← Chapters

စူးချင်းနင်အတွက် လက်ဆောင်

Vol. 11 Ch. 101

စူးချင်းနင်အတွက် လက်ဆောင်

Vol. 11 Ch. 101

​"ငါ့ဆီမှာ တစ်ခုခု ထားခဲ့မိတာကို မေ့နေတာလား"

​စူးချင်းနင်၏ အရည်လဲ့နေသော မျက်ဝန်းလေးများကို ကြည့်ရင်း လင်းဖန်က ပြုံးလျက် မေးလိုက်သည်။

​"ဟင်... ဘာလဲဟင်"

​စူးချင်းနင် မျက်မှောင်ကြုတ်သွားမိသည်။ သူမစိတ်ထဲတွင် စာမေးပွဲဖြေဆိုစဉ်က မှားခဲ့သည်များ ရှိမရှိသာ တွေးတောနေမိရာ၊ လင်းဖန်ထံတွင် ဘာများ ထားခဲ့မိသလဲဆိုသည်ကို လုံးဝ စဉ်းစားမရပေ။

​ထိုအချိန်တွင် ယန်တာတက္ကသိုလ်ဝင်းတစ်ခုလုံးမှာ စာမေးပွဲဖြေဆိုသူများဖြင့် ပြည့်နှက်နေသည်။ စာမေးပွဲခန်းမှ ထွက်လာကြသော ကျောင်းသားအများစုမှာ ညှိုးငယ်သော မျက်နှာပေးများဖြင့် ဖြစ်သော်လည်း ဤလူငယ်နှစ်ဦးမှာမူ အေးအေးလူလူ လမ်းလျှောက်နေကြသည်မှာ မြင်ရသူအပေါင်းကို ထူးခြားနေစေသည်။

​"ကြည့်စမ်း... ဟိုဘက်က ငါတို့ စာပေဌာနရဲ့ အလှနတ်မိမယ် မဟုတ်လား"

"ဟုတ်ပါ့ သူ့ဘေးက တစ်ယောက်က ဘယ်သူလဲ၊ ရည်းစားများလား"

"စူးချင်းနင်က လူတကာကို အေးစက်စက် ဆက်ဆံတတ်တယ်ဆို၊ အခုကျတော့ ဘယ်လိုဖြစ်ပြီး..."

​ယန်တာတက္ကသိုလ်ကျောင်းသား အများအပြားက စူးချင်းနင်ကို မှတ်မိကြသည်။ စာပေဌာန၏ ထူးချွန်ကျောင်းသူတစ်ဦးဖြစ်သည့်အပြင် သူမ၏ အလှအပကြောင့်လည်း ကျောင်းတွင် အလွန်ရေပန်းစားသူ ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှတ်အများဆုံးရခဲ့သော လင်းဖန်မှာ ကျောင်းသို့ ခဏတဖြုတ်သာ လာလေ့ရှိသဖြင့် သူ့ကို သိသူ နည်းပါးလှသည်။

​ကောင်လေးနှင့် ကောင်မလေး နှစ်ဦးသား လေသံတိုးတိုးဖြင့် စကားပြောဆိုနေကြသည်မှာ ရင်းနှီးလွန်းလှသဖြင့် ချစ်သူမောင်နှံနှင့်ပင် တူနေတော့သည်။ ဤမြင်ကွင်းက ယန်သဧကျောင်းသား အများအပြားကို ရင်ကွဲမတတ် မနာလိုဖြစ်စေခဲ့သည်။

​လူအများမှာ သူတို့မြင်နေရသည်ကိုပင် မယုံနိုင်အောင် ဖြစ်နေကြသည်။ သူတို့သိထားသော အေးစက်လွန်းလှသည့် "နှင်းဆီရိုင်း" လေးက ယခုကဲ့သို့ ပြောင်းလဲနေသည်လား။ စာပေဌာန၏ အလှဘုရင်မဖြစ်သလို ပါရမီရှင်လည်း ဖြစ်သဖြင့် စူးချင်းနင်ကို ချစ်ရေးဆိုသူ၊ ပန်းပေးသူများစွာ ရှိခဲ့သော်လည်း သူမက တစ်ခါမျှ ပြန်လည် တုံ့ပြန်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့်ပင် သူမကို "အေးစက်လွန်းသော ပန်းတစ်ပွင့်" ဟု တင်စားကြခြင်းဖြစ်သည်။

​ယခုကဲ့သို့ ကောင်လေးတစ်ယောက်နှင့် ပျော်ပျော်ရွှင်ရွှင် စကားပြောနေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

​"အရင်ဆုံး ကားပေါ်တက်ပါဦး"

​ဘေးပတ်ဝန်းကျင်မှ စပ်စုသော အကြည့်များကို သတိပြုမိလိုက်သဖြင့် လင်းဖန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

​"အင်း..."

