ကယ်ဆယ်ခြင်း
Vol. 16 Ch. 154
ဆိုင်ရှင်က ရွှေတုံးကို သိမ်းဆည်းလိုက်လေသည်။
“သခင်လေးပေါင့်ဝေကျင်းက နာမည်ခံအားဖြင့် ပေါင့်မိသားစုဝင်ဆိုပေမယ့် သူ့ရဲ့အခြေအနေက တော်တော်လေးကို အနေရခက်လှတယ်...”
အကျိုးအမြတ်ကို လက်ခံရရှိပြီးနောက် ဆိုင်ရှင်က သူသိသမျှကို အကုန်အစင် ပြောပြလေတော့သည်။
“သူ့အဖေက ပေါင့်မိသားစုခေါင်းဆောင်ရဲ့ တတိယမြောက်သား ပေါင့်ရှင်းရှန်ပေါ့။ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော် သူငယ်ရွယ်စဉ်အခါက ကျင်းလိစီရင်စုမှာ နာမည်ကြီးတဲ့ အပျော်အပါးမက်သူတစ်ယောက်လေ။ သူက ဂုဏ်သရေရှိတဲ့ အဆင့်အတန်းရှိရုံတင်မကဘဲ သိုင်းပညာမှာလည်း ကျွမ်းကျင်တယ်။ ရုပ်ရည်ကလည်း ချောမောတော့ ကျင်းလိစီရင်စုက မိန်းမပျိုလေးတွေ မရေမတွက်နိုင်အောင် သူ့ကို စွဲလမ်းခဲ့ကြတာပေါ့။”
“သခင်လေးပေါင့်ဝေကျင်းရဲ့ မိခင်ကတော့ ယင်းကောပြည့်တန်ဆာအိမ်တော်ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက သူမလည်း ပေါင့်ရှင်းရှန်ကို ရူးရူးမူးမူးဖြစ်ခဲ့တော့ ပေါင့်ရှင်းရှန်နဲ့ လက်ထပ်ပြီး မယားငယ် ဖြစ်လာခဲ့တာပဲ။”
“ဒါပေမဲ့ ပေါင့်မိသားစုထဲကို ဝင်ရောက်လာနိုင်ခဲ့ပေမယ့် သူမရဲ့ဘဝက ခက်ခဲကြမ်းတမ်းခဲ့တယ်။ သူမရဲ့ နောက်ခံအဆင့်အတန်းကြောင့် ပေါင့်မိသားစုထဲမှာ အထင်သေးခံရပြီး နေရာတိုင်းမှာ အနိုင်ကျင့်ခံခဲ့ရတယ်။ ပေါင့်ရှင်းရှန်ကလည်း အသစ်မြင်ရင် အဟောင်းမေ့တတ်တဲ့သူဆိုတော့ သူ့ရဲ့အပျော်အပါးမက်တဲ့ အကျင့်စရိုက်ကို မပြင်ခဲ့ဘူးလေ။ အရပ်ရပ်က ဖိအားတွေကြောင့် သခင်လေးပေါင့်ဝေကျင်းရဲ့ မိခင်ဟာ နောက်ဆုံးမှာ စိတ်ဖိစီးမှုတွေနဲ့ ကွယ်လွန်သွားခဲ့ရှာတယ်။”
“အဲဒီအချိန်တုန်းက သခင်လေးပေါင့်ဝေကျင်းက အသက်ဆယ်နှစ်တောင် မပြည့်သေးဘူး။ ဒါပေမဲ့ သူ့မိခင် ကွယ်လွန်သွားတဲ့အခါမှာတော့ သူ့အဖေကလည်း သူ့ကို ဂရုမစိုက်တော့ဘူး။ တခြား ပေါင့်မိသားစုဝင်တွေကလည်း သူ့ကို ပေါင့်မိသားစုရဲ့ အမည်းစက်တစ်ခုလို သဘောထားကြတယ်။ ဒါကြောင့် သခင်လေးပေါင့်ရဲ့ ပေါင့်မိသားစုထဲက ဘဝဟာ အရမ်းကို ခက်ခဲကျပ်တည်းခဲ့ရတယ်။”
