← Chapters

စစ်သားများကို အသုံးပြုခြင်း

Vol. 115 Ch. 1711

စစ်သားများကို အသုံးပြုခြင်း

Vol. 115 Ch. 1711

ထိုညတွင် နတ်ဘုရားမျိုးနွယ်သည် ယဲ့ဖန်ကို သတ်ရန် စေလွှတ်လိုက်သည့် အင်မော်တယ် ဧကရာဇ်အဆင့် ငါးယောက်လုံး တစ်ယောက်မကျန် ကျဆုံးသွားသည့် သတင်းကို ရလိုက်လေသည်။

ဤသတင်းက နတ်ဘုရားမျိုးနွယ်အား ချက်ချင်း ဒေါသူပုန် ထသွားစေသည်။

“လှည့်စားလွန်းတယ်၊ လှည့်စားလွန်းတယ်”

နတ်ဘုရားမျိုးနွယ် ခေါင်းဆောင် တိဝူချင်းရို့သည် ဒေါသကြောင့် ဆွေ့ဆွေ့ခုန်နေပြီး ဒေါသတကြီး အော်ဟစ်သံက ကောင်းကင်အနှံ့ ပဲ့တင်ထပ်နေ၏။

ကြောက်စရာကောင်းလှသည်။ ကြမ်းကြုတ်လွန်းသည်။

အိုးရန်မျိုးနွယ်သည် သူ့ မြေးနှစ်ယောက်နှင့် သားတစ်ယောက်ကို ရှေ့ဆင့်နောက်ဆင့် သတ်ခဲ့ပြီး နတ်ဘုရားမျိုးနွယ်၏ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့သည်။ ဤသို့ အရှက်ရစေသော ဖြစ်ရပ်ကို ဘယ်လိုလုပ် သူတို့ သည်အတိုင်း လွှတ်ထားနိုင်မည်နည်း။

ကျင်းဟွာလမ်းသည် ကုန်သွန်ရေးအတွက် ဖြတ်သန်းရမည့် တစ်ခုတည်းသော လမ်းဖြစ်သလို အိုးရန်မျိုးနွယ်၏ အသက် သွေးကြောလည်း ဖြစ်သည်။ သူ နှစ်ပေါင်းများစွာ အနိုင်ရရန် ကြိုးစားခဲ့ပြီး ယခု အောင်မြင်မှု အသီးအပွင့်ကို ရတော့မည့်အချိန်၌ ရှုံးနိမ့်သွားခဲ့သည်။

အရာအားလုံးက ယဲ့ဖန်ဟုခေါ်သော မျိုးမစစ်ကောင်လေးကြောင့် ဖြစ်လာခြင်းပင်။

သူ အလွန် ဒေါသထွက်သည်။ သူ မုန်းတီးမိသည်။

“အဖေ စစ်သားတွေကို သုံးလိုက်ပါ”

“မိသားစုခေါင်းဆောင် စစ်သားတွေကို သုံးလိုက်ပါ”

နတ်ဘုရားမျိုးနွယ်များအားလုံးသည်လည်း သတ်ဖြတ်ချင်သည့် ခံစားချက်များ ပြသနေကာ အလွန် ဒေါကန်နေ၏။

တိဝူချင်းရို့၏ မျက်လုံးများသည် ပေါက်ထွက်မတတ် ဖြစ်နေပြီး သတ်ဖြတ်ချင်စိတ်က ရူးမတတ် ထွက်ပေါ်နေသည်။

“သုံးရက်နေရင် ကောင်းကင်ဘုံက အရှင်သခင်က သေမျိုးကမ္ဘာထဲ ဆင်းလာလိမ့်မယ်၊ အဲ့အခါကျရင် ငါ အဲ့မျိုးမစစ်ကောင်ကို သေစရာ နေရာမရှိတဲ့အထိ ဖြစ်စေချင်တယ်”

“ဝုန်း”

သတ်ဖြတ်ချင်စိတ်က ဝုန်းခနဲ ပျံ့လွင့်လာသည်။

*ကြောက်ဖို့ကောင်းလိုက်တာ*

သူ့စကားကို ကြားသော် နတ်ဘုရားမျိုးနွယ်များအားလုံး ဝမ်းသာသော အမူအရာများ ဖြစ်လာကြသည်။

