← Chapters

ပေါင့်သခင်လေး

Vol. 16 Ch. 153

ပေါင့်သခင်လေး

Vol. 16 Ch. 153

နောက်တစ်နေ့တွင်…

ရွှီနင်သည် အတွင်းစည်းရှိ တာဝန်ခန်းမသို့ သွားရောက်ခဲ့သည်။ တာဝန်ပေးခန်းမအတွင်း၌ လူများဖြင့် ပြည့်နှက်နေသော်လည်း ရွှီနင် ဝင်လာသည်ကို မြင်လျှင် အားလုံးက လမ်းဖယ်ပေးကြလေသည်။

ယခုအခါ ရွှီနင်သည် အတွင်းစည်း၌ အသန်မာဆုံးဟု သတ်မှတ်ခြင်း ခံထားရသူဖြစ်ရာ သူ၏ ဂုဏ်သတင်းမှာ အတွင်းစည်းတွင် အလွန်ပင် ကျော်ကြားနေပြီ ဖြစ်သည်။ ရွှီနင်၏ လက်ရှိခွန်အားအရ သူသည် တာဝန်ခံတစ်ဦးအဖြစ် အဆင့်တိုးမြှင့်ခံရနိုင်သော်လည်း တာဝန်ခံများသည် ရှုပ်ထွေးလှသော ကိစ္စရပ်များစွာကို ကိုင်တွယ်ဖြေရှင်းရမည်ဟု သူခံစားရသဖြင့် တပည့်အဆင့်၌သာ ဆက်လက်နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မီရှင်းယယ်ကလည်း ရွှီနင်အား အရိပ်အမြွက် ပြောကြားထားပြီး ဖြစ်သည်။ အမည်ခံတပည့်တစ်ဦးသည် ဂိုဏ်းအကြီးအကဲ ဖြစ်လာသည့် သာဓက မရှိခဲ့ဖူးသော်လည်း ရွှီနင်အနေဖြင့် နောင်တစ်ချိန်တွင် ဂိုဏ်းအကြီးအကဲ ဖြစ်လာနိုင်သည့် နည်းလမ်းများကို ရှာဖွေနိုင်ပေလိမ့်မည်။

“စီနီယာအစ်ကိုရွှီ ဘယ်လိုတာဝန်မျိုးကို လိုချင်လို့လဲခင်ဗျ”

ကောင်တာရှေ့ရှိ တပည့်က ယဉ်ကျေးပျူငှာစွာ မေးမြန်းလိုက်သည်။ အမှန်စင်စစ် ရွှီနင်သည် ဂိုဏ်းအတွင်း၌ ကြာရှည်စွာ ရှိနေခဲ့ခြင်း မဟုတ်သော်လည်း သူ၏ ခွန်အားနှင့် ကျော်ကြားမှုကြောင့် ရွှီနင်နှင့် မရင်းနှီးသော အတွင်းစည်းတပည့်များကပင် သူ့ကို “စီနီယာအစ်ကို” ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။

ရွှီနင်သည် ရရှိနိုင်သော တာဝန်များအားလုံးကို တစ်ချက် ကြည့်လိုက်ပြီးနောက် တာဝန်ကဒ်ပြားတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

“အဲဒါကို ယူမယ်”

ရွှီနင် ရွေးချယ်လိုက်သည့် တာဝန်မှာ ကြယ်အေးဆူးသီးဟု ခေါ်သော ဝိညာဉ်ဆေးပင်နှင့် သက်ဆိုင်သည့် တာဝန်ပင် ဖြစ်သည်။

ဤကြယ်အေးဆူးသီးမှာ အလွန်ပင် ရှားပါးလှသည်။ တန်ဖိုးကြီးလှသော အဆင့်မြင့်ဆေးလုံးများကို ဖော်စပ်သည့်အခါ ၎င်းသည် ဆေးဖော်စပ်သည့် လုပ်ငန်းစဉ်ကို တည်ငြိမ်စေပြီး ဆေးလုံးအောင်မြင်မှုနှုန်းကို မြင့်မားစေနိုင်သည်။

လူတိုင်းက ရွှီနင်ကဲ့သို့ တာအိုဆေးမီးဖို၏ ကူညီမှုကို ရရှိထားကြသည် မဟုတ်ပေ။

ဆေးဆရာ အများစုမှာ ၎င်းတို့၏ အောင်မြင်မှုနှုန်း မြင့်မားစေရန်အတွက် အစွမ်းကုန် ကြိုးစားကြရသည်။

