အခန်း (၆၉၇-၆၉၉)
Vol. 47 Ch. 697-699
အခန်း ၆၉၇ ။ ရဲရင် စမ်းကြည့်လိုက်လေ
သူ့ရင်ဘတ်တစ်ခုလုံး တင်းကြပ်သွားတော့တယ်။ သူက ကိုယ်ကို မနည်း ထိန်းလိုက်ပြီး လေထဲမှာ ချာချာလည်မသွားအောင် လုပ်လိုက်ရတယ်။ နှုတ်ခမ်းထောင့်က သွေးတွေကို သုတ်လိုက်ရင်း ရှန်းရင်ဘက်ကို လှည့်ကာ ပြောလိုက်တယ်။
"မင်း တကယ်ပဲ စွမ်းဆောင်နိုင်သားပဲ" သူ နည်းနည်း ပေါ့ဆသွားမိတာ။ "ဒါပေမဲ့..." သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပြန်ပေါ်လာပြန်တယ်။ သူမသာ တိုက်ခိုက်လာရင် သူမဘက်ကပဲ ရှုံးဖို့ သေချာနေတာကိုး။ အဲဒီနောက် သူ့ခန္ဓာကိုယ်က ဝေဝေဝါးဝါး ဖြစ်သွားပြီး ဟင်းလင်းပြင်ထဲ ပျောက်ကွယ်သွားတော့တယ်။
ခဏအကြာမှာတော့...
ရှန်းရင်ရဲ့ စွမ်းအားတွေနဲ့ မနိမ့်တဲ့ အရှိန်အဝါတစ်ခုက သူမဆီကို တိုးဝင်လာတယ်။ အဲဒီအထဲမှာ ပျက်စီးခြင်း အငွေ့အသက်တွေ ပါလာသလိုပဲ။ လေထုထဲက ကသောင်းကနင်း ဖြစ်မှုတွေတောင် အန္တရာယ်ကို သိပြီး နောက်ဆုတ်သွားကြတဲ့အလား ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိ ကျသွားတော့တယ်။ အဲဒီလူရဲ့ အသံက ပတ်ပတ်လည်ကနေ ထွက်ပေါ်လာတယ်။
"တကယ့် တရားသူကြီးဆိုတာ ဘာလဲဆိုတာ မင်းကို ငါ ပြမယ်"
သူ့စကားလည်း ဆုံးရော၊ အဲဒီစွမ်းအားတွေက ရှန်းရင်ကို ဝန်းရံပိတ်ဆို့လိုက်ပြီး တစ်စက္ကန့်ထက်တစ်စက္ကန့် ပိုပြီး အနားကပ်လာတယ်။ အဲဒီစွမ်းအားတွေက သူမကို တစ်ပတ်ပတ်မိတိုင်း ရှန်းရင်ရဲ့ ခန္ဓာကိုယ်ထဲက အစွမ်းတွေက တဖြည်းဖြည်း လျော့နည်းလာတော့တယ်။
သူက သူမရဲ့ အစွမ်းတွေကို စုပ်ယူနေတာပဲ
"ဟားဟားဟား... မင်းရဲ့ အစွမ်းတွေက အခုတော့ ငါ့အပိုင်ပဲ။ ငါကပဲ ဒီနေရာရဲ့ တစ်ဦးတည်းသော တရားသူကြီးပဲ" အဲဒီလူရဲ့ အသံက ပိုပြီး မောက်မာလာတယ်။ မမြင်ရတဲ့ စွမ်းအားစုကြီးက သူမကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားတော့တယ်။ ရှန်းရင်ရဲ့ ခန္ဓာကိုယ်ထဲမှာ အစွမ်းတွေ သိပ်မကျန်တော့ဘူး။ သူတို့ပတ်လည်က အလင်းနံရံတွေတောင် တုန်ခါနေပြီး အချိန်မရွေး ပြိုလဲတော့မဲ့ပုံပဲ။ ရှန်းရင်ရဲ့ အစွမ်းတွေကို စုပ်ယူပြီးသွားတဲ့အခါမှာတော့ အဲဒီစွမ်းအားတွေက သူမဆီကို တိုက်ရိုက် ဦးတည်လာတော့တယ်။
ရှပ်...
စွမ်းအားတစ်ခုက သူမရဲ့ ပါးပြင်ကို ဖြတ်တိုက်သွားပြီး ဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့တယ်။ သွေးစိမ်းတွေက သူမရဲ့ ပါးပေါ်ကနေ စီးကျလာတော့တယ်။
ရှန်းရင်က အဲဒီလူကို ကြောင်ကြည့်နေမိတယ်။ သူမက ပါးပေါ်က ဒဏ်ရာကို အလိုအလျောက် ကိုင်ကြည့်လိုက်ပြီး လက်ချောင်းပေါ်က ထူးဆန်းတဲ့ အနီရောင်သွေးတွေကို ကြည့်လိုက်တယ်။ သူမ မျက်လုံးတွေ ကျဉ်းမြောင်းသွားတယ်။ သူမရဲ့ နက်မှောင်တဲ့ သူငယ်အိမ်တွေက ပါးပေါ်က သွေးတွေကြောင့်လား မသိဘူး၊ အနီရောင်သန်းလာသလိုပဲ။
အဲဒီလူရဲ့ တိုက်ခိုက်မှုတွေက ပိုပြီး ရက်စက်လာတယ်။ ရှန်းရင်က သူမပတ်ပတ်လည်က စွမ်းအားတွေ ပိုပြင်းထန်လာတာကို ခံစားနေရတယ်။ သူမရဲ့ အစွမ်းတွေ အားလုံး ကုန်ခမ်းသွားပြီ။ သူမက အခုတော့ မီးစာကုန်ခါနီး ဆီမီးခွက်တစ်ခုလိုပဲ။ သူမရဲ့ ခန္ဓာကိုယ်ကို ကာကွယ်ထားတဲ့ နောက်ဆုံး အကာအကွယ်အလွှာကလည်း ပျက်စီးသွားပြီ။ ရူးသွပ်စရာကောင်းတဲ့ စွမ်းအင်တွေက သူမဆီကို တိုးဝင်လာပြီး သူမကို အခုချက်ချင်း သတ်ပစ်တော့မဲ့အတိုင်းပဲ။
ရုတ်တရက်ဆိုသလိုပဲ သူမရဲ့ ခန္ဓာကိုယ်ထဲကနေ အနီရောင်အလင်းတွေ ဖြာထွက်လာတယ်။ အဲဒီအလင်းတွေက ထက်မြက်တဲ့ ဓားဦး ထောင်ပေါင်းများစွာလိုပဲ၊ အဲဒီလူ ထုတ်လွှတ်လိုက်တဲ့ စွမ်းအင်တွေကို ပြန်လည် တိုက်ခိုက်လိုက်တော့တယ်။ အဲဒီအလင်းတွေက စွမ်းအင်တွေကို ထိုးဖောက်သွားပြီး ကသောင်းကနင်း ဟင်းလင်းပြင်တစ်ခုလုံးကိုတောင် ဖောက်ထွက်သွားတော့မဲ့ပုံပဲ။
"အား..." အဲဒီလူက နာကျင်စွာ အော်ဟစ်လိုက်ရတယ်။ သူ ထုတ်လွှတ်လိုက်တဲ့ စွမ်းအင်တွေအားလုံးက တစ်ခုခုရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရသလို တုန်လှုပ်ကုန်ကြတယ်။
