← Chapters

အပြစ်ပေးခြင်း၊ အချင်းချင်းသတ်ဖြတ်ခြင်းနှင့် ရေထဲဆင်းလိုက်စမ်း

Vol. 7 Ch. 103

အပြစ်ပေးခြင်း၊ အချင်းချင်းသတ်ဖြတ်ခြင်းနှင့် ရေထဲဆင်းလိုက်စမ်း

Vol. 7 Ch. 103

“ဘာလဲ...မင်းက အဲ့ဒီနှစ်ယောက်ရဲ့ သေခြင်း၊ ရှင်ခြင်းကို စိတ်ပူနေသေးတာလား။”

ရှောင်းယီက ပြုံးစစဖြင့် မေးလိုက်သည်။ ထိုအခါ အန်းရန်က ခေါင်းခါပြလိုက်သည်။

“အဲဒီလှေပေါ်က ပစ္စည်းတွေကိုပဲ နှမြောတာပါ။ အလဟဿ အဖြစ်မခံနိုင်ဘူးလေ။”

“အရင်စားလိုက်ပါဦး။ ကျန်တာကို နောက်မှ ပြောကြတာပေါ့။”

ရှောင်းယီက လက်မထောင်ပြလိုက်သည်။

အန်းရန်က စိတ်နှလုံး နူးညံ့လွန်းပြီး ထိုလူနှစ်ယောက်ကို ကယ်တင်ရန် ကြိုးစားမည်ကို သူ တကယ်ပင် စိုးရိမ်နေမိသည်။ ဤကမ္ဘာတွင် ‘မြင့်မြတ်သောမိခင်’ လုပ်နေသူများသည် ကြာရှည် အသက်မရှင်နိုင်ပေ။

မကြာမီမှာပင် ခရမ်းချဉ်သီး ကြက်ဥကြော် တစ်ပန်းကန်၊ သခွားသီးသနပ် တစ်ပန်းကန်နှင့် ငါးစွပ်ပြုတ်တစ်ခွက်တို့ ထမင်းစားပွဲပေါ်သို့ ရောက်ရှိလာခဲ့သည်။

ရွက်သင်္ဘောသည် ခရီးနှင်နေဆဲ ဖြစ်သော်လည်း အလွန်ပင် တည်ငြိမ်လှရာ လှုပ်ခါမှု လုံးဝမရှိပေ။ နောက်မှ လိုက်လာသော ငါးမန်းကြီးမှာလည်း သင်္ဘောကို မမီနိုင်သေးပေ။

ဆံပင်များ ခြောက်သွေ့သွားပြီဖြစ်သော အန်းရန်သည် စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်ကာ အရာအားလုံးမှာ အိမ်မက်တစ်ခုလို ခံစားနေခဲ့ရလေသည်။

“ဒါ... ဒါတွေ အားလုံးက တကယ်ပဲလား။”

အန်းရန်က တိုးတိုးလေး ရေရွတ်လိုက်မိ၏။ သူမ၏စကာကို ကြားသောအခါ ရှောင်းယီက ပြုံးလိုက်သည်။

“တကယ် ဟုတ်မဟုတ် မြည်းကြည့်လိုက်လေ။ ငါ အများကြီး မယူလာခဲ့မိတော့ လောလောဆယ် ဒါလေးနဲ့ပဲ ဖြစ်သလို စားလိုက်ဦးနော်။”

“ဖြစ်သလို...ဟုတ်လား။”

အန်းရန်က အံ့သြတကြီး ပြောလိုက်မိသည်။

စားပွဲပေါ်တွင် ကြက်ဥ၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ ရှိနေ၏။ သူမ ဟင်းသီးဟင်းရွက် မစားရသည်မှာ ဘယ်လောက်တောင် ကြာပြီနည်း။

ဤကမ္ဘာသို့ ရောက်သည်မှာ တစ်လခွဲခန့်သာ ရှိသေးသော်လည်း သူမအတွက်မူ ဟင်းသီးဟင်းရွက် မမြင်ရသည်မှာ နှစ်နှင့်ချီနေပြီဟုပင် ခံစားနေခဲ့ရလေသည်။

“ဒီအတိုင်း ထိုင်မနေနဲ့...စားတော့။ စားပြီးရင် ငါတို့ သူတို့နဲ့ စာရင်းသွားရှင်းရဦးမယ်။”