“တခြား သခင်လေးတွေ၊ သခင်မလေးတွေက ဇိမ်ကျကျ နေထိုင်နေကြချိန်မှာ သခင်လေးပေါင့်ဝေကျင်းကတော့ သာမန်အစားအစာလောက်ကိုပဲ စားသောက်နေရတယ်။ သူက ပေါင့်မိသားစုစံအိမ်တော်ရဲ့ ဘေးဘက်ခြံဝန်းတစ်ခုမှာ တစ်ယောက်တည်း နေထိုင်ရပြီး သူ့ကို ပြုစုစောင့်ရှောက်မယ့် အစေခံဆိုလို့ တစ်ယောက်မှ မရှိဘူး။”
“သူ အရွယ်ရောက်လာလို့ သိုင်းပညာစတင်လေ့ကျင့်တဲ့အခါ သူ့အဖေ ပေါင့်ရှင်းရှန်က တစ်လစာ မုန့်ဖိုးလောက်ပဲ ပေးတယ်။ ဒါပေမဲ့ အဲဒီပမာဏက သိုင်းပညာကို သေချာလေ့ကျင့်ဖို့ မလုံလောက်ဘူးလေ။ ဒီအခြေအနေမှာ သခင်လေးပေါင့်ဟာ ပိုက်ဆံရှာဖို့နဲ့ သူ့ရဲ့ သိုင်းပညာလေ့ကျင့်မှုကို ထောက်ပံ့ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးခဲ့ရတယ်။”
“သခင်လေးပေါင့်ရဲ့ လက်ထဲမှာ ပိုက်ဆံမလုံလောက်တော့တဲ့ အကြိမ်တိုင်း သူက ကျင်းလိစီရင်စုကနေ ထွက်ပြီး ပိုက်ဆံရမယ့် အစောင့်အရှောက်တာဝန်တချို့ကို ရှာဖွေတတ်တယ်။ ခုနလေးတင်ကပဲ မြို့ပြင်ထွက်မယ့်ခရီးအတွက် လုံလောက်တဲ့ ရိက္ခာတွေ ပြင်ဆင်ဖို့ ဒီစားသောက်ဆိုင်ကိုလာပြီး မုန့်တွေ ဝယ်သွားတာပဲ။”
ဆိုင်ရှင်သည် ပေါင့်ဝေကျင်း၏ ဖြတ်သန်းမှုအတွေ့အကြုံများကို ကောင်းစွာ နားလည်ထားပုံရကာ အသေးစိတ် ရှင်းပြနေလေသည်။
“ဆိုင်ရှင်... ခင်ဗျား ဒါတွေကို လျှောက်ပြောနေတာလား”
ဆိုင်ရှင်၏စကားကို ကြားပြီးနောက် ရွှီနင်က ပြုံးလျက် ပြောလိုက်သည်။
“ကျင်းလိစီရင်စုက ပေါင့်မိသားစုဆိုတာ ကျိဖုန်းစီရင်စု တောင်ပိုင်းမှာ နာမည်ကြီးတဲ့ မိသားစုတစ်ခုလေ။ ပြီးတော့ ယွဲ့လန်ဂိုဏ်းကို ကျောထောက်နောက်ခံပြုထားတော့ သူတို့ရဲ့ နောက်ခံအင်အားကလည်း တောင့်တင်းတယ်။ ဒီလိုမိသားစုမျိုးက သူတို့ရဲ့ မျိုးဆက်ကို ပိုက်ဆံနည်းနည်းလေးရဖို့အတွက် ခွန်အားကို ရောင်းစားခိုင်းတယ်ဆိုတော့... ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား”
