ရှောင်းယီ၏ကျွန်းကို ပထမဆုံးမြင်ရချိန်၌ အံ့အားသင့်သွားခြင်း
Vol. 7 Ch. 105
“အစောက တည်နေရာပြကိရိယာမှာ ပြထားတဲ့အတိုင်းဆိုရင် ငါတို့ ရှောင်းယီရဲ့ ကျွန်းနဲ့ အရမ်းနီးနေပြီ။”
ကျန်းယွင်ထျန်းသည် ပဲ့ခန်းထဲမှ ထွက်လာပြီး မိုးကုတ်စက်ဝိုင်းအစွန်းသို့ လှမ်းကြည့်လိုက်သည်။
ပြာလဲ့သော ပင်လယ်နှင့် တောက်ပသော ကောင်းကင်ယံကြားတွင် ဝါကျင့်ကျင့် အစိမ်းရောင် အစက်အပြောက်လေးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျန်းယွင်ထျန်းသည် ထိုအရောင်ကို အံ့သြတကြီး ကြည့်နေမိခဲ့သည်။ ၎င်းမှာ ကျွန်းငယ်လေးတစ်ကျွန်း ဖြစ်ပြီး ကျွန်းငယ်ဟု ဆိုသော်လည်း သူ၏ ယခင်ကျွန်းထက် များစွာ ပို၍ကြီးမားနေ၏။
ကျွန်းပေါ်ရှိ သစ်ပင်များ၏ အရွက်များသည် ရာသီဥတုကြောင့် အနည်းငယ် ဝါကျင့်ကျင့်ဖြစ်နေသော်လည်း ဝေဆာနေဆဲပင်။
ကျွန်း၏ အလယ်ဗဟို၌ ကုန်းမြင့်လေးတစ်ခုပင် ထွက်ပေါ်နေသေးသည်။
ကျန်းယွင်ထျန်းသည် သူ၏ ရွက်လှေကို အရှိန်လျှော့ချလိုက်ပြီး ကျွန်းငယ်လေးဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားလိုက်သည်။
အနားသို့ ရောက်သောအခါ ကမ်းခြေတွင် တပ်ဆင်ထားသော ဧရာမဒူးလေးကြီးကို ကျန်းယွင်ထျန်း မြင်လိုက်ရ၏။ ၎င်းတွင် တပ်ဆင်ထားသော မြားချောင်းကြီးများသည် တစ်မီတာကျော် ရှည်လျားပြီး သတ္တုမြားထိပ်ဖျားများမှာ သတ္တုရောင်အလင်းများ ထင်ဟပ်နေခဲ့သည်။
အကယ်၍ ထိုမြားနှင့်သာ အပစ်ခံရလျှင် သူသည် သေချာပေါက် ထိုးဖောက်ခံရလိမ့်မည်ဟု ကျန်းယွင်ထျန်း ယုံကြည်ပေသည်။
ထိုအချိန်တွင် ကျွင်းကျွင်းသည်လည်း အပြင်သို့ ထွက်လာခဲ့၏။ သူသည် အရှေ့က ကျွန်းကို ကြည့်ကာ မေးလိုက်သည်။
“ဖေဖေ...ဒါ ဦးဦးရှောင်းယီရဲ့ ကျွန်းလား။”
“ဟုတ်လိမ့်မယ်။ ဒါပေမဲ့ ဦးဦးရှောင်းယီက အခု ကျွန်းပေါ်မှာ မရှိဘူး။ သူပြန်လာမှ အဖေတို့ အပေါ်တက်လို့ ရမယ်။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဟုတ်...။”
ကျွင်းကျွင်းက ခေါင်းငြိမ့်ပြကာ သူတို့အရင်ကျွန်းထက် အဆပေါင်းများစွာ ကြီးမားသော ကျွန်းကြီးကို စူးစမ်းစွာ ကြည့်နေတော့လေသည်။
ကျန်းယွင်ထျန်းသည် လှေကို ကျွန်း၏ အစွန်းဘက်သို့ ဖြည်းဖြည်းချင်း မောင်းနှင်ကာ ရပ်တန့်လိုက်၏။ ထိုစဉ်...
“ဝုတ် ဝုတ် ဝုတ်!”
