← Chapters

အသက်ရှင်ရန်မျှော်လင့်ချက်

Vol. 16 Ch. 160

အသက်ရှင်ရန်မျှော်လင့်ချက်

Vol. 16 Ch. 160

“ဟုတ်ပါတယ်... တာအိုတံဆိပ်တော်ရဲ့ တားမြစ်ချက်ကိုဖြေဖျက်ဖို့ပါ”

ပေါင့်ရှင်းရွှမ်၏ အသက်မှာ ရွှီနင်၏ လက်ထဲတွင် ရောက်ရှိနေပြီဖြစ်ရာ သူက အမှန်အတိုင်း ဝန်ခံဖြေကြားလိုက်လေသည်။ “အရင်တုန်းက ဝေ့မိသားစုဆီကနေ တာအိုတံဆိပ်တော်တစ်ခု ကျွန်တော်တို့ ရခဲ့ဖူးပါတယ်။ အဲဒါကို ဖွင့်ချင်ရင် ဝေ့မိသားစုရဲ့ သွေးမျိုးဆက်တွေဆီက သွေးလိုအပ်တာပါ”

ဝေ့မိသားစု၏ တာအိုတံဆိပ်တော်ကိစ္စကို လျှို့ဝှက်ထားရန် ပေါင့်ချုံးဟွားမှ အမိန့်ပေးထားခဲ့သော်လည်း ပေါင့်ရှင်းရွှမ်မှာမူ ဤအချိန်၌ တုံ့ဆိုင်းခြင်းမရှိဘဲ အကုန်ဖွင့်ပြောလိုက်ချေပြီ။

ပေါင့်ရှင်းရွှမ်အတွက်မူ မိသားစုအကျိုးအမြတ်ထက် မိမိအသက်ရှင်သန်ရေးကသာ ပို၍အရေးကြီးပေသည်။

“မင်းတို့က ကျိဖုန်းစီရင်စုကလူတွေပဲ... ဝေ့မိသားစုရဲ့ တာအိုတံဆိပ်တော်ကို ဘယ်လိုဖြစ်ပြီး ရှာတွေ့ခဲ့တာလဲ”

ရွှီနင်က ဤအချက်ကို အတော်လေး စိတ်ဝင်စားသွားသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော် သားရဲလှိုင်းကြီးဖြစ်တုန်းက ကျိဖုန်းစီရင်စုမှာ ဝေ့မျိုးရိုးနဲ့ တာအိုနယ်ပယ် သခင်တစ်ယောက် ရှိခဲ့ဖူးပါတယ်။ အဲဒီသခင်က သူ့ရဲ့ နောက်မျိုးဆက်တွေ လေ့လာနိုင်ဖို့ တာအိုတံဆိပ်တော်တစ်ခု ချန်ထားခဲ့တာပါ။ ဒါပေမဲ့ ဆယ်စုနှစ်အနည်းငယ်ကြာတော့ အဲဒီသခင်က ကျိဖုန်းစီရင်စုကနေ ထွက်သွားခဲ့ပါတယ်။ သူက မိသားစုမှာ အရင်းအမြစ်တွေ အများကြီးချန်ထားခဲ့တော့ တခြားသူတွေရဲ့ ပစ်မှတ်ထားတာကို ခံရပြီး မိသားစုလည်း ပျက်စီးခြင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်”

ပေါင့်ရှင်းရွှမ်သည် ရွှီနင်၏ အေးစက်စက် အကြည့်များကို ကြည့်ရင်း အမြန်ဆက်ပြောလိုက်သည်။ “ဒါကြောင့် ဝေ့မိသားစုရဲ့ ခေါင်းဆောင်က သူ့လူတွေကို ခေါ်ပြီး ဖေးယွင်စီရင်စုကို ထွက်ပြေးခဲ့ကြတယ်။ ဒါပေမဲ့ အလျင်အမြန် ဆုတ်ခွာရတဲ့အပြင် လမ်းမှာလည်း ချောင်းမြောင်းတိုက်ခိုက်ခံရတာကြောင့် မိသားစုအရင်းအမြစ်တချို့ ပျောက်ဆုံးသွားပါတယ်။ အဲဒီထဲမှာ တာအိုတံဆိပ်တော် ကမ္ပည်းကျောက်စာတိုင်လည်း ပါသွားခဲ့တာပါ”

