ငါးမန်းလည်း အပြစ်ပေးခံရမယ်နှင့် ခြောက်လှန့်မောင်းထုတ်ခြင်း
Vol. 7 Ch. 104
ထိုခဏအတွင်း ဝေစုန့်၏ ဦးနှောက်ထဲ၌ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားခဲ့သည်။ သူသည် လုံးဝတွန့်ဆုတ်မနေဘဲ သံလှံကို မြှောက်ကာ ရှောင်းယီထံသို့ ချက်ချင်း ထိုးနှက်လိုက်တော့၏။
“သတိထား!”
အန်းရန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သို့သော် ရှောင်းယီသည် နေရာမှပင်မရွေ့ဘဲ ဝေစုန့်ကို လှောင်ပြောင်သော မျက်နှာထားဖြင့် ကြည့်နေခဲ့သည်။
ဝေစုန့်၏ လှံဖျားသည် ရှောင်းယီ၏ ရင်ဘတ်နားသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သော်လည်း ရှောင်းယီသည် လျှပ်စီးကဲ့သို့ မြန်ဆန်သော လက်အရှိန်ဖြင့် လှံဦးကို သူ၏ လက်ညှိုးနှင့် လက်ခလယ်ကြားတွင် တိကျစွာ ညှပ်ပစ်လိုက်လေသည်။
သံလှံသည် ရှောင်းယီ၏ ရှေ့တွင် ချက်ချင်းပင် ရပ်တန့်သွားခဲ့၏။
ဝေစုန့်မှာ ကြောင်အသွားပြီးနောက် သူ၏ အားရှိသမျှ သုံး၍ သံလှံကို အတင်း ရှေ့သို့ ထိုးစိုက်ရန် ကြိုးစားလိုက်သော်လည်း လက်မဝက်ခန့်ပင် ရှေ့မတိုးခဲ့နိုင်ပေ။
သူသည် အရှုံးမပေးဘဲ အနောက်သို့ အားကုန် ပြန်ဆွဲကြည့်သော်လည်း သံလှံမှာ ရှောင်းယီ၏ လက်တွင် ကပ်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
ထိုအခါမှသာ ဝေစုန့်သည် ရှောင်းယီ၏ ရှေ့တွင် သူ၏ အပြုအမူများမှာ မည်မျှ ရယ်စရာကောင်းနေသည်ကို သိလိုက်ရတော့သည်။
“တကယ်တော့ လူပြက်က ငါကိုယ်တိုင် ဖြစ်နေခဲ့တာပဲ။”
ဝေစုန့်သည် သံလှံကို ချက်ချင်း လွှတ်ချလိုက်ပြီး လှေအိပ်ဆောင် ဘေးတွင် ဒူးထောက်ကာ ရှောင်းယီကို အသက်ချမ်းသာပေးရန် ဦးတိုက် တောင်းပန်တော့လေသည်။
“ကျုပ်ရဲ့ အသိဉာဏ်နည်းမှုကြောင့် လူစွမ်းကောင်းကို မမှတ်မိခဲ့တာပါ။ ကျေးဇူးပြုပြီး သဘောထားကြီးကြီးနဲ့ ကျုပ်အသက်ကို ချမ်းသာပေးပါ။”
ဝေစုန့်က အော်ဟစ်ပြောဆိုလိုက်၏။
ရှောင်းယီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သံလှံကို ညှပ်ထားသော သူ၏ လက်ကောက်ဝတ်ကို ခါယမ်းလိုက်ရာ သံလှံသည် လေထဲတွင် ဝဲပျံသွားပြီး ၎င်း၏ အရိုးကို ရှောင်းယီက တည်ငြိမ်စွာပင် ဖမ်းကိုင်လိုက်လေသည်။
ထို့နောက် သူသည် လှံဖြင့် ဝှေ့ယမ်း ရိုက်ထုတ်လိုက်ရာ ဝေစုန့်မှာ လွင့်စင်သွားပြီး သစ်သားလှေ၏ အမိုးတစ်ဝက်ပင် ပျက်စီးသွားတော့သည်။
ထိုအချိန်တွင် ငါးမန်းကြီးမှာလည်း အနားသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ရေထဲသို့ ကျသွားပြီဖြစ်သော ဝေစုန့်နှင့် ဟုန်ရှောင်ယန်တို့သည် ငါးမန်း၏ အာရုံကို ဆွဲဆောင်လိုက်ရာ ၎င်းသည် ထိုနှစ်ယောက်ထံသို့ အရှိန်အဟုန်ဖြင့် ကူးခပ်သွားတော့၏။