*နောက်ဆုံးတော့ ကောင်းကင်ဘုံ ကိုးလွှာအထက်က ပုဂ္ဂိုလ် ဆင်းလာတော့မှာလား*

“မိသားစုခေါင်းဆောင် ဒီတစ်ခေါက် သူတော်စင်အဆင့် ဘယ်နှစ်ယောက် ပါလာမှာလဲ”

တစ်ယောက်က မေးလာသည်။

တိဝူချင်းရို့က စဉ်းလဲစွာ ပြုံးလိုက်သည်။

“အနည်းဆုံး နှစ်ယောက် ပါမယ်”

*ဘယ်လို*

ချက်ချင်းဆိုသလိုပင် အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*သူတော်စင်အဆင့် နှစ်ယောက်လား*

*ဒါဆို တိဝူချင်းရို့နဲ့ပါဆိုရင် သုံးယောက် ဖြစ်သွားမှာမလား*

*သူတော်စင်အဆင့် သုံးယောက်နဲ့ အိုးရန်ကျန်းတစ်ယောက်တည်းဆိုတော့ သေမှာပဲ*

“အဟားဟား ကောင်းတယ်၊ ကောင်းတယ်၊ မကြာခင် ဒီလောကက နတ်ဘုရားမျိုးနွယ်ဆီကနေ ပြေးလွတ်တော့မှာ မဟုတ်ဘူး”

“ဒါ ငါတို့ နတ်ဘုရားမျိုးနွယ်နဲ့ ရန်သူ ဖြစ်ရင် ကြုံရမယ့် အဆုံးသတ်ပဲ၊ သေလမ်းပဲကွ”

“အဲ့အချိန်ကျရင် ယောက်ျားတွေက ကျွန်ဖြစ်လာပြီးတော့ မိန်းမတွေက ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ အဖျော်ဖြေခံ ကျေးကျွန်တွေ ဖြစ်လာတော့မှာ၊ အမြဲ ထာဝရ ဖြစ်လာတော့မှာကွ ဟားဟားဟား”

နတ်ဘုရားမျိုးနွယ်များအားလုံး ပျော်ရွှင်နေပြီး မသိလျင် အိုးရန်မျိုးနွယ်က သူတို့လက်ထဲ ရောက်နေပြီဟုပင် ထင်မှတ်ရသည်။

ဝမ်းသာနေသည်။ အလွန်အမင်း ဝမ်းသာနေ၏။

ထိုစဉ် တိဝူချင်းရို့က ခက်ထန်သော မျက်လုံးများနှင့် တစ်ခွန်းချင်း‌ ပြောလိုက်သည်။

“အဲ့ယဲ့ဖန်ကို မသတ်လိုက်နဲ့၊ ငါ သူ့ကို နည်းလမ်းပေါင်းစုံနဲ့ နှိပ်စက်မယ်၊ သူ့ကို အပျင်းပြေ ကစားမယ်၊ သူ့ကို ထာဝရ အသက်ရှင်ခိုင်းထားတယ်”

…

ထိုအချိန်တွင် ယဲ့ဖန်သည် အိုးရန်မျိုးနွယ်သို့ ပြန်ရောက်နေသည်။ သူ တံခါးဝသို့ ရောက်သည်နှင့် အိုးစည်ဗုံမောင်း သံများနှင့် မီးရှူးမီးပန်း ဖောက်သံများ ထွက်ပေါ်လာသည်။ တစ်ချက် ကြည့်လိုက်ရုံနှင့် အိုးရန်မျိုးနွယ် တစ်ခုလုံးကို မီးများဖြင့် အလှဆင်ထားကြောင်း သိနိုင်ပေသည်။

“မိသားစု ခေါင်းဆောင်လေးကို ကြိုဆိုပါတယ်”

ဆွေမျိုးသားချင်း အမျိုးသမီးတစ်စုက ဒူးထောက်လာသည်။

“မိသားစုခေါင်းဆောင်လေးကို ကြိုဆိုပါတယ်”

အမျိုးသားတစ်သိုက်ကလည်း ဒူးထောက်လာ၏။

“မိသားစုခေါင်းဆောင်လေးကို ကြိုဆိုပါတယ်”

ထို့နောက်တွင် အိုးရန်ကျန်းမှတစ်ပါး မျိုးနွယ်တွင်းမှ အကြီးအကဲများအားလုံးလည်း ဒူးထောက်လာကြသည်။ အားလုံး ရိုသေလေးစားကာ ချစ်ခင်နေကြလေသည်။