“အချိန်အတန်ကြာတော့ အဲဒီတာအိုတံဆိပ်တော် ကမ္ပည်းတိုင်က ပေါင့်မိသားစုရဲ့ လက်ထဲကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါကို ရပြီးတဲ့နောက်မှာမှ အဲဒီတံဆိပ်တော်မှာ သွေးမျိုးဆက်တားမြစ်ချက် ပါနေတာကို သိခဲ့ရပါတယ်။ ဒါကြောင့် သင့်တော်တဲ့လူကို ရှာဖို့ ဖေးယွင်စီရင်စုကို လာခဲ့ရတာပါ”

ပေါင့်ရှင်းရွှမ်သည် ရွှီနင်က သူ့ကို ရုတ်တရက် သတ်ပစ်မည်ကို စိုးရိမ်သဖြင့် ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်နေရှာသည်။

“ဪ... အဲဒီလိုကိုး...”

ရွှီနင်က လှောင်ပြုံးတစ်ခုဖြင့် ခေါင်းငြိမ့်လိုက်သည်။

“အဲဒီတံဆိပ်တော်ပေါ်က သွေးမျိုးဆက် ကန့်သတ်ချက်ကို ဖြေဖျက်ပြီးပြီလား”

ရွှီနင်က ထပ်မံမေးမြန်းလိုက်သည်။

“မကြာခင်ပါပဲ... မကြာခင်မှာ ဖြေဖျက်နိုင်တော့မှာပါ”

ပေါင့်ရှင်းရွှမ်က မျက်လုံးကစားလိုက်ပြီး ပြောလိုက်လေသည်။ “သခင်လေး... အဲဒီတံဆိပ်တော်ကို စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော် အဲဒါကို ရအောင်ယူပြီး တောင်းပန်တဲ့အနေနဲ့ လက်ဆောင်ပေးပါ့မယ်”

“အဲဒီတံဆိပ်တော်ကို ငါ့ကိုပေးမယ် ဟုတ်လား”

ရွှီနင်၏ မျက်လုံးများ လှုပ်ရှားသွားသည်။

တခြားသော ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်များအတွက် တာအိုတံဆိပ်တော်သည် ကျင့်ကြံခြင်းကို မြန်ဆန်စေသည့် ကိရိယာတစ်ခု ဖြစ်နိုင်သော်လည်း ရွှီနင့်အတွက်မူ အသုံးမဝင်လှပေ။

ထို့အပြင် ရွှီနင်၏ လက်ထဲတွင်လည်း တာအိုတံဆိပ်တော်တစ်ခု ရှိနှင့်နေပြီးသား ဖြစ်သည်။

“ဟုတ်ပါတယ် သခင်လေး... ကျွန်တော့်ကို မိသားစုဆီ ပြန်လွှတ်ပေးမယ်ဆိုရင် ကျွန်တော် သခင်လေးနဲ့ ပူးပေါင်းပြီး အဲဒီတာအိုတံဆိပ်တော်ကို ရအောင်ထုတ်ပေးပါ့မယ်”

ပေါင့်ရှင်းရွှမ်က အားတက်သရော ပြောဆိုနေသော်လည်း သူ့ရင်ထဲတွင်မူ ကောက်ကျစ်သော အကြံအစည်များ ရှိနေလေသည်။

တာအိုတံဆိပ်တော်အကြောင်း ကြားလျှင် ရွှီနင်က သူ့ကို လွှတ်ပေးလိမ့်မည်ဟု သူက မျှော်လင့်နေခြင်းဖြစ်သည်။

သူသာ မိသားစုဆီ ပြန်ရောက်သွားလျှင် ပေါင့်ချုံးဟွားနှင့် ဖန်းကျဲ့တို့ကို အကူအညီတောင်းကာ ရွှီနင်ကို ဝိုင်းဝန်းသတ်ဖြတ်ရန် ကြံစည်နေလေသည်။