ရွှီနင်က ရွှေတုံးကို ပြန်တောင်းသွားမည်ကို ဆိုင်ရှင်က ကြောက်လန့်သွားကာ အလျင်အမြန် ရှင်းပြလေသည်။ “ကျုပ် ပထမဆုံး သိလိုက်ရတုန်းကလည်း မယုံခဲ့ပါဘူး။ ဒါပေမဲ့ ဒါက အမှန်တရားပါပဲ။”
“ပြီးခဲ့တဲ့တစ်ခေါက် သခင်လေးပေါင့်နဲ့ သူ့သူငယ်ချင်းတွေ ကျုပ်တို့ဆိုင်ကို အရက်လာသောက်တုန်းက သူတို့စကားပြောနေတာကို ကျုပ် သေချာကြားခဲ့ရတာ။”
သို့သော် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဆိုင်ရှင်၏ မျက်နှာမှာ နီမြန်းသွားချေပြီ။
သူတစ်ပါး၏ စကားဝိုင်းကို ခိုးနားထောင်ကာ သူတို့၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ထုတ်ဖော်ပြောဆိုခြင်းမှာ မလုပ်သင့်သော လုပ်ရပ်ပင် ဖြစ်သည်။
ဆိုင်ရှင်သည် ရင်ထဲ၌ အပြစ်ရှိသလို ခံစားနေရသဖြင့် စကားကောင်းတချို့ကို အမြန် ပြောလိုက်သည်။
“ဒါပေမဲ့ သခင်လေးပေါင့်က ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရပေမယ့် လူတွေကို ရိုးရိုးသားသား ဆက်ဆံတယ်။ သူ့သူငယ်ချင်းတွေ အကုန်လုံးကလည်း သာမန်မိသားစုတွေကချည်းပဲ။ သူ့သူငယ်ချင်းတွေ ပြဿနာတစ်ခုခုနဲ့ ကြုံလာရရင် သခင်လေးပေါင့်က ရက်ရက်ရောရော ကူညီပေးတတ်တယ်။ ပြီးတော့ သူ ကျုပ်တို့စားသောက်ဆိုင်ကို လာတိုင်း သခင်လေးပေါင့်က အရမ်းကို နှိမ့်ချတတ်တယ်။ ကျုပ်တို့စားသောက်ဆိုင်ကို မူးနေတဲ့ သိုင်းသမားတွေ လာဖျက်ဆီးတုန်းကတောင် သခင်လေးပေါင့်ပဲ ရှေ့ထွက်ပြီး ကူညီပေးခဲ့တာ။”
သို့သော် ဤသို့ပြောပြီးနောက် ဆိုင်ရှင်မှာ ရုတ်တရက် တိတ်ဆိတ်သွားလေသည်။
သူက ယခုလေးတင် လက်ခံရရှိထားသော ရွှေတုံးကို ပြန်ထုတ်လိုက်သည်။
“ဆရာ... ဒီနေ့ ကျုပ် စကားတွေ အများကြီး ပြောမိသွားပြီ...”
ဆိုင်ရှင်၏ မျက်နှာပေါ်တွင် အပြစ်ရှိနေသကဲ့သို့ အမူအရာ ပေါ်လွင်နေသည်။
“ဒါက သခင်လေးပေါင့်နဲ့ ပတ်သက်ပြီး ကျုပ်ပြောနိုင်သမျှပါပဲ။ ကျေးဇူးပြုပြီး ပိုက်ဆံကို ပြန်ယူသွားပါ...”
