ပေကျင်းလူကုံထံ အသိုင်းအဝိုင်း
Vol. 11 Ch. 107
နောက်တစ်နေ့ မွန်းလွဲ ၄ နာရီခွဲတွင် လင်းဖန်သည် ထိုနေ့အတွက် စာမေးပွဲဖြေဆိုမှုကို အပြီးသတ်ခဲ့သည်။
ထိုစဉ် ဝမ်ချောင်ထံမှ ဖုန်းဝင်လာသည်။
"ညီအစ်ကိုလင်းရာ... မင်း ပေကျင်းကို ရောက်နေတာကို ငါ့ကိုတောင် အကြောင်းမကြားဘူး၊ တကယ်ပဲ"
နားထဲတွင် တစီစီနှင့် မြည်ဟီးနေသည့် အသံကို နားထောင်ရင်း လင်းဖန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ သူသည် ခေါင်းကို မတတ်သာသလို ခါယမ်းလိုက်ပြီး ပြုံးလျက် ပြန်ပြောလိုက်သည်။
"မင်းက ရုတ်တရက်ကြီး ဖုန်းဆက်လာတာ ဆိုတော့ စကားပြောချင်ရုံ သက်သက်ပဲ မဟုတ်လောက်ဘူးနော်"
ဝမ်ချောင်က
"ဟားဟား ဒါကိုတောင် ရိပ်မိတာလား တကယ်တော့ ဒီညလုပ်မယ့် ဧည့်ခံပွဲလေးကို မင်းကို ဖိတ်ချင်လို့ပါ"
ဟု ဆိုသည်။
"ကောင်းပြီလေ၊ လိပ်စာပို့ထားလိုက်ဦး၊ ညကျရင် ငါလာခဲ့မယ်"
ဟု လင်းဖန်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။ သူသည်လည်း လူငယ်တစ်ဦးဖြစ်သည့်အလျောက် ယခုကဲ့သို့ စည်ကားသော ပွဲလမ်းသဘင်များကို ငြင်းပယ်လေ့မရှိပေ။
"ဒါဆို ငါ စောင့်နေမယ်နော်"
ဟု ဝမ်ချောင်က ဆိုကာ လိပ်စာပို့ပြီး ဖုန်းချသွားတော့သည်။
ညနေ ၆ နာရီ၊ ပေကျင်းရှိ ဗီလာအတွင်း၌
"သူဌေး... ဒီည 'မင်းသားလေး' တို့ရဲ့ ပါတီကို ဒီလိုပဲ ဝတ်ပြီး သွားမလို့လား"
အားကစားဝတ်စုံ အပေါ့စားလေး ဝတ်ထားသော လင်းဖန်ကို ကြည့်ရင်း မိုရှင်းယာက ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။
"ဟင်... ဒါက ဘာဖြစ်လို့လဲ"
လင်းဖန်က အံ့သြသွားပြီး မိုရှင်းယာကို နားမလည်နိုင်သလို ကြည့်လိုက်သည်။
အမှန်အတိုင်း ပြောရလျှင် လင်းဖန်သည် ယခုကဲ့သို့ တရားဝင် ဧည့်ခံပွဲမျိုးတွင် မပါဝင်ဖူးသေးပေ။ ကျင်းလင် အမှတ် (၁) အထက်တန်းကျောင်းက လုပ်ခဲ့သော ဘွဲ့နှင်းသဘင် ပါတီတွင်ပင် အားလုံးက ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်ခဲ့ကြသည်။ သူတို့အားလုံးက အသက် ၁၈၊ ၁၉ အရွယ် လူငယ်လေးများသာ ဖြစ်သဖြင့် မည်သူက လူကြီးတွေလို ခမ်းခမ်းနားနား ပြင်ဆင်တတ်ပါမည်နည်း။