ထိုနှစ်ယောက်သည် အော်ဟစ်အကူအညီတောင်းရင်း သစ်သားလှေဆီသို့ အသည်းအသန် ကူးခပ်လိုက်ကြသည်။
ရှောင်းယီသည် ထိုနှစ်ယောက်ကို လျစ်လျူရှုကာ သစ်သားလှေပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လျှောက်သွားပြီး ၎င်းကို လက်ဖြင့် ထိလိုက်၏။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဖျက်ဆီးမလား သို့မဟုတ် လက်အောက်ခံအဖြစ် သိမ်းပိုက်မလား ရွေးချယ်ပါ။”
ကျောက်တိုင်မှ သတိပေးသံ ထွက်ပေါ်လာခဲ့လေသည်။
ဤကျောက်တိုင်မှာ ဟုန်ရှောင်ယန် ပိုင်ဆိုင်ခြင်း ဖြစ်သည်။ သူမသည် တစ်ကြိမ် ရွှေ့ပြောင်းခဲ့ပြီးဖြစ်ရာ ယခုအချိန်တွင် ထပ်မံ ရွှေ့ပြောင်း၍ မရနိုင်တော့ပေ။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို တစ်နှစ်လျှင် တစ်ကြိမ်သာ ရွှေ့ပြောင်းခွင့် ရှိပေသည်။ တစ်နှစ်ပြည့်ပြီးမှသာ လီယွီ၏ ကျောက်တိုင်ကို ထပ်မံ ရွှေ့ပြောင်းနိုင်မည် ဖြစ်သည်။
“ဖျက်ဆီးမယ်။”
ရှောင်းယီသည် ကျောက်တိုင်ကို လက်သီးဖြင့် တိုက်ရိုက် ထိုးခွဲလိုက်၏။
ခရက်!
ကျောက်တိုင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။ ရှောင်းယီသည် လှေပေါ်ရှိ အုတ်မြစ်ကျောက်များနှင့် အခြေခံ ထောက်ပံ့ရေး ပစ္စည်းများ အားလုံးကို ငါးဖမ်းပိုက်ဖြင့် ထုပ်လိုက်ပြီး လှေဦးသို့ လျှောက်သွားကာ သူ၏ လက်မောင်းအားကို သုံး၍ ထိုထုပ်ကို ရွက်သင်္ဘောပေါ်သို့ တိုက်ရိုက် ပစ်တင်လိုက်သည်။
“အထဲမှာ စားစရာတွေ ကျန်သေးတယ်။”
သစ်သားလှေပေါ်တွင် စားမကုန်သေးသော အစားအစာအချို့ ရှိနေသေးသဖြင့် အန်းရန်က သတိပေးလိုက်သည်။
“ထားလိုက်ပါ။ ငါတို့မှာ စားစရာ မရှားပါဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ အန်းရန်သည် စောစောက သူမ စားခဲ့ရသော မြိန်ယှက်လှသည့် မနက်စာကို တွေးမိသောအခါ ရှောင်းယီ ပြောသည်မှာ အမှန်ဖြစ်ကြောင်း သိလိုက်သော်လည်း “မရှားပေမဲ့လည်း အလဟဿ မဖြစ်သင့်ဘူး မဟုတ်လား” ဟု မနေနိုင်ဘဲ ပြောလိုက်မိသည်။
“သူတို့ လက်နဲ့ ထိထားတဲ့ အစားအစာတွေကို ငါ ရွံတယ်။”
ရှောင်းယီက ဆိုသည်။
“ကယ်ကြပါဦး...။”
ငါးမန်းကြီးသည် ဝေစုန့်ထံသို့ ပါးစပ်အဟောင်းသားဖြင့် ရောက်ရှိလာပြီ ဖြစ်သည်။
ရှောင်းယီ၏ ခုနက ရိုက်ချက်ကြောင့် သူသည် ၇ မီတာခန့် လွင့်စင်သွားခဲ့ရာ ဟုန်ရှောင်ယန်ထက်ပင် သစ်သားလှေနှင့် ပို၍ ဝေးကွာနေခဲ့၏။
ခရက်!
