← Chapters

အခန်း (၇၀၀-၇၀၂)

Vol. 47 Ch. 700-702

အခန်း (၇၀၀-၇၀၂)

Vol. 47 Ch. 700-702

အခန်း ၇၀၀ ။ စီရင်ချက်ချရခြင်းရဲ့ အကြောင်းရင်း

"အစ်မကြီးကျင်း... အစ်မ တကယ်ကြီး... တရားသူကြီး ဖြစ်သွားတာလား" ကူယွဲ့က သူမကို မယုံနိုင်သလို ကြည့်နေမိတယ်။ သူမရဲ့ တစ်ကိုယ်လုံးက ကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေတာကိုး။ အခု သူတို့ခံစားနေရတဲ့ ကြောက်ရွံ့မှုက အရင်ကနဲ့ မတူဘူး။ အခုတော့ သူမဟာ သူတို့အတွက် လက်လှမ်းမမှီနိုင်တဲ့ တောင်ထိပ်တစ်ခုလို ဖြစ်နေပြီ။ သူမကို တစ်ချက်ကြည့်လိုက်ရုံနဲ့တင် သူတို့မှာ ဖိအားတွေနဲ့ မောဟိုက်သွားရတော့မဲ့အတိုင်းပဲ။

"စွမ်းအင်တွေ ငါ့ဆီ ပေါင်းစပ်သွားတဲ့အချိန်မှာ ရလိုက်တဲ့ သတင်းအချက်အလက်တွေက မှန်တယ်ဆိုရင်တော့... ဟုတ်တယ်၊ ငါ တကယ် ဖြစ်သွားတာပဲ" ရှန်းကျင်းက သူမရဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်တယ်။

"ပြီးတော့... အဲဒီအချိန်မှာပဲ ငါ့ခေါင်းထဲကို ကသောင်းကနင်း ဟင်းလင်းပြင်ထဲက မျက်နှာပြင်အားလုံးရဲ့ သတင်းအချက်အလက်တွေ စီးဝင်လာခဲ့တယ်" ဒီခံစားချက်က အရင်က သူမ စီမံခန့်ခွဲသူ ဖြစ်လာတုန်းက ခံစားချက်နဲ့ တူတူပါပဲ။ စကားတစ်လုံးတည်းနဲ့တင် သက်ရှိမှန်သမျှကို ထိန်းချုပ်နိုင်တယ်လို့ ခံစားနေရတာ။ ဒါပေမဲ့ အရင်က သူမရဲ့ ကိုယ်ပိုင်မျက်နှာပြင်ထဲက သက်ရှိတွေကိုပဲ ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး အခုတော့ ဟင်းလင်းပြင်တစ်ခုလုံးက သက်ရှိတွေကိုပါ ထိန်းချုပ်နိုင်စွမ်း ရှိသွားတာပဲ။

"..."

အဲဒီစွမ်းအင်တွေက လူတွေကို ငြင်းဆန်နေတာ မဟုတ်ဘူးလား။ အစောက ကူယွဲ့နဲ့ စားဖိုမှူးတို့လည်း အဲဒီသေတ္တာကို ကိုင်ခဲ့ကြတာပဲ၊ ဒါပေမဲ့ စွမ်းအင်တွေက သူတို့နဲ့ ပေါင်းစပ်မသွားခဲ့ဘူး။ ဘာလို့ ရှန်းကျင်း လက်နဲ့ ထိလိုက်တဲ့အချိန်ကျမှ ပေါင်းစပ်သွားရတာလဲ။ စွမ်းအင်မှာ ဘယ်သူ့ထဲကို ဝင်ချင်လဲဆိုတာ ရွေးချယ်နိုင်စွမ်း ရှိနေတာလား။ ကြည့်ရတာ သူက တကယ်တော်တဲ့သူတွေကိုပဲ ရွေးချယ်ချင်တဲ့ပုံပဲ။

o( ̄ヘ̄o#)

နေဦး၊ အဲဒါက မဖြစ်နိုင်ဘူးလေ။

တကယ်လို့ ရွေးချယ်ချင်တယ်ဆိုရင်တောင် ရှန်းရင်ကို ရွေးရမှာ မဟုတ်လား။ သူမက ဒီနားမှာ အားအကောင်းဆုံး cheat ကြီးလေ။

"ဘာလို့ အဲဒီစွမ်းအင်က အစ်မကြီးကျင်းနဲ့မှ လာပြီး ပေါင်းစပ်ရတာလဲ" ကူယွဲ့က အလိုအလျောက် မေးလိုက်မိတယ်။

ရှန်းရင်က သူမရဲ့ ခေါင်းထဲမှာ ရှိသမျှ အချက်အလက်တွေကို ရှာကြည့်လိုက်တယ်။ အဲဒီနောက်မှာတော့ သူမက ရှင်းပြလိုက်တယ်။ "ငါ တစ်ယောက်တည်း မဟုတ်ဘူး။ ဒီစွမ်းအင်က အဲဒါကို လက်ခံနိုင်စွမ်းရှိတဲ့ ဘယ်စီမံခန့်ခွဲသူထဲကိုမဆို ဝင်သွားမှာပဲ"

"ဒါဆို စောစောက..." သူနဲ့ စားဖိုမှူးလည်း သေတ္တာကို ကိုင်ခဲ့ကြတာပဲလေ။

ရှန်းကျင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်တယ်။ "ပိုပြီး တိတိကျကျ ပြောရရင်... ရှန်းရင်ကလွဲလို့ ကျန်တဲ့ ဘယ်သူမဆို ဒီစွမ်းအင်ကို လက်ခံနိုင်စွမ်း ရှိကြတယ်။ ကွာခြားတာက သူတို့ရဲ့ ခန္ဓာကိုယ်က ဒီစွမ်းအားကို တောင့်ခံနိုင်သလား၊ မခံနိုင်ဘူးလား ဆိုတာပဲ"