ရှောင်းယီက ရယ်မောရင်း ပြောလိုက်သည်။

အန်းရန်က ခေါင်းငြိမ့်ကာ မိန်းကလေးဆန်ဆန် မူနေခြင်းမျိုး လုံးဝမရှိတော့ဘဲ စားပွဲပေါ်ရှိ အစားအစာအားလုံးကို အငမ်းမရ စားသောက်တော့လေသည်။

ဤကမ္ဘာသို့ ရောက်လာကတည်းက အန်းရန် စားခဲ့ရသော အစားအစာများတွင် ဆီလည်းမပါ၊ ဆားလည်း မပါခဲ့ပေ။ယခုကဲ့သို့ ဆီနှင့် ဆားပါသော အစားအစာများကို ရုတ်တရက် စားလိုက်ရသောအခါ အန်းရန်မှာ သူမ၏ လျှာကိုပါ မျိုချမိတော့မတတ် ခံစားနေရသည်။

စားသောက်ပြီးနောက် အန်းရန်သည် အသံအတော်လေး ကျယ်သော လေတက်သံတစ်ခု ထွက်သွားခဲ့သဖြင့် ရှောင်းယီကို အားနာသလို ကြည့်လိုက်၏။

“ဟားဟား ဗိုက်ဝသွားရင် ရပါပြီ။ ကဲ...အခု အပြင်ထွက်ပြီး သူတို့နဲ့ စာရင်းသွားရှင်းရအောင်။”

ရှောင်းယီက ပြောလိုက်ပြီး အန်းရန်ကို အပြင်သို့ ခေါ်ဆောင်လာခဲ့သည်။

ရှောင်းယီ၏ ညွှန်ကြားချက်အတိုင်း ရွက်သင်္ဘောသည် ကွေ့ဝိုက်မောင်းနှင်ကာ ဟုန်ရှောင်ယန်တို့ရှိရာသို့ ပြန်လှည့်လာခဲ့သည်။

နောက်က ငါးမန်းကြီးသည်လည်း ဇွဲမလျှော့ဘဲ လိုက်နေဆဲပင်။

ထိုအချိန်တွင် ဟုန်ရှောင်ယန်နှင့် ဝေစုန့်တို့နှစ်ဦးမှာ လှေပေါ်တွင် လုံးထွေးသတ်ပုဒ်နေကြတုန်းပင် ဖြစ်သည်။

ငါးမန်းကြီး မပြတ်လိုက်နေသည်ကို မြင်သောအခါ ရှောင်းယီက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“ရှောင်ယောက် ခုနက နှစ်တိုက်မိတာ သင်္ဘောကိုယ်ထည် ပျက်စီးသွားတာ ရှိလား။”

“မရှိပါဘူး။ စကြဝဠာသတ္တုစပ်ရဲ့ မာကျောမှုအရ သူတို့ ဖျက်ဆီးလို့ မရပါဘူး။”

ရှောင်ယောက်က ချက်ချင်း ပြန်ဖြေလိုက်သည်။ ရှောင်ယောက်၏ အဖြေကို ကြားသောအခါ ရှောင်းယီ အံ့သြသွားခဲ့သည်။

“ဒီ စကြဝဠာသတ္တုစပ်က တကယ်ပဲ အဲဒီလောက်တောင် မာတယ်လား။”

“ဟုတ်ပါတယ်။ စိတ်ချလက်ချ နေပါ။”

ရှောင်ယောက်က ပြန်ဖြေလိုက်သည်။ထိုအခါမှသာ ရှောင်းယီ စိတ်အေးသွားတော့၏။ သူသည် နောက်မှ လိုက်လာသော ငါးမန်းကို တစ်ချက်ကြည့်ကာ အောက်သို့ ငုံ့၍ စဉ်းစားနေလိုက်သည်။

“ခဏလေး ရွက်သင်္ဘောက ပြန်လာနေပြီ။ ငါတို့ အချင်းချင်း ရန်ဖြစ်နေတာ ခဏရပ်လိုက်ရအောင်။ အန်းရန် ဘယ်လို ရေထဲကျသွားလဲဆိုတာ သူ မမြင်လိုက်ရင် ငါတို့ နှစ်ယောက်လုံးကို သင်္ဘောပေါ် တင်သွားပေးလောက်မှာပါ။”

