သူသည် ဆိုးသွမ်းလောက်အောင်ပင် တရားမျှတလွန်းသူဖြစ်သည်။
Vol. 9 Ch. 85
ခန္တာကိုယ်ရှိအပေါက်ခုနစ်ပေါက်မှ သွေးထွက်ကာ သေအံ့ဆဲဆဲဖြစ်နေသော မှော်ဆရာကို တုပ်နှောင်ပြီးစီးသွားချိန်တွင် ဖက်တီးပေါင် နှင့် ကျူးအူမကြီး တို့သည် တန်ဝမ်ကျဲ တစ်ယောက် ခြံဝင်းအတွင်း တစ်ခုခုကို ပြင်ဆင်နေသည်ကို တွေ့လိုက်ရသဖြင့် မေးလိုက်ကြသည်။။
“မင်း ဘာလုပ်နေတာလဲ?”
“မိုးကြိုးပစ်တာကို စောင့်နေတာ။”
တန်ဝမ်ကျဲက ကောင်းကင်ကို မော့ကြည့်လိုက်လေသည်။ ကောင်းကင်က မိုးတိမ်ကင်းစင်၍ ကြည်လင်နေသည်။ ဤကဲ့သို့ ရာသီဥတုမျိုးတွင် မိုးကြိုးကိုစောင့်ရသည်မှာ မလွယ်ကူဘဲ ကံတရားအပေါ်၌သာ မူတည်နေသည်။ မိုးသက်မုန်တိုင်းကျနေပါက ပို၍ ကိုင်တွယ်ရလွယ်ကူပေလိမ့်မည်။
ကျူးအူမကြီးက အော်ပြောလိုက်သည်။
“အကိုကျဲ... သူ... သူက သေတော့မယ် ထင်တယ်။ ငါတို့ ဘာလုပ်ကြမလဲ။”
သူတို့ ထိတ်လန့်နေသည်ဟု ပြောလျှင်လည်း မမှန်ပေ။ ကျူးအူမကြီးမှာ အကျိုးအပြစ်ကို သေချာမစဉ်းစားဘဲ လုပ်ချင်ရာလုပ်တတ်သည့်တုံးအအပါရမီရှင်တစ်ဦးဖြစ်သည်။
ဖက်တီးပေါင်မှာမူလူရော သရဲပါ သတ်ရဲသည့်အထိ သစ္စာရှိပြီး ရဲစွမ်းသတ္တိရှိသူဖြစ်ပေသည်။
“ဖယ်စမ်း”
တန်ဝမ်ကျဲ လျှောက်သွားလိုက်သည်။
ထိုနှစ်ယောက်ချက်ချင်း နောက်ဆုတ်ပေးလိုက်ကြသည်။
သူကအင်ကျီလက်ကို လိပ်တင်လိုက်ပြီး မှော်ဆရာ၏ မျက်နှာကို လက်သီးဖြင့် အားရပါးရ ထိုးချလိုက်သည်။
မှေးမှိန်ပျောက်ကွယ်လုနီးပါးဖြစ်နေသောမှော်ဆရာ၏ မျက်လုံးများမှာ ပြန်လည် တောက်ပလာသည်။
“ဝုန်း”
“ဂျိမ်း”
“ဒိုင်း”
တံတောင်နှင့် တိုက်သည်။ ဒူးနှင့် လည်းတိုက်သည်။ လက်နှစ်ဖက်ကို ပုဆိန်ကဲ့သို့ စုစည်းကာ ခေါင်းကို ထုချသည်။
ထို့နောက် အရှိန်ယူခုန်ကာ လေထဲတွင် တစ်ပတ်လှည့်လိုက်ပြီး..