ယဲ့ဖန် အံ့ဩသွားပြီး ပြန်မေးလိုက်သည်။

“မိသားစုခေါင်းဆောင်လေးက ဘာလဲ”

“သခင်ကြီး၊ ခင်ဗျားအဘိုးက ခင်ဗျားကို နောက်တက်မယ့် မိသားစုခေါင်းဆောင်အဖြစ် တရားဝင် ကြေငြာ လိုက်ပြီ၊ အိုးရန်မျိုးနွယ်တစ်ခုလုံးက နောက်ဆို မင်းစကားကို နာခံတော့မှာ”

အိုးရန်ဟွာက ပြုံး၍ အနားသို့ လျှောက်လာသည်။

*ဟမ်*

ယဲ့ဖန်က အိုးရန်ကျန်းကို မယုံသလို လှမ်းကြည့်လိုက်သည်။ အိုးရန်ကျန်းက သူ့ကို အပြုံးနှင့် ကြိုဆို၍ ပခုံးကို ပုတ်သည်။

“တော်တယ်”

ယဲ့ဖန်၏ လုပ်ရပ်များနှင့် ပတ်သက်၍ သူ အလွန် ကျေနပ်နေမှန်း သိသာလှသည်။

လက်ရှိတွင် ယဲ့ဖန်သည် ကျင်းဟွာလမ်းမှ မိသားစုခေါင်းဆောင် ငါးယောက်ကို အနိုင်ယူနိုင် ရုံသာမက လျန့်ဝမ်ကျန်းကိုပါ သတ်နိုင်ခဲ့ပြီး သူ့ဘက်မှ ဆူးညောင့်ခလုတ်ကို ရှင်းပစ်ကာ အိုးရန်မျိုးနွယ်၏ ဂုဏ်သတင်းကို ပြန်ယူဆောင်နိုင်ခဲ့သည်။

ထိုသို့မဟုတ်ပါက လျန့်ဝမ်ကျန်းက အိုးရန်မျိုးနွယ်ကို ဆန့်ကျင်တိုက်ခိုက်လာလျင် သူ့အား သတ်ရန် ကြိုးစားပါက အလွန် ခက်ခဲသွားလိမ့်မည်။

“အရှက်မရအောင် လုပ်မိလို့ တော်ပါသေးတယ်”

ယဲ့ဖန် တည်ငြိမ်စွာ ပြောလိုက်သည်။

“သူတို့ …”

အိုးရန်ကျန်းက ရုတ်တရက် မေးလာသည်။ အဘယ်ကြောင့်ဆိုသော် အပြန်ခရီး၌ အိုးရန်မိန်လင်တို့ကို မတွေ့သောကြောင့်ပင်။

ယဲ့ဖဖန် ခေါင်းညိတ်လိုက်သည်။

“သူတို့ လုံးဝ ထိန်းချုပ်မထားနိုင်ခဲ့ဘူး”

အိုးရန်ကျန်း ခေါင်းခါ၍ မချပြုံး ပြုံးကာ ဘာမှမပြောတော့ချေ။ အကြောင်းမှာ ဤသို့ ဖြစ်လာလိမ့်မည်ဟု သူလည်း ခန့်မှန်းမိထားသောကြောင့်ပင်တည်း။

အိုးရန်ကျန်း ယဲ့ဖန်ကို “သူတို့ လှုပ်ရှားရဲသည်နှင့် ယဲ့ဖန် သူတို့ကို တန်းသတ်နိုင်သည်” ဟု အရိပ်အမြွက် ပေးခဲ့ခြင်း ဖြစ်သည်။

ယခု သူတို့ ပြန်ပါမလာသဖြင့် သူတို့ သေသွားပြီဖြစ်ကြောင်း ဆိုလိုနေသည်။

ထိုစဉ် သတ်ဖြတ်လိုသည့် အငွေ့အသက် နှစ်ခုက ယဲ့ဖန်ထံ ဦးတည်လာနေ၏။

“ခွေးမသား ငါ မင်းကို သတ်မယ်”

“ယဲ့ဖန် ငါ မင်းကို သတ်မယ်”

အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့က ယဲ့ဖန်ထံ ပြိုင်တူ ပြေးလာ၍ တိုက်ခိုက်လေသည်။