ဤအသီးကို ရှာဖွေရမည့် တာဝန်မှာ ကိုယ်ပိုင်တာဝန် မဟုတ်ဘဲ ဂိုဏ်းတာဝန် ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ဂိုဏ်းတာဝန်များတွင်သာ အချိန်ကန့်သတ်ချက် မရှိသောကြောင့် ဖြစ်သည်။

ရွှီနင်သည် ဤတာဝန်ကို ရွေးချယ်ခြင်းဖြင့် အပြင်လောကတွင် အချိန်ပိုမို ရရှိနိုင်မည် ဖြစ်သည်။

ယွဲ့လန်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် ရွှီနင်သည် ဂိုဏ်း၏ အရှိန်အဝါကို အသုံးပြုကာ အရင်းအမြစ်များစွာကို ရရှိခဲ့ပြီး အရင်းအမြစ်များ ရရှိလေ သူ၏ ခွန်အားမှာလည်း တိုးတက်လေ ဖြစ်ခဲ့သည်။

သို့သော် ယခုအခါ ယွဲ့လန်ဂိုဏ်းအတွင်း၌ ရွှီနင်အတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများ ပေးနိုင်မည့် အရင်းအမြစ်များမှာ နည်းပါးလာခဲ့ချေပြီ။

သူသည် တာဝန်တစ်ခုကို အကြောင်းပြချက်ထားကာ ဂိုဏ်းပြင်ပသို့ ထွက်ခွာရန် ဆုံးဖြတ်ရခြင်းမှာ တံဆိပ်တော်နယ်ပယ်သို့ တက်လှမ်းရန်နှင့် စွမ်းအင်အရင်းအမြစ်သစ်များကို ရှာဖွေနိုင်မည့် အခွင့်အရေးကို ကြည့်လိုသောကြောင့် ဖြစ်သည်။

ထို့အပြင် နောက်ထပ် အရေးကြီးသော အကြောင်းပြချက်တစ်ခုလည်း ရှိသေးသည်။

ရွှီနင်သည် ဖေးယွင်ပြည်နယ်သို့ ပြန်ချင်နေသောကြောင့်ပင်။

ရွှီနင်သည် တံဆိပ်တော်နယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် ကျိဖုန်းစီရင်စုကို ဖြတ်ကျော်ကာ ဖေးယွင်ပြည်နယ်သို့ ပြန်ပေတော့မည်။

သို့သော် ထိုသို့ မပြုလုပ်မီ ရွှီနင်သည် ကျင်းလိစံအိမ်တော်ရှိ ပေါင့်မိသားစုထံသို့ သွားရောက်ကာ ဝေ့မိသားစုဝင်များ၏ သဲလွန်စကို ရှာဖွေရန် စီစဉ်ထားသည်။

၎င်းတို့အား ကျိဖုန်းစီရင်စုသို့ ခေါ်ဆောင်လာခဲ့သည်မှာ တစ်နှစ်နီးပါး ရှိခဲ့ပြီဖြစ်ရာ ဘေးကင်းခြင်း ရှိမရှိကို ရွှီနင် မသေချာတော့ပေ။

အကယ်၍ ၎င်းတို့ကို တွေ့ရှိခဲ့ပါက ရွှီနင်သည် ကယ်ထုတ်မည်ဖြစ်သလို ပေါင့်မိသားစုကိုလည်း လက်စားချေရန် အခွင့်အရေး ရှာဖွေမည် ဖြစ်သည်။

ထို့နောက်တွင်တော့ သူတို့ သုံးယောက်လုံးကို ဖေးယွင်ပြည်နယ်သို့ ပြန်လည် ခေါ်ဆောင်သွားမည် ဖြစ်သည်။

“အစ်ကိုရွှီ ဒါက အစ်ကို့ရဲ့ တာဝန်ပါ”

တပည့်ဖြစ်သူ၏ အကူအညီဖြင့် ရွှီနင်သည် ကြယ်အေးဆူးသီး ရှာဖွေရေးတာဝန်ကို လက်ခံရရှိခဲ့သည်။