“ကျီးကန်းဆိုး ဟင်းလင်းပြင်သို့ ပျံတက်ခြင်း”
“ဘုန်း ဝုန်း”
ကိုယ်လက်များ တောင့်တင်းကာ အသက်ထွက်လုနီးပါးဖြစ်နေသော မှော်ဆရာမှာ တန်ဝမ်ကျဲ၏ ဝမ်းဗိုက်သို့ တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်ကြီးမှာ လေးကဲ့သို့ ကွေးတက်သွားရသည်။
ကျူးအူမကြီးနှင့် ဖက်တီးပေါင်တို့မှာ ထိုနေရာတွင်ပင် တံတွေးကို ခက်ခဲစွာ မျိုချရင်း ကြောင်ကြည့်နေကြသည်။ သေတော့မည့် မှော်ဆရာ၏ ရင်ဘတ်က ပြန်လည် နိမ့်ချည်မြင့်ချည် ဖြစ်လာသည်ကို မြင်သောအခါ ဖက်တီးပေါင်က အော်လိုက်သည်။
“ဟေ့..သူ အသက်ရှင်နေသေးတယ်..သူ အသက်ရှင်နေတုန်းပဲ။”
သို့သော် ဘာကြောင့် အသက်ရှင်နေသနည်းဆိုသည်မှာ နားမလည်နိုင်စရာပင်။
“ဟူး”
တန်ဝမ်ကျဲကနဖူးမှ မရှိသော ချွေးကို သုတ်လိုက်သည်။
“စိတ်ကူးယဉ် ကုသရေးလက်သီး”
လက်သီးနှင့် ခြေထောက်ဖြင့် တိုက်ခိုက်သောရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ဒဏ်ရာများကို ကျန်းမာရေး ကောင်းမွန်မှုအဖြစ် ပြည်လည်ထောာက်ပံ့ ပြောင်းလဲပေးသည်။
ထိရောက်မှုမှာပေးလိုက်သော ဒဏ်ရာ၏ ၆% ဖြစ်ပြီး၊ တစ်စက္ကန့်လျှင် မန်နာ ၁ စားသုံးသည်။
လူကယ်ရသည်မှာ တကယ်ပင် ပင်ပန်းလှပေသည်။
သူသည် ဤမှော်ဆရာကို အသက်ရှင်နေစေရန် လိုအပ်သည်။ အကယ်၍ ဤအစွမ်းထက်သူသာ သေဆုံးသွားပြီး ရန်ငြိုးကြီးသော ဝိညာဉ်ဆိုးအဖြစ် ပြောင်းလဲသွားပါက ကိုင်တွယ်ရ ပို၍ ခက်ခဲသွားပေလိမ့်မည်။
တန်ဝမ်ကျဲ “ကျူးအူမကြီး၊ မင်းပြန်သွားတဲ့အခါ မင်းရဲ့ဆရာကို ရေများများသောက်ဖို့ သတိပေးလိုက်ဦး။”
ကျူးအူမကြီး “ရေသောက်ဖို့လား”
တန်ဝမ်ကျဲက မှော်ဆရာကို လက်ညှိုးထိုးပြရင်း။
“ဆီးကို သိမ်းထားပြီး သူ့ကို ပြန်တိုက်ဖို့ ပြောတာ။”
ဒီမှော်ဆရာက အခုက ဟန်ဆောင်နေတာလား။ ဘယ်သူသိမည်မဟုတ်။ သူ့ကို နှစ်ချို့ဆီးတိုက်ထားတာက ပိုစိတ်ချရလိမ်မည်။
ကျူးအူမကြီးက အော့အန်ချင်စိတ်ကို အောင့်ထားရင်း မေးလိုက်သည်
“အကိုကျဲနောက်ထပ် ဘာလုပ်ကြမလဲ...”
တန်ဝမ်ကျဲကကောင်းကင်ကို မော့ကြည့်ကာ..