"သူဌေး... နေ့စဉ်ဝတ်နေကျ ဝတ်စုံက အဆင်ပြေပေမဲ့ ဒီညပါတီက တရားဝင် လူမှုရေးပွဲတစ်ခုလို ဖြစ်နေပြီး လာမယ့်သူတွေကလည်း သူဌေးသားတွေချည်းပဲလေ"
ဟု မိုရှင်းယာက ပါးစပ်ကလေးပိတ်ကာ ရယ်မောရင်း ပြောသည်။
လင်းဖန်လည်း သူမ ပြောလိုသည်ကို နားလည်သွားသည်။ ချမ်းသာသော ဒုတိယမျိုးဆက် လူငယ်များမှာ ဟန်ပန်အပြင်အဆင်ကို အလွန် အလေးထားကြသူများ ဖြစ်သည်။ အကယ်၍ သူသာ ယခုကဲ့သို့ ဝတ်သွားလျှင် လူမြင်ကွင်းတွင် ရယ်စရာ ဖြစ်နေပေလိမ့်မည်။
"ဒါဆိုရင် မင်းပဲ ငါ့အတွက် သင့်တော်မယ့် ဝတ်စုံလေး ရွေးပေးပါဦး"
"ကောင်းပါပြီရှင်"
ပေကျင်းသို့ ခဏခဏ မလာဖြစ်သော်လည်း လင်းဖန်အတွက် ပေါ့ပေါ့ပါးပါး ဝတ်စုံမှအစ အားကစားဝတ်စုံအထိ အစုံအလင် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ခဏအကြာတွင် ခန့်ညားထည်ဝါသော လူငယ်လေးတစ်ဦး ဗီလာခန်းမအတွင်းသို့ ထွက်လာသည်။
"ဒီလောက်ဆို အဆင်ပြေပြီလား"
လင်းဖန်က သူ၏ ကော်လာကို အသာသပ်ရင်း ပြုံးကာ မေးလိုက်သည်။
"အင်းဟင်း"
မိုရှင်းယာက ကြက်ပေါက်လေး စပါးစေ့ကောက်သလို ခေါင်းကို အဆက်မပြတ် ငြိမ့်ပြလိုက်သည်။
လန်ဒန်မြို့၊ Savile Row မှ အထူးမှာယူထားသော နီပြာရောင် ဝတ်စုံသည် လင်းဖန်၏ ခန့်ညားပြီး အရပ်ရှည်သော ကိုယ်ဟန်ကို ပေါ်လွင်စေသည်။ လက်တွင် Patek Philippe ၏ ၂၀၁၈ လီမိတက် အော်ဒါ နာရီကို ပတ်ထားပြီး Louis Vuitton မှ အထူးချုပ်လုပ်ထားသော သားရေဖိနပ်ကို ဝတ်ဆင်ထားသည်။ အတွင်းပိုင်းတွင် ကြွယ်ဝမှုကို ထိန်းချုပ်ထားပြီး အပြင်ပိုင်းတွင် ခန့်ညားမှုကို ပေါ်လွင်စေခြင်းမှာ "ကျောက်စိမ်းကဲ့သို့ အေးမြသော်လည်း တုနှိုင်းမဲ့သော မင်းသားတစ်ပါး" အလားပင်။
"ကဲ... သွားကြစို့"
အဝတ်အစား လဲလှယ်ပြီးနောက် လင်းဖန်သည် Aston Martin One-77 ပြိုင်ကားကြီးကို ကိုယ်တိုင်မောင်းနှင်ကာ သက်တော်စောင့်အဖွဲ့နှင့်အတူ ဝမ်ချောင်၏ စံအိမ်တော်ဆီသို့ ဦးတည်ထွက်ခွာခဲ့သည်။ ည ၇ နာရီခွဲခန့်တွင် ပေကျင်းမြို့ပြင်ရှိ စံအိမ်ကြီးသို့ ရောက်ရှိသွားတော့သည်။