ဤတာဝန်အတွက် ဆုကြေးမှာ အမှတ် ၅၀၀ ဖြစ်ရာ အတော်လေး များပြားသည်ဟု ဆိုနိုင်သည်။

သို့သော် တာဝန်မှာ မရေရာမှုများ ရှိနေသောကြောင့် မည်သူမျှ ရွေးချယ်ခဲ့ခြင်း မရှိချေ။

တာဝန်ခန်းမမှ ထွက်ခွာလာပြီးနောက် ရွှီနင်သည် ပစ္စည်းလဲလှယ်ရေးခန်းမသို့ သွားရောက်ကာ အခြေခံပစ္စည်းအချို့နှင့် လဲလှယ်ခဲ့သည်။ ထိုအရာများသည် ဂိုဏ်းမှ ထွက်ခွာပြီးနောက် အသုံးဝင်လာနိုင်ပေသည်။

ဤသို့ဖြင့် ရွှီနင်သည် ကြယ်အေးဆူးသီး ရှာဖွေရေး တာဝန်ဖြင့် ဂိုဏ်းမှ ထွက်ခွာလာခဲ့လေတော့သည်။

…

ယွဲ့လန်ဂိုဏ်း၏ နယ်မြေအတွင်း…

ရွှီနင်သည် လူသူကင်းမဲ့သော တောင်ကုန်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် ဂူတစ်ခုကို ရှာဖွေကာ တံဆိပ်တော်နယ်ပယ်သို့ တက်လှမ်းရန် ပြင်ဆင်လိုက်လေသည်။

“ဂိုဏ်းကနေ ထွက်လာပြီးမှ ခွန်အားမြှင့်တင်တာဆိုတော့ ဘာမှ စိတ်ပူနေစရာ မလိုတော့ဘူး။”

ရွှီနင်သည် နယ်ပယ်ကျော်ဖြတ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

တံဆိပ်တော်နယ်ပယ်သည် ဟင်းလင်းပြင်နယ်ပယ်၏ အရေးကြီးသော အလှည့်အပြောင်းတစ်ခု ဖြစ်သည်။

တံဆိပ်တော်နယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် ကျိဖုန်းစီရင်စု၌ အကြီးအကဲတစ်ဦး ဖြစ်လာနိုင်ပေလိမ့်မည်။

ရွှီနင်သည် သိုင်းပညာမျက်နှာပြင်ကို ဖွင့်လိုက်သည်။

“ငါ့ရဲ့ စွမ်းအင်လက်ကျန်က ၃၂၃၇၀ ယူနစ် ရှိနေတာပဲ။ ဘုံတံဆိပ်နယ်ပယ်ကို တက်လှမ်းဖို့ ၂၃၀၀၀ ယူနစ် အသုံးပြုပြီးရင်တောင် စွမ်းအင် ၉၀၀၀ ကျော် ကျန်နေဦးမှာပဲ။ ဒီစွမ်းအင်ပမာဏနဲ့ဆိုရင် ငါ့ရဲ့ လျှို့ဝှက်နည်းစနစ် လေးခုကို အဆင့် ၅ ကနေ အဆင့် ၆ ထိ မြှင့်တင်လို့ ရမယ်။”

ရွှီနင်၏ လျှို့ဝှက်နည်းစနစ် လေးခုမှာ သူ၏ နယ်ပယ်မြင့်မားလာမှုနှင့်အမျှ အမီလိုက်နိုင်ခြင်း မရှိတော့ပေ။

ယခုအချိန်တွင် ရွှီနင်သည် တာအိုလက်နက်အား အသုံးမပြုဘဲ တူညီသော နယ်ပယ်ရှိ သိုင်းပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရပါက ရေမီးနှစ်သွယ်မူလကျမ်းစာကို ကျင့်ကြံထားသော်လည်း တကယ့်တိုက်ပွဲတွင် အသာစီးရရန် ခက်ခဲပေလိမ့်မည်။

စွမ်းအင်ခွဲဝေမှုအကြောင်းကို စဉ်းစားပြီးနောက် ရွှီနင်သည် တုံ့ဆိုင်းမနေတော့ဘဲ အဆင့်တိုးတက်ရန် စတင်လေတော့သည်။

ရွှီနင်သည် သိုင်းပညာမျက်နှာပြင်ပေါ်ရှိ “+” သင်္ကေတကို နှိပ်လိုက်သည်။

––

ရေမီးနှစ်သွယ်မူလကျမ်းစာအား အဆင့်မြှင့်တင်ရန် စွမ်းအင် ၂၃၀၀၀ ယူနစ် အသုံးပြုမည်လော

လုပ်မည်/မလုပ်ပါ

––

“လုပ်မည်”