ငါးမန်းကြီးသည် ဝေစုန့်၏ ကိုယ်အထက်ပိုင်းကို တစ်ချက်တည်းဖြင့် ဟပ်ချလိုက်ရာ ပတ်ဝန်းကျင် ပင်လယ်ရေပြင်မှာ သွေးရောင် လွှမ်းသွားတော့လေသည်။
ဝေစုန့်၏ ကိုယ်အောက်ပိုင်းမှာမူ ရေမျက်နှာပြင်ပေါ်၌ မျောနေဆဲပင်။ ထိုမြင်ကွင်းကို မြင်လိုက်ရသော ဟုန်ရှောင်ယန်သည် ထိတ်လန့်တကြား တုန်ရီသွားတော့သည်။
“ကျွန်မကို ကယ်ပါ။ ရှင်ခိုင်းတာ မှန်သမျှ လုပ်ပါ့မယ်။”
သူမသည် သစ်သားလှေဆီသို့ အသည်းအသန် ကူးခပ်လာခဲ့၏။
ရှောင်းယီသည် သူမကို လုံးဝ ဂရုမစိုက်ဘဲ သစ်သားလှေပေါ်မှ ရွက်သင်္ဘောပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်သည်။
ထိုအခါ အန်းရန်က မျက်လုံးအဝိုင်းသားဖြင့် မယုံနိုင်သလို မေးလိုက်သည်။
“နင့်ရဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုက ဘယ်တုန်းက ဒီလောက်အထိ ကောင်းသွားတာလဲ။”
“ငါ့ခန္ဓာကိုယ်က အမြဲတမ်း ကြံ့ခိုင်ပြီးသားပါနော်။ ဒါကို မင်းက တခြားသူတွေထက် ပိုသိမှာပါ ဟုတ်တယ်မလား “
ရှောင်းယီက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။
“အရှက်မရှိတဲ့လူ...။”
အန်းရန်သည် သူ့ကို လက်သီးဖြင့် ထိုးလိုက်ပြီးနောက် သွေးနံ့ကြောင့် ပို၍ ကြမ်းတမ်းလာသော ငါးမန်းကြီးကို ကြည့်ကာ မျက်မှောင်ကျုံ့လိုက်သည်။
“ငါတို့ မြန်မြန် ထွက်သွားရအောင် “
“မလောပါနဲ့။ နင့်ကို နာကျင်အောင် လုပ်ခဲ့တဲ့သူတွေ ပြစ်ဒဏ်ခံရတာကို ငါ ကြည့်ရဦးမယ်။ မြက်ပင်ကို အမြစ်ပါအောင် တူးရမယ်လေ။”
ရှောင်းယီက တည်ငြိမ်စွာ ပြောလိုက်ရင်း ဟုန်ရှောင်ယန် သစ်သားလှေပေါ်သို့ ခက်ခက်ခဲခဲ တက်နေသည်ကို ကြည့်နေလိုက်သည်။
အန်းရန်က ခေါင်းငြိမ့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
သူမအတွက် အရာရာကို ရင်းနှီးပေးမည့်သူ၊ မိုင်ပေါင်း ထောင်ချီဝေးရာမှ လာကယ်မည့်သူ၊ ထို့အပြင် သူမကို နာကျင်အောင် လုပ်ခဲ့သူမှန်သမျှကို ပြတ်ပြတ်သားသား အပြစ်ပေးမည့်သူမျိုး ရှိနေခြင်းမှာ ဂုဏ်ယူစရာပင်။
ရှောင်းယီ၏ ဘေးတိုက်ပုံရိပ်ကို ကြည့်ရင်း အန်းရန် အလွန်ပင် ပျော်ရွှင်နေမိသည်။
ထိုငါးမန်းကြီးမှာ အလွန်ကြီးမားလှရာ ဝေစုန့်ကို နှစ်လုတ်သုံးလုတ်ဖြင့် မျိုချလိုက်ပြီးနောက် အနီးဆုံးရှိ သစ်သားလှေဆီသို့ ကူးခပ်သွားတော့သည်။
ဟုန်ရှောင်ယန်၏ မျက်နှာမှာ ဖြူလျော့သွားခဲ့ပြီး ရွက်သင်္ဘောဆီသို့ အသည်းအသန် အော်ဟစ်တော့လေသည်။
“ကျွန်မ မှားသွားပါတယ်။ ကယ်ပါဦး။”
ခရက်!