“တာအိုတံဆိပ်တော်က ပစ္စည်းကောင်းပါပဲ... ဒါပေမဲ့ မင်းရဲ့ ခေါင်းကိုပဲ ငါ ပိုလိုချင်တယ်”

ရွှီနင်၏ စကားများက ပေါင့်ရှင်းရွှမ်၏ ခေါင်းအား ရေခဲရေဖြင့် လောင်းချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။

ရွှီနင်သည် တာအိုတံဆိပ်တော်အား စိတ်မဝင်စားဘဲနေမည်ဟု ထင်မထားခဲ့ပေ။

ပေါင့်ရှင်းရွှမ်မှာ ရုတ်တရက် ထိတ်လန့်သွားပြီး “အရမ်း မောက်မာမနေနဲ့ဦး... သေသေချာချာ စဉ်းစားကြည့်နော် ငါက ပေါင့်မိသားစုကလူပဲ။ ပေါင့်မိသားစုဆိုတာ ယွဲ့လန်ဂိုဏ်းရဲ့ လက်အောက်ခံ မိသားစုတစ်ခုပဲ။ ငါတို့ဆီမှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်။ ဒါ့အပြင် ပေါင့်မိသားစုမှာ ယွဲ့လန်ဂိုဏ်းရဲ့

တပည့်ရင်းဖြစ်တဲ့ ထူးချွန်တဲ့ မျိုးဆက်သစ်တစ်ယောက် ရှိသေးတယ်။ မင်း ငါ့ကိုသတ်ရင် နောက်ဆက်တွဲကိစ္စတွေကို သေသေချာချာ စဉ်းစားထားလိုက်”

ပေါင့်ရှင်းရွှမ်၏ ကြုံးဝါးနေပုံကို ကြည့်ပြီး ရွှီနင်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ “ယွဲ့လန်ဂိုဏ်းရဲ့ တပည့်ရင်း ထူးချွန်တဲ့ မျိုးဆက်သစ် ဟုတ်လား”

“လျှို့ဝှက်နယ်မြေထဲမှာ ပေါင့်ရူရွမ်း သေသွားတဲ့အကြောင်း ဖန်းကျဲ့က မင်းတို့မိသားစုကို မပြောပြဘူးလား”

ပေါင့်ရှင်းရွှမ်၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားပြီး မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားသည်။

“မင်း... မင်း ဘယ်လိုလုပ် သိတာလဲ...”

ပေါင့်ရှင်းရွှမ်၏ အသံများ တုန်ရီနေလေပြီ။

“ဘာလို့လဲဆိုတော့ ပေါင့်ရူရွမ်းကို ငါကိုယ်တိုင် သတ်ခဲ့တာမို့လို့ပဲ”

ရွှီနင်၏ အသံမှာ ထက်မြက်သော ဓားတစ်လက်ကဲ့သို့ ပေါင့်ရှင်းရွှမ်၏ နှလုံးသားကို ခုတ်ပိုင်းလိုက်သယောင် ရှိပေသည်။

“သခင်လေး... သခင်လေး... ကျွန်တော့်ကို လွှတ်ပေးပါဗျာ။ သခင်လေး ခိုင်းတာမှန်သမျှ ကျွန်တော် အကုန်လုပ်ပါ့မယ်”

ပေါင့်ရှင်းရွှမ်မှာ ကြောင်အသွားပြီးနောက် ချက်ချင်းပင် တောင်းပန်တိုးလျှိုးလေတော့သည်။

သူ့ရှေ့က လူငယ်မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ပေါင့်ရှင်းရွှမ် နောက်ဆုံးတွင် သဘောပေါက်သွားချေပြီ။

ရွှီနင်က ပေါင့်ရှင်းရွှမ်၏ ငိုယိုတောင်းပန်မှုကို လျစ်လျူရှုထားလိုက်သည်။

သူ တိုက်ခိုက်ရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို သတိရသွားသည်။ “ဪ... ဒါနဲ့... မင်းက ဘာလို့ ပေါင့်ဝေကျင်းကို သွားတိုက်ခိုက်တာလဲ”

“အဲဒါ သခင်မချွမ်းခိုင်းလို့ပါ။ သူမက သူ့ကို သတ်ခိုင်းဖို့ ကျွန်တော့်ကို ရင်းမြစ်သန့်စင်ဆေးပြား ၁၀ ပြား ပေးခဲ့တာပါ”

ပေါင့်ရှင်းရွှမ်မှာ ရွှီနင်ကို နာခံမှုရှိကြောင်း ပြသရန် အခွင့်အရေးမှန်သမျှကို အရယူနေတော့သည်။

“အဲဒီလိုလား...”