အတည်ပြုလိုက်သည့် ခဏမှာပင်

ရွှီနင်၏ ခန္ဓာကိုယ်အတွင်းရှိ ချီစီးကြောင်း လေးခုသည် ချက်ချင်းဆိုသလို တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ လုံးဝန်းသော ပုံစံတစ်ခု ဖြစ်ပေါ်လာသည်။

ချီစီးကြောင်း၏ ဗဟိုချက်မှာ အရည်အခြေအနေသို့ ရောက်ရှိသွားလေသည်။ အပြင်ဘက်အလွှာအား မြူထုများဖြင့် ဖုံးအုပ်ထားသော်လည်း အတွင်း၌မူ ရေ၊ မီး၊ ထိုးဖောက်မှု၊ ဖြတ်တောက်မှု၊ ဖျက်ဆီးမှုနှင့် တိုက်စားမှု စသည့် ဂုဏ်သတ္တိများ ပေါင်းစည်းကာ တစ်သားတည်း ဖြစ်သွားခဲ့ချေပြီ။

ချီစီးကြောင်း၏ မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော ပုံစံတစ်ခု ပေါ်လာသည်။

ဤထူးဆန်းသော ပုံစံများသည် ရွှီနင်၏ ဂုဏ်သတ္တိများကို ဖော်ပြနေခြင်းပင်။ ယခင်က ရွှီနင်နှင့် ချန်ရှောင်းယိတို့ တိုက်ခိုက်စဉ်တွင် ချန်ရှောင်းယိ၏ လက်သီးမျက်နှာပြင်ပေါ်တွင် ရှိနေသော ပုံစံများအတိုင်းပင် ဖြစ်သည်။

ရွှီနင်သည် ဂုဏ်သတ္တိတစ်ခုချင်းစီ၏ သဘာဝကို အသုံးချနိုင်ရုံသာမက ၎င်းတို့အားလုံးကို ပေါင်းစပ်ကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်ပြီ ဖြစ်သည်။

နောင်တစ်ချိန်တွင် ရွှီနင်၏ လျှို့ဝှက်နည်းစနစ်များ တိုးတက်လာလေ ချီစီးကြောင်းပေါ်ရှိ ပုံစံများမှာ ပိုမိုရှုပ်ထွေးလာမည်ဖြစ်ကာ တိုက်ခိုက်နိုင်စွမ်းမှာလည်း ပိုမိုပြင်းထန်လာပေလိမ့်မည်။

ဒါပဲလား။

ယခင်ကနှင့် နှိုင်းယှဉ်လျှင် ရွှီနင်၏ စိတ်နေစိတ်ထားမှာ ပိုမိုတည်ငြိမ်ရင့်ကျက်လာခဲ့သည်။

တံဆိပ်တော်နယ်ပယ်သည် အနှစ်သာရအားဖြင့် ဟင်းလင်းပြင်နယ်ပယ်၏ ပထမအဆင့် ခြောက်ဆင့်ကို ပေါင်းစည်းလိုက်ခြင်း ဖြစ်သည်။

သိုင်းပညာရှင်တစ်ဦး တတ်မြောက်ထားသော ရှုပ်ထွေးလှသည့် စွမ်းအားအားလုံးသည် တံဆိပ်တော်နယ်ပယ်၌ တစ်ခုတည်းအဖြစ် စုစည်းသွားလေသည်။

ထို့နောက် ရွှီနင်သည် စွမ်းအင် ၈၀၀၀ ယူနစ်ကို ထပ်မံအသုံးပြုကာ သူ၏ ရေစီးပမာဓားသိုင်း၊ ဖြာထွက်မီးလျှံဓားသိုင်း၊ ဒီရေလက်သီးနှင့် အရိုးမီးလျှံသမထကျင့်စဉ်တို့ကို အဆင့် ၆ သို့ မြှင့်တင်လိုက်သည်။

လျှို့ဝှက်နည်းစနစ် လေးခုစလုံး အဆင့် ၆ သို့ ရောက်ရှိသွားချိန်တွင် ရွှီနင်၏ ချီစီးကြောင်း သုံးပုံတစ်ပုံမှာ အရည်အခြေအနေသို့ ပြောင်းလဲသွားခဲ့ချေပြီ။