ဟုန်ရှောင်ယန်က တိုးတိုးလေး ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ ဝေစုန့်သည် ချက်ချင်းပင် သူ၏လက်ကို လွှတ်လိုက်ပြီး နှာခေါင်းတစ်ချက် ရှုံ့ကာ ဘေးသို့ လျှောက်သွားလိုက်သည်။

“ဟေး ကျွန်မတို့ကို ကယ်ပါဦး။”

ဟုန်ရှောင်ယန်သည် ရှောင်းယီကို ချက်ချင်း လက်ယမ်းပြလိုက်၏။

“ရှင်သာ ကျွန်မကို ကယ်မယ်ဆိုရင် ရှင်ခိုင်းတာ မှန်သမျှ ကျွန်မ လုပ်ပေးပါ့မယ်။”

ထိုသို့ပြောရင်းနှင့် သူမသည် မြူဆွယ်သော ပုံစံမျိုး လုပ်ပြလိုက်သည်။

“အရှက်မရှိလိုက်တာ။”

အန်းရန်က ရှောင်းယီ၏ ဘေးမှနေ၍ ရွံရှာစွာ ရေရွတ်လိုက်၏။ ရှောငယီသည် အန်းရန်၏ လက်ကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်ပြီး ဟုန်ရှောင်ယန်ကို လှောင်ပြောင်သော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ခုနက တစ်ယောက်ယောက်က အန်းရန်ကို ပင်လယ်ထဲ တွန်းချလိုက်တာ ငါ အသေအချာ မြင်လိုက်တယ်။ ဘယ်သူလဲ။ ကိုယ့်ဘာသာကိုယ် ရှေ့ထွက်ခဲ့စမ်း။”

ဟုန်ရှောင်ယန်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ဝေစုန့်ကို ချက်ချင်း လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“သူပဲ...။ ကျွန်မက အားနွဲ့တဲ့ မိန်းကလေးတစ်ယောက်ပါ။ အဲ့လောက်အထိ ဘယ်လိုလုပ် ရက်စက်နိုင်မှာလဲ။”

“နင်ပဲ ငါ့ကို ရေထဲ တွန်းချတာ။”

အန်းရန် မအောင့်နိုင်တော့ဘဲ ရှေ့တက်ကာ ပြောချလိုက်သည်။ ရှောင်းယီက ဟုန်ရှောင်ယန်ကို ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။

“မင်းဘာသာ မင်း ခုန်ဆင်းမလား။ ဒါမှမဟုတ် ငါက တွန်းချပေးရမလား။”

“မဟုတ်ဘူး...ကျွန်မ မဟုတ်ဘူး။”

ဟုန်ရှောင်ယန်က အော်ဟစ်ငိုယိုတော့လေသည်။

“တကယ် ကျွန်မ မဟုတ်ပါဘူး။ ရှင် အမြင်မှားတာ ဖြစ်မှာပါ။”

“မင်း အန်းရန်ကို တွန်းချလိုက်ကတည်းက ဒီလိုရလဒ်မျိုး ဖြစ်လာမယ်ဆိုတာ သိထားသင့်တယ်။”

ရှောင်းယီက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

“မဟုတ်ဘူး။ တကယ် ကျွန်မ မဟုတ်ပါဘူး။ အဲဒီတုန်းက အခြေအနေက...”

ဟုန်ရှောင်ယန်က ဆင်ခြေပေးရန် ကြိုးစားနေဆဲပင်။

ထိုစဉ် ဘေးတွင် ရပ်နေသော ဝေစုန့်သည် ရုတ်တရက် ခုန်အုပ်လိုက်ပြီး ဟုန်ရှောင်ယန်ကို လှေအစွန်းဘက်သို့ အတင်း တွန်းပို့လိုက်၏။

ဟုန်ရှောင်ယန်သည် မသိစိတ်ဖြင့် တစ်ဖက်လူ၏ အဝတ်ကို လှမ်းဆွဲလိုက်ရာ ဝေစုန့်ပါ လှေအစွန်းတွင် မှောက်လျက်သား ပါသွားတော့လေသည်။

ဗွမ်း!

