မင်းရဲ့လူကိုပဲ လိုချင်တာ မင်းနှလုံးသားကို ဘာလုပ်ဖို့လဲ။
Vol. 9 Ch. 89
ပြတင်းပေါက်မှ တိုးဝင်လာသော နေရောင်ခြည်သည် တန်ဝမ်ကျဲ၏ မျက်နှာပေါ်သို့ စူးရှစွာ ကျရောက်နေသဖြင့် သူ မသိစိတ်က မျက်တောင်တခတ်ခတ် ဖြစ်သွားသည်။
“အာ....”
သူသည်မတ်မတ်ထိုင်လိုက်ပြီး ပျင်းရိစွာ အကြောဆန့်လိုက်သည်။
မနေ့ညက အဖြစ်အပျက်ပြီးတဲ့နောက် တန်ဝမ်ကျဲ တစ်ခုခုကိုတော့ အတည်ပြုနိုင်ခဲ့သည်။ထိုင်လျက် အိပ်ပျော်ခြင်းမှာ တကယ်ကို သက်သောင့်သက်သာ မရှိလှပေ။
စာရင်းအင်းစာအုပ်များ လှန်လှောသံနှင့်အတူ ထွက်ပေါ်လာသော ပုတီးစေ့ခေါက်သံများမှာ အကောင်းဆုံး အိပ်မွေ့ချတေးသွားပင် ဖြစ်သည်။
အခန်းထဲတွင် ဘယ်သူမှမရှိတော့ဘဲ ရှောင်ဟုန် ကိုလည်း မတွေ့ရတော့ပေ။
စားပွဲပေါ်တွင် စာရင်းစာအုပ် ငါးပုံ ရှိနေသော်လည်း ၎င်းတို့မှာ တန်မိသားစုမြို့ဟောင်းအတွက်သာ ဖြစ်သည်။
ပတ်ဝန်းကျင်ကျေးရွာများနှင့် မြို့များရှိ ဆိုင်ခွဲများမှ စာရင်းစာအုပ်များမှာမူ အကွာအဝေးကြောင့် မစုဆောင်းရသေးပေ။
“ရှောင်ဟုန်...”
စားပွဲအောက်မှ အသံထွက်လာသည်
“ကျွန်မ ဒီမှာပါ။ ကြက်ဖတွန်သံ ကြားတော့ ကြောက်လို့ စားပွဲအောက်မှာ ဝင်ပုန်းနေတာ။”
သူမသည် တကယ့်ကို ဗီဇပါသော အတွင်းရေးမှူးမလေးပင် စားပွဲအောက်သို့ပင် မည်သို့ဝင်ရမည်ကို သိနေသည်။ ကံမကောင်းစွာဖြင့် သခင်လေးတန်က သူမဘေးနားရှိ ကုလားထိုင်ကို မှီပြီး တစ်ညလုံး အိပ်ခဲ့ခြင်းဖြစ်သည်။
တန်ဝမ်ကျဲသည် လမ်းလျှောက်သွားပြီး ပြတင်းပေါက်ကို ပိတ်ကာ လိုက်ကာများကို ဆွဲလိုက်သည်။ သူ လှည့်ကြည့်လိုက်သောအခါ ရှောင်ဟုန်သည် သူ၏နောက်တွင် ရောက်နေပြီဖြစ်သည်။ သူမသည် လည်ပတ်သွားပြီး သံလိုက်ကဲ့သို့ သူ၏ပါးစပ်ဆီသို့ ဆွဲငင်ခြင်း ခံလိုက်ရသည်။ သူသည် အကွာအဝေးတစ်ခုရအောင် နောက်သို့ အမြန်ဆုတ်လိုက်ရသည်။
ရှောင်ဟုန်သည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး နောက်သို့ အမြန်လွင့်မျောသွားကာ ခေါင်းငုံ့၍ ဦးညွှတ်လိုက်သည်။