သူတို့ သုံးယောက်လုံး သူမကို ကြောင်ကြည့်နေမိကြတယ်။ သူမ ဘာကို ဆိုလိုတာလဲ။ စွမ်းအင်က ရှန်းကျင်းကို ကြိုက်တာ မဟုတ်ဘဲ ရှန်းရင်ကို မကြိုက်တာပေါ့ ဟုတ်လား။

"ဒီစွမ်းအင်က ရင်လေးကို တကယ်ပဲ ငြင်းဆန်နေတာ" ရှန်းကျင်းက ဆက်ပြောတယ်။ "သူ့ လက်ထောက်တွေ အနေနဲ့ နင်တို့ရဲ့ အစွမ်းတွေကလည်း သူမဆီကပဲ လာတာလေ။ အဲဒီတော့ သဘာဝအတိုင်းပဲ ဒီစွမ်းအင်က နင်တို့နဲ့လည်း ပေါင်းစပ်ချင်မှာ မဟုတ်ဘူး"

"ဘာလို့လဲ" ရှန်းရင်က မျက်မှောင်ကြုတ်ပြီး မေးတယ်။ "စွမ်းအင်မှာ အသိစိတ် မရှိဘူးလေ"

အစကတည်းက တရားသူကြီးရဲ့ အသိစိတ်က ဒီစွမ်းအင်လုံးထဲကနေ ပျောက်ကွယ်သွားပြီဆိုတာ သူမ ခံစားမိပါတယ်။ အဲဒီတော့မှ ဒီစွမ်းအင်လုံးက သူမကို ငြင်းဆန်နေဦးမယ်ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား

"နင့်ကို ငြင်းဆန်နေတာက အရင်တရားသူကြီးရဲ့ အသိစိတ် မဟုတ်ဘူး" ရှန်းကျင်းက သူမဘက်ကို လှည့်ကြည့်ရင်း ပြောလိုက်တယ်။ "ကသောင်းကနင်း ဟင်းလင်းပြင်တစ်ခုလုံးက နင့်ကို ငြင်းဆန်နေတာ"

ကူယွဲ့။ ။ "..."

ယိချင်း။ ။ "..."

ရှန်းရင်။ ။ "..."

ဘာ

သူမကို မုန်းတဲ့သူတွေ မများသေးလို့လား။ အခုတော့ အားလုံးကပါ သူမကို မုန်းနေကြရတာလား။

(o__)ノ

"ရင်လေး... နင်လည်း ခံစားမိမှာပါ၊ နင့်ရဲ့ အစွမ်းတွေက ထူးခြားလွန်းနေတယ်ဆိုတာကို"

ရှန်းကျင်းက သက်ပြင်းချလိုက်တယ်။ သူမက ရှန်းရင်ကို မသေချာသလိုမျိုး ကြည့်လိုက်ရင်း "အခု တရားသူကြီး ဖြစ်သွားတဲ့ ငါတောင်မှ နင့်ရဲ့ အစွမ်းတွေက ဘယ်အတိုင်းအတာအထိ ရှိလဲဆိုတာ မပြောနိုင်ဘူး။ ဒီဟင်းလင်းပြင် တစ်ခုလုံးမှာ နင့်ထက် ပိုပြီး အစွမ်းကြီးတဲ့သူဆိုလို့ တရားသူကြီးတောင် မရှိဘူး"

"ဒါဆိုရင်..." ကူယွဲ့က ရှန်းကျင်းဘက်ကို လှည့်လိုက်ပြီး ရှန်းရင်ကို တစ်ချက် လှမ်းကြည့်လိုက်တယ်။

"ရှန်းရင်က... တကယ်တော့ ဘာကြီးလဲ"

"သူက..." ရှန်းကျင်းက မျက်မှောင်ကြုတ်လိုက်တယ်၊ ဘယ်လို နာမဝိသေသနကို သုံးရမလဲလို့ စဉ်းစားနေပုံပဲ။ ခဏအကြာမှာတော့ သူမက ပြောလိုက်တယ် "ငါ ထင်တာတော့ သူမက မတော်တဆမှု တစ်ခုပဲ"

(⊙_⊙)

ဒါ ဘာကြီးလဲဟ

"ငါ သိလိုက်ရတဲ့ သတင်းအချက်အလက်တွေအရ ဆိုရင်တော့ သူ့အစွမ်းတွေနဲ့ သူ့တည်ရှိမှုက မတော်တဆမှု တစ်ခုပဲ" ရှန်းကျင်းရဲ့ မျက်နှာမှာ ဇဝေဇဝါ ဖြစ်နေတဲ့ အရိပ်အယောင်တွေ ထပ်ပေါ်လာပြန်တယ်။ သူမ တစ်ခုခုကို တွေးမိသွားပြီး သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်တယ်။

"သူက ဒီလောကထဲမှာ ရှိနေရမဲ့သူတောင် မဟုတ်ဘူး။ ငါက သူ့ကို အတင်းအကျပ် ခေါ်ယူခဲ့တာ။ ဒါကြောင့် သူ့ကို မတော်တဆမှု တစ်ခုလို့ သတ်မှတ်တာပေါ့။ သူက သာမန်လူသား တစ်ယောက်အနေနဲ့ စတင်ခဲ့တာပဲ၊ ဒါပေမဲ့ ငါ့ရဲ့ လေ့ကျင့်ပေးမှုတွေကြောင့် မတော်တဆ ငါ့ရဲ့ လက်ထောက် ဖြစ်လာခဲ့တယ်။ အဲဒီနောက်မှာမှ တခြားမျက်နှာပြင်ဆီကို ကူးပြောင်းသွားပြီး သူ သိထားတဲ့ အရာတွေနဲ့ မတူတဲ့ အစွမ်းတွေကို ရရှိခဲ့တာ။ အဲဒီမှာလည်း မတော်တဆပဲ စီမံခန့်ခွဲသူ ဖြစ်သွားပြန်ရော"

ရှန်းကျင်းက ရှေ့တိုးလာပြီး ရှန်းရင်ကို ခြေဆုံးခေါင်းဆုံး စစ်ဆေးကြည့်လိုက်တယ်။ သူမက ဆက်ပြောတယ်။