ဟုန်ရှောင်ယန် ရေထဲသို့ ကျသွားသော်လည်း သူမ၏ လက်များက ဝေစုန့်၏ အဝတ်ကို မြဲမြံစွာ ဆုပ်ကိုင်ထားဆဲပင်။

“မြန်မြန် ငါ့ကို ဆွဲတင်စမ်း။ မဟုတ်ရင် ငါတို့ နှစ်ယောက်လုံး သေလိမ့်မယ်။”

ဟုန်ရှောင်ယန်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

“မသာမ ဘယ်သူက နင်နဲ့အတူ သေချင်လို့လဲ။”

ဝေစုန့်သည် သူမ၏ လက်ကို အတင်းဖြုတ်ကာ ပင်လယ်ထဲသို့ တွန်းချလိုက်တော့သည်။

“မဟုတ်ဘူး...။”

ဟုန်ရှောင်ယန်မှာ အသေကုန် အော်ဟစ်နေသော်လည်း သူမ၏ အားမှာ ဝေစုန့်ကို မယှဉ်နိုင်ပေ။

သို့သော် အသက်ရှင်လိုစိတ်က သူမ၏ စိတ်ကို လွှမ်းမိုးထားသဖြင့် လှေငယ်ဆီသို့ အတင်းကူးခပ်လာကာ ပြန်တက်ရန် ကြိုးစားလိုက်လေသည်။

ထိုစဉ် ဝေစုန့်သည် သူ့အနီးရှိ သံလှံကို ချက်ချင်း ဆွဲယူကာ ရေထဲရှိ ဟုန်ရှောင်ယန်ကို ထိုးနှက်တော့၏။

ဟုန်ရှောင်ယန်မှာ နောက်ဆုတ် ရှောင်တိမ်းနေရသဖြင့် သစ်သားလှေအနားသို့ မကပ်နိုင်တော့ပေ။

ဤသည်မှာ အမှန်တကယ် “ဝဋ်ဆိုတာ လည်တတ်တယ်” ဟူသော စကားအတိုင်းပင်ဖြစ်သည်။ ဟုန်ရှောင်ယန်သည် အစောက အန်းရန်အပေါ် ထိုသို့ ပြုမူခဲ့ပြီး ယခုအခါ သူမကိုယ်တိုင် ဝေစုန့်၏ နှိပ်စက်မှုကို ပြန်လည်ခံစားနေရပြီ ဖြစ်သည်။

“ဝေစုန့် နင် သူတောင်းစားကောင်...ငါ သေရင်တောင် နင့်ကို ခွင့်မလွှတ်ဘူး။”

ဟုန်ရှောင်ယန်သည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ရူးသွပ်စွာ ဆဲဆိုတော့လေသည်။

ရှောင်းယီသည် ထိုနှစ်ယောက် အချင်းချင်း သတ်ဖြတ်နေကြသည်ကို တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်နေပြီး ဝင်ရောက် မစွက်ဖက်ဘဲ ခွေးကိုက်သလို ကိုက်နေကြသည်ကို လွှတ်ထားလိုက်လေသည်။

ဟုန်ရှောင်ယန် သစ်သားလှေအနား မကပ်နိုင်တော့သည်ကို မြင်သောအခါ ဝေစုန့်သည် ရှောင်ယီအား ချက်ချင်းပင် ဖားယားတော့၏။

“ညီလေး အန်းရန်ကို ရေထဲတွန်းချတဲ့သူကို ငါ ရှင်းလိုက်ပါပြီ။ ငါ့ကို မင်းနောက် လိုက်ခွင့်ပြုပါ။ ငါ မင်းဘေးနားက သစ္စာအရှိဆုံး ခွေးတစ်ကောင် ဖြစ်ပေးဖို့ အသင့်ပါပဲ။”

အန်းရန်သည် ရှောင်းယီ၏ အဝတ်ကို နောက်မှနေ၍ ဆွဲလိုက်၏။ ရှောင်းယီက ဤကဲ့သို့ ယုတ်ညံ့သော လူစားမျိုးကို လက်အောက်ငယ်သားအဖြစ် လက်ခံလိုက်မည်ကို သူမ တကယ်ပင် စိုးရိမ်နေမိသည်။

ရှောင်းယီက သူမကို စိတ်အေးအေးထားရန် ပြုံးပြလိုက်ပြီး ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။