“သခင်...ကျွန်မ ခုနက ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဖြစ်သွားလို့ပါ။”
“မင်း သေတာ သိပ်မကြာသေးတော့ ယန်ချီ စုပ်ချင်တဲ့ စိတ်ကို မထိန်းနိုင်တာက သဘာဝပါပဲ။”
တန်ဝမ်ကျဲကဂရုမစိုက်ပါ။ သူ၏ဆရာ ပြောခဲ့သည်မှာ သရဲမနှင့် တကယ့်တိုက်ပွဲဖြစ်လျှင်ပင် ခြေထောက်များ အားနည်းသွားရုံသာ ရှိမည်ဖြစ်ပြီး အသက်တိုသွားလိမ့်မည် မဟုတ်ပေ။ ရှောင်ဟုန်က စားပွဲအောက်ကနေ ယန်ချီအနည်းငယ် စုပ်ယူခြင်းမှာ ပြသနာမကြီးလှပါ။
သူ့တွင် ပိုလျှံနေသော ယန်ချီများစွာ ရှိနေသဖြင့် မနက်ခင်း အပေါ့သွားရသည်မှာပင် အဆင်မပြေလှပေ။
အဆင်ပြေခြင်းအကြောင်း ပြောမှ..ကျူးအူမကြီး တစ်ယောက် ထိုဆေးသောက်ပြီးဘယ်လိုနေမလဲဟု သူ သိချင်မိသည်။
တန်ဝမ်ကျဲက ပြောလိုက်သည်။
“မင်းရဲ့ ကျင့်ကြံမှုအဆင့် မြင့်လာရင်တော့ ဒီဗီဇစိတ်ကို ထိန်းချုပ်နိုင်လာပါလိမ့်မယ်။
ရှောင်ယွီ မှာ ကျင့်ကြံမှုအဆင့် အတော်အတန်မြင့်သော သရဲမဖြစ်၍ သူမသည် အချစ်ဇာတ်လမ်းပင် ကစားနိုင်သည့် စိတ်အခြေအနေမျိုး ရှိသည်။ ရှောင်ဟုန်သာဆိုလျှင်တော့ ဗီဇစိတ်အတိုင်း တန်းပြီး လုပ်ဆောင်မိပေလိမ့်မည်။
“စာရင်းစစ်တာ ဘယ်လိုလဲ။”
ရှောင်ဟုန်က တိုးတိုးလေး ဖြေသည်
“ဆိုင်နှစ်ဆိုင်ရဲ့ စာရင်းမှာ ပြဿနာအချို့ ရှိနေပြီး တခြားဆိုင်တွေမှာတော့ ပြဿနာအသေးအဖွဲလေးတွေ ရှိပါတယ်။”
တန်ဝမ်ကျဲသည် စားပွဲတွင် ထိုင်လိုက်ပြီး ရှောင်ဟုန် ညွှန်ပြသည့် နေရာများကို စစ်ဆေးလိုက်သည်။ သူမက တစ်ညလုံး အိပ်ရေးပျက်ခံပြီး တွက်ချက်ပေးထားသဖြင့် သူ၏အလုပ်မှာ တကယ်ပင် ပိုမိုလွယ်ကူသွားသည်။
ဤခေတ်ကာလတွင် စာရင်းခိုးခြင်းနှင့် ပစ္စည်းခိုးခြင်းမှာ အလွန်ပင် ပေါများလှသည်။ တန်ဝမ်ကျဲ၏ ဦးလေးဖြစ်သူ အသက်ရှင်စဉ်က သူသည် စာရင်းစစ်နေခြင်း သို့မဟုတ် စာရင်းစစ်ရန် သွားနေခြင်းတို့သာ လုပ်ဆောင်ခဲ့သော်လည်း တန်နေအိမ်မှာမူ အကြံပေးလျှိုအတွက်ပျော်ပါးရာ သီးသန့်အိမ်ကြီး ဖြစ်နေခဲ့သည်။
