← Chapters

အသက်ဆေးကျမ်း

Vol. 16 Ch. 151

အသက်ဆေးကျမ်း

Vol. 16 Ch. 151

“ဒီရင်းမြစ်ပုံဆောင်ခဲဆေးလုံးတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ ကျော်ကတည်းက ဖော်စပ်ခဲ့တာဆိုပေမဲ့ အရည်အသွေးက အရမ်းကောင်းနေသလို ဆေးစွမ်းကလည်း ပြည့်ဝနေတုန်းပဲ။ တကယ်ကို ရှားပါးတာပဲ”

ရွှီနင်က ချီးကျူးလိုက်သည်။ “ဒါကိုကြည့်ရင် ဒီဆေးဖော်စပ်တဲ့ နည်းစနစ်က ဘယ်လောက်တောင် သိမ်မွေ့နက်နဲလဲဆိုတာကို ပြသနေတာပဲ။ ဆေးရဲ့အစွမ်းသတ္တိတွေကိုလည်း ဒီလောက်အချိန်ကြာတဲ့အထိ ပိတ်လှောင်ထားနိုင်တာပဲ။ သေချာတာက ဒီလောက်အချိန်ကြာကြီး ထိန်းထား‌နိုင်အောင်ကလည်း ဆေးတွေကို သိမ်းဆည်းတဲ့နည်းစနစ်အပေါ် မူတည်နေသေးတယ်။ ဒီကျောက်သေတ္တာက လေလုံအောင် အထူးပြုလုပ်ထားတဲ့ ပစ္စည်းတစ်ခုနဲ့ ပြုလုပ်ထားတော့ ဆေးတွေရဲ့ အစွမ်းသတ္တိတွေက တစ်စက်လေးမှ ယိုစိမ့်မသွားဘဲ အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်တာပေါ့”

ရင်းမြစ်ပုံဆောင်ခဲဆေးလုံးများကို ငေးမောကြည့်ရှုပြီးနောက် ရွှီနင်သည် ကျောက်သေတ္တာထဲရှိ ဆေးခြောက်လုံးကို တိုက်ရိုက်ပင် စုပ်ယူလိုက်လေသည်။

(စကားချပ်: ဆေးလုံး/ဆေးပြားတွေကို အလျဉ်းသင့်သလို ပြောင်းသုံးသွားပါ့မယ်)

‘စွမ်းအင်ယူနစ် ၁၈၀၀၀ တောင်ပါလား’

တစ်နည်းအားဖြင့် ဆိုရလျှင် ရင်းမြစ်ပုံဆောင်ခဲဆေးလုံးသည် ရင်းမြစ်သန့်စင်ဆေးပြား၏ အဆင့်မြှင့်တင်ထားသော ပုံစံတစ်ခုပင် ဖြစ်ပေသည်။

သာမန်သိုင်းပညာရှင်တစ်ဦးသာ ၎င်းကို စားသုံးလိုက်မည်ဆိုလျှင် သူတို့၏ ကျင့်ကြံမှုကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်မည့် ပေါများလှသော စိတ်ဝိညာဉ်စွမ်းအင်များကို သေချာပေါက် ရရှိစေမည် ဖြစ်သည်။ သို့သော် နောက်ဆုံးအကျိုးသက်ရောက်မှုကမူ သူတို့၏ ကိုယ်ပိုင်ကျင့်ကြံမှုအဆင့်အပေါ်တွင်သာ မူတည်နေပေလိမ့်မည်။

သို့သော် ရွှီနင်သာ ၎င်းကို စုပ်ယူလိုက်ပါက ထိုစိတ်ဝိညာဉ်စွမ်းအင်များမှာ လုံးဝ အသုံးမဝင်တော့ချေ။

စွမ်းအင်များကို စုပ်ယူပြီးနောက် ရွှီနင်သည် သူ၏ နံရိုးအတွင်းပိုင်းသိုလှောင်ရာနေရာမှ ပုံဆောင်ခဲတုံးနှစ်တုံးကို ဆက်လက်ထုတ်ယူလိုက်သည်။