"ဒါက ဘာလဲ" ဒါ မဖြစ်နိုင်ဘူး။ သူမရဲ့ အစွမ်းတွေအားလုံးကို သူ စုပ်ယူထားပြီးပြီပဲ။ သူမမှာ ဘယ်လိုလုပ် အစွမ်းတွေ ကျန်နေသေးတာလဲ။ ကျန်နေဦးတော့... စွမ်းအားရဲ့ အနှစ်သာရဖြစ်တဲ့ သူ့လိုလူမျိုးကို အနိုင်တိုက်နိုင်လောက်အောင် ဘယ်လိုလုပ် စွမ်းအားကြီးနေရတာလဲ
ဘာဖြစ်လို့လဲဆိုတာ သူ စဉ်းစားမရခင်မှာပဲ ရှန်းရင်က လက်ကို မြှောက်ပြီး တစ်ခုခုကို ဖမ်းဆွဲလိုက်တယ်။ သူမလက်ထဲမှာ ဘာမှမရှိပေမဲ့ သူကတော့ တစ်ခုခုရဲ့ ချုပ်နှောင်တာ ခံလိုက်ရသလို ခံစားလိုက်ရတယ်။ လေပြင်းတွေက သူ့နားဘေးကနေ တဝေါဝေါ တိုက်ခတ်သွားပြီး မြေပြင်နဲ့ ကောင်းကင်ကြီးက ချာချာလည်သွားတော့တယ်။ ဝုန်းခနဲ အသံကြီးနဲ့အတူ သူက အလင်းနံရံနဲ့ ပြင်းပြင်းထန်ထန် ရိုက်မိသွားတော့တယ်။
"အား" အဲဒီလူက နာကျင်စွာ ထပ်အော်ပြန်တယ်။ သူ ရှန်းရင်ကို တိုက်ခိုက်ထားတဲ့ စွမ်းအားတွေက တစ်ခုခုရဲ့ ဆွဲဖြတ်တာကို ခံလိုက်ရသလိုပဲ။ "ဒါ မဖြစ်နိုင်ဘူး မင်းက ငါ့ကို ဘယ်လိုလုပ် နှိမ်နင်းနိုင်တာလဲ... အား"
ရှန်းရင်က အဲဒီဓာတ်ငွေ့လုံးကြီးကို ဖမ်းဆွဲပြီး အရပ်မျက်နှာအနှံ့ကို ရမ်းခါပစ်လိုက်တယ်။ တဝုန်းဝုန်းနဲ့ ရိုက်မိသံတွေ ဆက်တိုက် ထွက်ပေါ်လာတော့တယ်။ တစ်ခါရိုက်မိတိုင်း အဲဒီလူ စုပ်ယူထားတဲ့ အစွမ်းတွေက တစ်စစ လျော့နည်းသွားတယ်။ တစ်မိနစ်အတွင်းမှာပဲ ရှန်းရင်က အဲဒီလူရဲ့ အစွမ်းတွေကို လက်ဗလာနဲ့တင် အကုန်ထုတ်ပစ်လိုက်နိုင်တယ်။
အဲဒီလူက တုံ့ပြန်ဖို့တောင် အချိန်မရလိုက်ဘူး။ သူ့ခန္ဓာကိုယ်ထဲက အစွမ်းတွေ စီးထွက်သွားတာကိုပဲ ခံစားနေရတယ်။ ဒါပေမဲ့ အဲဒါကပဲ သူ့ကို သတိပြန်ဝင်လာစေပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကာကွယ်ဖို့ လုပ်ဆောင်စေတယ်။ ရုတ်တရက် အဲဒီဓာတ်ငွေ့လုံးက ပျောက်ကွယ်သွားပြီး လူပုံစံ ပြန်ဖြစ်လာတယ်။ ဒါပေမဲ့ သူက အရင်ကလို မောက်မာမနေတော့ဘူး။ တကယ့်ကို သနားစရာကောင်းတဲ့ ပုံစံ ဖြစ်နေတော့တယ်။
သူက ရှန်းရင်ကို စူးစိုက် ကြည့်နေတယ်။ သူ့မျက်လုံးထဲမှာတော့ မထိန်းချုပ်နိုင်တဲ့ ကြောက်ရွံ့မှုတွေ ရှိနေတယ်။
"ငါ မင်းကို အထင်သေးမိသွားတာပဲ။ မင်းက ဒီအဆင့်အထိ ရောက်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
ဒီအဆင့်မှာတော့ သူက သူမရဲ့ အစွမ်းတွေကို စုပ်ယူနိုင်စွမ်း မရှိတော့ဘူး။
သူက ရှန်းရင်ကို ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်နေရင်းကနေ ပတ်ပတ်လည်က အလင်းနံရံတွေကို ဝေ့ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲမှာ တစ်ခုခုကို ကြံစည်နေတဲ့ အရိပ်အယောင် ပေါ်လာတယ်။
"ဒါပေမဲ့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ တစ်နေ့ကျရင် မင်းရဲ့ ခန္ဓာကိုယ်ထဲက အစွမ်းတွေ အားလုံး ငါ့အပိုင် ဖြစ်ရမယ်"
သူက အပေါ်ကို ပျံတက်ပြီး ထွက်ပြေးဖို့ ကြိုးစားတော့တယ်။ ဒီတစ်ခါတော့ သူ အတွက်မှားသွားပြီ။ သူ ဘာမှ ဆက်မလုပ်ရဲတော့ဘူး။ အခုလောလောဆယ် နောက်ဆုတ်တာက အကောင်းဆုံးပဲ။
"နင် ပြေးလို့ရမယ် ထင်နေတာလား" ရှန်းရင်က အကြည့်ကို နှိမ့်ချလိုက်တယ်။ အလင်းနံရံတွေက ပြန်လည် လင်းထိန်လာပြီး အဲဒီလူရဲ့ လမ်းကို ပိတ်ဆို့လိုက်တော့တယ်။
အဲဒီလူက ရွဲ့ပြီး ရယ်မောလိုက်တယ်။ သူက လက်ကို မြှောက်လိုက်ပြီး သူမဆီကို စွမ်းအင်တန်းတစ်ခု ပစ်လွှတ်လိုက်တယ်။ "ဟမ့်၊ မင်းက ငါ့ကို တားနိုင်မယ် ထင်...” သူ စကားမဆုံးခင်မှာပဲ ဝုန်းခနဲ အသံကြီး ထွက်လာတယ်။ သူ ပစ်လွှတ်လိုက်တဲ့ စွမ်းအင်တန်းက အလင်းနံရံထဲကို ချက်ချင်း စုပ်ယူခြင်း ခံလိုက်ရတယ်။
"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သူ့မျက်လုံးတွေက မယုံကြည်နိုင်စွာ ပြူးကျယ်သွားတယ်။ ရှန်းရင်က သူတို့တိုက်ခိုက်တဲ့အချိန် တခြားမျက်နှာပြင်တွေ မပျက်စီးအောင် ဒီအလင်းနံရံတွေကို တားထားတာ မဟုတ်ဘူးလား။ သူ့ရဲ့ အစွမ်းကုန် ထိုးချက်ကိုတောင် ဘယ်လိုလုပ် ခုခံနိုင်ရတာလဲ။
သူ ထပ်ပြီး စဉ်းစားမရခင်မှာပဲ ရှန်းရင်က လက်ကို မြှောက်လိုက်တယ်။ အလင်းနံရံတွေရဲ့ အပေါ်မှာ အနီရောင် အလင်းတန်းပေါင်း တစ်သိန်းလောက် ပေါ်လာတော့တယ်။ အဲဒီအလင်းတန်းတွေက တင်းကျပ်စွာ စုစည်းနေပြီး အဲဒီလူဆီကို အကုန် ဦးတည်လိုက်ကြတယ်။ သူက ပြင်ဆင်မထားမိဘူး။ အဲဒီအလင်းတန်းတွေက သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်သွားတော့တယ်။