“အခုဆိုရင် ကျိဖုန်းစီရင်စုမှာ ဂိုဏ်းတစ်ခု တည်ထောင်နိုင်တဲ့ အရည်အချင်း ရှိနေပြီပဲ”

ရွှီနင် အလွန်ပင် ယုံကြည်မှု ရှိနေသည်။

တံဆိပ်တော်နယ်ပယ်၏ အင်အားကို အခြေခံကာ ထူးချွန်လှသော ဆေးဖော်စပ်မှုစွမ်းရည်နှင့် ပေါင်းစပ်လိုက်ပါက ရွှီနင်အနေဖြင့် ဂိုဏ်းတစ်ခုကို အမှန်တကယ် တည်ထောင်နိုင်ပေလိမ့်မည်။

“အရာအားလုံး အဆင်သင့်ဖြစ်ပြီဆိုတော့ ကျင်းလိစံအိမ်တော်ကို သွားကြစို့။”

ရွှီနင်သည် ဂူထဲမှ ထွက်ခွာကာ ကျင်းလိစံအိမ်တော်ရှိရာသို့ အပြင်းနှင်ခဲ့လေသည်။

ရွှီနင်သည် ကျင်းလိစံအိမ်တော်ရှိ လူများကို ကယ်တင်လိုသကဲ့သို့ လက်စားချေရန်လည်း ရည်ရွယ်ထားသည်။

ကြယ်အေးဆူးသီး ရှာဖွေရမည့် တာဝန်အတွက်မူ ရွှီနင် စိတ်မပူချေ။

…

နှစ်ရက်အကြာတွင်…

ကျင်းလိစီရင်စု…

ဤမြို့သည် ယွဲ့လန်ဂိုဏ်း၏ လက်အောက်တွင် အစည်ကားဆုံးသော မြို့များအနက် တစ်မြို့ ဖြစ်သည်။

လူဦးရေ၊ စီးပွားရေးနှင့် သိုင်းပညာ အားလုံးသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေလေသည်။

“ကျင်းလိစီရင်စု...”

ရွှီနင်သည် ကျင်းလိစီရင်စုသို့ ရောက်ရှိလာခဲ့သည်။

ရွှီနင် ဤနေရာသို့ လာဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ယခင်က ရွှီနင် ရှိနေခဲ့သော မိုင်းတွင်းမှာ ကျင်းလိစီရင်စု၏ အပြင်ဘက်တွင် ရှိသည်။

ကျင်းလိစီရင်စုသို့ ရောက်ရှိလာပြီးနောက် ရွှီနင်သည် ပေါင့်မိသားစုကို ချက်ချင်း ပြဿနာမရှာသေးပေ။

ပေါင့်မိသားစုတွင် သူ့ကို ခြိမ်းခြောက်နိုင်သူ မရှိဟု ရွှီနင် ခံစားရသော်လည်း သူသာ ပေါင့်မိသားစုသို့ သွားရောက်ကာ ထိုအဘွားကြီးနှင့် သန်မာသောလူကို သတ်လိုက်ပါက ရလဒ်မှာ ဆိုးရွားသွားနိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ ပေါင့်မိသားစုမှာ ယွဲ့လန်ဂိုဏ်း၏ သြဇာအရှိဆုံး လက်အောက်ခံ မိသားစုဖြစ်ပြီး ယွဲ့လန်ဂိုဏ်းအတွင်း၌ပင် အတိုင်းအတာတစ်ခုအထိ သြဇာသက်ရောက်မှု ရှိလေသည်။

ပေါင့်မိသားစုကို ဒုက္ခပေးခြင်းသည် ယွဲ့လန်ဂိုဏ်းကို အရှက်ခွဲခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။

ရွှီနင်သည် ကျင်းလိစီရင်စုနှင့် ပေါင့်မိသားစု၏ အခြေအနေကို ဦးစွာ စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။

ရွှီနင်သည် စားသောက်ဆိုင်လေးတစ်ခုအတွင်းသို့ ဦးစွာ ဝင်လိုက်သည်။

ဆိုင်မှာ လမ်းကြားတစ်ခုအတွင်း ရှိနေပြီး စားသုံးသူ များများစားစား မရှိချေ။

ရွှီနင်သည် နေရာတစ်ခုတွင် ထိုင်လိုက်ပြီး သာမန်အစားအစာနှင့် သောက်စရာအချို့ကို မှာယူကာ စားသောက်နေလိုက်သည်။