ငါးမန်းကြီးသည် သစ်သားလှေ၏ တစ်ဝက်ကို တစ်ချက်တည်းဖြင့် ကိုက်ခွဲလိုက်၏။ သွေးနံ့ကြောင့် ၎င်းသည် အလွန်အမင်း ရက်စက်ကြမ်းတမ်းနေပြီး ၎င်း၏ ရှေ့တွင် မြင်သမျှ အရာအားလုံးကို ဖျက်ဆီးချင်နေပုံရသည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိတော့သဖြင့် ဟုန်ရှောင်ယန်မှာလည်း သစ်သားလှေကို အချိန်မီ ပြန်ပြင်နိုင်စွမ်း မရှိတော့ပေ။
ရှောင်းယီသည် ရွက်သင်္ဘောပေါ်တွင် တည်တည်ငြိမ်ငြိမ် ရပ်နေဆဲဖြစ်ပြီး အရာအားလုံးကို အေးအေးဆေးဆေး စောင့်ကြည့်နေသည်ကို မြင်သောအခါ ဟုန်ရှောင်ယန်သည် သူမတွင် အခွင့်အရေး မရှိတော့မှန်း သိလိုက်ပြီး ကျယ်လောင်စွာ ဆဲဆိုတော့လေသည်။
“နင့်ကို ငါ ကျိန်စာတိုက်...”
ထိုစဉ် ငါးမန်းကြီးသည် ရေထဲမှ တိုက်ရိုက် ခုန်တက်ကာ သူမကို ရေထဲသို့ ဆွဲချသွားသဖြင့် သူမ၏ ကျိန်စာသံမှာ ဆုံးပင်မဆုံးလိုက်ပေ။
“သွားကြရအောင်...။”
ဟုန်ရှောင်ယန် သေဆုံးသွားသည်ကို မြင်သောအခါ အန်းရန်က ပြောလိုက်သည်။ သို့သော် ရှောင်းယီသည် ခေါင်းခါပြကာ “အပြစ်ပေးဖို့ တစ်ကောင် ကျန်သေးတယ်။” ဟု ပြောလာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
“ဘယ်သူလဲ”
အန်းရန်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။ ဝေစုန့်နှင့် ဟုန်ရှောင်ယန်တို့သည်လည်း ငါးမန်းဝမ်းဗိုက်ထဲ ရောက်ကုန်ပြီ မဟုတ်ပါလား။
ထိုအခါ ရှောင်းယီက ငါးမန်းကြီးကို ညွှန်ပြလိုက်သည်။
“ဒါကြီးက ခုနက မင်းကို စားတော့မလို့လေ။ အဲ့ဒါကို အလွယ်တကူ လွှတ်ပေးလို့ မရဘူး။”
“ဟင်...နင် တကယ်ပဲ အဲ့ဒီငါးမန်းကို သတ်ပစ်မလို့လား။”
အန်းရန်က သူမ၏ပါးစပ်ကို လက်ဖြင့် အုပ်ကာ ထိတ်လန့်တကြား မေးလိုက်၏။
“အနည်းဆုံးတော့ သင်ခန်းစာ ပေးရမယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ရှောင်ယောက် အဲ့ကောင်ကို ချိန်ပြီး အတင်း ဝင်တိုက်စမ်း။”
“ဟုတ်ကဲ့။”
ရွက်သင်္ဘော၏ ဉာဏ်ရည်တုအကူသည် ရှောင်းယီ၏ အမိန့်ကို အပြည့်အဝ နာခံလိုက်၏။ ၎င်းသည် တွန့်ဆုတ်မနေဘဲ ရွက်သင်္ဘောကို စတင်မောင်းနှင်ကာ ငါးမန်းဆီသို့ အရှိန်ဖြင့် ဦးတည်သွားတော့သည်။
ဘုန်း!