သူက အလိုအလျောက်ပဲ စွမ်းအင်ပုံစံ ပြန်ပြောင်းဖို့ ကြိုးစားပေမဲ့ မရတော့ဘူး။ တစ်ခုခုက သူ့ခန္ဓာကိုယ်ထဲက အစွမ်းတွေကို ပိတ်ဆို့ထားသလိုပဲ။ သူ ပုံစံပြောင်းလို့ မရတော့ဘူး။ သူ လုပ်နိုင်တာကတော့ အနီရောင်အလင်းတန်းတွေက သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်ပြီး သွေးထွက်အောင် လုပ်နေတာကိုပဲ ကြည့်နေရတော့တယ်။ အဲဒါတင်မကဘူး၊ သူ့ရဲ့ အစွမ်းတွေက ဒဏ်ရာတွေကနေ စီးထွက်သွားတာကိုလည်း သူ ဘာမှမတတ်နိုင်ဘဲ ခံစားနေရတယ်။ လေလျှော့လိုက်တဲ့ ပူဖောင်းတစ်ခုလိုပဲ၊ အစွမ်းတွေ ယိုစိမ့်ထွက်နေတာကို သူ ဘာမှ တားလို့မရတော့ဘူး။
"ဒါ... ဒါ မဖြစ်နိုင်ဘူး ဘာလို့ ဒီလို ဖြစ်နေရတာလဲ။ ငါ့ရဲ့ အစွမ်းတွေ... မဟုတ်ဘူး... မဟုတ်ဘူး" သူ အကြီးအကျယ် ထိတ်လန့်သွားတော့တယ်။ သူ့ခန္ဓာကိုယ်က အပေါက်တွေကို ပိတ်ဖို့ အသည်းအသန် ကြိုးစားနေပေမဲ့ မရဘူး။ တစ်ခုခုက သူ့ကို အဲဒီနေရာမှာတင် ချုပ်နှောင်ထားသလိုပဲ။ သူ ဘာမှ လုပ်လို့မရတော့ဘူး။
"ဒါ ဘယ်လို အလင်းမျိုးလဲ" သူ့မျက်နှာမှာ သွေးစက်လေးတောင် မရှိတော့ဘဲ ရှန်းရင်ကို စိုက်ကြည့်နေမိတယ်။ သူ တစ်ခုခုကို သတိရသွားပုံပဲ။ မျက်လုံးတွေ ပိုပြူးကျယ်သွားပြီး အော်ဟစ်လိုက်တော့တယ်။ "ဒါ တရားသူကြီးရဲ့ အစွမ်း မဟုတ်ဘူး... တရားသူကြီးတွေ ဒါမျိုး မလုပ်နိုင်ဘူး မင်း ဘယ်သူလဲ မင်းက ဘယ်လို လူမျိုးလဲ"
ရှန်းရင်က သူ့ကို ပြန်မဖြေဘူး။ သူမက သူ့ဆီကို ဖြည်းဖြည်းချင်း လျှောက်လာတယ်။ သူမရဲ့ မျက်နှာထားက အေးစက်ပြီး ခိုင်မာပြတ်သားနေတယ်။ သူမရဲ့ နီရဲနေတဲ့ မျက်လုံးတွေက တကယ့်ကို ကြောက်စရာကောင်းတယ်။ အဲဒီမျက်လုံးတွေကတင် ပတ်ဝန်းကျင်က အရာအားလုံးကို ဖျက်ဆီးပစ်တော့မဲ့အတိုင်းပဲ။
အဲဒီလူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားပေမဲ့ သူက မလှုပ်ရှားနိုင်တော့ဘူး။ သူမက သူ့ဘေးနားအထိ ရောက်လာတာကိုပဲ ကြည့်နေရတော့တယ်။ သူမက လက်လှမ်းပြီး သူ့လည်ပင်းကို ဖမ်းညှစ်ကာ မြှောက်လိုက်တယ်။
သူမက သူ့လည်ပင်းကိုပဲ ညှစ်ထားတာ ဖြစ်ပေမဲ့ သူ့တစ်ကိုယ်လုံးကို သူမက ဖိညှစ်ထားသလို ခံစားနေရတယ်။ ဖိအားက တစ်စက္ကန့်ထက်တစ်စက္ကန့် ပိုပြင်းလာတယ်။ ရုတ်တရက် နတ်ဘုရားလို စွမ်းအားမျိုးက သူ့ရဲ့ ကလီစာတွေကို ဖိညှစ်လိုက်သလို ခံစားလိုက်ရပြီး စဉ်းစားလို့မရနိုင်တဲ့ နာကျင်မှုက သူ့တစ်ကိုယ်လုံးကို ဖြတ်စီးသွားတော့တယ်။
အဲဒီလူရဲ့ မျက်လုံးတွေ ပိုပြီး ပြူးကျယ်လာတယ်။ သူ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေ ပြည့်သွားပြီး နာကျင်စွာနဲ့ လူးလွန့်နေတော့တယ်။ သူက လူပုံစံတစ်လှည့်၊ အငွေ့ပုံစံတစ်လှည့် ဖြစ်နေတော့တယ်။
"မဟုတ်ဘူး... မဟုတ်ဘူး၊ ငါ့ကို မသတ်ပါနဲ့ ငါ မှားသွားပါတယ်... ကျေးဇူးပြုပြီး... ငါ တောင်းပန်ပါတယ်"
ဒါပေမဲ့ ရှန်းရင်က လက်ကို မလွှတ်ဘူး။ သူမက သူ့လည်ပင်းကို ပိုပြီး တင်းတင်းညှစ်လိုက်ပြီး မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်တယ်။ တစ်လုံးချင်းစီ ဖိပြောရင်း သူမ ရေရွတ်လိုက်တော့တယ်။
"နင် ငါ့အပေါ် ဘာလုပ်လုပ် ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါ့အစ်မကိုတော့... သူ့ရဲ့ ဆံပင်တစ်ပင်ကိုတောင် ထိခွင့်မပေးနိုင်ဘူး"
သူမ စကားလည်း ဆုံးရော၊ လက်ကို တင်းတင်းဆုပ်လိုက်ပြီး အဲဒီလူရဲ့ ဝိညာဉ်ကို ချေမှုန်းပစ်လိုက်တော့တယ်။ ဝုန်းခနဲ အသံကြီးနဲ့အတူ အဲဒီလူက စွမ်းအင်ပေါင်း မြောက်မြားစွာအဖြစ် အပိုင်းပိုင်းအစစ ကွဲထွက်သွားတော့တယ်။
…
အခန်း ၆၉၈ ။ စားပဲစားချင်တာ
အဲဒီလူ သေသွားတာနဲ့ ပြင်းထန်တဲ့ စွမ်းအားတွေက ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားပြီး ကသောင်းကနင်း ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားတော့တယ်။ တော်သေးတာက အဲဒီစွမ်းအားအများစုကို အလင်းနံရံတွေက ထိန်းချုပ်ထားနိုင်ခဲ့လို့ ဟင်းလင်းပြင်ပတ်ဝန်းကျင်က မျက်နှာပြင်တွေကတော့ သိပ်ပြီး မထိခိုက်သွားဘူး။