‌နှစ်ယောက်လုံး၏ မျက်နှာက သုန်မှုန်ခက်ထန်နေသည်။ သူတို့သားနှင့် သမီးဖြစ်သူတို့ ယဲ့ဖန်၏ လက်ထဲ၌ ဆိုးရွားစွာ သေဆုံးသွားသည်ကို သတင်းရထားသည့်ပုံပင်။

ယဲ့ဖန် ပြန်လာသည်ကိုမြင်သော် သူတို့ အလွန် မနာလိုဖြစ်ကာ လူသတ်ချင်စိတ်ကို ထိန်းမထားနိုင်တော့ချေ။

*ဟမ်*

အိုးရန်ကျန်း၏ မျက်နှာ မည်းမှောင်သွားပြီး အော်ငေါက်လိုက်သည်။

“ထွက်သွားစမ်း”

ထိတ်လန့်စရာ ဖိအားတစ်ခုက ဝုန်းခနဲ ပျံ့လွင့်လာသည်။

အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့ ပြိုင်တူ လွင့်ထွက်သွားပြီး မြေကြီးပေါ် အရှိန်ဖြင့် ပြန်ကျကာ အရိုးများ ကျိုးကုန်သည်။

အိုးရန်ရှန့်ဖုန်းက အိုးရန်ယုကို မယုံနိုင်သလို ကြည့်လိုက်ပြီး ဝမ်းနည်း၍ နာကျည်းစွာ အော်လေသည်။

“အဖေ ဒီမျိုးမစစ်ကောင်က အဖေ့မြေးနဲ့ မြေးမလေးကို သတ်ခဲ့တာလေ၊ ဒါတောင် သူ့ကို ကာကွယ်ချင် နေသေးတာလား”

“ခင်ဗျား ရူးနေလား၊ အပြင်ကနေ မွေးတဲ့မြေးက ခင်ဗျားမြေးထက် ပိုတော်နေလို့လား”

အိုးရန်ယုက အိုးရန်ကျန်းကို ဒေါသတကြီး ကြည့်နေပြီး အကြည့်များက ရက်စက်ခက်ထန်လှသည်။

ထိုအခါ အိုးရန်ကျန်းက အေးစက်စွာ ခနဲ့လေသည်။

“မင်းတို့ ငါ့ကို အရူးများ ထင်နေလား”

စူးရှ၍ ရက်စက်ခက်ထန်သော အကြည့်က သူ့အရှေ့မှ နှစ်ယောက်ထံ ကျရောက်လာသည်။

ထိုစကားကိုကြားသော် အိုးရန်ရှန့်ဖုန်း တုန်လှုပ်သွားပြီး လိပ်ပြာမလုံသဖြင့် ခေါင်းငုံ့သွားသည်။

“ခင်ဗျား … ခင်ဗျား ဘာပြောနေတာလဲ”

အိုးရန်ယုသည်လည်း သက်ပြင်းချကာ ပါးစပ်ပိတ်သွားသည်။

“အဲ့ခွေးတိရစ္ဆာန်လေးနှစ်ကောင် ဘာလို့ ယဲ့ဖန်နဲ့အတူ ကျင်းဟွာလမ်းကို လိုက်သွားတာလဲဆိုတာနဲ့ သူတို့ ဘာလုပ်ချင်နေတာလဲ ဆိုတာကို ငါ မသိဘူးလို့ တကယ် ထင်နေတာလား”

အိုးရန်ကျန်း အေးတိအေးစက် ပျက်ရယ်ပြုလိုက်သည်။

“သူတို့သာ ယဲ့ဖန်ကို မသတ်ချင်ခဲ့ဘူးဆိုရင် ယဲ့ဖန် သူတို့ကို သတ်လာခဲ့မှာ မဟုတ်ဘူး”

“ဒီအခွင့်အရေးကို သုံးပြီး မင်းတို့အပေါ် သံသယဝင်နေတာကို ရှောင်နိုင်မယ်လို့ ထင်နေတာလား၊ အိုးရန် မျိုးနွယ်ဝင် တစ်ယောက် ဖြစ်ပြီး မင်းတို့က နတ်ဘုရားမျိုးနွယ်နဲ့ ပူးပေါင်းပြီးတော့ မိသားစုခေါင်းဆောင်ကို သတ်ဖို့ ကြိုးစားခဲ့တယ်၊ မင်းတို့က သေသင့်တဲ့ကောင်တွေ”