ရွှီနင်သည် ၎င်းကို သူ၏နဖူးပေါ်တွင် တင်လိုက်ပြီး ပုံဆောင်ခဲတုံးမှ အလင်းရောင်ဖျော့ဖျော့လေး ထွက်ပေါ်လာပြီးနောက်မှသာ ဖယ်ရှားလိုက်လေသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် ထိုပုံဆောင်ခဲတုံးနှစ်တုံး၏ အကူအညီဖြင့် ရွှီနင်၏စိတ်ထဲတွင် ဗဟုသုတအသစ်များစွာ ဝင်ရောက်လာခဲ့လေသည်။

သူရရှိခဲ့သော အချက်အလက်များ၏ အဓိကအစိတ်အပိုင်းတစ်ခုမှာ ဆေးဝါးကျမ်းတစ်စောင် ဖြစ်ပေသည်။ ၎င်းတွင် မရေမတွက်နိုင်သော ဝိညာဉ်ဆေးပင်များ၊ ဆေးပြားများနှင့် ဖော်စပ်နည်းစနစ်များအကြောင်းကို မှတ်တမ်းတင်ထားလေသည်။

ဤသည်မှာ အမွေအနှစ်များကို ချန်ရစ်ထားခဲ့သော တာအိုနယ်ပယ် ဆေးပညာရှင်ကြီး၏ တစ်သက်တာ စုဆောင်းမှုများပင် ဖြစ်သည်။ ယခုအခါတွင်မူ ရွှီနင်က ၎င်းတို့အားလုံးကို ဆက်ခံလိုက်ပြီ ဖြစ်လေသည်။

ထိုဆေးကျမ်းအပြင် “အသက်ဆေးကျမ်း” ဟုခေါ်သော ဆေးဖော်စပ်ရာတွင် အသုံးပြုသည့် လျှို့ဝှက်နည်းစနစ်တစ်ခုလည်း ပါဝင်နေသေးသည်။

အသက်ဆေးကျမ်းကိုယ်တိုင်တွင် တိုက်ခိုက်ရေးစွမ်းရည် သိပ်မပါဝင်ပေ။ ၎င်းကို ကျင့်ကြံပြီးနောက်တွင် လူတစ်ဦး၏ သိမြင်နားလည်နိုင်စွမ်းကို တိုးတက်စေပြီး ရေနှင့် မီးအခြေခံ လျှို့ဝှက်နည်းစနစ်များကို သဟဇာတဖြစ်အောင် ညှိနှိုင်းပေးနိုင်ရုံသာ ဖြစ်သည်။

ဤလျှို့ဝှက်နည်းစနစ်ကို အဆင့်မြင့်မြင့် ကျင့်ကြံနိုင်လေ၊ ဆေး၏ အရည်အသွေးက ပိုမိုကောင်းမွန်လေ ဖြစ်သည်။

“ကွယ်လွန်သွားပြီဖြစ်တဲ့ ဆေးပညာရှင်ကြီးက ပြီးပြည့်စုံတဲ့ ဆေးဖော်စပ်ခြင်း ကျင့်စဉ်စနစ်တစ်ခုကို ချန်ရစ်ထားခဲ့တာပဲ။ အသက်ဆေးကျမ်းက ဟင်းလင်းပြင်နယ်ပယ် ဆေးဖော်စပ်ခြင်း လျှို့ဝှက်နည်းစနစ်တစ်ခုပဲ။ ပြီးတော့ ငါသာ တာအိုနယ်ပယ်ကို ရောက်သွားခဲ့ရင် ငါ့အတွက် စောင့်ကြိုနေမယ့် နောက်ထပ် ပိုအဆင့်မြင့်တဲ့ နည်းစနစ်တစ်ခု ရှိသေးတယ်”

ရွှီနင်သည် သူ၏ သိုင်းပညာမျက်နှာပြင်ကို စစ်ဆေးကြည့်လိုက်သည်။

အသက်ဆေးကျမ်းကို သိုင်းပညာမျက်နှာပြင်ပေါ်တွင် ရိုက်နှိပ်မှတ်တမ်းတင်ထားပြီး ဖြစ်လေသည်။

‘မှတ်ဉာဏ်ပုံဆောင်ခဲတွေက ပိုကောင်းတာပဲ’