ကျွန်းပေါ်မှ ကျေးလက်ခွေးတစ်ကောင် ပြေးထွက်လာပြီး ကျန်းယွင်ထျန်းကို ကြည့်ကာ အဆက်မပြတ် ဟောင်တော့သည်။
ကျန်းယွင်ထျန်း ၎င်းကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာထားမှာ တည်ကြည်သွားခဲ့၏။ သူ့ရှေ့ရှိ ခွေးမှာ သာမန်ကျေးလက်ခွေးတစ်ကောင် ဖြစ်သော်လည်း ၎င်းထံမှ ဖိအားတစ်ခုကို သူ ခံစားနေရသည်။
ကြေးစားစစ်သားတစ်ယောက်အနေဖြင့် ခွေးနှင့် တိုက်ခိုက်ခြင်းမှာ သူ၏ အခြေခံအရည်အချင်း ဖြစ်သော်လည်း ဤခွေးနှင့်သာ ရင်ဆိုင်ရလျှင် သူ သေသွားနိုင်သည်ဟု ကျန်းယွင်ထျန်း ခံစားနေရ၏။
“ဒါ ရှောင်းယီပြောတဲ့ ဝမ်ချိုင် ဖြစ်ရမယ်။ တကယ့်ကို ခန့်ညားတာပဲ။”
ကျန်းယွင်ထျန်း သက်ပြင်းချလိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“မင်းက ဝမ်ချိုင် မဟုတ်လား။ ငါက ရှောင်းယီရဲ့ သူငယ်ချင်းပါ။ ရှောင်းယီ ပြန်မလာမချင်း ငါ ကျွန်းပေါ် မတက်ပါဘူး။”
ကျန်းယွင်ထျန်း၏ အော်သံကို ကြားသောအခါ ဝမ်ချိုင်က နှစ်ချက်ဟောင်လိုက်၏။ သူ နားလည်သည်လား၊ မလည်သည်လား မသိသော်လည်း ကျွန်းထဲသို့ ပြန်လှည့်ပြေးသွားတော့လေသည်။
“ခန့်ညားရုံတင်မကဘူး ဉာဏ်လည်း အရမ်းကောင်းတယ်။”
ကျန်းယွင်ထျန်းက မှတ်ချက်ပေးလိုက်ပြီး အိပ်ဆောင်ထဲ၍ ငါးကင်ရန် ပြင်ဆင်လိုက်လေသည်။
အစောပိုင်းက ငါးမန်းအုပ်နှင့် ကြုံရစဉ် ကျန်းယွင်ထျန်းသည် ဆန့်ကျင်ဘက်အရပ်သို့ အတော်ဝေးဝေးအထိ မောင်းနှင်ခဲ့ရရာ သူ၏နောက်မှ လိုက်လာသော လှေငယ်မှာလည်း ဘယ်အချိန်က ပျောက်သွားမှန်းပင် မသိတော့ပေ။
“ငါးမန်းတွေ စားပစ်လိုက်တာများလား။”
ကျန်းယွင်ထျန်းက ရေရွတ်လိုက်၏။
“နှမြောစရာပဲ။”
ကျန်းယွင်ထျန်းသည် ထိုလူ လှုပ်ရှားလာမည့်အချိန်ကို စောင့်နေခဲ့သော်လည်း တစ်ဖက်လူမှာ အဝေးမှသာ လိုက်လာပြီး ဘာမှ မလုပ်သဖြင့် ကျန်းယွင်ထျန်းမှာ လက်ယားနေခဲ့ရသည်။
“ကဲ မနက်စာ စားရအောင်။”
ကျန်းယွင်ထျန်းက ငါးကင်ကို ကျွင်းကျွင်းထံသို့ ကမ်းပေးလိုက်သည်။ ကျွင်းကျွင်းက တစ်လုပ်စားပြီးနောက် ပြောလိုက်၏။
“ဖေဖေ...ဖေဖေ့လက်ရာက တိုးတက်ဖို့ လိုနေသေးတယ်။”
“ဒီကောင်လေးကတော့ စားစရာရှိတာကိုပဲ ကံကောင်းလှပြီ။ အခုလာပြီး ဂျီးများနေသေးတယ်။”
ကျန်းယွင်ထျန်းက ရယ်မောရင်း ဆူပူလိုက်သည်။