ရွက်သင်္ဘောသည် ငါးမန်း၏ ဘေးဘက်သို့ အရှိန်ဖြင့် ဝင်တိုက်လိုက်ရာ ဟုန်ရှောင်ယန်ကို ဝါးမြိုနေသော ငါးမန်းကြီးမှာ ၂ မီတာ၊ ၃ မီတာခန့် လွင့်ထွက်သွားပြီး သင်္ဘောလည်း ရပ်တန့်သွားခဲ့သည်။
ရွက်သင်္ဘောမှာ အရှိန်ပြင်းပြင်းမှ ချက်ချင်း ရပ်တန့်သွားသဖြင့် အန်းရန်မှာ လွင့်ထွက်သွားလုနီးပါး ဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ရှောင်းယီက သူမကို အချိန်မီ ဖမ်းထိန်းနိုင်ခဲ့၏။
ငါးမန်းကြီးမှာ မူးဝေသွားပုံပုံရသည်။ ၎င်းသည် ကိုယ်ကို ပြန်ထိန်းကာ ရွက်သင်္ဘောထံသို့ ကြမ်းတမ်းစွာ ပြန်လည် ပြေးဝင်လာပြန်သည်။
“လာခဲ့စမ်းပါ။ ဆက်တိုက်စမ်း။”
ရှောင်းယီက အေးစက်စွာ ပြောလိုက်ပြီး လက်တစ်ဖက်ဖြင့် အန်းရန်ကို ဖက်ကာ ကျန်လက်တစ်ဖက်ဖြင့် သင်္ဘောအစွန်းကို မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်သည်။
ဘုန်း!
ဤကဲ့သို့ ထိတ်တိုက်တိုက်မိမှုကြောင့် ရွက်သင်္ဘောသည် ငါးမန်း၏ တိုက်ချက်ကြောင့် မီတာ အနည်းငယ်မျှ နောက်ဆုတ်သွားခဲ့ရ၏။ ငါးမန်းကြီးမှာလည်း သက်သာလှသည်မဟုတ်ဘဲ ၎င်း၏ ဦးခေါင်းတစ်ခုလုံးမှာ ချိုင့်ဝင်သွားတော့သည်။
“ရှောင်ယောက် သင်္ဘော ပျက်စီးသွားတာ ရှိလား။”
ရှောင်းယီက စိုးရိမ်တကြီး မေးလိုက်သည်။
“မရှိပါဘူး၊ စိတ်ချပါ။”
ရှောင်ယောက်က ပြန်ဖြေလိုက်သည်။
“သိပ်ကောင်းတယ်။ ဒါဆို ဆက်တိုက်စမ်း။”
ရှောင်းယီက ဆိုသည်။
ရွက်သင်္ဘောသည် ငါးမန်းထံသို့ ထပ်မံ ပြေးဝင်သော်လည်း ယခုတစ်ကြိမ်တွင်မူ ငါးမန်းကြီးသည် ရေအောက်သို့ ချက်ချင်း ငုပ်လျှိုးသွားတော့သည်။
၎င်းမှာ ကြောက်သွားပြီ ဖြစ်သည်။
ရွက်သင်္ဘောသည် ငါးမန်းရှိခဲ့သော နေရာသို့ ဖြတ်မောင်းသွားသော်လည်း ပစ်မှတ်မှာ လွဲချော်သွားခဲ့သည်။
သင်္ဘောပေါ်ရှိ ရေဒါမှတစ်ဆင့် ငါးမန်းကြီးသည် ရေအောက်သို့ အလျင်အမြန် ငုပ်ဆင်းသွားသည်ကို မြင်ရပြီး မကြာမီမှာပင် ရေဒါမြေပုံပေါ်မှ ပျောက်ကွယ်သွားတော့သည်။
“ငါးမန်းက ပင်လယ်ကြမ်းပြင်အထိ ငုပ်သွားပါပြီ။ ကျုပ်တို့ လိုက်လို့ မရတော့ပါဘူး။”
ရှောင်ယောက်က အစီရင်ခံလာခဲ့သည်။
“ဒီတစ်ခါတော့ သူ့ကို လွှတ်ပေးလိုက်မယ်။ ကဲ...အိမ်ပြန်ကြစို့။ အရှိန်အပြည့်နဲ့သာ မောင်းတော့။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့။”
ရှောင်ယောက်က တုံ့ပြန်ကာ သင်္ဘော၏ ဦးတည်ချက်ကို ပြင်ဆင်ပြီးနောက် အရှိန်အဟုန်ဖြင့် မောင်းထွက်သွားတော့သည်။