ရွှီနင် ခေါင်းခါပြလိုက်သည်။
ဆိုင်ရှင်မှာ အစပိုင်းတွင် ရွှေကိုမြင်ပြီး မျက်စိကန်းသွားခဲ့သော်လည်း ခေတ္တမျှ ထပ်မံစဉ်းစားပြီးနောက်တွင်တော့ နောက်ဆုံး၌ သူ၏ ဖြောင့်မတ်တည်ကြည်မှုကို ပြသလိုက်ခြင်း ဖြစ်သည်။
“သိမ်းထားလိုက်ပါ။”
ရွှီနင် မတ်တပ်ရပ်လိုက်သည်။ ဆိုင်ရှင်ပြောပြသော အချက်အလက်များက သူ့အတွက် လုံလောက်နေပြီ ဖြစ်သည်။
“နောက်ဆို တခြားဘယ်သူ့ကိုမှ မပြောပြနဲ့တော့။”
ရွှီနင် ထွက်ခွာသွားလေသည်။
ဆိုင်ရှင်မှာ ရွှေတုံးကိုကြည့်ရင်း ကြက်သေသေနေတော့သည်။
အချိန်အတော်ကြာပြီးနောက် ဆိုင်ရှင်က ခြေကို ဆောင့်လိုက်သည်။ “နောက်တစ်ခါ သခင်လေးပေါင့် လာရင် သူ့အတွက် အရက်ကောင်းကောင်းနဲ့ ဟင်းကောင်းတွေ သေချာပေါက် ပြင်ဆင်ထားပေးမယ်။”
ရွှီနင်သည် စားသောက်ဆိုင်မှ ထွက်လာပြီးနောက် ကျင်းလိစီရင်စု၌ ဆက်လက် လှည့်လည်သွားလာခြင်း မပြုတော့ပေ။ ထိုအစား သူသည် ပေါင့်ဝေကျင်း၏နောက်သို့ အဝေးမှ လိုက်ပါသွားလေတော့သည်။
ပေါင့်ဝေကျင်းကမူ ရွှီနင် သူ့နောက်မှ လိုက်ပါလာသည်ကို သတိမပြုမိချေ။
ပေါင့်ဝေကျင်းသည် မြို့ထဲမှ ထွက်ခွာလာပြီးနောက် လူသူကင်းမဲ့သော နေရာများကို ဖြတ်ကျော်ကာ ရွာတစ်ရွာထဲသို့ ဝင်ရောက်သွားသည်။
ကျိဖုန်းစီရင်စုသည် ဖေးယွင်စီရင်စုနှင့် ဆင်တူလေသည်။ စီရင်စု၏ ပတ်ဝန်းကျင်တွင် ကျေးရွာများရှိပြီး မြို့ပြင်ရှိ ရွာများမှာ စီရင်စုကို မှီခို၍ ဖွံ့ဖြိုးတိုးတက်ကြရသည်။
စီရင်စု၏ အခြေခံအုတ်မြစ် တောင့်တင်းခိုင်မာလေလေ ရွာများက ပိုမို စည်ကားဝပြောလေလေ ဖြစ်သည်။
ပေါင့်ဝေကျင်းသည် ရွာထဲသို့ ဝင်သွားပြီး မကြာမီမှာပင် မြင်းလှည်းတစ်စီးနှင့်အတူ ပြန်ထွက်လာလေသည်။
လှည်းပေါ်တွင် ဖောင်းကြွနေသော ကုန်ပစ္စည်းပုံကြီးရှိပြီး အဝတ်စဖြင့် ဖုံးအုပ်ထားသည်။
ပေါင့်ဝေကျင်းသည် ကုန်ပစ္စည်းများ အပြည့်တင်ထားသော မြင်းလှည်းကို တောင်ပေါ်လမ်းသို့ မောင်းနှင်သွားလေသည်။ ဤတစ်ကြိမ်တွင် သူတစ်ယောက်တည်းသာဖြစ်ပြီး ရွာသို့ ကုန်ပစ္စည်းအချို့ ပို့ဆောင်ပေးရန် တာဝန်ယူထားခြင်း ဖြစ်သည်။