“ခဏလောက် ထပ်စောင့်ကြည့်ရအောင်။ မိုးကြိုးမကျလာရင်တော့ ကျုပ်တို့ ပြန်ကြမယ်။”
အမှန်တကယ်ပင် ကောင်းကင်မှ မိုးကြိုးမှာ ကျမလာခဲ့ပေ။ ထို့ကြောင့် တန်ဝမ်ကျဲသည် မွန်းလွဲပိုင်းတွင် မှော်ဆရာ၏ ကျန်ရှိနေသော ခြိမ်းခြောက်မှုများကို ရှောင်ရှားနိုင်ရန် ချက်ချင်း ထွက်ခွာခဲ့သည်။
တောထဲတွင် အလောင်းဖျောက်ထားသော ဂူကို ရှာရသည်မှာ မလွယ်ကူသော်လည်း သူ့တွင် မှော်ဆရာ၏ အချက်အလက်များ ရှိနေသည်။ မှော်ဆရာ နေ့စဉ် မြို့ပြင်ထွက်သည့် အရပ်မျက်နှာထွက်ခွာချိန်နှင့် ပြန်လာချိန်များကို ကြည့်ခြင်းဖြင့် ၎င်းနေရာကို သူ ခန့်မှန်းနိုင်ခဲ့သည်။
တန်ဝမ်ကျဲသည် သူ၏လက်ထဲတွင် လီလီပန်း ကို ကိုင်ထားသည်။ထိုပန်းသည်ထူးဆန်းသော ပုံပန်းသဏ္ဍာန်ရှိသော်လည်း ပန်း၏ အာနိသင်မှာ သရဲတစ္ဆေနှင့် မိစ္ဆာများကို ရှာဖွေဖမ်းဆီးရာတွင် အသုံးပြုသည့် အိမ်မြှောင် နှင့် ဆင်တူလေသည်။
လီလီပန်း၏ ရှာဖွေရေးဧရိယာအတွင်းသို့ ရောက်ရှိသည်နှင့်တပြိုင်နက် ၎င်း၏ ပလတ်စတစ်ပန်းပွင့်ခေါင်းမှာ စတင်လည်ပတ်ပြီး တန်ဝမ်ကျဲကို ရှေ့သို့ဆက်သွားရန် လမ်းညွှန်ပေးလေသည်။
ဂူအနီးသို့ ချဉ်းကပ်လာချိန်တွင် လီလီပန်း၏ သတိပေးချက်ကိုပင် သူ မလိုအပ်တော့ပေ။ လေထုထဲ၌ပင် ပြင်းထန်သော မကောင်းဆိုးဝါး အငွေ့အသက်များကို သူ ခံစားနေရပြီဖြစ်သည်။
လက်အောက်ငယ်သားတစ်စုသည် လီချီးသစ်သား အမြောက်အမြားနှင့် ပြင်းအားမြင့်အရက်များကို လှည်းအစီးပေါင်းများစွာ သယ်ယူလာခဲ့ကြပြီး တန်ဝမ်ကျဲ၏ အမိန့်ကို ရရှိပြီးမှသာ ပြန်သွားကြသည်။
“အကိုကျဲ”
ရောက်လာသူမှာကျူးအူမကြီး ဖြစ်သည်။
တန်ဝမ်ကျဲက လှည့်ကြည့်ကာ။
“ဘာဖြစ်လို့လဲ”
“ဒုတယဆရာဖိုးဖိုးက...မင်းကို ဂိုဏ်းကနေ ထုတ်ပစ်မယ်လို့ ပြောနေတယ်”
ကျူးအူမကြီးသည် ဝါးကျည်တောက် နှစ်ခုကို ကိုင်ဆောင်ကာ အမောတကော အော်ဟစ်ပြေးလာရင်း ပြောလိုက်သည်။
“ကျုပ်မင်းကို ပြန်သွားပြီး သူ့ကို ရေများများတိုက်။ ဆီးများများသွားအောင် လုပ်ခိုင်းထားတယ် မဟုတ်လား။”
“လုပ်ပါတယ်။ ငါသူ့ကို ရေ ကိုးပန်းကန်လုံးကြီး တိုက်ခဲ့တယ်။”
ကျူးအူမကြီးကသူ၏ ညာဘက်လက်ကို ကွေးပြရင်း ပြောသည်။