​စူးချင်းနင်လည်း ငြင်းမနေတော့ဘဲ ရှေ့ခန်းတွင် ဝင်ထိုင်လိုက်သည်။ လူအများ၏ အာရုံစိုက်မှုကို ခံနေရသည့် အခြေအနေမှ သူမ အမြန်ဆုံး လွတ်မြောက်ချင်နေမိသည်။

​ထိုစဉ် ဒဿနိကဗေဒဌာနမှ ကျောင်းသားအချို့လည်း ဤမြင်ကွင်းကို မြင်သွားကြသည်။

​"ဟေ့ကောင်တွေ... ကြည့်စမ်း၊ လင်းဖန်ဘေးက တစ်ယောက်က စာပေဌာနရဲ့ အလှပဂေး စူးချင်းနင် မဟုတ်လား"

"သတင်းကြီးဟေ့... သတင်းကြီး! ငါတို့ ဒဿနိကဗေဒဌာနရဲ့ ထိပ်သီးက စာပေဌာနရဲ့ အလှဆုံးပန်းကို ခူးသွားပြီဟေ့..."

​ဒဿနိကဗေဒဌာနမှ ကျောင်းသားတစ်စုမှာ စပ်စုလိုစိတ်များ အပြည့်ဖြင့် ထိုသတင်းကို တစ်ကျောင်းလုံး နှံ့သွားအောင် ဖြန့်ဝေလိုက်ကြတော့သည်။ ဒဿနိကဗေဒဌာနမှ လင်းဖန်နှင့် စာပေဌာနမှ စူးချင်းနင်တို့ ချစ်ကြိုက်နေကြပြီဟူသော သတင်းမှာ ခဏချင်းပင် ပျံ့နှံ့သွားခဲ့သည်။

​သို့သော် လင်းဖန်မှာမူ ကားပါကင်သို့ ရောက်နေပြီဖြစ်သဖြင့် ထိုသတင်းများကို မသိရှိသေးပေ။

​"စာမေးပွဲလည်း ပြီးပြီဆိုတော့ ကျင်းလင်ကို ပြန်တော့မလို့လား"

"အင်း..."

​စူးချင်းနင် ခေါင်းလေးငုံ့ကာ တိုးတိုးလေး ပြန်ဖြေလိုက်သည်။ သူမ ဘာတွေတွေးနေသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။ သူမသည် ယောကျ်ားလေးများနှင့် ပေါင်းသင်းဆက်ဆံရာတွင် မကျွမ်းကျင်သော်လည်း ဘေးနားရှိ လင်းဖန်ကိုမူ အလွန်ကျေးဇူးတင်မိသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲတုန်းကရော၊ ယခု နောက်ဆုံးနှစ် စာမေးပွဲမှာပါ လင်းဖန်က သူမကို ကူညီခဲ့သည်။

​ကျေးဇူးကို ဘယ်လိုပြန်ဆပ်ရမလဲ မသိသဖြင့် သူမ၏ ရင်ထဲမှာသာ သိမ်းဆည်းထားမိသည်။ သူမကို ချဉ်းကပ်ခဲ့သော ယောကျ်ားလေးများစွာ ရှိသော်လည်း လင်းဖန်ကမူ သူတို့နှင့်မတူဘဲ ထူးခြားသည့် ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။ ဘာရည်ရွယ်ချက်မှ မရှိဘဲ ရိုးရိုးသားသား ပေါင်းသင်းတတ်သည့် အသိမိတ်ဆွေတစ်ယောက်ကဲ့သို့ စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်သူမျိုး ဖြစ်သည်။

​"မင်း စက်ဘီးကို မေ့နေတာလား"

​"အာ..."

​စူးချင်းနင် တစ်ယောက် လင်းဖန်ဆီမှာ ဘာထားခဲ့မိသလဲဆိုသည်ကို နောက်ဆုံးတွင် သတိရသွားသည်။ ၎င်းမှာ ပျက်စီးသွားသော သူမ၏ စက်ဘီးပင် ဖြစ်သည်။

သူမက အလျင်အမြန်ပင်

"ကျောင်းသား လင်းဖန်... ကျွန်မ..."