"သူဌေး... ကျွန်တော်တို့ အပြင်မှာပဲ စောင့်နေပါ့မယ် တစ်ခုခု လိုအပ်ရင် တိုက်ရိုက်ခေါ်လိုက်ပါ"
ဟု သက်တော်စောင့်ခေါင်းဆောင် လီဖန်က ရိုသေစွာ ပြောလာသည်။
"ကောင်းပြီ"
လင်းဖန်က ခေါင်းညိတ်ပြလျက် စံအိမ်ထဲသို့ ကားမောင်းဝင်သွားသည်။ ဤသည်မှာ ဝမ်ချောင်၏ ပါတီဖြစ်သဖြင့် လက်နက်အပြည့်အစုံနှင့် သက်တော်စောင့်များကို ခေါ်သွားပါက အထင်အမြင်လွဲမှားမှုများ ဖြစ်နိုင်သဖြင့် အပြင်မှာ စောင့်ခိုင်းခြင်းကသာ ပို၍ သင့်တော်ပေသည်။
စံအိမ်ထဲသို့ ရောက်သည်နှင့် ဝမ်ချောင်က လူအချို့နှင့်အတူ ကြိုဆိုနေသည်ကို တွေ့လိုက်ရသည်။ သူ့ဘေးတွင် ရှိနေသူမှာ ချင်လင်မှလွဲ၍ အခြားသူ မဖြစ်နိုင်ပေ။
"ဟားဟားဟား ညီအစ်ကိုလင်း... နောက်ဆုံးတော့ မင်းကို စောင့်ရတာ အောင်မြင်ပြီ"
ဝမ်ချောင်က ပြုံးရွှင်စွာ ဆီးကြိုသည်။
"မင်းတို့ နှစ်ယောက်ကတော့ တကယ့်ကို လူစွမ်းကောင်းတွေပဲ မြေဈေး အင်မတန်ကြီးတဲ့ ပေကျင်းမြို့မှာ ဒီလောက်ကြီးတဲ့ စံအိမ်ကြီးကို တည်ဆောက်ထားနိုင်တာ တကယ်ကို အံ့သြဖို့ကောင်းတယ်"
လင်းဖန်က နောက်ပြောင်လိုက်သည်။
"ဟား... မင်းကလည်း ငါ့ကို လာစနောက်နေပြန်ပြီ ကဲ... ဒီနေ့ ရောက်လာပြီဆိုမှတော့ ဝဝလင်လင် စားသောက်ပြီး ပျော်ပျော်ပါးပါး နေသွားဦး အစ်ကိုချင်... မင်းပဲ အစ်ကိုလင်းကို အဖော်လုပ်ပေးလိုက်ပါဦး၊ ငါကတော့ တခြားဧည့်သည်တွေကို သွားကြိုလိုက်ဦးမယ်"
ဝမ်ချောင်က ဆိုကာ တံခါးဝသို့ ပြန်သွားသည်။
ထိုစဉ် ချင်လင်းက လင်းဖန်ကို ခန်းမအတွင်းသို့ ခေါ်ဆောင်သွားသည်။ ပါတီကို ခန်းမထဲတွင် ကျင်းပနေခြင်းဖြစ်ပြီး လူများစွာ ရောက်ရှိနေကြပြီဖြစ်သည်။ လှပတောက်ပစွာ ဝတ်ဆင်ထားသော လူငယ်မောင်မယ်များမှာ ဇိမ်ခံပစ္စည်းများကိုယ်စီနှင့် ဖြစ်သဖြင့် လင်းဖန်ပင်လျှင် မျက်စိပွင့်သွားရသည်။ တကယ့်ကို အထက်တန်းလွှာ လူကုံထံများ စုဝေးရာပွဲပင်။
လူများစွာကလည်း လင်းဖန်အပေါ် အာရုံကျနေကြသည်။ ဝမ်ချောင်နှင့် ချင်လင်းတို့ ကိုယ်တိုင် အပြင်ထွက်ကြိုရသော ဧည့်သည်ဖြစ်သဖြင့် ဤလူငယ်မှာ အဆင့်အတန်း မြင့်မားသူတစ်ဦး ဖြစ်ရမည်ဟု အားလုံးက ရိပ်မိကြသည်။