ရှန်းရင်က လက်ကို မြှောက်လိုက်ပြီး သူမပတ်လည်က အလင်းနံရံတွေကို အနီရောင် သေတ္တာလေးတစ်ခုအဖြစ် ပြောင်းလဲလိုက်တယ်။ အဲဒီအနီရောင် သေတ္တာထဲမှာတော့ အဖြူရောင် စွမ်းအင်တွေ ပါသွားခဲ့တယ်။
သူမက အဲဒါကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်၊ ပြီးတော့မှ နောက်တစ်ခါ ပြန်မကြည့်တော့ဘဲ သိုလှောင်အိတ်ထဲကို ပစ်ထည့်လိုက်တော့တယ်။ အဲဒီတော့မှ သူမရဲ့ မျက်လုံးထဲက အနီရောင်တွေက ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားတယ်။
[ဘ-ဘ-ဘော့စ်]
အုပ်ထိန်းမှုစနစ်က လှမ်းခေါ်လိုက်တယ်။ သူက အလင်းနံရံတွေရဲ့ အပြင်ဘက်မှာ ကျန်ခဲ့တာမို့လို့ ဘာမှမဖြစ်ခဲ့ဘူး။ စောစောက သူ မြင်လိုက်ရတဲ့ ဘော့စ်ကလေ... တော်တော်လေးကို ကြောက်စရာကောင်းတာ အရင်ကထက်တောင် ပိုပြီး ကြောက်စရာကောင်းနေသလိုပဲ။
ရှန်းရင်က မော့ကြည့်လိုက်ပြီး မေးလိုက်တယ်။ "နင် ပင်မစနစ်တစ်ခုလုံးကို ဝါးမျိုလိုက်ပြီလား"
[ဝါး... ဝါးမျိုလိုက်ပါပြီ] အုပ်ထိန်းမှုစနစ်ရဲ့ ကာတွန်းမျက်လုံးလေးက တဖျတ်ဖျတ် ခတ်နေတယ်။ ဘော့စ်က သူ့ကို အဲဒီလိုလုပ်ဖို့ ခိုင်းထားတာကိုး။ သူက ကိုယ်ပိုင်ခန္ဓာကိုယ် ရတာနဲ့ ဘော့စ်က သူ့ကို ရာထူးတိုးပေးပြီး ပင်မစနစ်ကို သူမ အနိုင်ယူပြီးတာနဲ့ တစ်ခုလုံးကို ဝါးမျိုပစ်ဖို့ ညွှန်ကြားခဲ့တာ။ ဒီလိုနည်းနဲ့ အုပ်ထိန်းမှုစနစ်က အသစ်ပြန်ဖြစ်လာမှာ ဖြစ်သလို တခြားမျက်နှာပြင်တွေမှာ နောက်ဆက်တွဲစနစ်တွေ ကျန်နေဦးမယ်ဆိုရင်တောင် အုပ်ထိန်းမှုစနစ်က အဲဒါတွေကို ထိန်းချုပ်နိုင်မှာ ဖြစ်တယ်။
[ဘော့စ်ကို အစီရင်ခံပါတယ်... ကျွန်တော် ရှာကြည့်လိုက်တာ တခြားမျက်နှာပြင်တွေမှာ ပျံ့နှံ့နေတဲ့ နောက်ဆက်တွဲစနစ် စုစုပေါင်း (၁၅၆၈) ခု ရှိနေပါသေးတယ် အဲဒါတွေကို ပြန်သိမ်းခိုင်းလိုက်ရမလား]
"အော်" ရှန်းရင်က ခေါင်းလေးစောင်းပြီး စိတ်မဝင်စားသလိုမျိုး ပြန်ဖြေတယ်။ သူမက လက်ကို မြှောက်ပြီး မျက်နှာပြင်လမ်းကြောင်းကို ဖွင့်ရင်း ပြောလိုက်တယ်။ "အရင်ဆုံး အိမ်ပြန်ပြီး ထမင်းသွားစားရအောင်"
ဗိုက်က တော်တော်ဆာနေပြီ...
[ဟုတ်ကဲ့ပါ ဘော့စ် ပြဿနာမရှိပါဘူး ဘော့စ်]
တကယ်တော့ ဘော့စ်က ဘော့စ်ပါပဲ။ သူမရဲ့ ပေါင်ကိုသာ တင်းတင်းဆုပ်ကိုင်ထားနိုင်သရွေ့ သူ ဘာမှ ကြောက်စရာမလိုဘူး။ အင်း... ခုနကလည်း သူ မကြောက်ပါဘူးနော်။
(づ̄3 ̄)づ╭❤~
—————
"စားဖိုမှူး... ဖြည်းဖြည်းလုပ်ပါဦး။ အာရာ... နာတယ်၊ နာတယ်၊ နာတယ်... နည်းနည်းလောက် ဖြည်းဖြည်းလုပ်လို့ မရဘူးလား"
"ဘယ်အချိန်ရှိနေပြီလဲ... ဘယ်လိုလုပ် ဖြည်းဖြည်းလုပ်လို့ ရမှာလဲ"
"ငါ... ငါ ထပ်ပြီး တောင့်မခံနိုင်တော့ဘူး"
"တောင့်ခံထားစမ်းပါ"
"ဒီကိစ္စမျိုးကို ဘယ်လိုလုပ် တောင့်ခံလို့ ရမှာလဲ။ ခင်ဗျားပဲ ငါ့အောက်ကို ဝင်ပြီး စမ်းကြည့်လိုက်ပါလား"
"ငါ သိပါတယ်၊ ငါ့ကိုပဲ ပေးလိုက်ပါတော့"
"ဒါက လွန်ခဲ့တဲ့ တစ်နာရီက ခင်ဗျား ပြောခဲ့တဲ့ စကားပဲလေ။ အိုး... နာတယ်၊ နာတယ်၊ နာတယ်..."
အခုမှ ပြန်ရောက်လာတဲ့ ရှန်းရင်။ ။ "..."
သူမ မျက်လုံးကို ပွတ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပူးကပ်နေတဲ့ လူနှစ်ယောက်ကို ပြန်ကြည့်လိုက်တယ်။ သူတို့နှစ်ယောက်လုံး အင်္ကျီတွေ မပါကြသလိုပဲ။ ဒါနဲ့ ပတ်သက်ပြီး... သူမ ပြန်လာတာ အချိန်မတော် ဖြစ်သွားတာလား
o(╯□╰)o
"ဘာတွေ လုပ်နေကြတာလဲ" ဘာလို့ သူမ ရုတ်တရက်ကြီး ဖောက်ပြန်ခံလိုက်ရသလို ခံစားနေရတာလဲ။
အဲဒီလူနှစ်ယောက်က နောက်ဆုံးတော့ သူမဘက်ကို လှည့်လာကြတယ်။
"ရှန်းရင်" ကူယွဲ့က ထိတ်လန့်သွားတဲ့ပုံပဲ။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူမဘေးကလူက ရှန်းရင်ရဲ့ ရှေ့ကို ရောက်လာတယ်။ သူမရဲ့ ခါးကို တင်းတင်းကျပ်ကျပ် ဖက်ထားတာ ခံလိုက်ရပြီး ရင်ခွင်ထဲ ဆွဲသွင်းခြင်း ခံလိုက်ရတယ်။ အဲဒီလူက သူမကို အရမ်း တင်းတင်းကျပ်ကျပ် ဖက်ထားတာ။ ဗိုက်ဟောင်းလောင်း ဖြစ်နေတဲ့ သူမရဲ့ ဗိုက်က ပိုတောင် နာလာသလိုပဲ။ ဒါပေမဲ့ သူမကို ဖက်ထားတဲ့ လက်မောင်းတွေကလည်း တစ်ခုခုကို စစ်ဆေးနေသလိုမျိုး တုန်ရင်နေတယ်။ ခေါင်းကတော့ သူမရဲ့ ဆံပင်တွေကြားထဲမှာ မြှုပ်နေတုန်းပဲ။ အတော်ကြာမှ အက်ရှရှနဲ့ အားနည်းနေတဲ့ အသံလေး ထွက်လာတယ်။ "ဆရာ..."