ရွှီနင်က စိတ်ထဲမှ တွေးလိုက်သည်။ ‘မှတ်ဉာဏ်ပုံဆောင်ခဲတွေရဲ့ အကူအညီနဲ့ဆိုရင် ငါက အသက်ဆေးကျမ်းကို ချက်ချင်းပဲ အသေးစိတ် နားလည်သဘောပေါက်နိုင်ပြီး အဆင့်မြှင့်တင်ဖို့ စတင်နိုင်ပြီ။ ကိုယ့်ဘာသာကိုယ် နားလည်အောင် ကြိုးစားနေစရာမလိုတော့လို့ ခေါင်းကိုက်သက်သာသွားတာပေါ့’

‘ဒါပေမဲ့ မှတ်ဉာဏ်ပုံဆောင်ခဲတွေကို တာအိုနယ်ပယ် သိုင်းပညာရှင်တွေသာ ဖန်တီးနိုင်တာဆိုတော့ သာမန်လူတွေကတော့ ထိတွေ့နိုင်ဖို့တောင် မလွယ်ဘူးလေ’

‘တခြားတစ်ဖက်က ကြည့်မယ်ဆိုရင် ငါက အသက်ဆေးကျမ်းကို အဆင့်မြှင့်တင်နိုင်သရွေ့ ဆေးပညာရှင်တစ်ယောက် ဖြစ်လာတော့မှာပဲ’

ရွှီနင် ပြုံးလိုက်လေသည်။

‘ငါ့ဆီမှာ စွမ်းအင်ယူနစ် ၂၈၈၇၀ ရှိတယ်။ သာမန်တံဆိပ်နယ်ပယ်ကို ချိုးဖျက်ကျော်လွှားဖို့ စွမ်းအင်ယူနစ် ၂၃၀၀၀ လိုတယ်။ ကျန်တဲ့စွမ်းအင်က လုံလောက်ပါတယ်လေ...’

‘ဒါပေမဲ့...’

ရွှီနင်က သတိထားလိုက်သည်။ ‘ငါ ဂိုဏ်းထဲရောက်နေတာ အချိန်တိုလေးပဲ ရှိသေးတယ်။ အရင်တုန်းက ငါ့ရဲ့ လျင်မြန်တဲ့ တိုးတက်မှုတွေက လက်ခံနိုင်တဲ့ အနေအထားမှာ ရှိနေသေးပေမဲ့ အခုသာ တံဆိပ်တော်နယ်ပယ်ကို ထပ်ပြီး ချိုးဖျက်လိုက်မယ်ဆိုရင် ငါက လျှို့ဝှက်နယ်မြေထဲ ဝင်ပြီး ကံကောင်းမှုတွေ ရခဲ့တယ်ဆိုဦးတော့ ဒါက မြန်လွန်းနေပြီ။ ငါ့အပေါ် သံသယဝင်လာကြမှာ သေချာတယ်’

သို့သော် စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း တံဆိပ်တော်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်လိုသည့် ဆန္ဒက ရွှီနင်၏ ရင်ထဲတွင် ကိန်းအောင်းနေဆဲ ဖြစ်သည်။

‘ငါ့ရဲ့ တိုးတက်မှုကို အရှိန်လျှော့လို့မဖြစ်ဘူး။ ရက်အနည်းငယ်နေရင် အပြင်ခဏထွက်ဖို့ အကြောင်းပြချက်တစ်ခုရှာပြီး အဆင့်မြှင့်တင်ဖို့ အခွင့်အရေး ယူရမယ်။ ဘာပဲဖြစ်ဖြစ် အခု ငါ ဂိုဏ်းထဲမှာ ရောက်နေတာဆိုတော့ ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး...’

ရွှီနင်က စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။ ‘ဒီလိုဆိုမှတော့ ငါ အသက်ဆေးကျမ်းကို အရင် အဆင့်မြှင့်လိုက်တော့မယ်’

ထို့နောက် ရွှီနင်သည် အသက်ဆေးကျမ်း၏ ဘေးရှိ “+” လက္ခဏာကို စတင်နှိပ်လိုက်လေသည်။

—

အသက်ဆေးကျမ်းအား အဆင့်မြှင့်တင်ရန် စွမ်းအင်ယူနစ် ၁၀၀ အသုံးပြုမည်လော။

လုပ်မည်/မလုပ်ပါ

—

“…”