“မလိုပါဘူး။ ငါတို့အိမ်မှာ ဝမ်ချိုင်ရှိတယ်။ အဲဒါနဲ့တင် လုံလောက်ပြီ။ မင်းက ဟုန်ရှောင်ယန်နဲ့ ပေါင်းပြီး အန်းရန်ကို အနိုင်ကျင့်ခဲ့တယ်။ ဒါကို ငါက မင်းကို လွှတ်ပေးမယ် ထင်နေတာလား။ မင်းဘာသာ ရေထဲ ခုန်ဆင်းလိုက်စမ်း။”

“မဟုတ်ဘူး...သခင်ကြီး။ ကျုပ် ဘာမှ မလိုချင်ပါဘူး။ ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ။”

ဝေစုန့့်က ချက်ချင်း ငိုယိုကာ တောင်းပန်တော့လေသည်။

“မင်းမှာ ၁၀ စက္ကန့်ပဲ အချိန်ရှိတယ်။”

ရှောင်းယီက သူ၏ တောင်းပန်မှုကို လုံးဝ လျစ်လျူရှုကာ ပြတ်သားစွာ ပြောလိုက်၏။

ဝေစုန့်သည် သူ၏စိတ်ကို တင်းကာ သစ်သားလှေကို အမြန်လှော်၍ ထွက်ပြေးရန် ကြိုးစားတော့လေသည်။

“ငါကိုယ်တိုင်ပဲ လုပ်ရတော့မယ် ထင်တယ်။”

ရှောင်းယီသည် ဂဏန်းပင် မရေတွက်တော့ဘဲ ရွက်သင်္ဘောဖြင့် သစ်သားလှေနောက်သို့ လိုက်တော့သည်။

သစ်သားလှေအနားသို့ ရောက်သောအခါ ရှောင်းယီသည် ရွက်သင်္ဘောပေါ်မှ တိုက်ရိုက် ခုန်ချလိုက်၏။

“အား!”

အန်းရန်က ထိတ်လန့်တကြား အော်လိုက်မိသည်။

ဤသည်မှာ ပင်လယ်ပြင်ကြီးထဲ၌ ဖြစ်ပြီး ရွက်သင်္ဘောက သစ်သားလှေထက် အတော်လေး မြင့်သည် မဟုတ်ပါလား။

လှေနှစ်စီးလုံးကလည်း ရွေ့လျားနေကြသေးသည်။ အကယ်၍ သူ နေရာမှားတွက်မိပြီး ပင်လယ်ထဲသို့ တိုက်ရိုက်ကျသွားခဲ့လျှင် အန္တရာယ် ရှိနိုင်ပေသည်။

ဘုန်း!

ရှောင်းယီသည် သစ်သားလှေပေါ်သို့ တည်တည်ငြိမ်ငြိမ်ပင် ဆင်းသက်နိုင်ခဲ့ပြီး လှေတစ်စီးလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

“ကောင်းတယ်။”

ရှောင်းယီ ခုန်ဆင်းလာသည်ကို မြင်သောအခါ ဝေစုန့်သည် စိုးရိမ်မည့်အစား ဝမ်းသာသွား၏။

သူသာ သူ့ရှေ့က လူကို ရှင်းပစ်လိုက်နိုင်လျှင် ရွက်သင်္ဘောနှင့် အန်းရန် နှစ်ခုစလုံးမှာ သူ့အပိုင် ဖြစ်လာတော့မည်ဖြစ်သည်။

ထို့ပြင် ဟိုဟုန်ရှောင်ယန်ဆိုတဲ့ ဖာသည်မမှာလည်း သေမှာ သေချာသွားပြီဖြစ်၏။ သူမသည် သူနှင့် အန်းရန်ကြားမှာ နောက်ထပ် ဘယ်တော့မှ အနှောင့်အယှက် ပေးနိုင်တော့မည် မဟုတ်ပေ။

ရှောင်ယီသာ လှေပေါ် ခုန်မဆင်းလာပါက သစ်သားလှေပေါ်မှ ရွက်သင်္ဘောပေါ်သို့ တက်ရန် မလွယ်ကူသဖြင့် သူ့ကို ရှင်းပစ်ရန် နည်းလမ်းမရှိခဲ့ပေ။

“ကောင်းကင်က ငါ့ကို ကူညီလိုက်တာပဲ။”

ဝေစုန့်သည် ရွက်သင်္ဘောပေါ်တွင် ဇိမ်ကျကျ နေထိုင်ရမည့် ဘဝကိုပင် မြင်ယောင်နေပုံရသည်။

“သေလိုက်စမ်း...။”

All Chapters