ယခုမူ ရှောင်ဟုန်၏ အကူအညီဖြင့် သူ ခေါင်းခဲစရာ မလိုတော့ပေ။
ဝန်ထမ်းများ၏ စာရင်းခိုးတတ်သည့် အလေ့အထအတွက်မူ သတိပေးချက် အနည်းငယ်ပေးလျှင် လုံလောက်ပါသည်။ အခွင့်အရေး အနည်းငယ်ယူခြင်းမှာ တစ်ပိုင်းဖြစ်သော်လည်း သခင်၏ ပိုင်ဆိုင်မှုများကို မိမိအိမ်သို့ သယ်ခြင်းမှာမူ နောက်တစ်ပိုင်းဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် တန်ဝန်ကျဲသည် ရဲဗိုလ်လည်း ဖြစ်နေသည်။ သူဌေးအနေဖြင့် ရဲစခန်းသို့ အပ်နှံနိုင်ရုံသာမက ကိုယ်တိုင်လည်း တိုက်ရိုက် စစ်ဆေးမေးမြန်းနိုင်သည်။
ပြင်းထန်သောစစ်ဆေးမှုအောက်တွင် တစ်စုံတစ်ယောက် မတော်တဆ သေဆုံးသွားလျှင်ပင် သူက နာရေးဝန်ဆောင်မှုနှင့် ဝိညာဉ်ကူးပြောင်းရေး ဝန်ဆောင်မှုများကို တစ်ပါတည်း ဆောင်ရွက်ပေးနိုင်သဖြင့် လုပ်ငန်းစဉ်အားလုံးမှာ ဥပဒေနှင့်အညီ ဖြစ်နေပေလိမ့်မည်။
တန်ဝမ်ကျဲက ပြောသည်
“မင်းက စာရင်းအင်းပိုင်းမှာ တော်တော်လေး ကျွမ်းကျင်တာပဲ။ ဒီစာရင်းစစ်တဲ့ အလုပ်ကို မင်းကိုပဲ လွှဲပေးထားမယ်။ မင်း မဖြေရှင်းနိုင်တဲ့ ပြဿနာရှိရင် ငါ့ကို လာရှာပါ။ ဒါနဲ့ မင်းရဲ့ ရုပ်အလောင်းကို မြှုပ်ပြီးပြီလား။”
“ကျွန်မရဲ့ ရုပ်အလောင်းကို မြှုပ်ဖို့ နေရာ ရှာတွေ့ထားပြီးပါပြီ”
“ကောင်းပြီ။ နောက်မှ မင်းရဲ့ အုတ်ဂူကို ပြောင်းဖို့ လူလွှတ်ပေးမယ် ဖုန်းရွှေ အကောင်းဆုံး နေရာတစ်ခု ရှာပေးမယ်။ မင်းက ဖယောင်းတိုင်စားရတာ ကြိုက်လား အမွှေးတိုင်လား “
“ကျွန်မမစမ်းကြည့်ရသေးပါဘူး”
“ဒါဆို နှစ်မျိုးလုံး စမ်းကြည့်ပေါ့”
ကျူးမိသားစု၏ စက္ကူပူဇော်စရာဆိုင်တွင် သူက အထူးလျှော့စျေး ရနိုင်သည်။
သူ မတ်တပ်ရပ်လိုက်ပြီး
“မင်းရဲ့ အမေအိုကြီးကို စောင့်ရှောက်ဖို့ လူတစ်ယောက် စီစဉ်ပေးမယ်။ မင်း ဒီမှာ ညမှောင်တဲ့အထိ နေမှာလား ဒါမှမဟုတ်...”