"သူ ဖြစ်ခဲ့သမျှ အရာအားလုံးက မဖြစ်သင့်တဲ့ အရာတွေချည်းပဲ၊ ဒါပေမဲ့ ဖြစ်ပျက်ခဲ့တာပဲ။ ပုံမှန်ဆိုရင်တော့ ဒီလို သေးငယ်တဲ့ အရာတွေက သူ့ဘာသာသူဆိုရင် ဘာမှ မဖြစ်ဘူး။ ဒါပေမဲ့ ဒီအရာတွေ ဖြစ်ပျက်အောင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ လုပ်ဆောင်ခဲ့တဲ့သူတွေက သူ့လက်ထောက်တွေဖြစ်တဲ့ စီမံခန့်ခွဲသူ နှစ်ယောက်ဖြစ်တဲ့ နင်တို့နဲ့... စောင့်ကြည့်သူဖြစ်တဲ့ ငါပဲ။ ဒါကြောင့် ဖြစ်ပျက်သမျှ အရာအားလုံးက စည်းမျဉ်းတွေ၊ ကြိုတင်ဟောကိန်းတွေ အောက်မှာ မရှိခဲ့သလို အဲဒီအချိန်က တရားသူကြီးရဲ့ ထိန်းချုပ်မှုအောက်မှာလည်း မရှိခဲ့ဘူး"

ကူယွဲ့ တွန့်ဆုတ်သွားမိတယ်။ ရှန်းကျင်း ပြောတာတွေကို နားလည်ဖို့ သူ အချိန်အတော်ကြာ ယူလိုက်ရတယ်။ တစ်နည်းအားဖြင့် ပြောရရင် ရှန်းရင်က ဘာမှ မဟုတ်ဘူး... သူမက တကယ့် cheat ကြီးပဲပေါ့။

( ̄△̄;)

"ဒါဆို အစောက တရားသူကြီးကရော ဘာဖြစ်လို့လဲ" ရှန်းရင်က မေးလိုက်တယ်။ သူမက ဘယ်ကနေ ရလာမှန်းမသိတဲ့ အာလူးကြော်တစ်ထုပ်ကို ကိုင်ထားပြန်ပြီ။

ကူယွဲ့နဲ့ ယိချင်းတို့က သူမကို အကြာကြီး စိုက်ကြည့်နေမိပြီးမှ သတိဝင်လာကြတယ်။ ဟုတ်သားပဲ တရားသူကြီး ဖြစ်သွားတဲ့ ရှန်းကျင်းတောင် ဒီအရာတွေကို သိနေတာပဲ။ ရှန်းရင်ကို တိုက်ခိုက်ခဲ့တဲ့ တရားသူကြီးကကျတော့ ဘာလို့ သေလမ်းရှာရတာလဲ။

ရှန်းကျင်းက ခဏလောက် စဉ်းစားလိုက်ပြီး ခန့်မှန်းလိုက်တယ် "ငါ ထင်တာတော့ သူ မျက်စိကန်းနေလို့ပဲ"

"..."

"တရားသူကြီးတွေနဲ့ စီမံခန့်ခွဲသူတွေက ဆင်တူကြတယ်၊ ပြီးတော့ တစ်ယောက်ပဲ ရှိရတာ။ ရင်လေး ပေါ်လာတာက သူ့ရဲ့ အစွမ်းတွေကို ထိခိုက်စေနိုင်ခဲ့တာ ဖြစ်မယ်။ သူက အန္တရာယ်နီးနေပြီဆိုတာကို ခံစားမိမှာပေါ့။ ဒါက ကသောင်းကနင်း ဟင်းလင်းပြင်က သူ့ကို သတိပေးနေတာ။ ဒါပေမဲ့ သူကတော့ ဟင်းလင်းပြင်က ဒုတိယမြောက် တရားသူကြီးကို ရွေးချယ်လိုက်ပြီလို့ အထင်မှားသွားတာ ဖြစ်ရမယ်။ ဒါကြောင့်ပဲ သူက ရင်လေးကို သတ်ပစ်ဖို့ ကြိုးစားခဲ့တာပေါ့"

"..." သူက အဲဒါကိုတောင် မှားသွားတာလား။ တကယ်ပဲ မျက်စိကန်းတာပဲ ဖြစ်ရမယ်။

"ဒါမှမဟုတ် သူကလည်း ဒီတရားသူကြီး ရာထူးကို သူ့ဘာသာသူ လုယူထားတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့်ပဲ သူက ရင်လေးကို အနိုင်တိုက်ပြီး သူမရဲ့ အစွမ်းတွေကို ရယူရမယ်လို့ ထင်နေတာပေါ့"

သူက လုယူထားတာတဲ့။

ကူယွဲ့နဲ့ ယိချင်းတို့ တစ်ခုခုကို သတိရသွားပြီး တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြတယ်။ "ပင်မစနစ်"

ဟုတ်တယ်။ သူတို့တွေ တစ်ချိန်လုံး ကျူးကျော်သူ နောက်ဆက်တွဲစနစ်တွေကိုပဲ လိုက်နေခဲ့ကြတာ။ အဲဒီအချိန်ကျမှ တရားသူကြီး ရှိနေတယ်ဆိုတာကို သိလိုက်ရတာပဲ။ အဲဒီအပြင် အဲဒီတရားသူကြီးက အစောပိုင်းတုန်းက ရှန်းရင်ကို ပင်မစနစ် ဖျက်ဆီးတာကို တားဆီးခဲ့သေးတယ်။ ပြန်စဉ်းစားကြည့်ရင် ပင်မစနစ်ရဲ့ စံနှုန်းတွေပဲဖြစ်ဖြစ်၊ အဲဒီလူ တာအို အဖွဲ့အစည်းကို ဘယ်လောက်တောင် သေချာဖုံးကွယ်ထားနိုင်ခဲ့လဲဆိုတာပဲဖြစ်ဖြစ်၊ ဒီအရာနှစ်ခုလုံးရဲ့ တူညီတဲ့အချက်က သူဟာ တခြားမျက်နှာပြင်တွေဆီက စွမ်းအားတွေကို ခိုးယူနေတယ်ဆိုတာပဲ။ ကွာခြားတာကတော့ လုပ်ဆောင်တဲ့ အတိုင်းအတာပဲ ရှိတာ။