ရွှီနင်သည် ဤလုပ်ငန်းစဉ်ကို ခြောက်ကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ပြုလုပ်ခဲ့ပြီး စုစုပေါင်း စွမ်းအင်ယူနစ် ၅၅၀၀ ကို အသုံးပြုခဲ့သည်။ သူသည် အသက်ဆေးကျမ်းကို အဆင့်ခြောက်အထိ မြှင့်တင်လိုက်လေသည်။

ရွှီနင်တွင် စွမ်းအင်ယူနစ် ၂၃၃၇၀ ကျန်ရှိနေသေးရာ ရွှီနင်အတွက် တံဆိပ်တော်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် လုံလောက်နေဆဲပင်။

‘ဆေးဖော်စပ်တဲ့ လျှို့ဝှက်နည်းစနစ်တွေက အစကတည်းကိုက ရှားပါးပြီး လေ့ကျင့်ဖို့ ကုန်ကျစရိတ် မြင့်လွန်းလို့ လက်တွေ့လေ့ကျင့်ဖို့က ခက်ခဲတယ်။ သိုင်းပညာလျှို့ဝှက်နည်းစနစ်တွေကို လေ့ကျင့်တာနဲ့တော့ ကွာခြားတယ်။ သိုင်းပညာလျှို့ဝှက်နည်းစနစ်တွေကို လေ့ကျင့်ဖို့ဆိုတာက ကိုယ့်ရဲ့ သိမြင်နားလည်နိုင်စွမ်းနဲ့ ကြိုးစားအားထုတ်မှုပဲ လိုအပ်တာလေ။ ဒါပေမဲ့ ဆေးဖော်စပ်တဲ့ လျှို့ဝှက်နည်းစနစ်တွေမှာကျတော့ ဒီအချက်နှစ်ချက်အပြင် ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ပါ လက်တွေ့လေ့ကျင့်ဖို့ လိုအပ်သေးတယ်။ အဲဒါက တော်တော်လေးကို ကုန်ကျစရိတ် များနိုင်တယ်’

‘နာမည်ကြီး ဆေးပညာရှင် အများစုက သူတို့ရောက်နေတဲ့ နေရာကို ရောက်ဖို့အတွက် အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေကို စုဆောင်းဖို့ လိုအပ်ခဲ့ကြတယ်။ ဒါကြောင့်လည်း သူတို့က အသက်တော်တော်လေး ကြီးနေကြတာလေ။ ငါ့အတွက်တော့ အချိန်တိုလေးအတွင်းမှာတင် အသက်ဆေးကျမ်းရဲ့ အဆင့်ခြောက်ကို ရောက်လာခဲ့ပြီဆိုတော့ တော်တော်လေး ခံစားလို့ကောင်းတာပဲ’

ရွှီနင်၏ လက်ရှိ အသက်ဆေးကျမ်းအဆင့်အရဆိုလျှင် သူ့အား ကျိဖုန်းစီရင်စုတစ်ခုလုံး၌ အလွန်အဆင့်မြင့်မားသော ဆေးပညာရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်လေသည်။

ဟင်းလင်းပြင်နယ်ပယ် ဆေးပညာရှင်တစ်ဦးအနေဖြင့် ရွှီနင်သည် ရင်းမြစ်သန့်စင်ဆေးပြားကဲ့သို့ သာမန်ဆေးပြားများကို ဖော်စပ်သည့်အခါ ၁၀၀ ရာခိုင်နှုန်း အောင်မြင်မည်ဟု အာမခံနိုင်ပေသည်။ အရည်အသွေးမြင့် ဆေးပြားများကို ဖော်စပ်သည့်အခါမှသာ ရွှီနင်၏ အောင်မြင်မှုရာခိုင်နှုန်းမှာ ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည် ဖြစ်သည်။ ရင်းမြစ်ပုံဆောင်ခဲဆေးလုံးများကဲ့သို့ ရှားပါးသော ဆေးပြားများကို ဖော်စပ်သည့်အခါတွင်မူ အောင်မြင်မှုရာခိုင်နှုန်းက ပို၍ပင် ကျဆင်းသွားမည်ဖြစ်ပြီး ရွှီနင် ဖော်စပ်ရာတွင် ၃၀ ရာခိုင်နှုန်းသာ အောင်မြင်နိုင်ခြေ ရှိလေသည်။

