ထောက်ပံ့ရေးပစ္စည်းများအား ခြိမ်းခြောက်ငွေညှစ်ခြင်း
Vol. 7 Ch. 99
“နင်က သူ့ကို သိမ်းထားချင်တာမှတော့ ငါ့ကို ထောက်ပံ့ရေးပစ္စည်းတွေ ပေးရမှာပဲပေါ့။”
ဟုန်ရှောင်ယန်သည် သူမက အသာစီးရနေသကဲ့သို့ ပြုမူနေခဲ့သည်။
“စကားများမနေနဲ့။ နင့်ကို ငါးမိနစ် အချိန်ပေးမယ်။ အစားအစာတွေ ပို့မပေးရင် အန်းရန် ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။”
“ကောင်းပြီ...ကောင်းပြီ... ငါပေးမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဒါပေမဲ့ အရင်ဆုံး အန်းရန် ဘေးကင်းကြောင်း သက်သေပြရမယ်။ မဟုတ်ရင်တော့ ရေတစ်စက်၊ အစားတစ်လုပ်တောင် နင်ရမှာမဟုတ်ဘူး။”
“သဘောတူတယ်။ ငါ့ကို သူငယ်ချင်းအဖြစ် add ပြီး ဗီဒီယိုပို့လိုက်။”
ခဏတာ တွေဝေသွားပြီးနောက် ဟုန်ရှောင်ယန်က သဘောတူလိုက်၏။
မည်သို့ပင်ဆိုစေ သူမသည် နောင်တွင်လည်း ရှောင်းယီထံမှ ဤနည်းဖြင့် ငွေညှစ်သွားမည်ဖြစ်ရာ သူ့ကို မျှော်လင့်ချက်အချို့တော့ ပေးထားရမည်ဖြစ်သည်။
ရှောင်းယီသည် ယခင်က ယွမ်လောင် အသုံးပြုခဲ့သော တဲကို သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် အမြန်ထိုးလိုက်၏။ ထို့နောက် သူမကို သူငယ်ချင်းအဖြစ် လက်ခံကာ ဗီဒီယိုကော ခေါ်လိုက်တော့လေသည်။ သူ၏ကျွန်းသည် အလွန်အမင်း တိုးတက်နေသည်ကို ဟုန်ရှောင်ယန်အား အသိမပေးလိုပေ။ မဟုတ်ပါက သူမ၏ တောင်းဆိုမှုများမှာ အဆုံးရှိတော့မည်မဟုတ်ချေ။
တစ်ဖက်လူက ဗီဒီယိုကို လက်ခံလိုက်သောအခါ ကျောက်တိုင်စခရင်ပေါ်တွင် အန်းရန်၏ လှပသော ပုံရိပ်လေး ထွက်ပေါ်လာခဲ့၏။ ရှောင်းယီမှာ ခဏကြာအောင် ငေးမောသွားခဲ့ရလေသည်။ နှစ်ပတ်ကျော်ကြာ အသက်ရှင်သန်ရေး တိုက်ပွဲဝင်ခဲ့ရသဖြင့် သူမသည် အနည်းငယ် ပိန်လှီကာ နွမ်းလျနေသော်လည်း သူမ၏ အလှတရားမှာမူ အနည်းငယ်မျှပင် လျော့ပါးမသွားခဲ့ချေ။
“ငါ တောင်းပန်ပါတယ်။ မင်း အများကြီး ဒုက္ခရောက်ခဲ့ရတယ်။”
ရှောင်းယီက အရင်စကားပြောလိုက်သည်။
“မဟုတ်တာ။ နင့်ကို ပြန်မြင်ရတာနဲ့တင် ငါ့အတွက် လုံလောက်နေပါပြီ။ နင်လည်း ဒီကို ရောက်နေလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။”
အန်းရန်ကလည်း သူ့ကို ငေးကြည့်ရင်း ပြောလိုက်သည်။
ထိုစဉ် ဟုန်ရှောင်ယန်သည် ဗီဒီယိုကင်မရာရှေ့သို့ ချက်ချင်းတိုးဝင်လာခဲ့ပြီး အန်းရန်ကို ဘေးသို့ တွန်းထုတ်လိုက်ကာ ပြောလိုက်သည်။