“ဝုတ် ဝုတ် ဝုတ်”
ထိုအချိန်တွင် ဝမ်ချိုင်သည် သူတို့လှေအနားသို့ တစ်ဖန်ပြန်ရောက်လာပြီး ဟောင်လိုက်ပြန်သည်။
ကျန်းယွင်ထျန်း ချက်ချင်း အပြင်ထွက်ကြည့်လိုက်၏။ သူ့ကို မြင်သောအခါ ဝမ်ချိုင်က နှစ်ချက်ဟောင်ပြီး ကမ်းခြေအတိုင်း တစ်ဖက်သို့ ပြေးထွက်သွားခဲ့သည်။
“တစ်ခုခု ဖြစ်ပြီထင်တယ်။”
ကျန်းယွင်ထျန်းသည် ဝမ်ချိုင်ပြေးရာနောက်သို့ ရွက်လှေဖြင့် ချက်ချင်း လိုက်ပါသွားခဲ့သည်။
ကမ်းခြေရှိ နေရာတစ်ခုသို့ ရောက်သောအခါ ဝမ်ချိုင်က ရပ်လိုက်ပြီး ပင်လယ်ရေပြင်ကို ကြည့်ကာ အဆက်မပြတ် ဟောင်နေတော့လေသည်။
ကျန်းယွင်ထျန်း သေချာကြည့်လိုက်ရာ ပင်လယ်သတ္တဝါအချို့သည် ကျွန်း၏ အုတ်မြစ်ကျောက်အား တိုက်ခိုက်နေသည်ကို တွေ့လိုက်ရလေ၏။
ကျန်းယွင်ထျန်းသည် သူ၏ လေးနှင့်မြားကို ချက်ချင်းဆွဲထုတ်ကာ ရေထဲက သတ္တဝါကို ပစ်ခတ်လိုက်တော့သည်။
ရွှတ်... ဗုန်း
မြားသည် တစ်မီတာနီးပါး ရှည်သော ပင်လယ်ငါးကို တိကျစွာ ထိမှန်သွားခဲ့၏။
ကျန်းယွင်ထျန်း နောက်ထပ်မြားတစ်စင်း ထပ်ပစ်ရန် ပြင်နေစဉ်မှာပင် ဝမ်ချိုင်သည် ပင်လယ်ထဲသို့ တိုက်ရိုက် ခုန်ချလိုက်ပြီး အပြင်သို့ ထွက်နေသော မြားတံကို ကိုက်ကာ ငါးကြီးကို ကမ်းပေါ်သို့ လွယ်လွယ်ကူကူပင် ဆွဲတင်လိုက်တော့သည်။
ကျန်းယွင်ထျန်း မျက်လုံးအဝိုင်းသား ဖြစ်သွားခဲ့၏။
“ဒီခွေးက ခွန်အားကြီးပြီး မြန်လှချည်လား။”
ဝမ်ချိုင်သည် လူးလွန့်နေဆဲဖြစ်သော ငါးကြီးကို သူ၏ ခြေထောက်ဖြင့် ဖိထားပြီး ကျန်းယွင်ထျန်းကို ကြည့်ကာ “ကျေးဇူးပဲ” ဟု ပြောသည့်အလား နှစ်ချက် ဟောင်ပြလိုက်သည်။
ယခုတော့ ကျန်းယွင်ထျန်း တကယ့်ကို အထင်ကြီးသွားပြီ ဖြစ်သည်။
ထိုအချိန်တွင် ကျွန်းထဲမှ ပင်လယ်ထဲသို့ စီးဆင်းနေသော မြစ်တစ်စင်းကို ကျန်းယွင်ထျန်း သတိထားမိလိုက်၏။
“ဒါ ရှောင်းယီပြောတဲ့ သူကိုယ်တိုင် တူးထားတဲ့ ရေချိုမြစ် ဖြစ်ရမယ်။”
ကျန်းယွင်ထျန်း ရေရွတ်လိုက်သည်။
ဤရေချိုမြစ်သာ ရှိနေလျှင် သောက်ရေအတွက် လုံးဝ စိုးရိမ်စရာ မလိုတော့ပေ။ သို့သော် ဤမြစ် မရှိခင်ကတည်းက ရှောင်းယီအတွက် သောက်ရေမှာ ပြဿနာ မဟုတ်ခဲ့ကြောင်း သူ သိပေသည်။
ဝမ်ချိုင်သည် ငါးကြီးကို ကမ်းပေါ်တင်ပြီးနောက် ၎င်းကို ဂရုမစိုက်တော့ဘဲ ပြန်ပြေးသွားပြန်သည်။