သူသာ အထီးမကျန်ချင်ခဲ့ဘူးဆိုလျင် သူ အိုးရန်ရှန့်ဖုန်း ညီအစ်ကိုကို တစ်ခါတည်း တန်းသတ်မိလောက်သည်။

အိုးရန်ရှန့်ဖုန်းတို့ ညီအစ်ကိုနှစ်ယောက်၏ မျက်နှာ အမူအရာ ချက်ချင်း အေးခဲတောင့်တင်းသွားသည်။

*အိုးရန်ကျန်း ဘယ်လိုလုပ် သိသွားတာလဲ*

လက်ရှိတွင် အိုးရန်မျိုးနွယ်ဝင်များအားလုံးက အိုးရန်ရှန့်ဖုန်းတို့ ညီအစ်ကို နှစ်ယောက်ကို နာကျည်း မုန်းတီးစိတ်ဖြင့် စူးစိုက်ကြည့်နေပြီး သူတို့အား နုတ်နုတ်စင်းချင်စိတ် ပေါက်နေသည်။

သူတို့သည် နတ်ဘုရားမျိုးနွယ်နှင့် မျိုးရိုးစဉ်ဆက် ရန်သူများ ဖြစ်လာခဲ့ပြီး အချင်းချင်း တိုက်ပွဲများစွာ ဆင်နွှဲခဲ့ပြီး မရေတွက်နိုင်သော သေကြေပျက်စီးမှုများ ကြုံတွေ့ခံစားခဲ့ရသည်။ အမုန်းတရားက အလွန် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။

အိုးရန်မျိုးနွယ်ဝင်တိုင်းသည် မွေးလာကတည်းက နတ်ဘုရားမျိုးနွယ်သည် ရန်သူ ဖြစ်သည်ဟူသော အတွေးတို့ သွတ်သွင်းခံထားရပြီးသား ဖြစ်လေသည်။

သို့သော် မိသားစုခေါင်းဆောင်၏ သားများဖြစ်သော အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့သည် ရန်သူဘက်သို့ ကူးပြောင်းခဲ့သဖြင့် အိုးရန်မျိုးနွယ်ကို အရှက်ရစေခဲ့သည်။

“ဒါ ချောက်ချခံရတာ၊ ဒါ ထောင်ချောက်ဆင်ခံရတာ”

အိုးရန်ယုက ချက်ချင်း အော်ဟစ်လေသည်။ သူ ဘယ်လိုလုပ် သည်အတိုင်း ဝန်ခံနိုင်ပါမည်နည်း။

သို့သော် အိုးရန်ရှန့်ဖုန်းက ငြိမ်၍သာ နေသည်။ အဘယ်ကြောင့်ဆိုသော် အိုးရန်ကျန်းက မသေချာသေးလျင် ဘာမှ ထုတ်မပြောမည်ကို သိနေသောကြောင့်ပင်တည်း။

ဤသည်က အိုးရန်ကျန်း အမှန်အတိုင်း အားလုံးကို သိနေပြီဖြစ်ပြီး သူ ဘယ်လိုငြင်းငြင်း အကူအညီ ဖြစ်မည် မဟုတ်ကြောင်း ဆိုလိုနေ၏။

“ဒီမျိုးမစစ်ကောင်ပဲ ဖြစ်မယ်၊ သူက ကျုပ်သားကို သတ်ပြီး ထောင်ချောင်ဆင်တာ၊ ဘာလို့လဲဆို‌တော့ သေသွားတဲ့လူက ပြန်ငြင်းလို့မှမရတာ”

အိုးရန်ယုက ယဲ့ဖန်ကို ဒေါသတကြီး လက်ညှိုးငေါက်ငေါက်ထိုး၍ အငြိုးကြီးစွာ ကြည့်နေသည်။

“မင်းတို့ သားနဲ့ သမီးက မသေခင် အားလုံး ဝန်ခံသွားတယ်၊ ဒါဇင်ချီတဲ့ လူတွေက မျက်လုံးနဲ့ တပ်အပ် မြင်ခဲ့တာ၊ မိသားစုခေါင်းဆောင် ငါးယောက်လည်း သတ်သေခံသွားတယ်၊ ဒါ အမှား ဖြစ်ဦးမလား”