“မင်း သူ့ကို အရက်များများ တိုက်လို့မရဘူးလား။ လူကြီးတစ်ယောက်ကို ရေ ကိုးပန်းကန်လုံး တိုက်လိုက်တာ။ ဒုတိယဆရာဖိုးဖိုး ငရဲပြည်ကို စောစောရောက်သွားမှာ မကြောက်ဘူးလား”
ကျူးအူမကြီးသည် ဒုတိယဆရာဖိုးဖိုး၏ ခေါင်းကို ကိုင်၍ ရေများကို အတင်းတိုက်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ တန်ဝမ်ကျဲသာဆိုလျှင် ဆရာဖြစ်သူကို အတူတူ စားသောက်ရန် ဖျောင်းဖျပြီး ဆရာ၏ ငယ်စဉ်က သူရဲကောင်းဆန်သော အကြောင်းအရာများကို နားထောင်ချင်သည်ဟု ဆိုကာ မြှောက်ပင့်ပေးလိမ့်မည်။ လက်ဖက်ရည်နှင့် အရက်ရှိနေလျှင် ထိုလူ ဆီးမသွားဘဲ နေမည်မဟုတ်ဟု သူ ယုံကြည်သည်။
သို့သော် ဤနည်းလမ်းမှာ ကျူးအူမကြီးအတွက် အလုပ်မဖြစ်ပေ။ ကျူးအူမကြီးမှာ အလုပ်ခိုင်းလျှင် ကောင်းသော်လည်း သရုပ်ဆောင်ခိုင်းလျှင် ဒုတယဆရာဖိုးဖိုးက ချက်ချင်း ရိပ်မိသွားပေလိမ့်မည်။ ထို့ကြောင့် အတင်းတိုက်ခြင်းကသာ ပိုထိရောက်ပေသည်။
ကျူးအူမကြီး လက်ထဲမှ ဝါးကျည်တောက် နှစ်ခုကို ကြည့်ရသလောက် ပမာဏမှာ တော်တော်များပုံရသည်။
သူက ပြောလိုက်သည်
“အဲဒါဆို တော်ပြီ။ အဓိကက အဆိပ်မမိအောင် ကာကွယ်ဖို့ပဲ။”
“ငါတို့ နှစ်ယောက်တည်း ဝင်မှာလား။”
ကျူးအူမကြီး၏ မျက်နှာမှာ ပျက်ယွင်းနေသည်။
ဖက်တီးပေါင်မှာ တန်ဝမ်ကျဲ ခိုင်းထားသော အလုပ်ဖြင့် အလုပ်ရှုပ်နေသည်။ သာမန်လူများ ပါဝင်လာပါက အကူအညီမဖြစ်သည့်အပြင် အခြေအနေကို ပိုဆိုးသွားစေနိုင်သောကြောင့် ယနေ့မွန်းလွဲပိုင်း ခရီးစဉ်အတွက် သူတို့နှစ်ဦးသာ ကျန်တော့သည်။
တန်ဝမ်ကျဲက “ငါတို့က လက်ဦးမှုယူပြီး အရင်တိုက်ခိုက်ရမယ်။ အခုလို နေ့ခင်းကြောင်တောင်မှာ မလုပ်ရင် ညကျလို့ ဖုတ်ကောင်တွေ ဒါမှမဟုတ် ဝိညာဉ်ဆိုးတွေ ထွက်လာရင် ပိုဆိုးကုန်လိမ့်မယ်”
ဟုပြောပြီးညာဘက်လက်ညှိုးကို အပေါ်သို့ ထောင်ပြကာ
“ပြီးတော့ မင်း တစ်ခုမှားနေတယ်။ ငါတို့မဟုတ်ဘူး၊ မင်းတစ်ယောက်တည်း ဝင်ရမှာ။”
ကျူးအူမကြီးက မိမိနှာခေါင်းကို ပြန်ညွှန်ပြရင်း
“ငါလား”
“မင်းပေါ့”
တန်ဝမ်ကျဲကခေါင်းညိတ်ပြသည်။
“မင်းအထဲဝင်သွားပြီး အထဲက အခြေအနေကို ကြည့်။ အလောင်းတွေ ဘယ်မှာလဲဆိုတာ ရှာ။ ပြဿနာမရှိရင် အဲဒါတွေကို မီးရှို့ပစ်လိုက်ရုံပဲ။”