"..." ရှန်းရင်က သူ့လက်တွေကို ဖယ်ထုတ်ချင်ပေမဲ့ နောက်မှ ပြန်စဉ်းစားပြီး စားဖိုမှူးရဲ့ ကျောကို ဖြည်းဖြည်းချင်း ပွတ်ပေးလိုက်တယ်။ "အင်း"
"နင် အဆင်ပြေရဲ့လား" ကူယွဲ့ကလည်း စိုးရိမ်တကြီး မေးပြီး ရှန်းရင်ဆီ လျှောက်လာတယ်။ စားဖိုမှူးရဲ့ ခံစားချက်ကို ဂရုမစိုက်ဘဲ ရှန်းရင်ကို သူ့ရင်ခွင်ထဲကနေ ဆွဲထုတ်ပြီး ခြေဆုံးခေါင်းဆုံး စစ်ဆေးတော့တယ်။ သူမရဲ့ လက်မောင်းကို ဆွဲကြည့်လိုက်၊ ပါးကို ဆွဲညှစ်ကြည့်လိုက်နဲ့။
"နင့်ရဲ့ ကြွက်သားတွေလည်း အကုန်ရှိသေးတယ်၊ ခြေလက်တွေလည်း မကျိုးဘူး။ အသက်ရှင်နေသေးတာပဲ"
သူ သက်ပြင်းအရှည်ကြီး ချလိုက်မိတယ်။ တင်းနေတဲ့ ဂစ်တာကြိုးတစ်ချောင်း ပြန်လျော့သွားသလိုမျိုး သူ ခံစားလိုက်ရတယ်။ သူမကို စွေကြည့်ပြီး ပြောလိုက်တယ်။ "တကယ်ပဲ... နင်က ဘယ်လို cheat မျိုးလဲ ဒီလို အခြေအနေမျိုးကနေ ဘယ်လိုလုပ် ဒဏ်ရာတစ်စက်မှ မရဘဲ လွတ်လာတာလဲ"
စောစောက သူတို့တွေ့ခဲ့တဲ့ အဲဒီလူက သူတို့နှစ်ယောက်လုံး ကြုံဖူးသမျှထဲမှာ အကြောက်စရာဆုံး ပြိုင်ဘက်ပဲ။ အဲဒီလူက အရမ်းကို အန္တရာယ်များမှာ သေချာတယ်၊ မဟုတ်ရင် ရှန်းရင်က သူတို့ကို ဘာသတိပေးချက်မှ မပေးဘဲ ဒီကို ပြန်ပို့မှာ မဟုတ်ဘူး။ ဒါက သူမကိုယ်တိုင်လည်း ဒီတိုက်ပွဲမှာ နိုင်မနိုင် မသေချာဘူးဆိုတာကို သက်သေပြနေတာပဲ။ ဒါပေမဲ့ အခုတော့ သူမက ဒဏ်ရာမရဘဲ ပြန်ရောက်လာပြီ။
"နင် ဟန်ဆောင်နေတာတော့ မဟုတ်ပါဘူးနော်" ကူယွဲ့က တစ်ခုခုကို တွေးမိပြီး မျက်နှာပျက်သွားတယ်။
စားဖိုမှူးကလည်း ပြာပြာသလဲ ဖြစ်သွားပြီး သူမရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပြန်တယ်။ "ဆရာ"
"ငါ အဆင်ပြေပါတယ်" ရှန်းရင်က နှုတ်ခမ်းဆူပြီး နောက်ကို ဆုတ်လိုက်တယ်။ ပါးကို ဆွဲညှစ်တာက ထားပါတော့၊ ကိုက်ဖို့အထိတော့ လိုလို့လား ငါ့ကို ၂၄ ကာရတ် ရွှေစင်နဲ့ လုပ်ထားတာလားဆိုတာ စမ်းကြည့်နေတာလား
"ဆရာ... အရင်တစ်ခေါက်ကလည်း ဆရာ အဲဒီလိုပဲ ပြောခဲ့တာလေ" စားဖိုမှူးက မျက်မှောင်ကြုတ်ပြီး ပိုလို့တောင် စိုးရိမ်လာတယ်။ အရင်က မျက်နှာပြင်အသစ်ကို ဖွင့်တုန်းကလည်း သူမက အကြာကြီး ဟန်ဆောင်ခဲ့တာလေ။ နောက်ဆုံး သူမ သတိမေ့သွားတဲ့ အထိ ဘာဖြစ်နေလဲဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး။
"ဟုတ်တယ်" ကူယွဲ့ကလည်း ပြောတယ်။ သူလည်း အဲဒါကို တွေးနေတာ။ "နင့်ရဲ့ ယုံကြည်ရမှုက အခုတော့ အနုတ်လက္ခဏာ ပြနေပြီ။ တကယ်လို့ နင် တကယ် ဒဏ်ရာရထားရင်... မဟုတ်ဘူး၊ ငါ အစ်မကြီးကျင်းကို ခေါ်ပြီး ကြည့်ခိုင်းရမယ်"
စားဖိုမှူးက ခေါင်းညိတ်ပြီး ပြောတယ်။ "သူ့ကို ဒီကိုလာဖို့ ခိုင်းရင် အချိန်ကြာလိမ့်မယ်။ အဲဒီကိုပဲ ငါတို့ သွားကြရအောင်"
"ကောင်းပြီ၊ အခုပဲ သွားကြစို့" သူတို့ ပြောနေတုန်းမှာပဲ ကူယွဲ့က အစ်မကြီးကျင်းရှိတဲ့ မျက်နှာပြင်ဆီကို သွားမဲ့ လမ်းကြောင်းကို ဖွင့်လိုက်တယ်။ ဒီတစ်ခါတော့ လမ်းကြောင်းဖွင့်ရတာ ဘာပြဿနာမှ မရှိဘူး။
စားဖိုမှူးက စိုးရိမ်တကြီးနဲ့ ရှန်းရင်ဘက်ကို လှည့်လာတယ်။ "ဆရာ... ဆရာ အခု အားနည်းနေတယ်။ ကျွန်တော်ပဲ ချီသွားပေးမယ်"
"သတိထားဦး... သူမကို အိပ်လျက်သားလေး ဖြစ်အောင် ချီနော်။ ငါက သူမရဲ့ ခြေထောက်တွေကို မပေးမယ်"
သူတို့ စကားဆုံးတာနဲ့ စားဖိုမှူးက ရှန်းရင်ရဲ့ ခါးကနေ မလိုက်ပြီး ကူယွဲ့က ရှန်းရင်ရဲ့ ခြေထောက်တွေကို မလိုက်တယ်။ ရှန်းရင် ဘာမှ မပြောရသေးခင်မှာပဲ သူတို့နှစ်ယောက်က သူမကို မပြီး မျက်နှာပြင်တံခါးထဲကို ဝင်သွားကြတော့တယ်။
ဒါကြောင့် အားလပ်ရက်မှာ ကော်ဖီလေးသောက်ပြီး အေးအေးဆေးဆေး အနားယူနေတဲ့ လူတစ်ယောက်ဟာ မော့ကြည့်လိုက်တဲ့အခါမှာတော့ အဝတ်အစား သေချာမဝတ်ထားတဲ့ အမျိုးသား နှစ်ယောက်နဲ့ သူမရဲ့ ညီမလေးကို တွေ့လိုက်ရတော့တယ်။
ရှန်းရင်။ ။ "..."
ရှန်းကျင်း။ ။ "..."
ဟယ်... နင်တို့က ၁၁၀ လား။
( ̄△̄;)
——————
ဆယ်မိနစ်အကြာမှာတော့...
ရှန်းကျင်းက ရှန်းရင်ရဲ့ ခေါင်းပေါ်က စစ်ဆေးရေး ကိရိယာတွေကို ဖြုတ်လိုက်တယ်။ သူမက ဘေးနားက စခရင်ကို တစ်ချက်ကြည့်ပြီး စိုးရိမ်နေတဲ့ ကူယွဲ့နဲ့ ယိချင်းကို ထူးဆန်းသလို ကြည့်လိုက်တယ်။ အဲဒီနောက်မှာတော့ သူမက ပြောလိုက်တယ်။ "သူ့ ကိုလက်စထရောတွေ အရင်ကထက် အများကြီး ပိုများနေတာကလွဲရင် ကျန်တဲ့ အချက်အလက်တွေကတော့ ပုံမှန်ပါပဲ" သူမက ရှန်းရင်ရဲ့ ဗိုက်ကို လှမ်းကိုင်ကြည့်လိုက်တယ်၊ ပြီးတော့ ဆွဲညှစ်လိုက်တယ်။ အဲဒါတွေက အဆီတွေချည်းပဲ။
ကူယွဲ့ကတော့ သက်ပြင်းချနိုင်သွားပြန်တယ်။ ဒါပေမဲ့ စားဖိုမှူးကတော့ ရှန်းကျင်း ပြောလိုက်တာကို နားမလည်တဲ့ပုံပဲ။ သူက ဝုန်းခနဲ ထရပ်လိုက်ပြီး ပိုပြီး စိုးရိမ်တဲ့လေသံနဲ့ မေးလိုက်တယ်။
"အကြီးအကဲရှန်း... ဒီ ကိုလက်စထရောဆိုတဲ့ တန်ဖိုး တက်လာတာက အရမ်း ပြင်းထန်သလားခင်ဗျာ အဲဒါကို ဘယ်လို ကုသရမလဲ" သူက ရှန်းရင်ကို အပြစ်တင်သလိုမျိုး လှည့်ကြည့်လိုက်တယ်။
"ဆရာ... ဆရာ တကယ် နေမကောင်းဖြစ်နေတာပဲ" သူမက ဘယ်လိုလုပ် သူတို့ကို လိမ်ဖို့ ကြိုးစားရတာလဲ
ကူယွဲ့။ ။ "..."