အိုးရန်ကျန်း ဒေါသတကြီး အော်ငေါက်လိုက်ပြီး သူ့သားနှစ်ယောက်အပေါ် အလုံးစုံ စိတ်ပျက်သွားလေသည်။ ယခုကဲ့သို့သော အချိန်သို့ ရောက်နေသော်လည်း သူတို့က ခေါင်းမာနေဆဲပင်။

အိုးရန်ယု ဘာမှထပ်မပြောနိုင်တော့ချေ။ လည်မျိုတစ်ခုလုံး တစ်ဆို့သကဲ့သို့ ဖြစ်နေပြီး မျက်နှာ အမူအရာက ထိုင်းမှိုင်းလာသည်။

“ဒီနေ့ကစပြီး အိုးရန်ရှန့်ဖုန်းနဲ့ အိုးရန်ယုကို မျိုးနွယ် ရာထူးအားလုံးက ဖယ်ရှားတယ်၊ သူတို့ကို ဘာလုပ်ပိုင်ခွင့်မှ မပေးသလို လျှို့ဝှက်အဖွဲ့အစည်းလည်း ပိုင်ဆိုင်ခွင့် မရှိဘူး”

အိုးရန်ကျန်း ပြတ်ပြတ်သားသား ပြောလိုက်သည်။

ထိုစကားကိုကြားသော် အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့ အံ့အားသင့်သွားကြသည်။ သူတို့ကို ရာထူး အဆင့်အတ န်းများမှ ဖယ်ရှားလိုက်ခြင်းကြောင့် သူတို့သည် မျိုးနွယ်တစ်ခုလုံး၌ အ‌ရေးမပါသောလူများ ဖြစ်လာပေတော့မည်။

နောက်အနာဂတ်တွင် သူတို့သည် ထိုင်စား၍ သေရမည့်အချိန်ကိုသာ စောင့်နေရပေတော့မည်။

ရုတ်ချည်းဆိုသလိုပင် လှောင်ပြောင်သရော်သည့် အော်သံများ ထွက်ပေါ်လာသည်။

အားလုံးက အိုးရန်ရှန့်ဖုန်းတို့ ညီအစ်ကိုကို အထင်သေးသော အကြည့်များဖြင့် ကြည့်နေပြီး အားရဝမ်းသာစွာ ရယ်နေကြသည်။

“ပြိးတော့ ယဲ့ဖန်က အိုးရန်မျိုးနွယ်ရဲ့ မိသားစုခေါင်းဆောင်အသစ် အဖြစ် ငါ တရားဝင် တင်မြှောက်တယ်၊ အခုချိန်ကစပြီး ငါ အနားယူပြီး နောက်ကွယ်ကနေပဲ ကြည့်နေတော့မယ်၊ မိသားစု ကိစ္စအားလုံးကို ယဲ့ဖန် ကိုင်တွယ်လိမ့်မယ်”

အိုးရန်ကျန်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ထိုကြေညာချက် ထွက်လာသည်နှင့် အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့ မျက်လုံးကျွတ်ကျမတတ် ဖြစ်လာပြီး မျက်နှာများ ဖြူရော်လာလေသည်။

*ယဲ့ဖန်က တာဝန်ယူမှာလား*

*နောက်ဆို ငါတို့ ဘယ်လိုလုပ် ကောင်းကောင်းနေနိုင်တော့မှာလဲ*

ယခုအချိန်၌ သူတို့သည် သူတို့ မိန်းမနှင့် အင်အားစုတို့ကို တကယ် ဆုံးရှုံးလိုက်ရလေပြီ။

သူတို့သာ နတ်ဘုရားမျိုးနွယ်နှင့် ပူးပေါင်းပြီး အိုးရန်ကျန်းအား သူတို့အပေါ် စိတ်ပျက်လာအောင် မလုပ်ခဲ့မိလျင် အိုးရန်ကျန်းက မိသားစုခေါင်းဆောင် နေရာကို ယဲ့ဖန်ထံ ဤမျှ မြန်မြန် လွှဲပေးလိမ့်မည် မဟုတ်ကြောင်း သူတို့ သိလိုက်သည်။

ယခု ယဲ့ဖန်က မသေဘဲ သူတို့ကလေးများသာ သေသွားခဲ့ရသည်။ ပို၍ မုန်းတီးစရာ ကောင်းသည်က ထိုအတွက်ကြောင့်နှင့် ယဲ့ဖန်က မိသားစုခေါင်းဆောင်နေရာ၌ ထိုင်နိုင်သွားခြင်းပင်။