ဟင်းလင်းပြင်နယ်ပယ်သို့ ရောက်ရှိပြီးနောက်တွင် ရွှီနင်သည် အရသာရှိသော အစားအစာများကို မစားရသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

“သခင်လေးပေါင့် ရောက်လာပြီလား”

ရွှီနင် ဝိုင်တစ်ခွက် သောက်ပြီးချိန်တွင် ဆိုင်ရှင်၏ ဝမ်းသာအားရ ခေါ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

ရွှီနင် မော့ကြည့်လိုက်ရာ ဖြူဖျော့ပြီး ပိန်ပါးသော လူငယ်တစ်ဦး ဝင်လာသည်ကို မြင်လိုက်ရသည်။

‘သခင်လေးပေါင့် ဟုတ်လား။’

ရွှီနင် မျက်ခုံးပင့်လိုက်မိသည်။

ကျင်းလိစီရင်စုတွင် ပေါင့်မိသားစု တစ်ခုတည်းသာ ရှိလေသည်။

(စကားချပ်: အရင်က ကျင်းလိစံအိမ်တော်ဆိုပြီး သုံးထားမိပါတယ် မူရင်းတရုတ်ကို အခုမှ ပြန်ကြည့်မိလို့ စီရင်စုလို့သုံးထားတာတွေ့လိုက်ရပါတယ် ဒါကြောင့် ကျင်းလိစီရင်စုဆိုပြီးပြောင်းသုံးပါမယ်)

သူ ထိုလူကို သေချာ ကြည့်လိုက်သည်။

“ကျွန်တော့်ကို မနောက်ပါနဲ့ဗျာ ကျွန်တော်က ဘာသခင်လေးမို့လို့လဲ”

သခင်လေးပေါင့်က ခေါင်းခါကာ ပြောလိုက်သည်။ “ကျွန်တော့်အတွက် လမ်းမှာစားဖို့ အသားမုန့်ပြားငါးချပ်နဲ့ အချဉ်ဖောက်ထားတဲ့ ဟင်းသီးဟင်းရွက် အနည်းငယ် ပြင်ပေးပါ”

“ကောင်းပါပြီဗျာ”

မကြာမီတွင် ဆိုင်ရှင်က သခင်လေးပေါင့် လိုချင်သည်များကို ပြင်ဆင်ပေးလိုက်သည်။

“ကျေးဇူးပဲ”

သခင်လေးပေါင့်က အစားအသောက်များကို ယူပြီးနောက် ကြေးပြားတစ်ပြား ပေးလိုက်သည်။ သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ထုပ်ပိုးထားသော အစားအစာများကို ကြည့်ကာ လှည့်လာပြန်သည်။

“ဘာလို့ အထဲမှာ အသားတွေ အများကြီး ပါနေတာလဲ”

သခင်လေးပေါင့်က မေးလိုက်သည်။

“ဒါက သခင်လေးအတွက် လက်ဆောင်ပါ”

ဆိုင်ရှင်က ပြုံးလျက် ပြောလိုက်သည်။

ထိုအရာကို မြင်သောအခါ သခင်လေးပေါင့်က ဆိုင်ရှင်ထံသို့ အမြန်လျှောက်သွားပြီး အိတ်ကပ်ထဲမှ ငွေနှစ်ပြားကို ထုတ်ကာ ဆိုင်ရှင်၏ လက်ထဲသို့ ထိုးထည့်လိုက်သည်။

“မလုပ်ပါနဲ့ မလုပ်ပါနဲ့ ကျွန်တော်က ဒီအသားတွေကို သခင်လေးအတွက်လက်ဆောင်ပေးတာပါ”

ဆိုင်ရှင်က အတင်း ငြင်းဆန်နေလေသည်။

ဆိုင်ရှင်က အပြတ်အသတ် ငြင်းဆန်နေသည်ကို မြင်သောအခါ သခင်လေးပေါင့်က ငွေပြားများကို စားပွဲပေါ်တင်ကာ အမြန် ထွက်ခွာသွားတော့သည်။

ထိုအဖြစ်အပျက်ကို မြင်သော ဆိုင်ရှင်မှာလည်း အားကိုးရာမဲ့စွာဖြင့် ခေါင်းကိုသာ ခါလိုက်မိလေသည်။