“သခင်...ကျွန်မ ထီးတစ်ချောင်းအောာက်မှာ ပုန်းပြီး အပြင်ကိုထွက်လို့ ရပါတယ်။”
“ကောင်းပြီ...ခဏစောင့်။ ငါ သွားပြီး စီစဉ်ပေးမယ်။”
ကျန်ရှိသော ကိစ္စများအတွက် သူ စိုးရိမ်စရာ မလိုတော့သဖြင့် သူသည် တန်နေအိမ်သို့ ပြန်လှည့်လာခဲ့သည်။
နံနက်ခင်း နေရောင်အောက်တွင် လမ်းလျှောက်လာစဉ် လမ်းဘေးဝဲယာရှိ လူများက သူ့ကို “သူဌေးတန်” သို့မဟုတ် “မြို့တော်ဝန်တန်” ဟု ခေါ်ကာ နှုတ်ဆက်နေကြသည်။
တန်နေအိမ်
ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် ရိုးရှင်းသော လေ့ကျင့်ရေးဝတ်စုံကို လဲထားသည့် ပိုင်ရို့ရို့က သိုင်းကျင့်နေသည်ကို သူ မြင်လိုက်ရသည်။
လေ့ကျင့်ရေးဝတ်စုံမှာ သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို ပိုမိုပေါ်လွင်စေသည်။ဝတ်စုံမှာ အနည်းငယ် ပွနေသော်လည်း လှပသော အကောက်အဆင့်များကိုမူ မဖုံးကွယ်နိုင်ပေ။ သူမ လက်သီးတစ်ချက် ပစ်လိုက်တိုင်း သူမ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး မြူနှင်းများအောက်ရှိ မြစိမ်းရောင် တောင်ထိပ်များကဲ့သို့ လှိုင်းထနေသည်ကို မှိန်ပျပျ မြင်နေရသည်။
တကယ့်ကို ကောင်းမွန်လှသော လူမိုက်စိတ်ကြွလက်သီး ပါပဲ ၎င်းမှာ အလွန်ပင် ဆွဲဆောင်မှု ရှိလွန်းသဖြင့် တန်ဝမ်ကျဲ မျက်တောင်မခတ်ဘဲ ကြည့်နေမိသည်။
ပိုင်ရို့ရို့သည် ကျင့်စဉ်ကို သိမ်းလိုက်ပြီး ရပ်လိုက်ရာ သူမ၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။
“လမ်းစဉ်တူမိတ်ဆွေ တန်...”
တန်ဝမ်ကျဲကိုထပ်တွေ့သောအခါ ပိုင်ရို့ရို့၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသည်။ သူ၏ ချောမောသော မျက်နှာမှာ သူမအတွက် ဘာမှမဟုတ်သော်လည်း သူ၏ စူးစိုက်ကြည့်နေသော အကြည့်များက သူမကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။
“စောစောကမင်း ကျင့်နေတာက ဘာလဲ။”
တန်ဝမ်ကျဲ၏ အာရုံမှာ ပိုင်ရို့ရို့၏ လေ့ကျင့်မှုအပေါ်တွင် ရောက်ရှိနေပြီဖြစ်သည်။
“ခွီရှင်းက မိစ္ဆာကို ကန်ထုတ်ခြင်း သရဲဖမ်းနည်းပါ။ အကြောတွေကို ပုံမှန်ပြေလျော့စေဖို့အတွက်လည်း သုံးလို့ရပါတယ်။”
“ကျွန်တော့်ကို သင်ပေးလို့ ရမလား။”
သခင်လေးတန်သည် သူမြင်သမျှ အရာအားလုံးကို အမြဲတမ်း မေးလေ့ရှိသူဖြစ်သည်။ သူက ပွင့်ပွင့်လင်းလင်း တောင်းဆိုတတ်ပြီး သင်တန်းကြေးကိုလည်း ညှိနှိုင်းတတ်နိုင်သည်။
သူမ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
“ဒါက...”
“ဒါက လျှို့ဝှက်ချက်မို့လို့လား..”