ဤတစ်ကြိမ် ပို့ဆောင်ရမည့် ကုန်ပစ္စည်းများမှာ ပိုမိုတန်ဖိုးကြီးသဖြင့် အလုပ်ရှင်က ပိုက်ဆံပိုပေးသောကြောင့် ပေါင့်ဝေကျင်းတစ်ယောက် စိတ်ကြည်နူးနေလေသည်။
ယခုကုန်ပစ္စည်းများကို ပို့ဆောင်ပြီးပါက သူ၏ သိုင်းကျင့်စဉ်ကို အထောက်အကူပြုမည့် ဝိညာဉ်ဆေးပင်များ လုံလုံလောက်လောက် ဝယ်ယူနိုင်မည် ဖြစ်သည်။ ဤအလုပ်ပြီးသွားလျှင် နှစ်လ၊ သုံးလခန့် အပြင်ထွက်စရာ မလိုတော့ပေ။
သို့သော် စိတ်ကြည်နူးနေသော်လည်း ပေါင့်ဝေကျင်းသည် ပစ္စည်းပို့ဆောင်စဉ်အတွင်း၌ သတိကြီးစွာထားနေဆဲပင်။ သူ ခရီးသွားရန် လမ်းရွေးချယ်သည့်အခါ မြင်ကွင်းကျယ်ကျယ် ပြန့်ပြန့်ရှိသော နေရာများကိုသာ အတတ်နိုင်ဆုံး ရွေးချယ်သွားလာလေသည်။
ပေါင့်ဝေကျင်းသည် သာမန်လူသားနယ်ပယ် ပဉ္စမအဆင့်၊ ချီလှုပ်ရှားမှုနယ်ပယ်တွင် ရှိနေသည်။ ပေါင့်မိသားစုထဲ၌ သူက အလွန်အားနည်းသူတစ်ဦး ဖြစ်သော်လည်း သူသည် သိုင်းပညာရှင်ကောင်းတစ်ဦး ဖြစ်နေဆဲပင်။
‘ရှေ့ကလမ်းမှာ ဓားပြတွေ ပေါ်လာနိုင်ခြေ များတယ်။ ငါ သတိထားမှဖြစ်မယ်။’
ပေါင့်ဝေကျင်းသည် အာရုံအပြည့်စိုက်ထားလိုက်သည်။
ရုတ်တရက် ပေါင့်ဝေကျင်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားချေပြီ။
သူက လှည့်ထွက်ရန်ရည်ရွယ်၍ မြင်းဇက်ကြိုးကို အမြန်ဆွဲလိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ခွပ်... ခွပ်... ခွပ်...
တောင်၏ တစ်ဖက်တစ်ချက်စီမှ လူနှစ်စု ရုတ်တရက် ပြေးဆင်းလာပြီး ပေါင့်ဝေကျင်းအား ရှေ့တစ်စု၊ နောက်တစ်စု ညှပ်၍ ပိတ်ဆို့လိုက်ကြသည်။
ထိုသူများအားလုံးမှာ မျက်နှာဖုံးများ တပ်ဆင်ထားကြပြီး လက်ထဲတွင် လက်နက်များ ကိုင်ဆောင်ကာ တစ်လှမ်းချင်း ရှေ့တိုးလာကြလေသည်။
“ပြဿနာတော့ လာပြီကွ။”
ပေါင့်ဝေကျင်း ထိတ်လန့်သွားရသည်။ သူက ဓားကို အမြန်ဆွဲထုတ်ကာ မြင်းပေါ်မှ ဆင်းလိုက်သည်။