ရွှီနင်က ပြုံးလိုက်ပြီး ပြောလိုက်သည်။

“ကျေးဇူးပဲ”

သို့သော် ရွှီနင်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

ပေါင့်ရှင်းရွှမ်က ဤအချက်ကို သတိပြုမိသွားသည်။

“သခင်လေး... ကျွန်တော့်ကို လွှတ်ပေးပါ”

ပေါင့်ရှင်းရွှမ်မှာ လုံးဝ ပျာယာခတ်သွားချေပြီ။

သို့သော် နောက်ကျသွားခဲ့လေပြီ။

ရွှီနင်က လက်ကို မြှောက်လိုက်ရာ သူ့လက်ဝါးထဲ၌ စစ်မှန်သောချီများဖြင့် ပြည့်နှက်လာသည်။ သူသည် အထူးစွမ်းအားများကိုပင် အသုံးမပြုလိုက်ချေ။

ဖြန်း

ရွှီနင်က ပေါင့်ရှင်းရွှမ်၏ ဦးခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

နောင်တခဏ၌ ပေါင့်ရှင်းရွှမ်၏ အသံများ ရပ်တန့်သွားလေသည်။

သူ၏ ခေါင်းမှာ ဘေးသို့ စောင်းကျသွားပြီး အသက်မဲ့သွားတော့သည်။

“တစ်ယောက် ရှင်းသွားပြီ...”

ပေါင့်ချုံးဟွားကိုသာ ရှင်းလင်းလိုက်လျှင် ရွှီနင်နှင့် ပေါင့်မိသားစုကြားက ရန်ငြိုးများ ပြေလည်သွားပေလိမ့်မည်။

ရွှီနင်သည် သူ့လက်ထဲတွင် သေဆုံးသွားသော ပေါင့်ရှင်းရွှမ်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။

လွန်ခဲ့သော တစ်နှစ်ကဆိုလျှင် ပေါင့်ရှင်ရွှမ်အား မြင့်မြတ်လှသော ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးဟု ထင်မှတ်ခဲ့သော်လည်း ယခုမူ သူ့လက်ချက်ဖြင့် တစ်ချက်တည်းနှင့် အသက်ပျောက်ခဲ့ရချေပြီ။

သူ၏ တိုးတက်မှုနှုန်းမှာ အလွန်လျင်မြန်လွန်းသဖြင့် သူ မည်မျှ ခရီးရောက်လာခဲ့သည်ကို ရွှီနင်ကိုယ်တိုင်ပင် သတိမထားမိခဲ့ပေ။

ယခု ပြန်လှည့်ကြည့်လိုက်သောအခါတွင်မူ သူ၏ လက်ရှိနယ်ပယ်ကို ကျေနပ်မိသည်။

ရွှီနင်က မျက်နှာဖုံးကို ပြန်စွပ်လိုက်သည်။

သူသည် ပေါင့်ရှင်းရွှမ်၏ အလောင်းကို ဂရုမစိုက်ဘဲ ထွက်ခွာလာခဲ့သည်။

အစောပိုင်း၌ သူသည် ဂုဏ်သတ္တိစွမ်းအားကိုပင် အသုံးမပြုခဲ့ဘဲ စစ်မှန်သောချီသက်သက်ဖြင့်သာ သတ်ခဲ့ခြင်းဖြစ်ရာ မည်သူကမျှ သူ့ကို သံသယဝင်နိုင်မည် မဟုတ်ပေ။

ပေါင့်ရှင်းရွှမ်တွင် နေရာတိုင်း၌ ရန်သူများ ရှိနေကြောင်း ပေါင့်ဝေကျင်းမှ သူ့အား ပြောပြဖူးလေသည်။

ထို့ကြောင့် သူ၏ သေဆုံးမှုမှာ အတိတ်မှ ရန်သူများ၏ လက်စားချေမှုအဖြစ်သာ အများက ယူဆကြပေလိမ့်မည်။

ထိုအချိန်တွင်...