လျှို့ဝှက်ချက်များဆိုလျှင် သေချာပေါက် တန်ဖိုးကြီးပေလိမ့်မည်။ သူ ငွေထပ်တိုးပေးရုံသာ ရှိသည်။သူသည် အပိုဆောင်းပေးမှ ရနိုင်သော အရာများကို အမြဲ သဘောကျတတ်သည်။
ငွေထပ်တိုးပေးမယ်ဟု သူ မပြောမီမှာပင် ပိုင်ရို့ရို့က ခေါင်းခါပြသည်ကို မြင်လိုက်ရသည်။
“အဲဒီလိုတော့ မဟုတ်ပါဘူး ဒါပေမဲ့ ဒီသရဲဖမ်းနည်းက ကျားမ ပူးတွဲလေ့ကျင့်တိုက်ခိုက်ရတဲ့ နည်းလမ်းတစ်ခုပါ။ ဒါကို ကျင့်ကြံဖို့ ငယ်စဉ်ကတည်းက စတင်ကျင့်ကြံတဲ့ ရွှေသားကောင်လေးနဲ့ ကျောက်စိမ်းမိန်းကလေးတို့ လိုအပ်ပါတယ်။ သူတို့ရဲ့ စိတ်နဲ့ ခံစားချက်တွေ ထပ်တူကျတဲ့အခါ အမျိုးသားက ဖမ်းဆီးပြီး အမျိုးသမီးက ချုပ်နှောင်ရတာပါ။”
ဪ... ဒါမျိုးကိုး။ တန်ဝန်ကျဲ ခေါင်းညိတ်လိုက်သည်။ သူကတော့ သင်ချင်နေတုန်းပင်။
ကျွမ်းကျင်မှု တစ်ခုကို အမြင့်ဆုံးအဆင့်အထိ တင်နိုင်သရွေ့ သူသည် ထိုးထွင်းသိမြင်မှု တစ်ခုခုကို ရနိုင်မည်ဖြစ်သည်။ များများရလေ ပိုကောင်းလေ သူက မရွေးတတ်တော့ပါ။
ပိုင်ရို့ရို့က သူသည် လူပျိုစွမ်းအင်သိုင်း သင်ယူရန် အသက်ကြီးလွန်းပြီဟု အကြံပေးရန် ကြံရွယ်သော်လည်း ခဏစဉ်းစားပြီးနောက် သူမ အတင်းအကျပ် မတားတော့ပေ။ သူမသည် တန်ဝမ်ကျဲ၏ ရက်စက်မှုကို မြင်တွေ့ထားဖူးသဖြင့် သူမ၏ ငယ်ချစ် စီနီယာအစ်ကိုကြီးအတွက် ပြဿနာမဖြစ်စေရန် သူနှင့် အဆင်ပြေအောင်သာ နေချင်တော့သည်။
“ရှင် သင်ချင်တယ်ဆိုရင်တော့ ခဏနေရင် သင်ပေးပါ့မယ်။ ဒါပေမဲ့ ကျောက်စိမ်းမိန်းကလေးကိုတော့ ရှင့်ဘာသာရှာရလိမ့်မယ်။ မဟုတ်ရင်တော့ ဒါက ဟန်ပြသက်သက်ပဲ ဖြစ်မှာပါ။”
“ရပါတယ် ဟန်ပြပဲဖြစ်ဖြစ် အရင်ဆုံး ပုံစံတွေကိုတော့ ကျုပ်ဘာသာ အရင်သင်ထားလိုက်မယ်။”
မနက်စာ စားပြီးပြီးချင်းတန်ဝမ်ကျဲသည် နည်းစနစ်အသစ်ကို သင်ယူပြီးနောက် ကျူးကောမိသားစုက ဘယ်နေရာမှာလဲဟု ပိုင်ရို့ရို့ကို မေးရန် စဉ်းစားနေသည်။
သို့သော် ပိုင်ရို့ရို့သည် ခြံဝင်းထဲရှိ ရေဇလုံတစ်ခုရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ တစ်ယောက်တည်း စကားပြောနေသည်ကို သူ မြင်လိုက်ရသည်။