“နင်တို့နှစ်ယောက် အလွမ်းသယ်နေတာကို ကြည့်ဖို့ ငါ့မှာ အချိန်မရှိဘူး။ သူ အသက်ရှင်နေတာကို အတည်ပြုပြီးပြီဆိုတော့ ရေနဲ့ အစားအစာကို မြန်မြန်ပို့လိုက်စမ်း။”
“နေဦး။ ငါ အန်းရန်နဲ့ နောက်ထပ် နှစ်ခွန်းလောက် စကားပြောမယ်။ ပြီးရင် ချက်ချင်းပို့ပေးလိုက်မယ်။”
ရှောင်းယီက ဟုန်ရှောင်ယန်ကို စိုက်ကြည့်လိုက်၏။ သူ၏ လေသံမှာ ငြင်းဆန်၍မရသော အမိန့်သံကဲ့သို့ပင်။
ထိုအကြည့်တစ်ချက်တည်းနှင့်ပင် ဟုန်ရှောင်ယန်မှာ သားရဲတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်တက်သွားခဲ့သည်။ သူမသည် ရှောင်းယီ၏ မျက်လုံးများကို မကြည့်ရဲတော့ဘဲ လက်ဝှေ့ယမ်းပြကာ ပြောလိုက်၏။
“မြန်မြန်လုပ်...နှစ်ခွန်းပဲနော်။”
“မင်း စိတ်အေးအေးထားပါ။ ငါ ဦးလေးအန်းကို ရှာတွေ့မှာပါ။ ပြီးတော့ မင်းဆီကိုလည်း အဲဒီနည်းလမ်းအတိုင်းပဲ ငါလာခဲ့မယ်။”
ရှောင်းယီက ပြောရင်းနှင့် အန်းရန်ကို တိတ်တဆိတ် မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ အန်းရန်က သူ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားခဲ့သည်။
ထို့နောက် သူသည် ဟုန်ရှောင်ယန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“အန်းရန်ကို ဂရုစိုက်ပါ။ ငါ့ကတိအတိုင်း ငါလုပ်မယ်။”
“ရေ... အစားအစာ...”
ဟုန်ရှောင်ယန်က တောင်းလိုက်၏။
ရှောင်းယီက လဲလှယ်မှုတစ်ခုကို ချက်ချင်း ပြုလုပ်လိုက်သည်။
“[ကျိုချက်ထားသောရေ] ၄၅၀ မီလီလီတာ၊ [ပင်လယ်ငါး] ၆၉၀ ဂရမ် - အခမဲ့လဲလှယ်မည်။”
“ဒါက ငါ့မှာရှိသမျှ အစားအစာ အကုန်ပဲ။ ထောက်ပံ့ရေးပစ္စည်းတွေ ထပ်ရရင် သူဌေးတွေဆီက ရေနဲ့ အစားအစာတွေ လဲပြီး မင်းဆီ ချက်ချင်း ပို့ပေးမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟင့်အင်း...နင့်မှာ ရှိသမျှ အကုန်ပေးလိုက်ရင် နင့်အတွက် ဘာကျန်တော့မှာလဲ။”
အန်းရန်က ချက်ချင်း ကန့်ကွက်လိုက်သည်။
“ဒါ နင့်အလုပ် မဟုတ်ဘူး။”
ဟုန်ရှောင်ယန်က အန်ရန်ကို တွန်းပစ်လိုက်၏။ ရှောင်းယီသည် ဗီဒီယိုထဲမှ မမြင်ရသော်လည်း အန်းရန် လဲကျသွားသည့် အသံကို ကြားလိုက်ရလေသည်။
“ရပ်လိုက်စမ်း...။ နင် အန်းရန်ကို အဲ့လို ထပ်လုပ်ရင် ငါ ရေတစ်စက်တောင် မပေးဘူး။”
ရှောင်းယီက အော်ငေါက်လိုက်သည်။
“အို... ဆောရီးပါ။ ငါ မတော်တဆ တိုက်မိသွားတာ။”