ရှန်းရင်နဲ့ သူ တိုက်ခိုက်နေတုန်းကလည်း သူက ရှန်းရင်ကို အရင်စပြီး တိုက်ခိုက်ခိုင်းခဲ့တယ်။ သူက ရှန်းကျင်းကို ဒုက္ခပေးမယ်လို့ ခြိမ်းခြောက်ပြီး ရှန်းရင် တိုက်ခိုက်လာအောင် လုပ်ခဲ့တာ။ တစ်ဖက်လူကို အတင်းအကျပ် တိုက်ခိုက်ခိုင်းတဲ့ ဒီပုံစံက နောက်ဆက်တွဲစနစ်တွေက မူလပိုင်ရှင်ရဲ့ ဝိညာဉ်ကို ခိုးယူဖို့ လုပ်ဆောင်တဲ့ ပုံစံနဲ့ တစ်ပုံစံတည်းပဲ မဟုတ်လား။

"ခွေးမသားပဲ" ကူယွဲ့က အသံတိုးတိုးနဲ့ ဆဲလိုက်မိတယ်။ ကြည့်ရတာ အရာအားလုံးက ရှန်းကျင်း ပြောသလိုပါပဲ။ အရင်တရားသူကြီးက အခုလို နေရာမျိုး ရောက်လာဖို့ နေရာပေါင်းစုံကနေ စွမ်းအားတွေကို လုယူခဲ့တာ ဖြစ်ရမယ်။ သူ ဒီနေရာကို ရောက်ဖို့ မျက်နှာပြင် ဘယ်နှစ်ခုလောက်ကို ဖျက်ဆီးခဲ့ရလဲဆိုတာ သူတို့ မသိနိုင်ဘူး။ ဒါကြောင့်လည်း သူက cheat ကြီးဖြစ်တဲ့ ရှန်းရင်ကို မျက်စိကျခဲ့တာပေါ့။

"တကယ်လို့ အဲဒီလိုဆိုရင်..." ယိချင်းက တစ်ခုခုကို တွေးလိုက်ပြီး ရှန်းကျင်းဘက်ကို လှည့်လိုက်တယ်။

"စွမ်းအင်တွေက အကြီးအကဲရှန်းနဲ့ ပေါင်းစပ်သွားပြီဆိုတော့ အစ်မကရော..." မဖြစ်နိုင်ပါဘူးနော်

"နင်တို့ ဒီကိစ္စအတွက် စိတ်ပူစရာ မလိုပါဘူး" ရှန်းကျင်းက ကူယွဲ့နဲ့ ယိချင်းကို ပြောလိုက်တယ်။

"ဟင်းလင်းပြင်ရဲ့ တရားသူကြီး ဖြစ်လာဖို့ဆိုတာ စွမ်းအားတစ်ခုတည်း ရှိရုံနဲ့ မရဘူး။ အရေးကြီးတာက ဟင်းလင်းပြင်က နင့်ကို တရားသူကြီးအဖြစ် အသိအမှတ်ပြုဖို့ပဲ။ အရင်တရားသူကြီးက တခြားသူတွေရဲ့ စွမ်းအားတွေကို လုယူပြီး ဒီနေရာကို ရောက်လာတာဆိုရင် သူက ဟင်းလင်းပြင်ရဲ့ ထောက်ခံမှုကို အပြည့်အ၀ ရထားတာ မဟုတ်လောက်ဘူး။ အဲဒါကြောင့်လည်း သူက သူ့ရဲ့ အစွမ်းတွေကို ဆုံးရှုံးခဲ့တာ ဖြစ်ရမယ်"

"ဒါဆို အစ်မက”

"ငါလား" ရှန်းကျင်းက ရုတ်တရက် ပြုံးလိုက်တယ်။ ဒါပေမဲ့ သူမက သိပ်ပြီး စိတ်လှုပ်ရှားနေတဲ့ ပုံစံတော့ မဟုတ်ဘူး။ အဲဒီအစား သူမက ရှန်းရင်ကို ထူးထူးဆန်းဆန်း ကြည့်လိုက်ရင်း နှုတ်ခမ်းကို စေ့လိုက်တယ်။ ခဏအကြာမှာတော့ သူမက ပြောလိုက်တယ်။

"ရင်လေး ဘာတွေးလဲဆိုတာကို ငါတို့ ကြည့်ရဦးမယ်"

"ရှန်းရင်" ကူယွဲ့နဲ့ ယိချင်းတို့က တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကြတယ်။ ဒါက သူနဲ့ ဘာဆိုင်လို့လဲ

"တရားသူကြီးရဲ့ တာဝန်က ဟင်းလင်းပြင်တစ်ခုလုံးကို ထိန်းသိမ်းဖို့နဲ့ မျက်နှာပြင်အားလုံးကြားမှာ မျှခြေတစ်ခု ရှိနေအောင် လုပ်ဖို့ပဲ။ ရင်လေးလို မတော်တဆမှုမျိုး ပေါ်လာတာက အရာအားလုံးရဲ့ မျှခြေကို ပျက်စီးစေခဲ့တာပဲ။ ဒါပေမဲ့ တရားသူကြီးတောင်မှ သူမကို ဘာမှ မလုပ်နိုင်ခဲ့ဘူး"

"အဲဒီတော့"

"အဲဒီတော့ ဟင်းလင်းပြင်က သူမကို ထိန်းချုပ်နိုင်မဲ့ တစ်ဦးတည်းသော လူကို ရွေးချယ်လိုက်တာပေါ့"

ရှန်းကျင်းက သူမကိုယ်သူမ လက်ညှိုးထိုးပြလိုက်ရင်း တစ်လုံးချင်းစီ ဖိပြောလိုက်တယ်။

"အဲဒါ ငါ့ကို ရွေးလိုက်တာပဲ"

ကူယွဲ့။ ။ "..."