"ဒါ ဘယ်သူလဲ"
"ဟေး... ဒီလူက အတော်လေး ချောတာပဲ"
"သူ့လက်က နာရီကို ကြည့်ဦး၊ အဲဒါ Patek Philippe က မနှစ်က ထုတ်တဲ့ Limited Edition လေ၊ ကမ္ဘာပေါ်မှာ ၅ လုံးပဲ ရှိပြီး ဒေါ်လာ ၃ သန်းလောက် တန်တာ၊ နောက်ခံ အတော်တောင့်မယ့်ပုံပဲ"
လူစုလူဝေးကြားတွင် လင်းဖန်အကြောင်း တီးတိုး ပြောဆိုနေကြသဖြင့် စပ်စုချင်စိတ်များမှာ ပို၍ မြင့်တက်လာတော့သည်။
"အစ်ကိုလင်း... ဟိုဘက်က မိန်းကလေးတွေနဲ့ သွားပြီး မိတ်ဖွဲ့ဦးမလား"
ချင်လင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
"မင်းတို့ နှစ်ယောက်က ငါ့ကို ဒီအတိုင်း ပျော်ဖို့သက်သက်ပဲ ခေါ်တာတော့ မဟုတ်ဘူး မဟုတ်လား ကဲ... ပင်မအစီအစဉ်ကိုပဲ သွားရအောင်၊ မိန်းကလေးတွေနဲ့ကတော့ ဘယ်အချိန်ဖြစ်ဖြစ် ပျော်လို့ရတာပဲ"
လင်းဖန်က ပုခုံးတွန့်ကာ တိုက်ရိုက်ပင် မေးလိုက်သည်။
အခြားသူများ မသိသော်လည်း ဝမ်ချောင်နှင့် ချင်လင်းတို့မှာ လင်းဖန်၏ စရိုက်ကို ကောင်းစွာ သိကြသည်။ လင်းဖန်သည် ပျော်ပွဲရွှင်ပွဲများကို မငြင်းသော်လည်း ထိုမျှအထိ အစွဲအလမ်းကြီးသူ မဟုတ်ပေ။
"ဟားဟားဟား! ဝမ်ချောင် ပြောတာ မှန်တယ်၊ မင်းကတော့ တကယ့် မြေခွေးအိုကြီးပဲ"
ချင်လင်းက မတတ်သာသလို ရယ်မောရင်း လင်းဖန်ကို ဒုတိယထပ်သို့ ခေါ်သွားသည်။ စံအိမ်၏ ဒုတိယထပ်မှာ ဟိုတယ်ကြယ်ငါးပွင့်အဆင့်ရှိသော အလွန်ကျယ်ဝန်းပြီး ခမ်းနားသော ဧည့်ခန်းကြီး ဖြစ်သည်။ ထို့ပြင် သီးသန့် စားသောက်ဆိုင်၊ ဘား (Bar)၊ ဗီဒီယိုဂိမ်းခန်းနှင့် ဘိလိယက်ခုံများလည်း ရှိနေသည်။
ဘားပေါ်ရှိ အရက်ပုလင်းများကို ကြည့်ရင်း လင်းဖန် ပြုံးလျက် ခေါင်းခါလိုက်မိသည်။ တကယ့်ကို ထိပ်တန်း သူဌေးသားများပွဲပင်။ ကမ္ဘာ့အကောင်းဆုံး အရက်အမျိုးအစားများဖြစ်သည့် Bacardi၊ Smirnoff၊ Johnnie Walker၊ Moët & Chandon မှအစ Remy Martin Brandy အထိ အစုံအလင် ရှိနေသည်။ ဝမ်ချောင်ကိုယ်တိုင်ပင် ဤအရက်အားလုံးကို သောက်နိုင်မည် မဟုတ်ဘဲ အလှပြထားခြင်းသာ ဖြစ်ပေလိမ့်မည်။
..............................................................