“ဆိုင်ရှင်”

ရွှီနင် ဆိုင်ရှင်ကို လှမ်းခေါ်လိုက်သည်။

“ဘာများ ကူညီပေးရမလဲခင်ဗျ”

ဆိုင်ရှင်က အနားသို့ အမြန်ရောက်လာသည်။

ဆိုင်လေးမှာ မကြီးသော်လည်း ဆိုင်ရှင်မှာ နှစ်ပေါင်းများစွာ စားသုံးသူများစွာကို ဧည့်ခံခဲ့ဖူးသူ ဖြစ်သည်။ သူသည် စားပွဲထိုးအဖြစ်လည်း လုပ်ကိုင်ဖူးရာ လူအမျိုးမျိုးကို မြင်ဖူးလေသည်။

ရွှီနင်၏ အနေအထားမှာ သာမန်မဟုတ်ကြောင်း သူသိသဖြင့် အလွန်ပင် ယဉ်ကျေးနေခြင်း ဖြစ်သည်။

“အခု သခင်လေးပေါင့်ဆိုတာ ကျင်းလိစီရင်စုကို အုပ်ချုပ်တဲ့ ပေါင့်မိသားစုဝင်လား”

ရွှီနင် မေးလိုက်သည်။

“ဟုတ်ပါတယ် လူကြီးမင်း”

ဆိုင်ရှင်က အမြန် ပြန်ဖြေသည်။ “ဒီသခင်လေးပေါင့်ရဲ့ နာမည်က ပေါင့်ဝေကျင်းလို့ ခေါ်ပါတယ်။ သူ့ရဲ့ အဖိုးကတော့ လက်ရှိ ပေါင့်မိသားစုရဲ့ ခေါင်းဆောင်ဖြစ်သလို ကျင်းလိစံအိမ်တော်ကို အုပ်ချုပ်တဲ့သူပေါ့”

“အော် ဟုတ်လား”

ရွှီနင်၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

“ဒါပေမဲ့ ကျွန်တော် ကြည့်ရသလောက်တော့ ပေါင့်ဝေကျင်းက မိသားစုကြီးတစ်ခုက လူနဲ့ မတူဘဲ ဆင်းရဲတဲ့ ပညာရှိတစ်ယောက်နဲ့ ပိုတူနေသလိုပဲ”

ဆိုင်ရှင်က သက်ပြင်းချလိုက်သည်။

“သခင်လေးပေါင့်က ပေါင့်မိသားစုဝင် ဖြစ်ပေမဲ့ သူ့ဘဝက တကယ်ကို သနားစရာ ကောင်းလှပါတယ်။ လူကြီးမင်း ပြောသလိုပဲ သူက နာမည်ခံ ပညာရှိတစ်ယောက်ပါပဲ”

“ဒီသခင်လေးပေါင့်အကြောင်းကို ကျွန်တော် နည်းနည်း သိချင်လို့... အသေးစိတ် ပြောပြနိုင်မလား”

ရွှီနင်က ပြုံးလျက် မေးလိုက်သည်။

“ဒါကတော့...”

ဆိုင်ရှင်က တွေဝေသွားဟန် ရှိသည်။ မည်သို့ပင်ဖြစ်စေ သခင်လေးပေါင့်၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဤသို့ ပြောဆိုရန်မှာ မသင့်တော်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။

ဆိုင်ရှင် တွန့်ဆုတ်နေသည်ကို ရွှီနင် သတိထားမိလိုက်သည်။

ထို့ကြောင့် ရွှီနင်သည် ရွှေတုံးတစ်တုံး ထုတ်ကာ စားပွဲပေါ်သို့ ပစ်တင်လိုက်လေသည်။

ရွှေတုံးသည် စားပွဲပေါ်သို့ အသံမြည်လျက် ကျသွားသည်။

“ပြောပြပါ”

ရွှီနင်က ထပ်မံ ပြောလိုက်သည်။

“ပြောပါ့မယ် ပြောပါ့မယ်”

စားပွဲပေါ်မှ ရွှေတုံးကို မြင်လိုက်ရသောအခါ ဆိုင်ရှင်၏ မျက်လုံးများ ပြူးသွားပြီး အသက်ရှူသံများပင် ပြင်းထန်လာလေတော့သည်။

All Chapters