ကျန်းယွင်ထျန်း နောက်ဆုံးတွင် နားလည်လိုက်တော့သည်။ ဝမ်ချိုင်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စောင့်ကြည့်နေခြင်း ဖြစ်၏။ ထိုကျောက်တိုင်မှတစ်ဆင့် ပင်လယ်သတ္တဝါများ မည်သည့်နေရာတွင် တိုက်ခိုက်နေသည်ကို သူ သိနိုင်ခြင်း ဖြစ်သည်။
“ဒီခွေးကတော့ လူတစ်ယောက်လိုကို ဖြစ်နေပြီ။”
ကျန်းယွင်ထျန်းသည် သူ၏ အံ့သြမှုအား မည်သို့ ဖော်ပြရမည်ကိုပင် မသိတော့ပေ။
“ဖေဖေ ဟိုမှာ သေတ္တာတစ်လုံး ရှိနေသလိုပဲ။”
ကျွင်းကျွင်းက နေရာတစ်ခုကို ညွှန်ပြလိုက်၏။
ကျန်းယွင်ထျန်းသည် ကျွင်းကျွင်းညွှန်ပြရာသို့ ကြည့်လိုက်ပြီး ရှောင်းယီကို ကူညီရန် ထောက်ပံ့ရေးသေတ္တာကို သွားဆယ်ရန် ရွက်လှေကို စတင်မောင်းနှင်လိုက်လေသည်။
ထိုအခိုက်မှာပင် ဝှစ်... ဆိုသော အသံနှင့်အတူ ကျွန်းအစွန်းမှ ပိုက်ကွန်ကြီးတစ်ခု ပစ်ထွက်လာခဲ့၏။
ကျန်းယွင်ထျန်း ချက်ချင်း ရပ်လိုက်သည်။
“တခြားလူ ရှိနေတာလား။ ငါ ရှောင်းယီရဲ့ ကျွန်းကို အမှတ်မှားသွားတာလား။”
သို့သော် သေချာကြည့်လိုက်သောအခါ ကမ်းခြေတွင် စက်ပစ္စည်းတစ်ခု ရှိနေပြီး ထိုစက်မှ ပိုက်ကွန်ကို ပစ်ထုတ်လိုက်ခြင်း ဖြစ်သည်။
ထိုစက်သည် ထောက်ပံ့ရေးသေတ္တာကို ကမ်းပေါ်သို့ ဆွဲတင်ပြီးနောက် ပိုက်ကွန်ကို ပြန်သိမ်းကာ ကမ်းရိုးတန်းအတိုင်း ဆက်လက် ရွေ့လျားသွားပြန်သည်။
“တောက်... သောက်ကျိုးနည်း အလိုအလျောက် စက်ကြီးလားဟ။ ရှောင်းယီ ဘာလို့ ပစ္စည်းတွေနဲ့ ငါးတွေ အများကြီး ရနေလဲဆိုတာ မဆန်းတော့ဘူး။ ဒါ တကယ်ကို ယှဉ်လို့ မရဘူး။”
ကျန်းယွင်ထျန်း မနေနိုင်ဘဲ ဆဲမိသွားခဲ့၏။
တခြားလူများမှာ ပိုက်ကွန်ပစ်ရန် အသေအလဲ ကြိုးစားနေရသော်လည်း ဘာမှ မရတာမျိုးပင် ရှိတတ်သည်။ ရှောင်းယီသည်မူ အေးအေးဆေးဆေး အိပ်နေရုံပင်။ ကြည့်နေစရာပင် မလိုပေ။
“ ‘လူချင်းတူတူ သူကျတော့မှ’ ဆိုတာ ဒါမျိုးပဲ။”
ကျန်းယွင်ထျန်း သက်ပြင်းချရင်း တွေးလိုက်မိသည်။
တစ်ချိန်တည်းမှာပင် သူ စိတ်ထဲမှ ဝမ်းသာနေမိ၏။ ကံကောင်းထောက်မစွာဖြင့် သူသည် ရှောင်းယီနှင့် အစကတည်းက ရင်းနှီးအောင် လုပ်နိုင်ခဲ့သည်။ ဤကဲ့သို့သော ဘစ်ဘော့စ်ကြီးကို ကပ်ထားမှသာ သူ၏ အသက်ရှင်သန်နိုင်စွမ်းမှာ ပို၍ မြင့်မားလာမည် မဟုတ်ပါလော။
ဒီ ဒီ!