သူသည် ဤကုန်ပစ္စည်းများကို လုံးဝ အဆုံးရှုံးခံရဲခြင်း မရှိပေ။
အကယ်၍ ကုန်ပစ္စည်းများသာ ဆုံးရှုံးသွားပါက ပေါင့်ဝေကျင်းသည် ပိုက်ဆံမရနိုင်ရုံသာမက သူတို့၏ ဆုံးရှုံးမှုများအတွက်ပါ လျော်ကြေးပေးရပေလိမ့်မည်။
ဤသည်မှာ ပေါင့်ဝေကျင်းအတွက် လုံးဝ တောင့်ခံနိုင်စွမ်းမရှိသော ကိစ္စပင်။
“မိတ်ဆွေတို့... ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းဖယ်ပေးပါ။ ငွေပြား ၁၀၀ ပေးပါ့မယ်။”
ပေါင့်ဝေကျင်းက ခေါင်းဆောင်ဖြစ်သူကို ပြောလိုက်သည်။
ငွေပြား ၁၀၀ ဆိုသည်မှာ ဤပစ္စည်းပို့ဆောင်မှုအတွက် ပေါင့်ဝေကျင်း ရရှိမည့် အခကြေးငွေ ဖြစ်သည်။
ပေါင့်ဝေကျင်းသည် ဤပစ္စည်းပို့ဆောင်မှုမှ ပိုက်ဆံမည်မျှရမည်ကို မတွေးတော့ပေ။ မည်သည့် ပြဿနာမျှ မဖြစ်လာစေရန်သာ မျှော်လင့်နေတော့သည်။
“သူ့ကို သတ်လိုက်။”
သို့သော် ဓားပြခေါင်းဆောင်က ပေါင့်ဝေကျင်းကို လျစ်လျူရှုကာ သူ့ကိုသတ်ရန် အမိန့်ပေးလိုက်လေသည်။
ပေါင့်ဝေကျင်း အံ့အားသင့်သွားရသည်။
မြင်းစီးဓားပြများသည် ပုံမှန်အားဖြင့် လမ်းကြေးကို ဦးစွာ ညှိနှိုင်းလေ့ရှိရာ ယခုကဲ့သို့ မဆိုင်းမတွ သတ်ဖြတ်ရန် အမိန့်ပေးခြင်းမျိုးမှာ အလွန်ရှားပါးလှသည်။
လူရိပ်အချို့သည် ပေါင့်ဝေကျင်းဆီသို့ ပြေးဝင်လာကြသည်။
ပေါင့်ဝေကျင်းသည် သူ၏ အတွင်းအားကို အလျင်အမြန် လှုံ့ဆော်ကာ တိုက်ခိုက်ရန် ပြေးထွက်သွားလိုက်သည်။
သူသည် ထိုလူစုနှင့် စတင် တိုက်ခိုက်လေတော့သည်။
‘ဒီလူတွေအကုန်လုံးက ဓားနည်းစနစ် တစ်မျိုးတည်းကိုပဲ သုံးနေကြတာ။ လေ့ကျင့်မှုလည်း ကောင်းကောင်း ရထားပုံပဲ။ သူတို့ကို ကြည့်ရတာ မြင်းစီးဓားပြတွေနဲ့ မတူဘူး။’
တိုက်ပွဲအတွင်း ပေါင့်ဝေကျင်းသည် သူတို့၏ တိုက်ကွက်နည်းဗျူဟာများကို တဖြည်းဖြည်း နားလည်လာခဲ့သည်။
ခေါင်းဆောင်ဖြစ်သူက သူ့ကိုသတ်ရန် အမိန့်ပေးခဲ့သည်ကို တွေးမိသောအခါ ပေါင့်ဝေကျင်း၌ မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
‘ဖြစ်နိုင်တာက...’
