ ရွေးချယ်စရာ မရှိဘူး။ ငါတို့ကို အင်အားသုံးရအောင် မလုပ်နဲ့။”
ဟုန်ရှောင်ယန်က လှောင်ပြုံးဖြင့် ခြိမ်းခြောက်လိုက်သည်။
အန်းရန်၏ လက်များမှာ လှံကို ကိုင်ထားရင်း တုန်ယင်နေ၏။ ပင်လယ်မြွေနှင့် တိုက်ခိုက်ခဲ့သော အရှိန်မှာ မကုန်သေးပေ။ ထို့ပြင် တစ်ဖက်က နှစ်ယောက်ဖြစ်နေသဖြင့် သူမတွင် အနိုင်ရရန် အခွင့်အရေး မရှိချေ။
ဝေစုန့်နှင့် ဟုန်ရှောင်ယန်တို့ အနီးသို့ ကပ်လာသောအခါ အန်းရန်က အမြန် မေးလိုက်၏။
“ကောင်းပြီ...ငါ သဘောတူတယ်။ ငါတို့ ပင်လယ်ထဲမှာပဲ အခြေချမှာလား။”
“ဟုတ်တယ်။ ဒါက အုတ်မြစ်ကျောက်တွေ လိုက်ရှာနေရတာထက် ပိုကောင်းတယ်။ ပင်လယ်သတ္တဝါတွေနဲ့ တိုးမှာဆိုပေမဲ့ အခုထိတော့ သိပ်မကြမ်းသေးဘူး။ သုံးယောက်ဆိုရင် အေးအေးဆေးဆေးပဲ။”
ဟုန်ရှောင်ယန်က ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ငါ့ပစ္စည်းတွေ သွားသိမ်းလိုက်ဦးမယ်။”
အန်းရန်က ပြောပြောဆိုဆိုနှင့် သူမ၏ တဲအတွင်းသို့ လှည့်ဝင်သွား၏။
“နေဦး...ငါတို့လည်း ဝိုင်းကူပေးမယ်။”
ဟုန်ရှောင်ယန်က ထိုသို့ဆိုကာ နောက်မှ ထပ်ကြပ်မကွာ လိုက်ဝင်သွားခဲ့သည်။
တဲအတွင်းသို့ ရောက်သောအခါ အန်းရန်သည် သူမ၏သီးသန့်ချန်နယ်၌ လဲလှယ်မှုတစ်ခု ရောက်နေသည်ကို တွေ့လိုက်ရ၏။
စာများကို ဖတ်ကြည့်လိုက်သောအခါ သူမ၏ ရင်ခုန်သံများ မြန်ဆန်လာခဲ့သည်။ ၎င်းမှာ သူမ၏ ဖခင်နှင့် ရှောင်းယီတို့ ဖြစ်နေခဲ့လေသည်။ သို့သော် သူတို့နှစ်ဦးစလုံးမှာ ဤနေရာ၌ မရှိကြသဖြင့် သူမ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရမည်ဖြစ်သည်။
သူမသည် လဲလှယ်မှုကို ချက်ချင်း လက်ခံလိုက်၏။ သေးငယ်သော ချပ်ပြားဝိုင်းလေးတစ်ခု သူမ၏ လက်ဖဝါးပေါ်တွင် ပေါ်လာပြီး ၎င်းကို သူမ၏ ဖိနပ်အတွင်းသို့ အမြန်ထည့်လိုက်သည်။
“ငါ နင့်ကို မလှုပ်နဲ့လို့ ပြောထားတယ်လေ။ နင် နားကန်းနေလား။”
ဟုန်ရှောင်ယန်သည် တဲထဲသို့ အတင်းဝင်လာပြီး အန်းရန်ကို တွန်းထုတ်လိုက်၏။
ထိုစဉ် ကျောက်တိုင်ပေါ်ရှိ အန်းယွဲ့နှင့် ရှောင်းယီတို့၏ စာများကို မြင်လိုက်ရသောအခါ ဟုန်ရှောင်ယန် ပြုံးလိုက်မိသည်။ အန်းရန်က ဤမျှ အသုံးဝင်နေသည်မှာ သူမအတွက် ပို၍ပင် ကောင်းသေးသည်။
“ရန်ရန် လက်ခံလိုက်ပြီ။”
အန်းယွဲ့က အော်ဟစ်လိုက်၏။
“မြန်မြန် သူမ ဘယ်မှာလဲဆိုတာ စစ်ကြည့်လိုက်။”
ရှောင်းယီက မျက်မှောင်ကျုံ့လိုက်သည်။
“ခြေရာခံလို့ မရသေးဘူး။ သူမက အဲဒါကို အသက်မသွင်းရသေးဘူး။ ကျုပ် စိတ်ပူမိတာ...”