ပေါင့်ဝေကျင်းသည် သာမန်လူသားနယ်ပယ် အလယ်အလတ်အဆင့် သားရဲတစ်ကောင်ကို သတ်ဖြတ်ပြီးသွားလေပြီ။

သို့သော် တာဝန်ပြီးမြောက်သွားသော်လည်း သူကတော့ စိတ်မအေးနိုင်သေးချေ။

မိသားစု အကြီးအကဲတစ်ဦး၏ လုပ်ကြံရန် ကြိုးပမ်းမှုက သူ့ကို စိုးရိမ်နေစေမိသည်။

ကံကောင်းထောက်မစွာဖြင့် စီနီယာထောင်အကြောင်းကို တွေးမိလိုက်သောအခါမှသာ သူ စိတ်အနည်းငယ် ပြေလျော့သွားတော့သည်။

ပေါင့်ဝေကျင်းသည် မိသားစုဝင်များ စုဝေးရာနေရာသို့ သွားလိုက်သည်။

ထိုနေရာတွင် အစောင့်အချို့ ရှိနေသည်။

ပေါင့်ဝေကျင်းက သားရဲ၏ အင်္ဂါအစိတ်အပိုင်းများကို သယ်ဆောင်လာသည်ကို မြင်သောအခါ အားလုံးက အံ့အားသင့်သွားကြသည်။

ပေါင့်ဝေကျင်း၏ စွမ်းဆောင်ရည်မှာ မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်နေလေသည်။

ပေါင့်ဝေကျင်း ပြန်ရောက်ပြီးနောက် သားရဲများအား လိုက်လံဖမ်းဆီးနေသော အခြားမိသားစုဝင်များလည်း တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြသည်။

အချို့မှာ အောင်မြင်မှု အထိမ်းအမှတ် လက်ဆောင်များဖြင့် ပြုံးရွှင်နေကြသော်လည်း အချို့မှာမူ ဒဏ်ရာများဖြင့် စိတ်ပျက်နေကြလေသည်။

“အကြီးအကဲ ဘယ်ရောက်သွားတာလဲ။ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ”

တစ်နာရီခန့် ကုန်လွန်သွားပြီဖြစ်ရာ မိသားစုဝင်အားလုံး ပြန်ရောက်နေကြပြီ ဖြစ်သည်။

တောင်ပေါ်တွင် အစွမ်းထက်သော သားရဲများ သိပ်မရှိသည့်အပြင် အစောင့်များလည်း အချိန်မီ ရောက်လာတတ်သောကြောင့် အချို့သော လူငယ်များမှာ ဒဏ်ရာရခဲ့သော်လည်း သေဆုံးသူတော့ မရှိခဲ့ပေ။

သို့သော် အားလုံးစုမိချိန်တွင် ဤတာဝန်ကို ဦးဆောင်သူ အကြီးအကဲ ပေါင့်ရှင်းရွှမ်မှာ ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရလေသည်။

“အကြီးအကဲကို သွားရှာကြရအောင်”

အစောင့်ခေါင်းဆောင်က ပေါင့်ရှင်းရွှမ် ပေါ်မလာသည်ကို သတိပြုမိသဖြင့် အစောင့် သုံးယောက်ကိုခေါ်ကာ အတူတကွ သွားရောက်ရှာဖွေလေတော့သည်။

၎င်းကို မြင်သောအခါ ပေါင့်ဝေကျင်း၏ ရင်ခုန်သံများ မြန်လာခဲ့သည်။

စီနီယာထောင်နှင့် ပေါင့်ရှင်းရွှမ်တို့ကြားတွင် ဖြစ်ပျက်ခဲ့သမျှကို သူက မသိရသေးပေ။

သို့သော် ပေါင့်ဝေကျင်းသည် ရုတ်တရက် အသံတစ်သံကို ကြားလိုက်ရသည်။

“ပေါင့်ရှင်းရွှမ် သေပြီ။ အဲဒီနောက်ကွယ်မှာ သခင်မချွမ်း ရှိနေတယ်”

ထို့နောက် အသံမှာ ပျောက်ကွယ်သွားလေသည်။

“ဘာ...”