ယိချင်း။ ။ "..."

ဒါ... ဒါက ရှန်းကျင်း တရားသူကြီး ဖြစ်လာရတဲ့ အကြောင်းရင်းလား ရှန်းရင်ကို ထိန်းချုပ်ထားနိုင်ဖို့အတွက်ပေါ့ ဒါက ကလေးကလား ဆန်သလိုလို ရှိပေမဲ့ တစ်ဖက်က ပြန်စဉ်းစားကြည့်ရင်တော့ တကယ့်ကို ကျိုးကြောင်းဆီလျော်လွန်းနေပြန်တယ်။

ရှန်းရင်။ ။ "ခွေးမသားပဲ"

…

အခန်း ၇၀၁ ။ မျက်နှာပြင်အား လွှဲပြောင်းပေးအပ်ခြင်း

ရှန်းရင်ကတော့ တကယ့် ဘော့စ်ကြီး ဖြစ်သွားပြီ။ ကသောင်းကနင်း ဟင်းလင်းပြင်ကြီးကိုယ်တိုင်တောင် မထိန်းချုပ်နိုင်တဲ့ အမျိုးအစားပေါ့။ ကူယွဲ့အတွက်တော့ ဒါက ထူးဆန်းတဲ့ကိစ္စ မဟုတ်တော့ပါဘူး။

╮(╯_╰)╭

"တကယ်တော့ ရင်လေး ဒီတစ်ခါကျတော့..." ရှန်းကျင်းက သူမရှေ့မှာ အာလူးကြော်တွေ တဂျွတ်ဂျွတ်ဝါးနေတဲ့ တစ်စုံတစ်ယောက်ကို ဝေ့ကြည့်လိုက်တယ်။ ရှန်းကျင်းက စိတ်ကို ကြည်အောင်ထားပြီး ကသောင်းကနင်းဟင်းလင်းပြင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စုစည်းလိုက်တယ်။ သူမ သက်ပြင်းချပြီး ပြောလိုက်တော့တယ်။

"ဒီတရားသူကြီး အလုပ်က..." ရှန်းကျင်းဟာ တရားသူကြီးဆိုတဲ့ ရာထူးသစ်ကြောင့် တော်တော်လေး အကျပ်ရိုက်နေပုံပဲ။

"အရမ်း ဒုက္ခများလို့လား" ရှန်းရင်က အလိုအလျောက် မေးလိုက်တယ်။ သူမအမြင်မှာတော့ မျက်နှာပြင်တွေကြားက ပြဿနာတွေကို ရှင်းပေးရရုံပဲဆိုတော့ စောင့်ကြည့်သူတွေနဲ့ သိပ်မကွာဘူးလို့ ထင်နေတာ။

"ပေါက်ကရတွေ" ရှန်းကျင်းက မျက်လုံးလှန်ပြလိုက်တယ်။ "မျက်နှာပြင်တွေက တစ်ခုနဲ့တစ်ခု ထိတွေ့ဆက်ဆံတာ ရှားတယ်ဆိုပေမဲ့ တမင်သက်သက် ပြဿနာရှာတတ်တဲ့ စီမံခန့်ခွဲသူတွေ မရှိနိုင်ဘူးလို့ ပြောလို့မရဘူးလေ။ ဒါမှမဟုတ်... စောင့်ကြည့်သူတွေတောင် ဖြစ်နိုင်တာပဲ" သူမ တစ်ခုခုကို သတိပြုမိသွားသလိုမျိုး မျက်မှောင်ကြုတ်လိုက်တယ်။

"ကသောင်းကနင်းဟင်းလင်းပြင်ထဲမှာ မျက်နှာပြင်တွေက မရေမတွက်နိုင်အောင် ရှိတာ။ ငါ့ကို စောင့်ကြိုနေတဲ့ ဖြေရှင်းရမဲ့ ပြဿနာတွေ ဘယ်လောက်တောင် ရှိနေမလဲ မသိဘူး" အဆုံးသတ်မှာတော့ ဒီအရာတွေအားလုံးက ဒုက္ခတွေချည်းပါပဲ။

ကြည့်ရတာတော့ ရှန်းရင်က ရှန်းကျင်းအတွက် အကြီးမားဆုံး ပြဿနာ မဟုတ်တော့ဘူး။ ကသောင်းကနင်းဟင်းလင်းပြင်ထဲမှာ ဖြစ်ပျက်နေတာတွေက အရမ်းများလွန်းလှတယ်။ ရင်လေးက ထူးခြားတယ်ဆိုပေမဲ့ ရှန်းကျင်းက သူမညီမရဲ့ စရိုက်ကို အသိဆုံးပဲ။ သူမက သူမရဲ့ မျက်နှာပြင်ကို ထိခိုက်စေမဲ့ ဘယ်အရာကိုမှ လုပ်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်။

"အကြီးအကဲရှန်း... ဟင်းလင်းပြင်ထဲမှာ ဘယ်နေရာတွေက အန္တရာယ်ရှိလဲဆိုတာ အာရုံမခံနိုင်ဘူးလား"

ယိချင်းက မမေးဘဲ မနေနိုင်တော့ဘူး။ စီမံခန့်ခွဲသူတွေတောင် သူတို့ရဲ့ မျက်နှာပြင်ထဲမှာ အန္တရာယ်ရှိရင် အာရုံခံနိုင်တာပဲ။ တရားသူကြီးဆိုရင် ပိုတောင် လုပ်နိုင်ရမှာပေါ့။