ကျူးအူမကြီးက :”အကယ်၍ ပြဿနာရှိရင်ရော။”
“အကျယ်ကြီး အော်ဟစ်အကူအညီတောင်းလေ။ မစိုးရိမ်ပါနဲ့။ တကယ်လို့ တစ်ခုခုဖြစ်သွားရင်တောင် ငါမင်းကိုယ်စား ရှောင်ယွမ်ကို သေချာ စောင့်ရှောက်ပေးပါ့မယ်။”
“မင်း အဲဒီလို ပြောလိုက်တော့ ငါ ပိုစိုးရိမ်သွားပြီ။”
“သွားတော့။”
ကျူးအူမကြီးသည် ဝါးကျည်တောက်ထဲမှ လူပျိုလေးဆီးများကို သွန်ပစ်ချင်သော်လည်း။ ဂူထဲတွင် အဆိပ်ရှိနိုင်သည်ကို တွေးမိကာ အရေးပေါ်အခြေအနေအတွက် ပုဝါတစ်ထည်ကို ဆီးထဲတွင် စိမ်၍ အသင့်ပြင်ထားလိုက်သည်။
သို့သော် သူ ဝင်သွားပြီး မကြာမီမှာပင် အော်ဟစ်ကာ ပြန်ပြေးထွက်လာသည်။
“အကိုကျဲ ခွေးတွေ..ခွေးနက်ကြီးတွေ”
ကျူးအူမကြီး ရှေ့မှ ပြေးလာပြီး ခွေးနက်ကြီးတစ်ကောင်မှာ သူ၏ တင်ပါးကို ကိုက်ခဲထားသည်။ သူတို့နောက်တွင် ဝံပုလွေများကဲ့သို့ ဟိန်းဟောက်နေသော ခွေးနက်ကြီး အများအပြား ပါလာသည်။
တန်ဝမ်ကျဲသည် အရှေ့သို့ အမြန်တိုးသွားပြီး သေနတ်ကို ထုတ်ကာ ဒိုင်း ဒိုင်း ဒိုင်း ဟု ပစ်ခတ်လိုက်သည်။ ကျည်နှစ်ချက် လွဲချော်သွားပြီး ကျန်သော ခွေးနက်ကြီးများမှာ မြေပေါ်သို့ လဲကျကုန်သည်။ အပစ်ခံရပြီးနောက် သူတို့၏ ခန္ဓာကိုယ်များ တောင့်တင်းသွားကာ မြေကြီးကို ခြေဖြင့်ရက်ရင်း
“အီး... အီး...”
ဟုညည်းတွားကာ သေဆုံးသွားကြသည်။
“ဝပ်နေစမ်း”
တန်ဝမ်ကျဲလှည့်ကြည့်လိုက်သောအခါ ကျူးအူမကြီး၏ တင်ပါးတွင် တစ်ကောင် တွဲလောင်းပါလာသည်ကို တွေ့လိုက်ရသည်။
ကျူးအူမကြီးသည် ချက်ချင်း မြေပေါ်တွင် မှောက်ချလိုက်ပြီး ခွေးနက်ကြီး တွဲလောင်းပါနေသော သူ၏ တင်ပါးကို အပေါ်သို့ ထောင်ပေးထားသည်။
ထန်ဝမ်ကျဲသည် အမြန်လျှောက်သွားကာ လက်တစ်ဖက်က ခွေးခေါင်းကို ကိုင်ပြီး ကျန်တစ်ဖက်က မေးရိုးကို ကိုင်လိုက်သည်။ အနည်းငယ် အားစိုက်လိုက်သည်နှင့် “ဂျောက်” ခနဲ အသံနှင့်အတူ ခွေး၏မေးရိုးမှာ ကျိုးသွားပြီး ထိုနေရာတင် ပွဲချင်းပြီး သေဆုံးသွားသည်။ သူက ခွေးပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်ကြည့်လိုက်ရာ သွားများမှာ
“ဂတ် ဂတ်”
ဟု အသံမြည်နေသည်။ ခဏမျှ ဆော့ကစားပြီးနောက် ပျင်းရိစွာဖြင့် ဘေးသို့ လွှင့်ပစ်လိုက်သည်။
“မင်းရဲ့ တင်ပါးက...”