အခြားတစ်နည်းအားဖြင့် ဆိုရလျှင် တာအိုနယ်ပယ် နည်းစနစ်များ မပါဝင်သရွေ့ ရွှီနင်သည် အမျိုးမျိုးသော အရည်အသွေးရှိသည့် ဆေးပြားများကို အောင်မြင်စွာ ဖော်စပ်နိုင်သည့် အခွင့်အရေး ရှိနေပေသည်။

‘အောင်မြင်မှုရာခိုင်နှုန်း ပိုမြင့်မားတဲ့အပြင် ထူးချွန်တဲ့ ဆေးပညာရှင်တစ်ယောက်က ဆေးပြားတစ်ပြားကို ဖော်စပ်တဲ့အခါ ကုန်ကြမ်းတွေရဲ့ ဆေးဖက်ဝင်အာနိသင်တွေကို အလဟဿ မဖြစ်စေရုံသာမကဘဲ ကုန်ကြမ်းတွေရဲ့ ဆေးဖက်ဝင်အာနိသင်တွေကိုပါ တိုးမြှင့်ပေးနိုင်သေးတယ်။ ဒီလိုမျိုး ဖော်စပ်ထားတဲ့ ဆေးပြားတွေက အသုံးပြုခဲ့တဲ့ ကုန်ကြမ်းစုစုပေါင်းတွေထက် ပိုများတဲ့ စွမ်းအင်တွေ ပါဝင်နေတယ်လေ... ဒါက ငါလိုအပ်နေတဲ့ စွမ်းရည်ပဲ’

‘အနာဂတ်ကျရင် ငါ ကုန်ကြမ်းတွေကို ဝယ်ပြီး ရင်းမြစ်သန့်စင်ဆေးပြားတွေကို ကိုယ်တိုင် ဖော်စပ်လို့ရပြီ။ ဒီလိုဆိုရင် စွမ်းအင်စုဆောင်းတဲ့နေရာမှာ ငါ့ရဲ့ စွမ်းဆောင်ရည်က အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက် တိုးလာလိမ့်မယ်’

ရွှီနင်သည် အသက်ဆေးကျမ်းကို အဆင့်မြှင့်တင်ပြီးနောက် သူ၏ နံရိုးအတွင်းပိုင်းသိုလှောင်ရာနေရာမှ ဆေးမီးဖိုတစ်ခုကို ထုတ်ယူလိုက်သည်။

ထိုဆေးမီးဖိုမှာ အကျယ်နှင့် အမြင့် တစ်မီတာခန့်သာ ရှိသဖြင့် သိပ်တော့ မကြီးမားလှပေ။

ဆေးမီးဖို၏ မျက်နှာပြင်မှာ တောက်ပပြီး သန့်ရှင်းနေကာ ထူးဆန်းသော အလှဆင်ထားမှုများ မပါရှိသဖြင့် သာမန်ပုံစံမျိုးသာ ပေါက်နေလေသည်။

သို့သော် ဤသည်မှာ တာအိုနယ်ပယ် ဆေးပညာရှင်တစ်ဦး ဆေးဖော်စပ်ရာတွင် အသုံးပြုခဲ့သည့် ကိရိယာတစ်ခုဖြစ်ကြောင်း ရွှီနင် သိထားလေသည်။ ထို့အပြင် ၎င်းသည် ဂုဏ်သတ္တိမျိုးစုံပါဝင်သော တာအိုလက်နက်တစ်ခုလည်း ဖြစ်လေသည်။

၎င်းသည် အစစ်အမှန် လက်နက်တစ်ခု မဟုတ်သော်လည်း ဆေးဖော်စပ်သည့်အခါတွင်မူ အောင်မြင်နိုင်ခြေကို တိုးမြင့်စေနိုင်သည်။ ဆေး၏ ရှားပါးမှုနည်းပါးလေ၊ အောင်မြင်မှုရာခိုင်နှုန်း ပိုမိုမြင့်မားလေဖြစ်ပြီး ဆေး၏ အရည်အသွေးမှာလည်း ပိုမိုကောင်းမွန်လေ ဖြစ်ပေသည်။