ပေါင့်ဝေကျင်းသည် အသေးစိတ် ဆက်မတွေးရဲတော့ဘဲ ရှေ့မှ ရန်သူများကို ရင်ဆိုင်ရန်သာ အာရုံစိုက်ထားလိုက်သည်။
ပေါင့်ဝေကျင်းကို တိုက်ခိုက်နေသူများသည် သူ့ကို အထိနာအောင် မလုပ်နိုင်ကြပေ။
ပေါင့်ဝေကျင်းသည် သိုင်းပညာကို နောက်ကျမှ စတင်လေ့ကျင့်ခဲ့ရသည်သာမက လမ်းညွှန်ပေးမည့်သူလည်း မရှိခဲ့သလို အရင်းအမြစ်များလည်း မရှိခဲ့ပေ။
သို့သော် သူ၏ သိုင်းပညာပါရမီမှာ အလွန်မြင့်မားလှသည်။ သူသည် သာမန်လူသားနယ်ပယ် ပဉ္စမအဆင့်၊ ချီလှုပ်ရှားမှုနယ်ပယ်သို့ ရောက်ရှိနေပြီး အလယ်အလတ်အဆင့် ဓားနည်းစနစ်တစ်ခုကိုလည်း လေ့ကျင့်တတ်မြောက်ထားလေသည်။
“အသုံးမကျတဲ့ကောင်တွေ။”
လက်အောက်ငယ်သားများ အလုပ်မပြီးမြောက်နိုင်သည်ကို မြင်သောအခါ ခေါင်းဆောင်ဖြစ်သူက ကိုယ်တိုင် ရှေ့ထွက်လာခဲ့သည်။ “ဖယ်ကြစမ်း။”
ခေါင်းဆောင်က လူအုပ်ကို ဖယ်ရှားကာ ဓားဖြင့် ခုတ်ချလိုက်သည်။
ပေါင့်ဝေကျင်းက ဓားကို အမြန်မြှောက်ကာ ကာကွယ်လိုက်သည်။
ဒုန်း...
မျက်နှာဖုံးတပ်ခေါင်းဆောင်က ပေါင့်ဝေကျင်းအား ခုတ်ပိုင်းလိုက်သည့် အခိုက်အတန့်တွင် ပေါင့်ဝေကျင်းမှာ လွင့်စင်သွားပြီး လေထဲတွင် သွေးများ အန်ချလိုက်ရလေသည်။
‘သာမန်လူသားနယ်ပယ် သတ္တမအဆင့်၊ စိတ်အာရုံနယ်ပယ် သိုင်းပညာရှင်ပါလား။’
ပေါင့်ဝေကျင်းတစ်ယောက် မျှော်လင့်ချက် ကင်းမဲ့သွားတော့သည်။
မိမိထက် နယ်ပယ်နှစ်ဆင့် ပိုမြင့်နေသော ရန်သူကို ယှဉ်တိုက်ရန် သူ၌ အင်အားမရှိပေ။
“သခင်လေးပေါင့်... ကောင်းကောင်း သွားပါတော့။”
မျက်နှာဖုံးတပ်ခေါင်းဆောင်က ပေါင့်ဝေကျင်းအနားသို့ ရောက်လာပြီး သူ၏ဓားမကြီးကို ဝှေ့ယမ်းလိုက်သည်။
အကယ်၍ ဤဓားချက်သာ ကျလာပါက ပေါင့်ဝေကျင်း၏ ခေါင်းသည် သေချာပေါက် ပြတ်ထွက်သွားပေလိမ့်မည်။
ရွှပ်...