ရေနှင့် အစားအစာများ ရရှိသွားသဖြင့် ဟုန်ရှောင်ယန်က ဟန်ဆောင်ပန်ဆောင် တောင်းပန်လိုက်သည်။
“စိတ်အေးအေးသာ ထားလိုက်ပါ။ နင် ငါ့ကို ပစ္စည်းတွေ မှန်မှန်ပို့ပေးနေသရွေ့ ငါ အန်းရန်ကို ကောင်းကောင်း ဂရုစိုက်ပေးမှာပါ။”
“မင်း ကတိတည်ဖို့ မျှော်လင့်တယ်။”
ရှောင်းယီက မဲမှောင်နေသောမျက်နှာဖြင့် ပြောလိုက်သည်။
ဟုန်ရှောင်ယန်သည် ထိုကြောက်မက်ဖွယ်ကောင်းသော အကြည့်ကို ထပ်မမြင်ချင်တော့သဖြင့် ဗီဒီယိုကို သူမကိုယ်တိုင် ပိတ်လိုက်တော့သည်။
ဒီ...။
အန်းယွဲ့ထံမှ လဲလှယ်မှုတစ်ခု ရောက်ရှိလာခဲ့သည်။
[ကျိုချက်ထားသောရေ] ၂၀၀ မီလီလီတာ၊ [ပင်လယ်ငါး] ၂၅၀ ဂရမ်။
“အသုံးမကျတဲ့ အဖိုးကြီး။”
အန်ယွဲ့ ပို့လိုက်သော ပစ္စည်းပမာဏမှာ အလွန်နည်းပါးသည်ကို မြင်သောအခါ ဟုန်ရှောင်ယန်က ဆဲရေးလိုက်လေသည်။
“ငါ့အဖေကို အဲ့လို မပြောနဲ့။”
အန်းရန်က ပြန်ပြောလိုက်၏။
ဖြောင်း
ဟုန်ရှောင်ယန်က သူမကို ပါးရိုက်လိုက်လေသည်။
“နင့်ကို ဘယ်သူက စကားပြောခွင့်ပေးလို့လဲ။”
ဗီဒီယို မရှိတော့သဖြင့် ဟုန်ရှောင်ယန်မှာ အတားအဆီးမဲ့စွာ ပြုမူတော့၏။
အန်းရန်သည် ကြမ်းပြင်ပေါ်၌ လဲကျနေစဉ်မှာပင် သူမအဖေ ပေးလိုက်သော အသေးစား တည်နေရာပြ ကိရိယာကို တိတ်တဆိတ် အသက်သွင်းလိုက်တော့လေသည်။
ရှောင်းယီ၏ စကားများမှာ ထူးဆန်းနေသော်လည်း အန်းရန်က ၎င်းကို ချက်ချင်း သဘောပေါက်ခဲ့သည်။
“ငါ ဦးလေးအန်းကို ရှာတွေ့မှာပါ” ဆိုသည်မှာ သူမအဖေကို သူ ရှာတွေ့ထားပြီးဖြစ်ကြောင်း ပြောခြင်းဖြစ်ပြီး “မင်းဆီကိုလည်း အဲ့ဒီနည်းလမ်းအတိုင်းပဲ လာခဲ့မယ်” ဆိုသည်မှာ ဤကိရိယာကို သုံးပြီး သူမဆီ လာမည်ဟု ပြောခြင်းဖြစ်သည်။
ထို့ကြောင့် သူမသည် ရှောင်းယီ သူမကို ရှာတွေ့နိုင်ရန်အတွက် တည်နေရာပြ ကိရိယာကို အမိအရ အသက်သွင်းလိုက်ခြင်း ဖြစ်သည်။
တည်နေရာပြ ကိရိယာ ပွင့်သွားသည်နှင့် ရှောင်းယီ၏ မြေပုံပေါ်၌ အစက်ကလေးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ အန်းယွဲ့၏ အစက်ကလေးမှာ ပျောက်ကွယ်သွားသော်လည်း သူ၏ကျွန်းမှ အရှေ့ဘက် ကီလိုမီတာ သုံးထောင်အကွာတွင် အစက်အသစ်တစ်ခု လင်းလက်လာခဲ့သည်။
“တွေ့ပြီ။ သူမက အဝေးကြီးမှာပဲ။ ပြီးတော့ သူတို့က ဆက်ပြီး ရွေ့လျားနေကြလိမ့်မယ်။ စိတ်မပူပါနဲ့ ဦးလေးအန်း။ ကျုပ် ဟုန်ရှောင်ယန်ကို အချိန်ဆွဲထားနိုင်လိုက်ပြီ။”