သူတို့အတွက် ဖွတ်မရ ဓားမဆုံးသော အဖြစ်ပင်တည်း။

…

တစ်ချိန်တည်းမှာပင်

နက်ရှိုင်းသော တောတောင်တစ်နေရာ၌ ရထားလုံးတစ်စင်းက တောင်လမ်းအတိုင်း ဖြတ်သန်းလာနေသည်။

ရထားလုံးပေါ်တွင် အုန်းဆံမျှင် မိုးကာကို ဝတ်ထားသည့် ခပ်ထွားထွား အမျိုးသားတစ်ဦးက ကြိမ်ဖြင့် ရထားလုံးကို မောင်းနှင်နေသည်။ သူ့အသားအရေက နက်မှောင်ပြီး သန်မာထွားကြိုင်းကာ လယ်သမား တစ်ဦးလိုပင်။ သူ၏ ရီဝေသော မျက်လုံးများက မသိမသာ စင်းနေပြီး ငိုက်မြည်းနေသည်ဟုပင် ထင်ရလေသည်။

“စွေ့ဟွာ ငါတို့ ဘယ်ကို သွားနေတာလဲ”

ရထားလုံးထဲမှ ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က မေးလာသည်။ သူသည် ချောမောပြီး ဖြူဝင်းသော အသားအရေ ရှိပြီး အတော်‌လေး ကြည့်ကောင်းသည်။

သို့သော် နက်မှောင်နေသော မျက်လုံးများက ထိုင်းမှိုင်းနေပြီး စကားပြောလိုက်သော အသံ၌ အထီးကျန်နေသော အငွေ့အသက်များ ပါနေသည်။ တကယ်တမ်း၌ သူ့ကံကြမ္မာကို သူ သိပြီးသား ဖြစ်သည်။ ယခုက သိလျက်နှင့် မေးရုံသက်သက်ပင်။

လူငယ်လေး၏ နာမည်က ယန်ကျင့် ဖြစ်ပြီး ဝမ်ရှန်းမြို့မှ ကျော်ကြားသော မိသားစုဟု သတ်မှတ်နိုင်သည့် ယန်မိသားစု၏ သခင်လေး ဖြစ်သည်။

သို့သော် ယခု ခရီးထွက်လာချိန်တွင် မြင်းထိန်းတစ်ယောက်နှင့် အစေခံတစ်ယောက်သာ သူ့အား အဖော်ပြု၍ ပါလာသဖြင့် အလွန် စုတ်ချာသည်ဟု ပြောရပေမည်။

“သခင်လေး၊ သခင်လေး အပြင်လောကထဲကို သွားချင်တယ်လို့ ခဏခဏ ပြောဖူးတယ်မလား၊ ကျွန်မတို့ အပြင်လောကကို သွားနေတာပါ”

ထိုသို့ပြောလိုက်သူက အဖြူရောင်ဝတ်စုံနှင့် မိန်းမပျိုလေး တစ်ဦးဖြစ်ပြီး သိမ်မွေ့နူးညံ့ကာ ဘာမိတ်ကပ်မှ မလိမ်းထားသော ချစ်စရာ မျက်နှာလေး ရှိလေသည်။ သူမက နူးညံ့လှပပြီး ကြာပန်းဖြူလေးလိုပင်။

“ဪ တကယ်လား၊ ဒါဆိုရင် မိသားစုက ဆုံးဖြတ်ချက် ချပြီးသွားပြီနဲ့တူတယ်”

လူငယ်လေးက တစ်ကိုယ်တည်း ရယ်လိုက်ပြီး သူ၏ မရင့်ကျက်သေးသော အသက်အရွယ်နှင့် မလိုက်အောင် အရေးမစိုက်ဟန် ပေါ်နေကာ သူ့အခြေအနေကို သတိထားမိပုံ ရသည်။

ဤလောကကြီးက အလွန့်ကို တရားကျစရာ ကောင်းလှသည်။ သုံးစားမရသော အမှိုက်ကို အမှိုက်ပုံးထဲ ပစ်တတ်သည်သာ။ ဘယ်သူက အမှိုက်တစ်စကို နေ့တိုင်း အိမ်ထဲမှာ ထားထားမည်နည်း။

ထိုအမှိုက်က အနံ့နံရုံသာမက မျက်စိစပါးမွေးလည်း စူးရသည်။

All Chapters