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ မက်ဆေ့ခ်ျဝင်လာခဲ့သည်။
“ကျန်းယွင်ထျန်း မင်း ရှောင်းယီရဲ့ ကျွန်းကို ရောက်ပြီလား။”
ယွမ်နွန်က ဂရုထဲတွင် မေးလိုက်သည်။
ကျန်းယွင်ထျန်းသည် ပဲ့ခန်းထဲသို့ ပြန်ဝင်သွားကာ မက်ဆေ့ခ်ျကို ကြည့်ပြီး ပြန်ဖြေလိုက်သည်။
“ရောက်ပါပြီ။ ဒါပေမဲ့ ကျွန်းပေါ်တော့ မတက်ရသေးဘူး။ ရှောင်းယီ ပြန်လာတာကို စောင့်ရမယ်။ ဝမ်ချိုင်က အိမ်စောင့်တာ အရမ်းတော်တယ်။”
“ရောက်ပြီဆိုရင်တော့ တော်သေးတာပေါ့။ ငါ ဆုဝမ်ဆီ ရောက်ဖို့ နောက်ထပ် ၄ နာရီလောက် ကြာဦးမယ် ထင်တယ်။”
ယွမ်နွန်က ပြောလိုက်သည်။
“ရှောင်းယီဆီကရော ဘာသတင်းမှ မရသေးဘူးလား။”
ဆုဝမ်က စိုးရိမ်တကြီး မေးလိုက်၏။
“မရသေးဘူး။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ စိတ်မပူကြပါနဲ့။ ရှောင်းယီက အစီအစဉ်ရှိလို့ သွားတာဆိုတော့ သေချာပေါက် ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး။”
ရွက်သင်္ဘော၏ အရှိန်မှာ အလွန်လျင်မြန်သောကြောင့် ရှောင်းယီနှင့် အန်းရန်တို့မှာ ကုန်းပတ်ပေါ်တွင် ရှိမနေကြသောကြောင့် ဂရုထဲက မက်ဆေ့ခ်ျများကို မမြင်လိုက်ကြပေ။ သို့သော် ရှောင်းယီ အန်းရန်ကို ကယ်ဆယ်ပြီးချိန်တွင် အန်းရန်သည် သူမ၏ ဖခင် အန်းယွဲ့ထံသို့ သူတို့ ပြန်လာနေပြီဖြစ်ကြောင်း မက်ဆေ့ခ်ျ ပို့ထားခဲ့သည်။
ထိုအချိန်တွင် အန်းယွဲ့က ဝင်ပြောလာခဲ့သည်။
“ရှောင်းယီတို့ ဘေးကင်းပါတယ်။ လူကို ကယ်ပြီးပြီ။ အခု ပြန်လာနေကြပြီ။ ဟိုဘက်မှာ စကားပြောဖို့ မအားသေးလို့ပါ။ နေ့လည် ၂ နာရီလောက်ဆို ရောက်လိမ့်မယ်လို့ ခန့်မှန်းရတယ်။”
အန်းယွဲ့၏ စကားကို ကြားသောအခါ လူတိုင်း စိတ်အေးသွားကြသည်။ မိုင်ပေါင်း သုံးထောင်ဝေးသော ကယ်ဆယ်ရေးခရီးမှာ အလှမ်းဝေးလွန်းလှပြီး အပြောင်းအလဲများစွာ ရှိနိုင်သည် မဟုတ်ပါလား။
“ရှောင်းယီ သေတ္တာထဲကနေ ဘာရလိုက်လို့ မိုင်သုံးထောင် ခရီးကို ဒီလောက်မြန်မြန် ရောက်သွားတာလဲ။”
ကျန်းယွင်ထျန်းက စူးစမ်းစွာ မေးလိုက်မိလေသည်။