ထိုစကားကို ကြားသောအခါ အန်းယွဲ့က ပျာပျာသလဲ စာရိုက်လိုက်၏။
“ရန်ရန် သမီး အဲ့ဒီမှာ ရှိလား။”
ထိုအခါ ဟုန်ရှောင်ယန်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ တိုက်ရိုက် ပြန်ဖြေလိုက်သည်။
“ရှင်တို့သမီး ကျွန်မဆီမှာ ရှိတယ်။ သူ့ကို အသက်ရှင်လျက် လိုချင်တယ်ဆိုရင် ရှင့်တို့ရဲ့ စေတနာကို ပြပါဦး။”
သူမသည် အန်းယွဲ့ ပို့ထားသော လဲလှယ်မှုကို မမြင်လိုက်ရပေ။ အန်းရန်သည် အတွန်းခံရစဉ်မှာပင် ၎င်းကို တိတ်တဆိတ် ဖျက်ပစ်လိုက်ခြင်း ဖြစ်သည်။
“မင်းက ဘယ်သူလဲ။ အန်းရန်ကို အမြန်လွှတ်ပေးလိုက်စမ်း။ နင်လိုချင်တာ မှန်သမျှ ငါပေးမယ်။”
အန်းယွဲ့က အော်ငေါက်လိုက်၏။ ဟုန်ရှောင်ယန်က တခိခိ ရယ်မောလိုက်သည်။
“ဥက္ကဋ္ဌကြီး အန်း ရှင်က အရမ်အလုပ်များတဲ့ လူဆိုတော့ ကျွန်မလို ဝန်ထမ်းအဆင့်လေးကို ဘယ်သိပါ့မလဲ။ အရင်လို အထက်စီးက မနေရတော့တဲ့ အရသာက ဘယ်လိုလဲ...။”
“သုံးမိနစ်အတွင်း ရေ ၂ လီတာနဲ့ အစားအစာ ၂ ကီလို ပို့ပေး။ မဟုတ်ရင်တော့ ရှင့်ရဲ့ အဖိုးတန် ရန်ရန်လေး ဘာဖြစ်သွားမလဲ မပြောနိုင်ဘူးနော်။”
“မလုပ်နဲ့...။ ငါ့အဖေဆီမှာ အဲဒီလောက် မရှိဘူး။ နင် အကုန်ယူလိုက်ရင် သူ ဘယ်လိုအသက်ရှင်ရတော့မှာလဲ။”
အန်းရန်က အော်ပြောလိုက်၏။
“အဲ့ဒါ ငါ့ကိစ္စမဟုတ်ဘူး။”
ဟုန်ရှောင်ယန်က ပြန်ပြောလိုက်သည်။
“နင် ဒီလောက် ယုတ်မာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။”
“ဒီလိုနေရာမျိုးမှာ မယုတ်မာရင် အသက်မရှင်နိုင်ဘူး။”
ဟုန်ရှောင်းယန်က ပြန်ပြောလိုက်ရာ အန်းရန် ဆိတ်ဆိတ်သာ နေလိုက်တော့သည်။
ဥက္ကဋ္ဌကြီး အန်းဟု ခေါ်ဆိုသဖြင့် ၎င်းမှာ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ကြောင်း အန်းယွဲ့ သိလိုက်၏။ သူသည် စိတ်ကို ထိန်းချုပ်ကာ ရှောင်းယီနှင့် တိုင်ပင်လိုက်လေသည်။
“ဦးလေးအန်း ကျုပ်တို့ သူ့ကို အချိန်ဆွဲထားရမယ်။ ဒါပေမဲ့ သူ့ အလိုကျတော့ အကုန်မလိုက်လျောနိုင်ဘူး။ ဒီလိုပြောလိုက်ပါ...။”
ရှောင်းယီက အကြံပေးလိုက်သည်။
အန်းယွဲ့က နားထောင်ပြီးနောက် ခေါင်းငြိမ့်ကာ ကျောက်တိုင်တွင် စာရိုက်လိုက်တော့သည်။
“ငါ့ဆီမှာ အဲဒီလောက် အများကြီး မရှိဘူး။ ဒါပေမဲ့ ငါ့မှာရှိသမျှ ပစ္စည်းအားလုံးကိုတော့ လဲပေးမယ်။ ဘယ်လောက်ပဲရှိရှိ အကုန်ပေးမယ်။ ရန်ရန်ကိုတော့ ဘာမှမလုပ်ပါနဲ့။”
“ရှင်က အဲဒီလိုပြောလာမှတော့ စိတ်ချပါ။ ကျွန်မ သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်။”