​"ဟားဟား"

လင်းဖန်က သူမကို ပြုံးကြည့်ရင်း

"ငါတို့က အထက်တန်းကျောင်းတည်းက အတူတူပဲလေ၊ အခုမှပဲ သေသေချာချာ စကားပြောဖြစ်ကြတာ သိပ်ပြီး စိတ်လှုပ်ရှားမနေပါနဲ့၊ ငါက မင်းကို စားမှာ မဟုတ်ပါဘူး"

​"......"

​ထိုစကားကြောင့် စူးချင်းနင်၏ လှပသော မျက်နှာလေးမှာ ရှက်သွေးဖြာသွားကာ ဘာပြန်ပြောရမှန်းမသိဘဲ ခေါင်းငုံ့ထားမိသည်။

​"မင်းက ရည်မှန်းချက်ကြီးပြီး စကားပြောလည်း ကောင်းတော့ စာပေဌာနကို ရွေးလိုက်တာ မှန်ပါတယ်"

​လင်းဖန်က မျက်ခုံးပင့်ကာ ချီးကျူးလိုက်သည်။ စူးချင်းနင်ကဲ့သို့ ထက်မြက်သော မိန်းကလေးအတွက် စာပေလောကမှာ အသင့်တော်ဆုံး ဖြစ်သည်။ သူမ၏ သဘာဝအလှနှင့် စာပေဗဟုသုတများ ပေါင်းစပ်သွားသည့်အခါ ပို၍ပင် ကျော့ရှင်းတင့်တယ်လာတော့သည်။ ရှေးခေတ်ဆိုလျှင် ဤကဲ့သို့ မိန်းကလေးမျိုးမှာ အလွန်ပင် ရေပန်းစားပေလိမ့်မည်။

​"ဒါနဲ့ နင်ရော..."

​စူးချင်းနင်က လင်းဖန်ကို ပြန်သတိရသွားသည်။ သူလည်း ယန်တာမှာပဲ စာမေးပွဲဖြေနေသည်ဆိုတော့ ဤကျောင်းက ကျောင်းသားတစ်ယောက် ဖြစ်ရမည်။ အထက်တန်းကျောင်းတူ၊ နယ်သူနယ်သားချင်း ဖြစ်ပါလျက် ယခုမှ ပထမဆုံးအကြိမ် ဤမျှ ရင်းနှီးစွာ စကားပြောဖြစ်ကြသည်မှာ ထူးဆန်းနေသည်။

​"ငါလား... ငါက မင်းတို့ရဲ့ အိမ်နီးနားချင်းပေါ့"

​လင်းဖန်က ပြုံးလျက်

"အရစ္စတိုတယ် ပြောဖူးတယ်၊ သစ္စာတရားကို မြတ်နိုးသူဟာ အန္တရာယ်မရှိတဲ့အခါမှာလည်း သစ္စာတရားကို ချစ်မြတ်နိုးသလို၊ အန္တရာယ်ရှိလာတဲ့အခါမှာလည်း ပိုပြီးတော့တောင် မြတ်နိုးတတ်ကြတယ်တဲ့ ငါကတော့ အမှန်တရားကို ရှာဖွေသူ တစ်ယောက်ပါပဲ"

​"အမှန်တရား..."

​စူးချင်းနင် မျက်မှောင်ကြုတ်သွားသည်။ ထိုစကားလုံးမှာ အလွန်ပင် ကျယ်ပြန့်လွန်းသဖြင့် ယန်တာတက္ကသိုလ်၏ မည်သည့်ဌာနမှ ဖြစ်မည်ကို သူမ ခန့်မှန်းရခက်နေသည်။

​"တီ... တီ..."