ရှန်းကျင်းက သူ့ကို တစ်ချက်ကြည့်လိုက်တယ်။

"ငါ အာရုံခံမိတဲ့ အချိန်ကျရင် အဲဒါက သာမန်အန္တရာယ်အဆင့် မဟုတ်တော့ဘူး" သူမအနေနဲ့ ကသောင်းကနင်းဟင်းလင်းပြင်ထဲက မျက်နှာပြင်အားလုံးမှာ ဖြစ်ပျက်နေတာတွေကို အာရုံခံနိုင်တာတော့ အမှန်ပဲ။ ဒါပေမဲ့ ဘယ်လူရမ်းကားကများ သူ မကောင်းမှုမလုပ်ခင် လူတိုင်းကို လိုက်အသိပေးနေမှာလဲ။ ဒီလိုကိစ္စတွေက တကယ့်ကို ဆိုးရွားတဲ့ အခြေအနေရောက်မှသာ ပေါ်ထွက်လာတတ်တာ။ အဲဒီအချိန်ကျရင်တော့ ဖြေရှင်းရခက်လိမ့်မယ်လို့ ရှန်းကျင်း တွေးနေမိတယ်။

သူမ စီမံခန့်ခွဲသူ စဖြစ်တုန်းက ပထမဆုံး ကျူးကျော်သူနဲ့ တွေ့ခဲ့သလိုမျိုးပေါ့။ စောင့်ကြည့်သူ မိလဲ့က တခြားမျက်နှာပြင်ကလူ ကျူးကျော်ဝင်ရောက်လာတာကို သိလိုက်တဲ့အချိန်မှာ ရှန်းကျင်းက အဲဒီပြဿနာကို ဖြေရှင်းလို့ ပြီးသလောက်တောင် ဖြစ်နေပြီ။ အခု သူမ တရားသူကြီး ဖြစ်လာတဲ့အခါမှာတော့ ကိစ္စတွေက ပိုပြီး ခက်ခဲလာမှာ သေချာတယ်။ ဒီလိုမျိုးတွေ ထပ်ဖြစ်လာမှာကို သူမ လုံး၀ မလိုလားဘူး။

ဒါပေမဲ့ ကသောင်းကနင်းဟင်းလင်းပြင်က အရမ်းကြီးမားလွန်းပြီး သူမက တစ်ယောက်တည်းပဲ ရှိတာ။ မျက်လုံးတွေ ဘယ်လောက်ပဲ များများ၊ မျက်နှာပြင်တိုင်းကိုတော့ တစ်ချိန်တည်း စောင့်ကြည့်နိုင်မှာ မဟုတ်ဘူး။

"အစ်မ ဒီမျက်လုံးကို သုံးကြည့်ပါလား" ရှန်းရင်က အုပ်ထိန်းမှုစနစ်ကို ရုတ်တရက် ကမ်းပေးလိုက်တယ်။

[ဒင် စ-စနစ်က နှုတ်ဆက်ပါတယ်... ဘော့စ်ကြီးရဲ့ အစ်မတော်] အုပ်ထိန်းမှုစနစ်ရဲ့ ကာတွန်းမျက်လုံးလေးက နှစ်ချက်လောက် မှိတ်ပြပြီး ရှန်းကျင်းကို လိမ္မာပါးနပ်စွာ နှုတ်ဆက်လိုက်တယ်။

"ဟမ်" ရှန်းကျင်းက အုပ်ထိန်းမှုစနစ်ကို ယူလိုက်တယ်။ ချက်ချင်းပဲ သူမ အလုပ်စတော့တယ်။ ရှန်းကျင်းက သူမရဲ့ စခရင်ကို ခေါ်လိုက်ပြီး စနစ်ရဲ့ ဒေတာတွေကို စစ်ဆေးလိုက်တယ်။ စခရင်ပေါ်မှာ ရှုပ်ထွေးတဲ့ ကိန်းဂဏန်းတွေ တရစပ် ပေါ်လာတော့တယ်။ သူမ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် မျက်လုံးတွေ ပြူးကျယ်သွားရတယ်။

"ဒါက... နေဦး" သူမ အကြည့်ကို နှိမ့်ချလိုက်ပြီး ပြောလိုက်တယ်။ "သူ့မှာ အသိစိတ် ရှိနေတာပဲ"

"အင်း" ရှန်းရင်က ခေါင်းညိတ်ပြတယ်။ "သူက ကိန်းဂဏန်းတွေနဲ့ပဲ ဖွဲ့စည်းထားတာ ဆိုပေမဲ့ သူ့မှာ ထူးခြားတဲ့ ဝိညာဉ်တစ်ခု ရှိနေပြီ"

"သက်ရှိဝိညာဉ် ဟုတ်လား ဘယ်လို သက်ရှိဝိညာဉ်လဲ" ကူယွဲ့က ကြားဖြတ်မေးလိုက်တယ်။

ရှန်းရင် ပြောတာကို သူ နားမလည်ဘူး။ ရုတ်တရက်ဆိုသလို သူ တစ်ခုခုကို သတိရသွားပြီး မျက်လုံးပြူးသွားတယ်။ အုပ်ထိန်းမှုစနစ်က သက်ရှိသတ္တဝါ ဖြစ်သွားတာတော့ မဟုတ်ဘူး မဟုတ်လား ဒီလိုမျိုး ဝိညာဉ်ရလာတာနဲ့ ပတ်သက်ပြီး... စနစ် (၀၀၁) နဲ့ ကျူးကျော်သူ စနစ်တွေအားလုံးရဲ့ ရည်ရွယ်ချက်က သူတို့ကိုယ်ပိုင် ဝိညာဉ် ရရှိဖို့နဲ့ ကိုယ်ပိုင်အသိစိတ် ပေါ်လာဖို့ဆိုတာကို သတိရရမယ်။ တကယ်လို့ ရှန်းကျင်း ပြောတာသာ အမှန်ဆိုရင် အုပ်ထိန်းမှုစနစ်မှာ အဲဒါ ရှိနေပြီပေါ့။

"သူ့မှာ ကိုယ်ပိုင်အသိစိတ် ရှိလာတာလား"

"ငါလုပ်တာ မဟုတ်ဘူးနော်" ရှန်းရင်က နောက်ဆုံးကျန်တဲ့ အာလူးကြော်ကို ပါးစပ်ထဲ ထည့်လိုက်တယ်။ ပြီးတော့ စားဖိုမှူးဆီက သိုလှောင်အိတ်ကို လှမ်းယူရင်း ပြောလိုက်တယ်။ "နင်တို့ စားဖိုမှူး လုပ်တာ"