ကောင်းမွန်သော ဆေးတစ်လုံးကို ဖော်စပ်ရာတွင် ကုန်ကြမ်းများ၊ ဖော်စပ်သည့် နည်းစနစ်များနှင့် ဆေးမီးဖိုတို့မှာ မရှိမဖြစ် လိုအပ်လှပေသည်။

ရွှီနင်သည် ဆေးမီးဖို၏ အတွင်းအပြင်ကို စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ဆေးမီးဖိုကို မည်သို့အသုံးပြုရမည်ကို သိရှိနိုင်ရန် သူ၏ချီနှင့် သဘာဝစွမ်းအင်များကို သက်ဝင်လှုပ်ရှားစေလိုက်သည်။

ရွှီနင်တစ်ယောက် ဆေးဖော်စပ်ခြင်း၏ အရသာကို မြည်းစမ်းကြည့်ချင်စိတ်များ ထွက်ပေါ်လျက်ရှိနေတော့သည်။

ကံမကောင်းစွာဖြင့် ရွှီနင်၏ လက်ထဲတွင် မည်သည့် ဝိညာဉ်ဆေးပင်မှ ရှိမနေခဲ့ပေ။

‘နောက်မှ ဝိညာဉ်ဆေးပင်တချို့ ရှာပြီး ဆေးဖော်စပ်ကြည့်ဖို့ ကြိုးစားရမယ်’

ထို့နောက် ရွှီနင်သည် ဆေးဖိုကို ပြန်လည်သိမ်းဆည်းလိုက်သည်။

“ငါ ဂိုဏ်းကို ပြန်ရောက်နေပြီဆိုတော့ ဂိုဏ်းချုပ်ကို အရင် သွားတွေ့ရမယ်။ ဘာပဲဖြစ်ဖြစ် သူက ငါ့ရဲ့ဆရာပဲလေ။ ငါ သွားတွေ့သင့်တယ်”

ရွှီနင်သည် ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး ပင်မတောင်ထွတ်ဆီသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့လေသည်။

“စီနီယာအစ်ကို”

ရွှီနင် ပင်မတောင်ထွတ်ပေါ်သို့ ခြေချလိုက်သည်နှင့် အိမ်အပြင်ဘက်တွင် စောင့်နေသော ဟယ့်မင်ယဲ့ကို တွေ့လိုက်ရသည်။

ရွှီနင် ဟယ့်မင်ယဲ့ကို နောက်ဆုံးအကြိမ် တွေ့ခဲ့ရသည်မှာ သုံးလပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ထိုအချိန်က ရွှီနင်သည် သူ၏ ပထမဆုံး ဂိုဏ်းတာဝန်ကို ထမ်းဆောင်ရန်ပင် အပြင်မထွက်ရသေးချေ။

“ဂျူနီယာညီလေး”

ရွှီနင်ကို မြင်လိုက်ရပြီးနောက် ဟယ့်မင်ယဲ့ကလည်း ပြုံးလိုက်သည်။ “ဆရာက အခု အကြီးအကဲယွမ်ချန်နဲ့ စကားပြောနေတယ်။ သူက လျှို့ဝှက်နယ်မြေအကြောင်းကို ပြောနေပုံရတယ်။ မင်းတို့ ထွက်လာပြီးတဲ့နောက်မှာ လျှို့ဝှက်နယ်မြေက ရုတ်တရက် ပျောက်ကွယ်သွားသလိုပဲ”

“ဟုတ်လား...”

ရွှီနင် ခေါင်းညိတ်လိုက်သည်။

“နှမြောစရာပဲ။ ငါ တာဝန်ထမ်းဆောင်ပြီး ဂိုဏ်းကို ပြန်ရောက်လာတော့ ဂိုဏ်းက လျှို့ဝှက်နယ်မြေသစ်တစ်ခုကို ရှာတွေ့ထားတယ်လို့ ကြားလိုက်ရတယ်။ ငါ တော်တော်လေး စိတ်ဝင်စားသွားပြီး အထဲဝင်ပြီးတော့ ရနိုင်မယ့် အမွေအနှစ်တွေ ရှိမရှိ သွားရှာချင်နေခဲ့တာ။ ဒါပေမဲ့ အခုတော့ ငါ အဲဒီလို လုပ်လို့မရတော့တဲ့ပုံပဲ”