​ထိုစဉ် ဖုန်းမြည်သံက သူတို့နှစ်ဦး၏ စကားဝိုင်းကို ဖြတ်တောက်လိုက်သည်။ လင်းဖန်က စူးချင်းနင်ကို ကြည့်ကာ

"ကဲ... ပစ္စည်းကို မင်းဆီ ပြန်အပ်ရမယ့် အချိန်ရောက်ပြီ"

ဟု ပြောလိုက်သည်။

​သူ လက်ဝှေ့ယမ်းပြလိုက်သည်နှင့် Mercedes-Benz G-Wagon ကားကြီး တစ်စီး ရောက်လာပြီး လူကောင်ကြီးကြီး၊ ဝတ်စုံနက်နှင့် မျက်မှန်အမည်း တပ်ထားသော သက်တော်စောင့်အချို့ ဆင်းလာကြသည်။ သက်တော်စောင့်တစ်ဦး၏ လက်ထဲတွင် အပြာနုရောင် စက်ဘီးတစ်စီး ပါလာသည်။

​"သူဌေး"

​သက်တော်စောင့်များက လင်းဖန်ကို ဦးညွှတ်နှုတ်ဆက်ကြသည်။

​"အင်း.. ပစ္စည်းကို ဒီမှာ ထားခဲ့ပြီး မင်းတို့ ပြန်လို့ရပြီ"

​လင်းဖန်က ခေါင်းညိတ်ပြလိုက်သဖြင့် သူတို့က စက်ဘီးကို ချထားပေးကာ ကားကြီးပေါ်တက်၍ ကျောင်းဝင်းထဲမှ ထွက်ခွာသွားကြသည်။ စူးချင်းနင်မှာ ကြောင်ကြည့်နေမိသည်။ ထိုစက်ဘီးမှာ သူမအတွက် ရင်းနှီးနေသလိုပင်။

​"လာကြည့်ပါဦး၊ ဒီစက်ဘီးက မင်းရဲ့ အရင်စက်ဘီးနဲ့ ဆင်ရဲ့လားလို့"

​လင်းဖန်က ခေါ်လိုက်မှ စူးချင်းနင် သတိဝင်လာကာ

"ဒါ... ဒါက ကျွန်မကို ပေးတာလား"

ဟု မေးလိုက်သည်။

​"ဟုတ်တာပေါ့၊ မင်းစက်ဘီးကို ငါတိုက်မိခဲ့တာဆိုတော့ ပြန်လျော်ပေးရမှာပေါ့"

​နံနက် ၉ နာရီခွဲတွင် လင်းဖန် စာမေးပွဲပြီးကတည်းက စက်ဘီးအဟောင်းကို ကားနောက်ဖုံးထဲ ထည့်ရန် ပြင်ခဲ့သော်လည်း ပုံပျက်နေသဖြင့် စီး၍မရနိုင်တော့သည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် ဓာတ်ပုံရိုက်ကာ အတွင်းရေးမှူးအား အလားတူစက်ဘီးတစ်စီး ဝယ်ခိုင်းပြီး သက်တော်စောင့်များအား လာပို့ခိုင်းလိုက်ခြင်း ဖြစ်သည်။

​"ဒါပေမဲ့... ဒါကို ကျွန်မ မယူနိုင်ပါဘူး"

​စူးချင်းနင်က ခေါင်းခါကာ ငြင်းလိုက်သည်။

​"ဝယ်ပြီးသွားပြီပဲ မင်းမယူရင်လည်း ဒီမှာပဲ ထားခဲ့လိုက်ပေါ့၊ တစ်ယောက်ယောက်က အမှိုက်အဖြစ် လာကောက်သွားပါလိမ့်မယ်"

​ပြောပြောဆိုဆိုဖြင့် လင်းဖန်က ကားပေါ်တက် စက်နှိုးကာ ကားပါကင်ထဲမှ ဝှစ်ခနဲ မောင်းထွက်သွားတော့သည်။ ပြာလဲ့လဲ့ Maserati Levante ကားလေး ထွက်ခွာသွားသည်ကို ကြည့်ရင်း စူးချင်းနင် နှုတ်ခမ်းလေးကို ဖိကိုက်ထားမိကာ မျက်ရည်များပင် ဝဲလာခဲ့သည်။

​စဉ်းစားကြည့်လျှင် ဤသည်မှာ သုံးကြိမ်မြောက် ရှိပြီဖြစ်သည်။ ငယ်စဉ်ကတည်းက မိဘများမှလွဲ၍ သူမအပေါ် ဤမျှအထိ စိတ်ရင်းမှန်ဖြင့် ကူညီပေးသူမှာ လင်းဖန်တစ်ယောက်သာ ရှိခဲ့ဖူးသည်။ ဘာရည်ရွယ်ချက်မှမရှိဘဲ နှလုံးသားထဲကလာသော ကြင်နာမှုကို သူမ အမှန်တကယ် ခံစားမိလိုက်သည်။

...........................................................

All Chapters