"ကျွန်တော်လား" ရှန်းရင်ကို မုန့်တွေ ကမ်းပေးနေတဲ့ ယိချင်းက သူ့ကိုယ်သူ ကြောင်ကြည့်နေမိတယ်။

"အင်း" သူမ ခေါင်းညိတ်ပြီး ဆက်ပြောတယ် "နင်တို့ နှစ်ယောက်လုံးက စီမံခန့်ခွဲသူတွေလေ။ အစကတည်းက နင်တို့က အုပ်ထိန်းမှုစနစ်ရဲ့ တည်ရှိမှုကို အသိအမှတ်ပြုခဲ့ကြတာ။ ဒါကြောင့် သူ့မှာ ကိုယ်ပိုင်အသိစိတ် ပေါ်လာပြီး ဝိညာဉ်ရလာဖို့က အချိန်အတိုင်းအတာတစ်ခုပဲ လိုတာလေ"

ကူယွဲ့နဲ့ ယိချင်းတို့ တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါ ကြည့်လိုက်ကြပြီးမှ သူမဘက် ပြန်လှည့်လာကြတယ်။ တကယ်တော့ သူတို့လည်း အုပ်ထိန်းမှုစနစ် ရှိနေတာကို အစောကတည်းက သိခဲ့တာပဲ။ ဒါပေမဲ့ အဲဒါကို ဖြေရှင်းရမဲ့ ပြဿနာတစ်ခုလို့ သူတို့ တစ်ခါမှ မသတ်မှတ်ခဲ့ကြဘူး။ ဖုန်းရင်ရဲ့ ခန္ဓာကိုယ်ကို ခဏခဏ လုယူနေခဲ့တာတောင်မှပေါ့။ သူတို့က ရှန်းရင်ဆီကနေ ကြားရတဲ့ စနစ်ရဲ့ ကြေညာချက်တွေကိုပဲ နားထောင်ခဲ့ကြတာ။

အထူးသဖြင့် နောက်ပိုင်းမှာ သေတ္တာလေး ဖြစ်သွားတဲ့အခါမှာတော့ ဖုန်းရင်နဲ့ ပြန်ပေါင်းဖို့တောင် သူတို့ မစဉ်းစားတော့ဘူး။ အဲဒီအချိန်ကစပြီး စနစ်က ရှန်းရင်နောက်ကို ခွေးတစ်ကောင်လို တကောက်ကောက် လိုက်နေခဲ့တာ။ ဒီလို လူသားဆန်တဲ့ အမူအရာတွေကြောင့် ကူယွဲ့နဲ့ ယိချင်းတို့က စနစ်ကို ကိန်းဂဏန်းတွေလို့ မမြင်တော့ဘဲ သီးခြားလူတစ်ယောက်... သတ္တဝါတစ်ခုလို့ မြင်လာကြတာ။

ကူယွဲ့ရော၊ စားဖိုမှူးရောက စီမံခန့်ခွဲသူတွေ ဖြစ်ကြတယ်၊ သူတို့က မျက်နှာပြင် နှစ်ခုလုံးကို ကိုယ်စားပြုတဲ့သူတွေလေ။ တကယ်လို့ သူတို့နှစ်ယောက်လုံးက အုပ်ထိန်းမှုစနစ်ကို သီးခြားဖြစ်တည်မှု တစ်ခုအဖြစ် အသိအမှတ်ပြုလိုက်ပြီဆိုရင် သူ့မှာ ကိုယ်ပိုင်အသိစိတ် ပေါ်လာတာက သဘာဝကျပါတယ်လေ။

ရုတ်တရက်ဆိုသလို သူတို့တွေ ကျူးကျော်သူစနစ် အုပ်စုကြီးကို သနားသွားမိကြတယ်။ သူတို့တွေ အကြာကြီး ကြံစည်ခဲ့ကြပြီး မျက်နှာပြင်အနှံ့ ဒုက္ခခံသွားခဲ့ကြတာတောင် ဘာတစ်ခုမှ မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ အုပ်ထိန်းမှုစနစ်ကတော့ ဘာမှတောင် မလုပ်ရဘဲ သူတို့လိုချင်တာကို ရသွားတာပဲ။ သူတို့ရဲ့ ကြံစည်မှုတွေအားလုံးက အုပ်ထိန်းမှုစနစ်ရဲ့ မြှောက်ပင့်တတ်တဲ့ အစွမ်းကိုတောင် မမီဘူး။

ဒါဆို... မြှောက်ပင့်တတ်တာက ပိုအသုံးဝင်တာပေါ့။

(o__)နို

"အစ်မ... ဒီကောင်လေးကို သုံးလို့ရမလား" ရှန်းရင်က ကြောင်နေတဲ့ အမျိုးသား နှစ်ယောက်ကို ဂရုမစိုက်ဘဲ မေးလိုက်တယ်။

ရှန်းကျင်းက စခရင်ကို ပိတ်လိုက်ပြီး ခေါင်းညိတ်ပြတယ်။

"မဆိုးဘူး ဒီစနစ်သာ ရှိရင်တော့ ကိစ္စတွေက တကယ်ကို ဒုက္ခသက်သာသွားမှာပဲ"

အုပ်ထိန်းမှုစနစ်က စောစောက စနစ်ပေါင်း ထောင်ချီနဲ့ ချိတ်ဆက်ထားတာလေ။ အဲဒါအပြင် အဲဒီစနစ်အားလုံးကို သူတစ်ယောက်တည်းနဲ့ ထိန်းချုပ်နိုင်သေးတယ်။ ဒါက ရှန်းကျင်းအတွက် ကသောင်းကနင်းဟင်းလင်းပြင်ထဲက မျက်နှာပြင်အားလုံးကို စောင့်ကြည့်ဖို့ မျက်လုံးပေါင်းများစွာ ရလိုက်တာနဲ့ တူတူပဲ။