ရှန်းရင်။ ။ "..."
ရှန်းကျင်း။ ။ "..."
"အကြီးအကဲရှန်း" ရှန်းကျင်းဆီက ဘာပြန်ပြောသံမှ ထွက်မလာတော့ စားဖိုမှူးက ပိုပြီး စိုးရိမ်လာတယ်။
"သူမ ဘာမှမဖြစ်ပါဘူး... မသေပါဘူး" ရှန်းကျင်းက နှုတ်ခမ်းဆူပြီး ပြန်ဖြေလိုက်တယ်။ ပြီးတော့မှ သူမက ထပ်ဖြည့်ပြောတယ်။ "သူမ အစားလျှော့စားဖို့ပဲ လိုတာ"
စားဖိုမှူးက ဆွံ့အသွားတယ်။ သူ နောက်ဆုံးတော့ ရှန်းကျင်း ပြောတာကို နားလည်သွားတော့တယ်။ သူ့ပါးတွေလည်း ရဲတက်လာတော့တယ်။
"ဘာတွေ ဖြစ်ခဲ့တာလဲ" ရှန်းကျင်းက မျက်မှောင်ကြုတ်ပြီး လူအုပ်စုကို ဝေ့ကြည့်လိုက်တယ်။ "ဒီလို သာယာတဲ့ နေ့တစ်နေ့မှာ ငါ့အိမ်ထဲကို ဒီလောက် ရဲရဲတင်းတင်း ဝင်လာအောင် ဘာတွေ ဖြစ်ခဲ့လို့လဲ ဘာလို့ ရင်လေးကို ဒီကို အတင်းခေါ်လာပြီး စစ်ဆေးခိုင်းရတာလဲ"
ကူယွဲ့နဲ့ စားဖိုမှူးက တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြတယ်။ ပြီးတော့မှ ရှန်းကျင်းနဲ့အတူ ရှန်းရင်ဘက်ကို လှည့်ကြည့်လိုက်ကြတယ်။
ရှန်းရင်က သူမဘေးက အာလူးကြော်ထုပ်ကို လှမ်းယူတော့မလို့ပဲ။ ဒါပေမဲ့ သူမလက်က လေထဲမှာတင် တန့်သွားတယ်။ "အရင်ဆုံး... အရင်ဆုံး ညစာ စားလိုက်ရင် မကောင်းဘူးလား" ငါ တကယ် ဗိုက်ဆာနေပြီလေ
"မရဘူး" သူတို့ သုံးယောက်လုံးက ပြိုင်တူ ပြန်ဖြေလိုက်ကြတယ်။
သူမရဲ့ ကိုလက်စထရောတွေ ဒီလောက် တက်နေတာတောင် ညစာစားဖို့ ပြောရဲသေးတယ်ပေါ့။
"...." နင်တို့ သုံးယောက်လုံးက မိစ္ဆာတွေလား။
"ဒါဆိုရင်... နင်တို့ နှစ်ယောက် အရင်ဆုံး အင်္ကျီသွားဝတ်ကြပါဦး" ရှန်းရင်က သက်ပြင်းအရှည်ကြီး ချလိုက်တယ်။ "ငါက ဗိုက်ဆာလွန်းလို့ သေတော့မဲ့အချိန်မှာ ကိုယ်တစ်ပိုင်းဗလာနဲ့ အမျိုးသား နှစ်ယောက်ကို မျက်နှာချင်းဆိုင်ပြီး ဘာဖြစ်ခဲ့လဲဆိုတာကို ပြောပြရမှာက တကယ့်ကို နှိပ်စက်ခံနေရသလိုပဲ"
"..."
…
အခန်း ၆၉၉ ။
"တရားသူကြီး ဟုတ်လား" ရှန်းကျင်းက မျက်မှောင်ကြုတ်ရင်း တွန့်ဆုတ်စွာ ရေရွတ်လိုက်တယ်။
"အစ်မကြီးကျင်းလည်း အဲဒီအကြောင်း မကြားဖူးဘူးလား" ကူယွဲ့က သံသယဖြစ်စွာ မေးလိုက်တယ်။
"အင်း" ရှန်းကျင်းက ခေါင်းခါပြတယ်။ "ငါလည်း တကယ် မကြားဖူးဘူး။ ကသောင်းကနင်းဟင်းလင်းပြင်ထဲမှာ မျက်နှာပြင်တွေက မရေမတွက်နိုင်အောင် ရှိတာ။ ငါသိသလောက်တော့ စောင့်ကြည့်သူဆိုလို့ မီလဲ့နဲ့ ငါပဲ ရှိတာ" သူမက ရှန်းရင်ဘက်ကို လှည့်လိုက်တယ်။ "ရင်လေး... နင့်ရဲ့ အစွမ်းတွေက ထူးခြားလွန်းတယ်။ စောင့်ကြည့်သူတွေထက်တောင် အများကြီး သာနေတာ။ နင်ကလည်း နင့်ကို တိုက်ခိုက်ခဲ့တဲ့သူလိုမျိုး တရားသူကြီး တစ်ယောက်ပဲလား"
အာလူးကြော်ထုပ်ကို ကိုင်ထားတုန်းဖြစ်တဲ့ ရှန်းရင်က မော့ကြည့်လာတယ်။ သူမက အာလူးကြော်ကို ဝါးနေရင်းကနေ ပြောလိုက်တယ်။ "အစကတော့ ငါလည်း အဲဒီလိုပဲ ထင်နေတာ... ဒါပေမဲ့ သူ ငါ့ကို တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ မဟုတ်ဘူးလို့ ထင်လာမိတယ်"
"ဘာကို ဆိုလိုတာလဲ" သူတို့ သုံးယောက်လုံး သူမကို ကြောင်ကြည့်နေမိကြတယ်။
သူက အရမ်း အားနည်းလွန်းတယ်။
ရှန်းရင်က ခဏလောက် စဉ်းစားလိုက်ပြီး သူမရဲ့ အိတ်ကပ်ထဲက အုပ်ထိန်းမှုစနစ်ကို ထုတ်လိုက်တယ်။ သူမက စနစ်ကို လက်ထဲမှာ လှည့်ပတ်ကြည့်ရင်း ပြောလိုက်တယ်။ "အိမ်ကကောင်လေး... မှတ်တမ်းကို ဖွင့်ပြလိုက်"
[ဟုတ်ကဲ့ပါ ဘော့စ် ပြဿနာမရှိပါဘူး ဘော့စ်]
အုပ်ထိန်းမှုစနစ်ရဲ့ ကာတွန်းမျက်လုံးလေးက တဖျတ်ဖျတ် ခတ်သွားတယ်။ လေးထောင့်ကွက်လေးထဲကနေ အဖြူရောင်အလင်းတန်းတွေ ထွက်ပေါ်လာပြီး အိမ်ထဲက မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားတော့တယ်။ ရှန်းရင်နဲ့ တရားသူကြီးဆိုသူတို့ ကသောင်းကနင်း ဟင်းလင်းပြင်ထဲမှာ တိုက်ခိုက်နေတာကို သူတို့ မြင်လိုက်ရတယ်။
ခဏအကြာမှာတော့ ထိတ်လန့်တုန်လှုပ်နေတဲ့ အမျိုးသားအသံက ရှန်းရင်ဟာ ဘယ်လိုလူမျိုးလဲလို့ မေးနေတာကို ကြားလိုက်ရတယ်။ အဲဒီနောက်မှာတော့ ရှန်းရင်က သူ့ရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ချေမှုန်းပစ်လိုက်တယ်။ တိုက်ပွဲက ဆယ်မိနစ်အတွင်းမှာတင် ပြီးဆုံးသွားခဲ့တာပါ။ ရှန်းရင် အရင်က အနိုင်ယူခဲ့တဲ့သူတွေနဲ့ ယှဉ်ရင် သိပ်မထူးခြားပေမဲ့ ဒီတစ်ခါမှာတော့ သူမရဲ့ မျက်နှာက ပိုပြီး တည်ကြည်နေခဲ့တာ တစ်ခုပဲ ကွာခြားတယ်။