အသားကို ခုတ်ပိုင်းလိုက်သည့်အသံ ထွက်ပေါ်လာလေသည်။
သို့သော် အခုတ်ခံရသူမှာ ပေါင့်ဝေကျင်း မဟုတ်ဘဲ မျက်နှာဖုံးတပ်ခေါင်းဆောင် ဖြစ်နေချေပြီ။
မျက်နှာဖုံးတပ်လူမှာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
သူ၏နေရာတွင် အဖြူရောင်အဝတ်အစားများ ဝတ်ဆင်ကာ အဖြူရောင်မျက်နှာဖုံးတပ်ထားသော လူတစ်ယောက်သည် တည်ငြိမ်သော ပုံစံဖြင့် ထွက်ပေါ်လာလေသည်။
ထိုသူကား ပေါင့်ဝေကျင်းနောက်သို့ လမ်းတစ်လျှောက်လုံး လိုက်ပါလာခဲ့သော ရွှီနင်ပင် ဖြစ်သည်။
ရွှီနင်သည် ပေါင့်ဝေကျင်းကို ကယ်တင်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ပေါင့်ဝေကျင်းက ပေါင့်မိသားစုဝင်တစ်ဦး ဖြစ်သော်လည်း ပေါင့်မိသားစုက သူ၏ဘဝအပေါ် ဖိအားများစွာ ပေးထားခဲ့လေသည်။
ထို့အပြင် ပေါင့်ဝေကျင်း၏ အဆင့်အတန်းမှာ အတော်လေး ထူးခြားလှသည်။ သူသည် လက်ရှိပေါင့်မိသားစုခေါင်းဆောင်၏ မြေးဖြစ်နေသည်။ သူ့ကိုသာ ကောင်းကောင်းအသုံးချနိုင်ပါက မျှော်လင့်မထားသော အကျိုးအမြတ်တစ်ခု ရရှိနိုင်ပေလိမ့်မည်။
“ငါ့ကို ဒီလူက ကယ်လိုက်တာပဲ။”
ပေါင့်ဝေကျင်း ချက်ချင်း သတိဝင်လာသည်။
ပေါင့်ဝေကျင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သော အခြားလူသတ်သမားများသည် အလျင်အမြန် ထွက်ပြေးကုန်ကြသည်။
သို့သော် ရွှီနင်သည် ထိုလူများကို အခွင့်အရေး မပေးခဲ့ပေ။ ဓားအလင်းရောင် နောက်တစ်ချက် လက်သွားသည်နှင့် ပေါင့်ဝေကျင်းကို ဝိုင်းရံထားသော လူသတ်သမားများ အားလုံး သေဆုံးသွားကြလေတော့သည်။
“ဒါက...”
ပေါင့်ဝေကျင်းက သူ့နေရာတွင် ရပ်နေသော ရွှီနင်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားရသည်။
“ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်ပါလား။”
သူသည် ပေါင့်မိသားစုထဲ၌ ဖယ်ကျဉ်ခံထားရသော်လည်း ဗဟုသုတတော့ ကြွယ်ဝဆဲပင်။
ရွှီနင်၏ အင်အားသည် သာမန်လူသားနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ထက် သာလွန်နေကြောင်း သူ သိလိုက်သည်။
“ကျွန်တော့်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။”
ပေါင့်ဝေကျင်း အမြန်မတ်တပ်ရပ်ကာ ရွှီနင်ကို ရိုသေစွာ ဦးညွှတ်လိုက်သည်။
ရွှီနင်က မျက်နှာဖုံးတပ်ထားသဖြင့် ပေါင့်ဝေကျင်းမှာ သူ၏အသက်ကို မခန့်မှန်းနိုင်သော်လည်း ပေါင့်ဝေကျင်းက ရွှီနင်ကို စီနီယာဟု နှိမ့်ချစွာ ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။
“မင်းကို လုပ်ကြံဖို့ ကြိုးစားနေတဲ့လူတွေက သာမန်မြင်းစီးဓားပြတွေနဲ့ မတူဘူးနော်။”
ရွှီနင်က ပြောလိုက်သည်။
ယခုလေးတင် ထိုလူများ တိုက်ခိုက်ချိန်၌ ရွှီနင် ဤအချက်ကို သတိထားမိခဲ့ခြင်း ဖြစ်သည်။
ရွှီနင် ထိုသို့ပြောလိုက်ပြီးနောက် ပေါင့်ဝေကျင်း ရုတ်တရက် တစ်ခုခုကို သတိရသွားလေသည်။
သူသည် မျက်နှာဖုံးတပ်ခေါင်းဆောင်၏ အလောင်းဆီသို့ လျှောက်သွားကာ စမ်းသပ်ရှာဖွေလိုက်သည်။
“ဒါ ပေါင့်မိသားစုပဲ။”
ခါးချိတ်တံဆိပ်တစ်ခုကို ထုတ်ယူပြီးနောက် ပေါင့်ဝေကျင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေတော့သည်။