ကျူးအူမကြီး၏ ဘောင်းဘီမှာ ပေါက်ပြဲသွားပြီး သူ၏ မည်းနက်သော တင်ပါးသားများ ပေါ်နေတော့သည်။ ထိုနေရာတွင် ခွေးသွားရာများနှင့် စုတ်ပြဲနေသော အသားများမှာ ကြောက်စရာကောင်းလှ၏။
“ဒုတိယဆရာဖိုးဖိုးဆီမှာ ခွေးကိုက်တာ ကုတဲ့ ဆေးရှိတယ်ငါ အဆင်ပြေပါတယ်။”
“အဆင်ပြေရင် ပြီးတာပဲ”
တန်ဝမ်ကျဲသက်ပြင်းချလိုက်သည်။
“ဒါဆို မင်း အထဲပြန်ဝင်တော့။”
“ဗျာ”
ကျူးအူမကြီးနောင်တရသွားသည်။ အဆင်ပြေပါတယ်’ဟု သူ ဘာကြောင့် ပြောမိပါလိမ့်။ အဆင်မပြေဘူး ။လုံးဝအဆင်မပြေဘူး။ပြဿနာအကြီးကြီးတက်နေလို့ ဆက်မလုပ်နိုင်တော့ဘူး။ ဟု ပြောသင့်သည်မဟုတ်ပါလော။
ကျူးအူမကြီးသည် သူ၏ တင်ပါးနှစ်ဖက်ကို လက်ဖြင့်အုပ်ကာ ဂူထဲသို့ တုန်တုန်ချိချိဖြင့် ပြန်ဝင်သွားလေသည်။ ခဏအကြာတွင် ဂူထဲမှ
“အကိုကျဲအထဲမှာ အန္တရာယ်မရှိတော့ဘူး။”
ဂူအနက်ပိုင်းတွင်ခေါင်းတလား ကိုးလုံးအမှန်တကယ်တည် ရှိနေပေသည်။ သူတို့နှစ်ဦးသည် အသင့်ပြင်ထားသော အရက်နှင့် လီချီးသစ်သားများကို လှည်းဖြင့် သယ်ယူကာ ခေါင်းတလားများပေါ်သို့ စုပုံလိုက်ကြသည်။ ထို့နောက် တန်ဝမ်ကျဲက လက်ချောင်းကို တောက်လိုက်ရာ လက်ဖျားမှ မီးတောက်များ ထွက်ပေါ်လာသည်။
နောက်တစ်ကြိမ် ထပ်တောက်လိုက်သောအခါ မီးတောက်များ ပြန့်နှံ့သွားပြီး အရက်စိုနေသော လီချီးသားများကို လောင်ကျွမ်းစေကာ ခေါင်းတလားများမှာ ခဏချင်းအတွင်း မီးဟုန်းဟုန်းတောက်လောင်သွားတော့သည်။
ဂူထဲတွင် မီးများ ဟုန်းဟုန်းတောက်လာ၍ အပူရှိန်ကြောင့် သူတို့နှစ်ဦး ဂူဝအထိ ဆုတ်ခွာခဲ့ရသည်။ ဂူအပြင်မှ လေဝင်လေထွက်ရမှသာ သူတို့ အသက်ရှူ ချောင်သွားတော့သည်။
သူတို့ စကားပြောနေစဉ် မီးတောက်များ လောင်ကျွမ်းနေသော အလောင်း ကိုးလောင်းမှာ ခေါင်းတလားထဲမှ ထွက်လာကြသည်။ ခုနစ်လောင်းမှာ ဝူနိုင်းနီ ဟု ခေါ်သော မမ်မီကဲ့သို့ အလောင်းများဖြစ်ကြသည်။
သူတို့ထံသို့စက်ရုပ်များကဲ့သို့ တောင့်တောင့်ကြီး လျှောက်လာကြပေသည်။ ကျန်နှစ်လောင်းမှာမူ လူရှင်များနှင့် ဆင်တူပြီး သူတို့၏ ကိုယ်ပေါ်တွင် ကင်ထားသော အဆိပ်မြွေများ ပတ်ထားပြီး မွှေးကြိုင်သလိုလို ...နံစော်သလိုလို ထူးဆန်းသော အနံ့များ ထွက်ပေါ်နေသည်။