၎င်းမှာ စီနီယာထောင်ထံမှ ပေးပို့သော သတင်းစကားဖြစ်ကြောင်း ပေါင့်ဝေကျင်း ချက်ချင်း သဘောပေါက်လိုက်သည်။

‘အကြီးအကဲ ပေါင့်ရှင်းရွှမ် သေသွားပြီတဲ့လား။ စီနီယာထောင်က တကယ့်ကို ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တွေကြားထဲမှာတောင် ထိပ်တန်းကပဲ’

ပေါင့်ဝေကျင်း စိတ်သက်သာရာ ရသွားသော်လည်း မကြာမီမှာပင် သူ့မျက်လုံးများမှာ

မည်းမှောင်သွားရသည်။

“သခင်မချွမ်း... ငါ့အသက်ကို ယူချင်နေတာ သခင်မချွမ်းကိုး”

“ဒီနှစ်တွေတစ်လျှောက်လုံး သူက ငါ့ကို တမင်တကာ ဒုက္ခပေးခဲ့တာ။ ငါ့ကို အေးအေးလူလူ မနေစေချင်ခဲ့ဘူး။ အခုကြည့်ရတာ ငါ့ကို ဒုက္ခပေးရုံတင်မကဘူး၊ သတ်ပါ သတ်ချင်နေတာပဲ။ ငါ့အမေ ဆုံးတုန်းကလည်း သူနဲ့ မကင်းဘူးလို့ သံသယရှိခဲ့တာ။ အခုတော့ သူ တကယ်ပဲ ပါဝင်ပတ်သက်နေတာ သေချာသွားပြီ”

ပေါင့်ဝေကျင်း၏ ရင်ထဲတွင် အမုန်းတရားများ ပိုမိုကြီးထွားလာခဲ့သည်။ “သခင်မချွမ်း... ကျုပ်ရဲ့ ခွန်အားနဲ့ အဆင့်အတန်း မြင့်လာတဲ့တစ်နေ့ကျရင် ခင်ဗျားကြီးကို သေချာပေါက် သတ်ပြီး ကျုပ်အမေအတွက် လက်စားချေပြမယ်”

တောင်တန်းများအတွင်း၌...

အစောင့်အချို့က ပေါင့်ရှင်းရွှမ်၏ အလောင်းကို ရှာတွေ့သွားကြသည်။

“အကြီးအကဲ အသတ်ခံလိုက်ရပြီ”

အစောင့်ခေါင်းဆောင်နှင့် အခြားအစောင့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ရင်း မယုံနိုင်အောင် ဖြစ်နေကြသည်။

ပေါင့်ရှင်းရွှမ်မှာမူ ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးဖြစ်လေသည် မဟုတ်ပါလား။

“မြန်မြန်... အကြီးအကဲရဲ့ အလောင်းကို သယ်ပြီး မိသားစုဆီ ပြန်ပို့ရမယ်။ ဒီအကြောင်းကို ချက်ချင်း သတင်းပို့ကြ”

အစောင့်ခေါင်းဆောင်က ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်လေသည်။

“ဟုတ်ကဲ့”

အစောင့်များက အလျင်အမြန် ပြန်ဖြေလိုက်ကြသည်။

…

ပေါင့်မိသားစု စံအိမ်တော်

မြေအောက်ထောင်တစ်ခုအတွင်း၌…

ဤနေရာမှာ အလွန်မှောင်မည်းနေပြီး နံရံရှိ မီးအိမ်အချို့သာ မှိန်ဖျော့စွာ လင်းနေလေသည်။

ဝေ့ချန်ချင်း၊ ဝေ့ပင်လင်နှင့် ဝေ့ဇစ်ချန်တို့သည် ကပ်လျက်ရှိသော အကျဉ်းခန်း သုံးခုတွင် အကျဉ်းကျနေကြသည်။