“ဘာ ... စီနီယာအစ်ကိုကြီးက နှစ်တစ်ထောင် ကြေးနီချပ်ဝတ်အလောာင်းကောင်အကို ဖမ်းမိသွားတာလား”
အခုမှ ဖမ်းမိတာလား။
တန်ဝမ်ကျဲ ချက်ချင်း ငြိမ်သက်သွားလေသည်။ သူ၏ အကြားအာရုံမှာ သာမန်လူထက် အများကြီး ပိုအားကောင်းသဖြင့် အဝေးမှ အသံများကိုပင် ကြားနိုင်သည်။
ထို့ကြောင့် သူသည် တမင် ချောင်းနားထောင်ခြင်း မဟုတ်ပါ။ပိုင်ရို့ရို့ကသာ အသံကျယ်ကျယ် ပြောနေသဖြင့် သူ၏နားထဲသို့ မတော်တဆ ရောက်လာခြင်းသာ ဖြစ်သည်။
“ကောင်းကင်အောက်က ပထမဆုံး မြက်တဲရှင် ... သူက စီနီယာအစ်ကိုကြီးဆီကို ပြဿနာလာရှာတော့မှာလား”
စီနီယာအစ်ကိုကြီးရဲ့ဘေးဒုက္ခက ဒီမြက်တဲရှင်နဲ့ ဆက်နွှယ်နေတာ ဖြစ်နိုင်မလာ။ ငါ ဘာလုပ်ရမလဲ။
ပိုင်ရို့ရို့သည် စိုးရိမ်တကြီးဖြင့် မတ်တပ်ရပ်လိုက်သည်။ သူမသည် တန်ဝမ်ကျဲက ဘေးဒုက္ခ၏ အရင်းအမြစ်ဟု အမြဲထင်ခဲ့သော်လည်း တခြားတစ်နေရာတွင် အမှားအယွင်း ဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။
“ကောင်းကင်အောက်က ပထမဆုံး မြက်တဲရှင် ဟုတ်လား။”
တန်ဝမ်ကျဲသည် မသိသလို နေ၍မရတော့ပေ။
“သူက ဘယ်လိုလူလဲ။”
ရှီကျန့် ပင်လျှင် မိမိကိုယ်ကိုယ် ကောင်းကင်အောက်မှာ ပထမဟု မခေါ်ရဲပါ။ အလွန်ဆုံးမှ မော်ရှန်း ရဲ့ စီနီယာအစ်ကိုကြီးလို့ပဲ သတ်မှတ်တာပါ။
“သူက မော်ရှန်းတပည့်တစ်ယောက်ပါ၊ ဒါပေမဲ့ ကျွန်မရဲ့ စီနီယာအစ်ကိုကြီးလိုပဲ သရဲဖမ်းတဲ့ မန္တန်လက်နက်တွေကို လေ့လာရတာ ဝါသနာပါသူပါ။ သူက စီနီယာအစ်ကိုကြီးရဲ့ အကြီးမားဆုံး ပြိုင်ဘက်လည်း ဖြစ်ပါတယ်။”
တန်ဝမ်ကျဲက အခွင့်အရေးကို အရယူကာ ပြောလိုက်သည်။
“မင်း စီနီယာအစ်ကိုကြီးအတွက် ဒီလောက်တောင် စိုးရိမ်နေရင် ဘာလို့ သွားမကြည့်တာလဲ။ကျွန်တော်လည်း အလောင်းကောင် တစ်ကောင် ဝယ်ချင်နေတာနဲ့ အတော်ပဲ။တူတူသွားကြရအောင်။”
သူသည်ကြေးနီချပ်ဝတ်အလောင်းကောင်ကို မျက်စိကျနေသည်မှာ ကြာလှပြီ။ ကျူးကောခုံဖိန်က ဒါကို ဘယ်လောက်အထိ ကြာကြာ ထိန်းသိမ်းထားနိုင်မည်လဲ။အလောင်းကောင်ကို ခိုးယူရခြင်းက တကယ့်တိုက်ပွဲထက် အမြဲတမ်း ပိုလွယ်ကူသည်။
“ရှင်...”