သူတို့သည် ဂူဝသို့ အသည်းအသန် ပြေးလာကြသည်။ တန်ဝမ်ကျဲက သေနတ်ဖြင့် အကြိမ်ကြိမ် ပစ်သက်သော်လည်း ကျည်ဆန်များက သက်ရောက်မှုမရှိသည်ကို တွေ့ရသဖြင့် သေနတ်ကို လွှင့်ပစ်လိုက်ရသည်။ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားမကြီး တစ်လက် ပေါ်လာပြီး ချဉ်းကပ်လာသော ဂူအဆိပ်လောင်း ကို ခုတ်ချလိုက်တော့သည်။
ချွင် ခနဲ အသံနှင့်အတူ တုန်ခါသွားသော်လည်း အဆိပ်လောင်းမှာ နှစ်ပိုင်းမပြတ်သွားဘဲ ရင်ဘတ်တွင် အနည်းငယ်မျှသော အမှတ်အသားမျှသာ ကျန်ရစ်သည်။ တန်ဝမ်ကျဲက ၎င်း၏ ဝမ်းဗိုက်ကို ကန်ထုတ်လိုက်ရာ အလောင်းမှာ မြေပေါ်သို့ လဲကျသွားသည်။
ထိုအခါ သူက ကြက်သွေးစိမ်ထားသော အနီရောင်ကြိုးကို ထုတ်ကာ အဆိပ်လောင်း၏ ခြေကျင်းဝတ်ကို ချည်နှောင်ပြီး ဂူအပြင်ဘက်သို့ အတင်းဆွဲထုတ်လိုက်သည်။
နေရောင်အောက်သို့ရောက်သည်နှင့် အဆိပ်လောင်းမှာ အငြိမ်မနေဘဲ ရုန်းကန်တော့သည်။ သို့သော် ဖုတ်ကောင်များကဲ့သို့ နေရောင်နှင့် တွေ့သည်နှင့် ပြာအဖြစ်သို့ ပြောင်းမသွားပေ။
တန်ဝမ်ကျဲက လက်ကောက်ဝတ်ကို တစ်ချက်ခါလိုက်ပြန်ရာ လွှစက် တစ်ခုထပမ ပေါ်လာပြန်သည်။
“ဝူး... ဝူး... ဝူး”
လွှကြိုးမှာ ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ လည်ပတ်နေသည်။
သူသည် အဆိပ်လောင်းကို ခြေထောက်ဖြင့် ကျောက်တုံးကြီးကဲ့သို့ နင်းထားပြီး လွှစက်ဖြင့် သူ၏ လည်ပင်းကို ဖိချလိုက်သည်။
“ရှဲ... ရှဲ...”
မီးပွားများလွင့်စင်လာသည်။
လည်ပင်းကိုဖြတ်တောက်လိုက်သည့် နေရာမှ အဆိပ်ငွေ့များမှာလည်း
“ရှူး... ရှူး...”
ဟု အသံမြည်ကာ ထွက်လာကုန်သည်။
လွှစက်ဖြင့် ခေါင်းပြတ်သွားမှသာ တန်ဝမ်ကျဲ ရပ်လိုက်သည်။
အတွေ့အကြုံ +၅
ထန်ဝမ်ကျဲ လှည့်ကြည့်လိုက်သောအခါ ကျူးအူမကြီးသည် မီးကျွမ်းလုနီးပါးဖြစ်နေသော ဝူနိုင်းနီ တစ်လောင်းကို ဆွဲကာ အပြင်သို့ ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။ အဆိပ်လောင်းနှင့် မတူသည်မှာ ဝူနိုင်းနီ သည် နေရောင်နှင့် ထိတွေ့သည်နှင့် အသည်းအသန် ရုန်းကန်နေခြင်းဖြစ်သည်။
“ငါ့ကို ပေးလိုက်”
ထန်ဝမ်ကျဲကအော်ဟစ်ကာ လွှစက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး ရှေ့သို့ ပြေးဝင်သွားတော့သည်။
အလောင်းကို ကန်လှဲလိုက်ပြီး လွှစက်ဖြင့် အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက်သည်။
တစ်လောင်း၊ နှစ်လောင်း၊ သုံးလောင်း... ကိုးလောင်း...