သူတို့မှာ အထူးပြုလုပ်ထားသော သံခြေကျင်း လက်ခြေကျင်းများကို ဝတ်ဆင်ထားရသဖြင့် သူတို့၏ အတွင်းပိုင်းချီများမှာ ပိတ်ဆို့ခံထားရလေသည်။

သူတို့သည် သန့်ရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားရသော်လည်း မျက်နှာများမှာ ဖြူဖျော့နွမ်းနယ်နေပြီး သွေးအားနည်းနေသည့်ပုံ ပေါက်နေသည်။

သူတို့၏ မျက်နှာပေါ်တွင် နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေပြီး မျှော်လင့်ချက်ဟူ၍ လုံးဝ မရှိတော့ချေ။

“ဦးလေး... ကျွန်တော်တို့ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ပါ့မလား”

ဝေ့ပင်လင်က ပြောလိုက်သည်။

သူ၏ အသံမှာ အားနည်းနေလေသည်။

ဤနေရာသို့ ရောက်လာသည့်အချိန်မှစ၍ ရက်အနည်းငယ်ခြားတိုင်း သူတို့၏ သွေးများကို အမြဲ အဖောက်ခံနေရသည်။

အစားအသောက်နှင့် ဆေးဖက်ဝင်ပစ္စည်းများအား ကောင်းကောင်းစားရသော်လည်း သူတို့၏ ခန္ဓာကိုယ်ကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။

“ငါလည်း မသိဘူး...”

ဝေ့ချန်ချင်း၏ လေသံမှာ မျှော်လင့်ချက် ကင်းမဲ့နေသည်။ “မိသားစုက ငါတို့ကို ရှာတွေ့နိုင်ပါစေလို့ပဲ မျှော်လင့်ရမှာပဲ”

အမှန်စင်စစ် ဝေ့ချန်ချင်းနှင့် ကျန်နှစ်ဦးမှာ သူတို့အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုပင် မသိကြချေ။

“ဦးလေး...”

ဝေ့ဇစ်ချန်မှာလည်း ယခင်ကကဲ့သို့ တက်ကြွမှု မရှိတော့ပေ။

“မကြာသေးခင်ကပဲ သွေးဖောက်တဲ့ အကြိမ်ရေရော ပမာဏရော တိုးလာတယ်နော်။ ကျွန်တော် ထင်တာကတော့...”

ဝေ့ဇစ်ချန်က စကားကို ဆက်မပြောတော့သော်လည်း သူတို့၏ နေ့ရက်များ ကုန်ဆုံးတော့မည်ဖြစ်ကြောင်း အားလုံးက ကောင်းစွာ သိရှိနေကြသည်။

“တစ်ရက် အသက်ရှင်ရရင်ပဲ တော်လှပြီ”

ဝေ့ချန်ချင်းမှာ ကျန်နှစ်ဦးကို အားပေးရန်ပင် စိတ်မရှိတော့ချေ။ “အစောင့်တွေနဲ့ ရွှီနင်တို့ထက်စာရင် ငါတို့က အခြေအနေ ပိုကောင်းနေသေးတယ်လို့ ပြောလို့ရတာပေါ့”

သုံးယောက်သား ပြန်လည် တိတ်ဆိတ်သွားကြပြန်သည်။

သူတို့ သုံးယောက် ဖမ်းဆီးခံထားရသော်လည်း အသုံးဝင်နေသေးသဖြင့် အသက်ရှင်နေရခြင်းဖြစ်ပြီး သူတို့အမြင်တွင်မူ ရွှီနင်မှာ တစ်ခုခု ဖြစ်သွားလောက်ပြီဟု ထင်နေကြခြင်း ဖြစ်သည်။

‘ငါ နေရောင်ခြည်ကို မြင်ရပါဦးမလား’

ဝေ့ဇစ်ချန်သည် နံရံပေါ်ရှိ ဖယောင်းတိုင်မီးကို ငေးကြည့်နေမိတော့သည်။

All Chapters