ပိုင်ရို့ရို့ကသူ့ကို ရုတ်တရက် မော့ကြည့်လိုက်သည်။
“ရှင် ဒီလို လုပ်ပေးဖို့ မလိုပါဘူး။ ဒီမြက်တဲရှင်ရဲ့ အစွမ်းက စီနီယာအစ်ကိုကြီးနဲ့ အတူတူပဲ။ပြီးတော့ သူက နိုင်ငံခြားက နည်းလမ်းအသစ်တွေကိုလည်း သင်ထားသေးတယ်။ ရှင်သာ ပါဝင်ပတ်သက်မိရင် ဒုက္ခရောက်မှာ စိုးလို့ပါ။”
“ရပါတယ်၊ ကျွန်တော်လည်း ဒီမြက်တဲရှင်ကို တော်တော်လေး စိတ်ဝင်စားနေတာ။”
သူ၏ စိတ်ရင်းမှန်ပြီး ပြတ်သားသော စကားများကို ကြားသောအခါ ပိုင်ရို့ရို့သည် စကားမပြောဘဲ မျက်နှာလွှဲလိုက်ပြီး ခေါင်းငုံ့ကာ ဘာတွေကို တွေးတောပူပန်နေမှန်း မသိဖြစ်နေသည်။
နှုတ်ဆိတ်ခြင်းမှာ သဘောတူခြင်းပင်။ တန်ဝန်ကျဲသည် စိတ်လက်ပေါ့ပါး သွားသည်။
“ကျွန်တော်တို ခွီရှင်းက မိစ္ဆာကို ကန်ထုတ်ခြင်း သရဲဖမ်းနည်း ကို ဘယ်တော့ စလေ့ကျင့်ကြမလဲ။”
ပိုင်ရို့ရို့၏ စိတ်မတည်ငြိမ်မှုကြောင့်လား သို့မဟုတ် တန်ဝမ်ကျဲ၏ ပါရမီကြောင့်လား မသိရသော်လည်း တစ်နာရီကြာ သင်ယူပြီးသည့်တိုင် သူသည် အခြေခံကိုပင် မရသေးပေ။
သင်ယူမှု မအောင်မြင်ကြောင်း အကြောင်းကြားချက်ပင် မတက်လာပါ။ ပိုင်ရို့ရို့ စိတ်လေနေသည်ကို မြင်သောအခါ တန်ဝမ်ကျဲကပဲ သင်ခန်းစာကို ရပ်တန့်လိုက်သည်။
သူမက တကယ်ကို သစ္စာရှိတာပဲ။ အချစ်ကြောင့် ဦးနှောက်မရှိတဲ့ ဂရင်းတီး မလေးတော့ မဖြစ်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ။
ထိုနေ့တစ်နေ့လုံး တန်ဝမ်ကျဲသည် ဆိုင်ကိစ္စများဖြင့် အလုပ်ရှုပ်နေခဲ့သည်။ ညနေပိုင်းတွင် သူသည် ရှောင်ဟုန်ကို ခေါ်ကာ ဆိုင်ကြီးများမှ မန်နေဂျာအားလုံးကို ထမင်းဖိတ်ကျွေးပြီး လူတိုင်း၏ရှေ့တွင် ရှောင်ဟုန်အား သူဌေးတန်၏ အဓိက အလုပ်သမား အတွင်းရေးမှူးအဖြစ် တရားဝင် အဆင့်သတ်မှတ်ပေးလိုက်သည်။
မန်နေဂျာများမှာ အလွန်ပင် ဝမ်းသာသွားကြပြီး သူမကို မည်သို့ လှည့်စားရမည်ကို စဉ်းစားနေကြသည်။ တန်ဝမ်ကျဲကို ကိုင်တွယ်ရသည်မှာ မလွယ်ကူသော်လည်း မိန်းကလေးငယ်တစ်ဦးကို လိမ်ညာရန်မှာတော့ အပန်းမကြီးဟု သူတို့ ထင်နေကြသည်။
မှောင်လာသောအခါ မန်နေဂျာများမှာ မူးနေကြပြီ ဖြစ်သည်။ သူတို့သည် ယခုနှစ်တွင် ရရှိမည့် အမြတ်အစွန်းများနှင့် တန်မိသားစုထံမှ ငွေများကို မည်သို့ နှိုက်ယူရမလဲဟု တွေးတောနေစဉ်မှာပင် ရှောင်ဟုန်က ပြောလိုက်သည်ကို ရုတ်တရက် ကြားလိုက်ရသည်။
“မန်နေဂျာတို့ ဒီည စာရင်းစာအုပ် အားလုံးကို ယူလာပေးပါ။ ကျွန်မ တစ်ညလုံး စာရင်းစစ်ပါ့မယ်။”
သူမ ခဏရပ်လိုက်ပြီး ထပ်ပြောသည်
“ဒီနေ့ကစပြီး အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တိုင်း စာရင်းစစ်ပါ့မယ်။”