အတွေ့အကြုံ ၄၅ မှတ် ရရှိသွားပြီဖြစ်၏။
ထိုမှတ်များအတွက် ပေးဆပ်လိုက်ရသည်မှာ လွှစက်ဖြင့် အပိုင်းပိုင်း ဖြတ်တောက်ခံထားရသော အလောင်းများ မြေပြင်အနှံ့ ပျံ့ကျဲနေခြင်းသာ။
“ဂလု”
ကျူးအူမကြီးသည်ကြောက်လန့်တကြား တံတွေးမြိုချလိုက်မိသည်။
သို့သော် အဝေးတစ်နေရာမှ သူတို့ကို ခိုးကြည့်နေသော အမျိုးသမီးတစ်ဦးမှာ မျက်လုံးများ ပြူးကျသွားသည်။
“ဒီလူကတော့...”
သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။
ထိုဝူနိုင်းနီ နှင့်အဆိပ်လောင်း များသည် တန်ဝမ်ကျဲကို မြင်သည်နှင့် သူနှင့် မတွေ့အောင် ဂူထဲက မီးပုံထဲသို့ပင် ပြန်ခုန်ဆင်းချင်နေကြသည်ကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
အလောင်းများထဲ၌ ကျန်ရှိနေသော သေးငယ်သည့် အသိစိတ်လေးကပင် တန်ဝမ်ကျဲကို ကြောက်လန့်နေကြခြင်း ဖြစ်လိမ့်မည်။
နောက်ဆုံးတွင်သူတို့မှာ တန်ဝမ်ကျဲ၏ ကန်ကျောက်ခြင်း။ဂူအပြင်သို့ ဆွဲထုတ်ခြင်းနှင့် အပိုင်းပိုင်း ဖြတ်တောက်ခြင်း ခံရသည့် ကံကြမ္မာမှ မလွတ်မြောက်ခဲ့ခြင်းမရှိပေ။
ထန်ဝမ်ကျဲကို လူဆိုးဟု ပြောရမည်ဆိုလျှင်လည်း သူသည် လမ်းမှားလိုက်သူများ၊ မိစ္ဆာများနှင့် မကောင်းဆိုးဝါးများကိုသာ ရက်စက်ခြင်းဖြစ်သည်။
ဤပြင် နားမလည်သော ထူးဆန်းသည့် အလောင်းများကို အပိုင်းပိုင်းဖြတ်ကာ မီးရှို့ခြင်းမှာ အမှန်တကယ်ပင် အန္တရာယ်ကင်းဆုံးနှင့် အမှန်ကန်ဆုံး လုပ်ရပ်ဖြစ်ပေသည်။
အလောင်းဆိုသည်မှာသေပြီးသားအရာဖြစ်ပြီး တစ်ခါလဲကျသွားပြီးနောက် ပြန်ထလာနိုင်သည့် အခွင့်အလမ်း အမြဲရှိနေသောကြောင့် ဖြစ်လေ၏။
သို့သော် သူ့ကို သူတော်စင်ဟု ပြောရမည်ဆိုလျှင်လည်း သူ၏ မိစ္ဆာနှိမ်နင်းသည့် နည်းလမ်းများမှာမည်သည့် အကျင့်ပျက်သောဂိုဏ်း သို့မဟုတ် လူသတ်သမားထက်ပင်မဆို ပို၍ ကြမ်းတမ်းရက်စက်လှသည်။
သူသည် ဆိုးသွမ်းလောက်အောင်ပင် တရားမျှတလွန်းသူ ဖြစ်နေတော့သည်။