ဟုန်ရှောင်ယန်က ပြန်ဖြေလိုက်သည်။
“ရှင့်ကို ၁၀ မိနစ် အချိန်ပေးမယ်။ ရှိသမျှ ရေတစ်စက်၊ ထမင်းတစ်လုပ်မကျန် အကုန်ပို့လိုက်။”
“ကောင်းပြီ။”
အန်းယွဲ့က ပြန်ဖြေလိုက်၏။
ချတ်ကို ပိတ်လိုက်ပြီးနောက် ဟုန်ရှောင်ယန်သည် ရှောင်းယီက အန်ရန်ထံ ပို့ထားသော စာကို ဖွင့်ကြည့်လိုက်သည်။
“ယိရန်ပင်း ငါတို့ ပြန်ဆုံကြပြန်ပြီ။”
သူမက စာရိုက်လိုက်သည်။ ရှောင်းယီသည် သီးသန့်ချတ်မှ ထိုစာကို မြင်သောအခါ မျက်မှောင်ကျုံ့သွားခဲ့သည်။
“မင်း ဘယ်သူလဲ။ ငါတို့ သိလို့လား။”
သူက မေးလိုက်သည်။
“ဟင်း... ပြီးခဲ့တဲ့တစ်ခေါက်က ငါက အန်းရန်ရဲ့ သူငယ်ချင်းပါလို့ ပြောတာကို ရှင်က မယုံခဲ့ဘူးလေ။”
ဟုန်ရှောင်ယန်က ရေးလိုက်သည်။ ရှောင်းယီ ချက်ချင်းပင် ရိပ်မိသွားခဲ့၏။
“ဪ... မင်းပဲကိုး။”
“ငါက မင်းလိမ်နေတယ်လို့ ထင်လို့ပါ။ မင်း အခု အန်းရန်နဲ့ အတူရှိနေတာလား။”
သူက မေးလိုက်သည်။
“ဒါပေါ့။ ငါ့မှာ ရေနဲ့ အစားအစာ လိုအပ်နေတယ်။ ရှင် ပေးနိုင်မလား။”
“ပေးနိုင်တာပေါ့။ အန်းရန်ကိုသာ ကောင်းကောင်းဆက်ဆံပေးပါ။ ငါ တတ်နိုင်သမျှ အကုန်ထောက်ပံ့ပေးမယ်။”
ရှောင်းယီက ချက်ချင်း ပြန်ဖြေလိုက်သည်။
ထိုအခါ ဟုန်ရှောင်ယန်က အန်းရန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
“နင့်ရဲ့ ရည်းစားဟောင်းက နင့်အပေါ်မှာ တော်တော် သစ္စာရှိတာပဲ။”
ရှောင်းယီ၏ စာကို ဖတ်လိုက်ရသောအခါ အန်းရန် မျက်ရည်များ ဝဲတက်သွားခဲ့၏။
“သူ ငါ့အပေါ် စိတ်ပူနေတုန်းပဲ...”
“ရှင်က ဒီလောက် ရက်ရောနေမှတော့ အခုချက်ချင်း ရှိသမျှ ရေနဲ့ အစားအစာတွေ ပို့လိုက်တော့။ သူ့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က မကြာခင် ပျောက်သွားတော့မှာမို့လို့ ငါ့ကို သူငယ်ချင်းအဖြစ် add ထားလိုက်။”
ဟုန်ရှောင်ယန်က ပြောလိုက်သည်။
“ဘာ...။”
ရှောင်းယီက လန့်သွားဟန်ဆောင်လိုက်၏။
“မင်း အဲ့လိုတော့ မလုပ်ပါနဲ့။ သူ့ရဲ့ ကျောက်တိုင်ကိုတော့ ချန်ထားပေးပါ။ ငါ့ဟာကိုပဲ ယူလိုက်။ ငါ ပိုက်နဲ့ဖမ်းထားသမျှ ထောက်ပံ့ရေး သေတ္တာတွေ အကုန်ပေးမယ်။”
“အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့။ ငါက သူ့ကို ပင်လယ်ထဲကို အဖော်အဖြစ် ခေါ်သွားမှာပါ။ သူ့ကို လွမ်းရင် ငါ့ဆီကိုပဲ စာပို့လိုက်ပေါ့။”
ဟုန်ရှောင်ယန်က ပြန်ဖြေလိုက်သည်။
“ပင်လယ်က အရမ်းအန္တရာယ်များတယ်။ သူ့ကို လွှတ်ပေးလိုက်ပါ။ ငါ နင့်ကို နေ့တိုင်း ပစ္စည်းတွေ ပို့ပေးပါ့မယ်။”
ရှောင်းယီက အသည်းအသန် တောင်းပန်လိုက်သည်။