သူသည် အန်းရန်၏ တည်နေရာကို အန်းယွဲ့ထံသို့ ချက်ချင်း အသိပေးလိုက်သည်။
“ဘယ်လောက်ပဲ ဝေးဝေး သမီးလေးကို သွားကယ်ရမယ်။”
အန်းယွဲ့က စိုးရိမ်တကြီး ပြောလိုက်သည်။
“ကျုပ် ရအောင် သွားကယ်မှာပါ ဦးလေးအန်း။စိတ်မပူပါနဲ့။ ဒီည ကျန်းယွင်ထျန်းရဲ့ လှေရောက်လာတာနဲ့ ကျုပ် ချက်ချင်း ထွက်ခွာမှာပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ရေနှင့် အစားအစာများ ရရှိပြီးနောက် ဟုန်ရှောင်ယန်က ဝေစုန့်ကို စောင့်ကန်လိုက်ပြီး ခိုင်းလိုက်သည်။
“မြန်မြန်လုပ်။ ရှိသမျှ ပစ္စည်းတွေ အကုန်လုံး လှေပေါ်တင်လိုက်။”
ထို့နောက် ဝေစုန့်သည် အန်းရန်၏ ကျွန်းပေါ်မှ သေတ္တာအားလုံးကို သူတို့၏ လှေငယ်ပေါ်သို့ ရွှေ့ပြောင်းလိုက်၏။ ပစ္စည်းအားလုံး ကုန်သွားသောအခါ ဟုန်ရှောင်ယန်သည် အန်းရန်၏ ကျွန်းအထိမ်းအမှန်ကျောက်တိုင်ကို ရိုက်ခွဲပစ်လိုက်သည်။
“သွားကြစို့...။”
သူမက ပြောလိုက်၏။
“နောက် ၁၀ မိနစ်နေရင် ဒီကျွန်းက ရှိတော့မှာမဟုတ်ဘူး။”
အန်းရန်သည် ဘာမှမတတ်နိုင်ဘဲ ဟုန်ရှောင်ယန်၏ နောက်မှ သစ်သားလှေလေးပေါ်သို့ လိုက်ပါသွားခဲ့ရလေသည်။
“မှတ်ထား...ဒီလှေပေါ်မှာ ငါက အမိန့်ပေးတဲ့သူပဲ။ ဝေစုန့်က လှေလှော်ရမယ်။ နင်ကတော့ ထောက်ပံ့ရေး သေတ္တာတွေကို ဖမ်းရမယ်။ ပင်လယ်သတ္တဝါတွေ တိုက်ခိုက်လာရင် အားလုံး ဝိုင်းတိုက်ရမယ်။ နားလည်လား။”
ဝေစုန့်နှင့် အန်းရန်တို့ နှစ်ဦးစလုံး ခေါင်းငြိမ့်လိုက်ကြသည်။
“ငါတို့က လှေတစ်စင်းတည်းပေါ်မှာ ရှိနေကြတာ။ အတူတူ ပူးပေါင်းဆောင်ရွက်မှပဲ အသက်ပိုရှည်ရှည် နေနိုင်လိမ့်မယ်။”
ဟုန်ရှောင်ယန်က ဆိုသည်။
“အင်းပါ ရှောင်ယန်၊ အခု ဘယ်ဘက်ကို သွားကြမလဲ။”
ဟုန်ရှောင်ယန်က အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။
“ငါတို့ မြင်ခဲ့တဲ့ လေဆင်နှာမောင်းက အရှေ့ဘက်ကို သွားနေတာဆိုတော့ ငါတို့က အနောက်ဘက်ကို သွားမယ်။ သူ့နဲ့ ဝေးနိုင်သမျှ ဝေးအောင် သွားကြမယ်။”
သူတို့သည် လေဆင်နှာမောင်းကြောင့်ပင် အန်းရန်၏ ကျွန်းသို့ မတော်တဆ ရောက်ရှိလာခဲ့ခြင်းပင်။ ကံနှင့် ဘေးဆိုးမှာ ဒွန်တွဲ၍လာခဲ့သည်ကိုလည်း ဟုန်ရှောင်ယန် အံ့သြနေမိသည်။ လေဆင်နှာမောင်းသည် သူတို့ကို သေတွင်းထဲ ပို့ပစ်လုနီးပါး ဖြစ်ခဲ့သော်လည်း ယခုတွင်မူ အန်းရန် ဟုခေါ်သော “ရွှေဥ ဥပေးမည့် ငန်း” ကို လက်ဆောင်ပေးလိုက်သကဲ့သို့ ဖြစ်နေခဲ့လေသည်။