ဟယ့်မင်ယဲ့က ဤသို့ပြောလိုက်သော်လည်း သူ၏ပုံစံမှာ တည်ငြိမ်နေလေသည်။

“ဂျူနီယာညီလေးရွှီ... မင်း လျှို့ဝှက်နယ်မြေထဲ ဝင်သွားတာ အများကြီး ရလာခဲ့မှာ သေချာတယ်။ ငါ ထင်တာတော့ မင်း ဂုဏ်သတ္တိနယ်ပယ်ကို ရောက်သွားပြီမလား”

ဟယ့်မင်ယဲ့က ထပ်မေးလိုက်သည်။

“ကျွန်တော် လျှို့ဝှက်နယ်မြေထဲမှာ ကံကောင်းမှုတချို့ ရခဲ့ပါတယ်”

ရွှီနင် ပြန်ဖြေလိုက်သည်။

ဟယ့်မင်ယဲ့က ခေါင်းညိတ်ပြသည်။ “သေချာလေ့ကျင့်ပြီး မင်းရဲ့စွမ်းအားကို မြန်နိုင်သမျှမြန်မြန် တိုးတက်အောင် ကြိုးစားပါ”

ဟယ့်မင်ယဲ့သည် ရွှီနင်၏ လျင်မြန်သော တိုးတက်မှုအပေါ် မနာလိုခြင်း မရှိပေ။ “ယွဲ့လန်ဂိုဏ်းက ကျိဖုန်းစီရင်စုမှာ အတော်လေး တည်ငြိမ်နေတယ်ဆိုပေမဲ့ ပြင်ပက ဖိအားအများကြီးကို ရင်ဆိုင်နေရတုန်းပဲ။ ဂိုဏ်းသားတွေ ပိုသန်မာလာတာနဲ့အမျှ ယွဲ့လန်ဂိုဏ်းကလည်း ပိုပြီး တည်ငြိမ်စည်ပင်လာလိမ့်မယ်”

သူတို့နှစ်ဦး စကားပြောနေစဉ် အကြီးအကဲယွမ်ချန် ထွက်လာလေသည်။

သူတို့နှစ်ဦးကို နှုတ်ဆက်ပြီးနောက် အကြီးအကဲယွမ်ချန်သည် အလျင်စလို ထွက်ခွာသွားတော့သည်။

ရွှီနင်နှင့် ဟယ့်မင်ယဲ့တို့ အိမ်ထဲသို့ အတူတကွ ဝင်သွားကြသည်။

အိမ်ထဲတွင် မီရှင်းယယ်သည် နှမြောတသဖြစ်နေသော မျက်နှာထားဖြင့် စားပွဲတွင် ထိုင်နေလေသည်။

လျှို့ဝှက်နယ်မြေ ပျောက်ကွယ်သွားသည့် သတင်းက မီရှင်းယယ်ကို စိတ်ပျက်သွားစေခဲ့သည်။

“မင်းတို့နှစ်ယောက် ငါ့ဆီ အတူတူ လာတွေ့တာ ဒါ ပထမဆုံးအကြိမ်ပဲ”

ရွှီနင်နှင့် ဟယ့်မင်ယဲ့တို့ အတူတကွ ဝင်လာသည်ကို မြင်လိုက်ရသောအခါ မီရှင်းယယ်၏ မျက်နှာထားမှာ အတော်လေး ကောင်းမွန်လာခဲ့သည်။

လျှို့ဝှက်နယ်မြေ ပျောက်ကွယ်သွားသော်လည်း သူ၏ လက်အောက်ရှိ တပည့်နှစ်ဦးစလုံးမှာ ပါရမီရှင်များ ဖြစ်ကြပေသည်။

အထူးသဖြင့် ရွှီနင်၏ တိုးတက်မှုကို ထည့်သွင်းစဉ်းစားကြည့်လျှင် ၎င်းသည် မီရှင်းယယ်၏ မျှော်မှန်းထားမှုများကို များစွာ ကျော်လွန်နေခဲ့လေပြီ။