"ငါ သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်ပြီ။ ဒါကတော့ သူ့ဆီက ကျန်ခဲ့တဲ့အရာပဲ" ရှန်းရင်က အလင်းဖောက်မြင်နိုင်တဲ့ သေတ္တာလေးကို စားပွဲပေါ် တင်လိုက်တယ်။ အထဲမှာတော့ အဖြူရောင် စွမ်းအင်လုံးလေးက ရှိနေတုန်းပဲ။
"ဒီစွမ်းအင်လုံးက သူ့ရဲ့ တရားသူကြီး အစွမ်းတွေပဲ။ အချို့ကတော့ ဟင်းလင်းပြင်ထဲမှာ ပျံ့နှံ့သွားပြီမို့လို့ ပြန်သိမ်းလို့ မရတော့ဘူး။ ငါ ဒီစွမ်းအင်တွေကို ခွဲထုတ်ဖို့ ကြိုးစားကြည့်ပေမဲ့ အဲဒါက ငါ့ကို... ငြင်းဆန်နေသလိုပဲ" ဒီအတိုင်း ပစ်ထားလိုက်ဖို့လည်း နှမြောတာနဲ့ သူမ ပြန်ယူလာခဲ့တာ ဖြစ်တယ်။
"စွမ်းအင်က နင်ကို ငြင်းဆန်နေတယ် ဟုတ်လား" ရှန်းကျင်းက မျက်မှောင်ကြုတ်ပြီး ရှန်းရင်ဘက် လှည့်လိုက်တယ်။ "စွမ်းအင်မှာ အသိစိတ်မှ မရှိတာ။ တရားသူကြီးရဲ့ အသိစိတ်က ပျက်စီးသွားပြီဆိုရင် စွမ်းအင်က နင်ကို ဘယ်လိုလုပ် ငြင်းဆန်နိုင်မှာလဲ"
ကူယွဲ့နဲ့ ယိချင်းတို့ ပြိုင်တူ စဉ်းစားလိုက်မိကြတယ်။ ရှန်းကျင်း ပြောတာက ကျိုးကြောင်းဆီလျော်တယ်။ ရှင်းရှင်းပြောရရင် စွမ်းအင်ဆိုတာ ပေါင်မုန့်လိုပဲ။ အရသာတွေ အမျိုးမျိုး ကွဲပြားနိုင်ပေမဲ့ အားလုံးက စားဖို့အတွက်ပဲ မဟုတ်လား။ အချို့လူတွေက ပေါင်မုန့်အရသာ တချို့ကို မကြိုက်တာ ဖြစ်နိုင်ပေမဲ့ ပေါင်မုန့်က လူကို ပြန်ပြီး ငြင်းဆန်တယ်ဆိုတာတော့ မဖြစ်နိုင်ဘူးလေ။
"ငါလည်း နားမလည်ဘူး" ရှန်းရင်က လက်ကို သေတ္တာပေါ် တင်လိုက်တယ်။ တကယ်ပဲ တစ်စက္ကန့်အကြာမှာတော့ အဖြူရောင်စွမ်းအင်က စူးရှတဲ့ အသံတွေ ထွက်ပေါ်လာတော့တယ်။ သေတ္တာထဲမှာ လျှပ်စီးကြောင်းလို အစင်းကြောင်းတွေ ပေါ်လာပြီး စွမ်းအင်တွေက သူမရဲ့ လက်ကို တိုက်ခိုက်ဖို့ ကြိုးစားနေကြတယ်။ ၎င်းက သူမ ရှိနေတာကို တကယ်ပဲ ငြင်းဆန်နေတဲ့ပုံပဲ။
"တကယ်ကြီး နင့်ကို ငြင်းဆန်နေတာပဲ" ကူယွဲ့က သေတ္တာကို ထူးထူးဆန်းဆန်း ကြည့်လိုက်တယ်။ သူက အနီးကပ် သေချာကြည့်ပြီးမှ ယိချင်းကို ကမ်းပေးလိုက်တယ်။ သူတို့နှစ်ယောက်လုံး စွမ်းအင်ထဲမှာ ထူးခြားတာ ဘာမှ မတွေ့ရဘူး။ အဲဒီနောက် သူတို့ တစ်ခုခုကို သတိရသွားတယ်။ ကူယွဲ့က အသံတိုးတိုးနဲ့ ပြောလိုက်တယ်။
"တရားသူကြီးရဲ့ ဝိညာဉ်အကြွင်းအကျန်တွေ အထဲမှာ ပုန်းနေသေးတာများလား" မည်သို့ပင်ဖြစ်စေ သူက တရားသူကြီး တစ်ယောက်လေ၊ စောင့်ကြည့်သူထက်တောင် ပိုပြီး ကြောက်စရာကောင်းတာ။ သူ သေဆုံးပြီးနောက်မှာ သူတို့ တစ်ခါမှ မမြင်ဖူးတဲ့ အခြေအနေမျိုး ရှိနေတာလည်း ဖြစ်နိုင်တာပဲ။
ကူယွဲ့ စကားဆုံးတာနဲ့ ရှန်းရင်ကလွဲရင် အားလုံးရဲ့ မျက်နှာထားတွေ ပြောင်းလဲသွားတော့တယ်။
"အဲဒါ လုံး၀ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ငါ တစ်ချက် စစ်ဆေးကြည့်မယ်" ရှန်းကျင်းရဲ့ မျက်နှာထား တည်ကြည်သွားတယ်။ သူမက စခရင်တစ်ခုကို ခေါ်လိုက်ပြီး သေတ္တာထဲက စွမ်းအင်ရဲ့ ဒေတာတွေကို စစ်ဆေးတော့တယ်။ ရှန်းရင်ရဲ့ ဒေတာတွေနဲ့ ယှဉ်ရင် ဒီကိန်းဂဏန်းတွေက တော်တော်လေး သနားစရာကောင်းတယ်။ စွမ်းအင်ဆိုတဲ့ အပိုင်းမှာပဲ ကိန်းဂဏန်းတွေက ပြမနေတာပါ။
ရှန်းကျင်းက သေတ္တာကို အနီးကပ် ထပ်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်တယ်။ "ဒေတာတွေက ဘာမှ လွဲမနေဘူး။ ဝိညာဉ်အကြွင်းအကျန် ရှိနေတဲ့ အရိပ်အယောင်လည်း မတွေ့ရဘူး။ ကျိုးကြောင်းဆီလျော်မှုအရ ဆိုရင်တော့ ဒီစွမ်းအင်က ရှန်းရင်ကို မငြင်းဆန်သင့်ဘူး။ ငါ ဒီအကြောင်းကို ပိုပြီး သုတေသန လုပ်ကြည့်ရမယ်။ အခုတော့ ငါ မပြောတတ်သေး..." သူမက စကားပြောရင်း သေတ္တာကို လှမ်းယူပြီး အခန်းထဲ ပြန်သယ်သွားဖို့ ကြိုးစားလိုက်တယ်။ သူမ လက်နဲ့ ထိလိုက်တဲ့အချိန်မှာပဲ သေတ္တာတစ်ခုလုံး အဖြူရောင်အလင်းတွေနဲ့ ပေါက်ကွဲထွက်သွားတော့တယ်။
"အစ်မ" ရှန်းရင်က လှမ်းအော်လိုက်တယ်။ သူမက ရှန်းကျင်းကို ဘေးကို ဆွဲထုတ်ဖို့ ကြိုးစားပေမဲ့ နောက်ကျသွားပြီ။ သေတ္တာထဲမှာ ပိတ်လှောင်ထားတဲ့ စွမ်းအင်တွေက အရှိန်အဟုန်ပြင်းပြင်းနဲ့ ရှန်းကျင်းဆီကို တိုးဝင်သွားပြီး သူမရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားတော့တယ်။