ရွှီနင်နှင့် ဟယ့်မင်ယဲ့တို့ ဆက်ဆံရေးကောင်းမွန်ကြောင်း သူသိထားသောကြောင့် ဟယ့်မင်ယဲ့ ဂိုဏ်းချုပ်ဖြစ်လာသောအခါ ရွှီနင်က သူ့ကို ကူညီပံ့ပိုးပေးလိမ့်မည်ဟု မီရှင်းယယ် မျှော်လင့်ထားလေသည်။

ထိုသို့ဆိုလျှင် ယွဲ့လန်ဂိုဏ်းသည် သေချာပေါက် တည်ငြိမ်သွားပေလိမ့်မည်။

“ရွှီနင်... မင်း လျှို့ဝှက်နယ်မြေကနေ ရခဲ့တဲ့ အကျိုးအမြတ်တွေကို သေချာအသုံးချပြီး တံဆိပ်တော်နယ်ပယ်ကို မြန်နိုင်သမျှမြန်မြန် ချိုးဖျက်ဝင်ရောက်နိုင်အောင် ကြိုးစားရမယ်”

ဟယ့်မင်ယဲ့ကဲ့သို့ပင် မီရှင်းယယ်သည်လည်း ရွှီနင်၏ အကျိုးအမြတ် အသေးစိတ်ကို မမေးမြန်းဘဲ အားပေးရုံသာ အားပေးလေသည်။

လျှို့ဝှက်နယ်မြေအတွင်းမှ ရွှီနင်၏ အကျိုးအမြတ်များအားလုံးမှာ သူ၏ ကိုယ်ပိုင်ကံကြမ္မာများသာ ဖြစ်ပြီး သူ့ဆရာနှင့် စီနီယာအစ်ကိုအတွက်ပင်လျှင် မမေးသင့်‌ပေ။

“နားလည်ပါပြီ ဆရာ”

ရွှီနင် ပြန်ဖြေလိုက်သည်။

ရွှီနင်နှင့် ခေတ္တမျှ စကားပြောပြီးနောက် မီရှင်းယယ်က ဟယ့်မင်ယဲ့ကို ကြည့်လိုက်သည်။ “မင်ယဲ့... မင်းကရော ဘာကိစ္စရှိလို့ လာတာလဲ”

ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် ရွှီနင်က ယဉ်ကျေးမှုအရ မီရှင်းယယ်ကို လာရောက်နှုတ်ဆက်ခြင်းဖြစ်သော်လည်း ဟယ့်မင်ယဲ့တွင် ရည်ရွယ်ချက်တစ်ခု သေချာပေါက် ရှိနေမည်သာ။

“ဆရာ... ကျွန်တော် နှုတ်ဆက်ဖို့ လာခဲ့တာပါ”

ဟယ့်မင်ယဲ့က ပြောသည်။ “ကျွန်တော် ပိတ်ဆို့မှုတစ်ခုကို ရောက်နေပြီလို့ ခံစားရပြီး ထပ်ချိုးဖျက်ဖို့ ခက်ခဲနေလို့ပါ။ ဒါကြောင့် ကျွန်တော် ခရီးထွက်ပြီး ချိုးဖျက်ဖို့ အခွင့်အရေးတစ်ခု ရှာချင်ပါတယ်”

“ကောင်းပြီလေ”

ထိုစကားကို ကြားပြီးနောက် မီရှင်းယယ်က မဆိုင်းမတွပင် သဘောတူလိုက်လေသည်။

နယ်ပယ်ပိုမိုမြင့်မားလာလေ၊ တိုးတက်ရန် ခက်ခဲလေပင် ဖြစ်သည်။ အချိန်အများစုတွင် ကြိုးစားအားထုတ်မှုသက်သက်ဖြင့် ဆက်လက်တိုးတက်နိုင်တော့မည် မဟုတ်ပေ။

မီရှင်းယယ် ငယ်စဉ်ကလည်း ဤသို့ကြုံတွေ့ခဲ့ဖူးလေသည်။

“ခရီးထွက်တာလား...”

ဟယ့်မင်ယဲ့၏ စကားကို ကြားပြီးနောက် ရွှီနင်၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာခဲ့သည်။

သူသည်လည်း ဂိုဏ်းမှထွက်ခွာပြီး တံဆိပ်တော်နယ်ပယ်သို့ ရောက်ရှိရန် အကြောင်းပြချက်တစ်ခု ရှာချင်နေပြီ ဖြစ်လေသည်။

All Chapters