နောက်တစ်စက္ကန့်မှာတော့ ရှန်းကျင်းရဲ့ တစ်ကိုယ်လုံး အဖြူရောင်တွေ လင်းထိန်သွားတော့တယ်။ အိမ်တစ်ခုလုံး အလင်းတွေနဲ့ ဖုံးလွှမ်းသွားပြီး အဲဒီအလင်းတွေက ရှန်းကျင်းရဲ့ ခန္ဓာကိုယ်ထဲကနေ အရှိန်အဟုန်နဲ့ ပြန်ထွက်လာပြန်တယ်။
ရှန်းရင်က အဲဒီရိုက်ခတ်မှုကြောင့် နောက်ကို လွင့်ထွက်သွားတယ်။ ကူယွဲ့နဲ့ ယိချင်းတို့က ရှေ့ကို ပြေးတက်လာကြပေမဲ့ အိမ်ထဲက ဆိုဖာတွေ၊ စားပွဲတွေ၊ ကုလားထိုင်တွေ အားလုံးက ပြာအဖြစ် ပြောင်းလဲသွားတော့တယ်။ နံရံတွေနဲ့ ကြမ်းပြင်တွေပါ ပျောက်ကွယ်သွားပြီး မျက်နှာပြင်တစ်ခုလုံးကိုပါ ဆွဲခေါ်သွားတော့မဲ့ပုံပဲ။
ရှန်းရင်က လက်ကို ဝှေ့ယမ်းလိုက်ပြီး မျက်နှာပြင်ရဲ့ အပြင်ဘက်မှာ ဟင်းလင်းပြင်တစ်ခု ဖန်တီးလိုက်တယ်။ သူမက ကူယွဲ့နဲ့ ယိချင်းကို အပြင်ကို မလွင့်ထွက်သွားခင် ဆွဲပြီး အဲဒီထဲကို တွန်းပို့လိုက်တော့တယ်။
"အစ်မ" ရှန်းရင်ရဲ့ မျက်နှာထား မည်းမှောင်သွားတယ်။ သူမက စူးရှတဲ့ အလင်းတွေကြားထဲမှာ ရှန်းကျင်းကို ရှာဖို့ ကြိုးစားနေမိတယ်။
ကူယွဲ့က သူမကို ဆွဲထားလိုက်တယ်။ "နေဦး ရှန်းရင် အလင်းတွေ ပျောက်သွားပြီ..."
ရှန်းရင် ရပ်လိုက်တယ်။ တကယ်ပဲ အလင်းတွေက လာတုန်းကလိုပဲ မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားပြီ။ အစောက ပြင်းထန်တဲ့ စွမ်းအားကြီး သူမတို့ကို ဖြတ်တိုက်သွားသလိုပဲ။ ရှန်းကျင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဘာမှ ကျန်မနေခဲ့သလို သူမပတ်ပတ်လည်က အဖြူရောင် အလင်းတွေလည်း ပျောက်သွားပြီ။ အရာအားလုံးက နှစ်စက္ကန့်တောင် မကြာလိုက်ဘူး။ စောစောက သေတ္တာလေးသာ သူမ မျက်စိရှေ့မှာ လွင့်နေတာ မဟုတ်ရင် ဒီကြောက်စရာကောင်းတဲ့ စွမ်းအင်တွေ တကယ် ပေါ်လာခဲ့ရဲ့လားလို့တောင် ထင်ရမှာပါ။
"အစ်မ" ရှန်းရင်က ရှန်းကျင်းဆီကို တစ်လှမ်း တိုးသွားလိုက်တယ်။ "အစ်မ အဆင်ပြေရဲ့လား"
"အင်း" ရှန်းကျင်းက သူမရဲ့ လက်တွေကို ငုံ့ကြည့်လိုက်တယ်၊ သူမမျက်နှာမှာ ဇဝေဇဝါ ဖြစ်နေတဲ့ ပုံစံ ပေါ်လာတယ်။ "ငါ ထင်တာကတော့..."
သူမ ထင်တာ
ရှန်းရင်က ရှန်းကျင်းနားကို ပိုတိုးသွားဖို့ လုပ်တုန်းမှာပဲ ကူယွဲ့နဲ့ ယိချင်းတို့ရဲ့ မျက်နှာထားတွေ ပြောင်းလဲသွားတယ်။ သူတို့က ထိတ်လန့်တုန်လှုပ်စွာနဲ့ ရှန်းကျင်းကို စိုက်ကြည့်နေမိကြတယ်။ "ရှန်းရင် သူ့ရဲ့ အရှိန်အဝါက..."
"ဘာဖြစ်လို့လဲ" ရှန်းရင် ရပ်လိုက်တယ်။
"တကယ်ပဲ... နင် မမြင်ဘူးလား" ကူယွဲ့က ပိုပြီးတော့တောင် ထိတ်လန့်နေတယ်။ "သူ့ရဲ့... သူ့ရဲ့ စွမ်းအင်တွေက..." ရုတ်တရက်ကြီး အရမ်း ကြောက်စရာကောင်းသွားတာပဲ သူမက အရင်ကတည်းက ကြောက်စရာကောင်းတာ မှန်ပေမဲ့ အခုပုံစံနဲ့ ယှဉ်ရင် ဘာမှ မဟုတ်တော့သလိုပဲ။ အဲဒီစွမ်းအားတွေက သူတို့ကို သူမနားတောင် မကပ်ရဲအောင် ဖြစ်စေတယ်။
"သူ့ရဲ့ စွမ်းအင်တွေ" ရှန်းရင်က ခေါင်းစောင်းပြီး မေးတယ်။ "ဘာဖြစ်လို့လဲ ထူးခြားလို့လား"
"ဆရာ... အကြီးအကဲရှန်းရဲ့ အရှိန်အဝါက..." ယိချင်းက ပြန်ဖြေတယ်။ "အစောက တရားသူကြီးရဲ့ အရှိန်အဝါနဲ့ တစ်ပုံစံတည်းပဲ"
ရှန်းရင်က အကြည့်ကို နှိမ့်ချလိုက်တယ်။ သေချာ စစ်ဆေးကြည့်လိုက်တော့မှ သူမရဲ့ အစ်မက တကယ်ပဲ ကွာခြားသွားတာကို သတိထားမိလိုက်တယ်။ သူမအတွက်တော့ အဲဒီကွာခြားမှုက သိပ်မသိသာပေမဲ့ သူမရဲ့ အစ်မက စောစောက တရားသူကြီးနဲ့ နည်းနည်း ပိုတူလာသလိုပဲ။
ဒါ ဖြစ်နိုင်တာက...
"အစ်မ..."
"အင်း" ရှန်းကျင်းက ခေါင်းညိတ်ပြတယ်။ သူမရဲ့ ခေါင်းထဲမှာ ရုတ်တရက် စီးဝင်လာတဲ့ သူမရဲ့ စွမ်းအင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စီစစ်နေပုံပဲ။
"အဲဒီသေတ္တာထဲမှာ ရှိနေတဲ့ စွမ်းအင်တွေက ငါ့ရဲ့ စွမ်းအင်တွေနဲ့ ပေါင်းစပ်သွားပြီ"
ပေါင်းစပ်သွားပြီ
"ဒါဆိုရင် အခု အစ်မက..." ကူယွဲ့က မမေးဘဲ မနေနိုင်တော့ဘူး။
ရှန်းကျင်းက သူမရဲ့ လက်တွေကို ဘေးမှာ ချလိုက်ပြီး သူတို့ သုံးယောက်လုံးကို အသံတိုးတိုးနဲ့ ပြောလိုက်တယ်။
"အင်း... အခု ငါက တရားသူကြီး ဖြစ်သွားပြီ"
ရှန်းရင်။ ။ "..."
ကူယွဲ့။ ။ "..."
ယိချင်း။ ။ "..."
Σ(°△°|||)
ဟမ်
…