"ဒါပေမဲ့ တစ်ခုပဲ... သူ့ရဲ့ ပရိုဂရမ်တွေကို နည်းနည်း ပြင်ရမယ်" ကျူးကျော်သူစနစ်တွေ သုံးနေတဲ့ ပရိုဂရမ်တွေမှာ ပြဿနာတွေ အများကြီး ရှိနေတာကိုး၊ ဘာလို့လဲဆိုတော့ အဲဒါတွေက မျက်နှာပြင်ပေါင်းစုံက လာတာဖြစ်လို့ပဲ။ သူတို့က ကျူးကျော်သူတွေ ဖြစ်နေတာကြောင့် လက်ရှိရောက်နေတဲ့ မျက်နှာပြင်ကို ထိခိုက်စေမှာ အသေအချာပဲ။ ဒါပေမဲ့ ရှန်းကျင်းက တရားသူကြီးလေ။ သူမမှာ တခြားမျက်နှာပြင်တွေကို လွတ်လပ်စွာ ဝင်ထွက်နိုင်ခွင့် ရှိတာပဲ။

ရှန်းကျင်း ဘာတွေးနေလဲဆိုတာကို သိသွားတဲ့အတိုင်း အုပ်ထိန်းမှုစနစ်က သူမပတ်ပတ်လည်ကို ချက်ချင်း နှစ်ပတ်လောက် ပတ်လိုက်တယ်။ သူ ပျံဝဲနေရင်းကနေ စိတ်လှုပ်ရှားစရာကောင်းတဲ့ အီလက်ထရွန်နစ် အသံလေးတွေ ထွက်ပေါ်လာတော့တယ်။

[စနစ်က အခုကစပြီး ဘော့စ်ရဲ့ အစ်မတော်အတွက် အမြဲတမ်း အမှုထမ်းပါ့မယ် ဘော့စ်ရဲ့ အစ်မတော်ဟာ ကသောင်းကနင်းဟင်းလင်းပြင်ကို နှစ်ပေါင်း ထောင်ချီအောင် အုပ်စိုးပါစေသတည်း (๑•ᄇ•́)ဝ✧]

ကူယွဲ့။ ။ "..."

ယိချင်း။ ။ "..."

ဒါက ပညာရှင်ဆန်တဲ့ စနစ် မဟုတ်ဘူးပဲ... ပညာရှင်ဆန်တဲ့ မြှောက်ပင့်သူလေ။

"ကောင်းပြီ၊ ဒီကိုလာ" ရှန်းကျင်းက လက်ကမ်းပေးလိုက်တော့ အုပ်ထိန်းမှုစနစ်က သူမလက်ဝါးပေါ်ကို လိမ္မာပါးနပ်စွာ ဆင်းသက်လိုက်တယ်။ မရေမတွက်နိုင်တဲ့ နောက်ဆက်တွဲစနစ်တွေရဲ့ ဒေတာတွေကို ပြင်ဆင်ဖို့ဆိုတာ မလွယ်ဘူးလေ။ ရှန်းကျင်းအနေနဲ့ အုပ်ထိန်းမှုစနစ်ကို ပြန်ယူသွားပြီး ဖြည်းဖြည်းချင်း လုပ်ရမှာ ဖြစ်တယ်။

သူမက ရှန်းရင်ဘက်ကို လှည့်ကြည့်လိုက်တယ်။ တစ်ခုခုကို သတိရသွားပုံနဲ့ မျက်မှောင်ကြုတ်လိုက်တယ်။

"ငါ စောင့်ကြည့်သူ ဖြစ်နေတုန်းကတော့ ငါ့ရဲ့ စီမံခန့်ခွဲသူ ရာထူးကို နင့်ကို လွှဲပေးဖို့ စဉ်းစားခဲ့တာ"

ရှန်းရင်က တွန့်ဆုတ်သွားပြီး အလိုအလျောက် နောက်ကို တစ်လှမ်း ဆုတ်လိုက်မိတယ်။ ဒါပေမဲ့ ရှန်းကျင်းက ဆက်ပြောတယ်။

"ဒါပေမဲ့ နင့်ရဲ့ လက်ရှိအခြေအနေအရဆိုရင်တော့ ဒါက မဖြစ်နိုင်ဘူး ထင်တယ်"

ကသောင်းကနင်းဟင်းလင်းပြင်က ရှန်းရင်ရဲ့ အစွမ်းတွေကို အရမ်းကြောက်နေတာလေ။ သူမကို အသိအမှတ်ပြုမှာ မဟုတ်လောက်ဘူး။

"..." ဟူး... တော်သေးတာပေါ့၊ တော်သေးတာပေါ့။ မျက်နှာပြင်တစ်ခုကို စီမံရတာက အရမ်း ဒုက္ခများတာပဲ အစောပိုင်းက မျက်နှာပြင် နှစ်ခုကို ဖယ်ထုတ်ပစ်ဖို့တောင် သူမမှာ တော်တော် အားစိုက်ခဲ့ရတာလေ။

"ငါက အခု တရားသူကြီး ဖြစ်သွားပြီ။ နောင်ကျရင် ဒီမျက်နှာပြင်ထဲမှာပဲ အမြဲနေလို့ ရတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီမျက်နှာပြင်ရဲ့ စီမံခန့်ခွဲသူအဖြစ် ဆက်နေလို့ မရတော့ဘူး။ နောက်ထပ် စီမံခန့်ခွဲသူအသစ်ကို မရွေးချယ်ခင်အထိတော့ ဒီမှာ တစ်ယောက်ယောက်က စောင့်ကြည့်ပေးဖို့ လိုအပ်တယ်"

ရှန်းရင်နဲ့ စားဖိုမှူးတို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြတယ်။ တကယ့်ကို အတွဲညီညီနဲ့ နှစ်ယောက်လုံး နောက်ကို ဆုတ်လိုက်ကြပြီး ကူယွဲ့ကိုပဲ သူတို့ရှေ့မှာ ချန်ထားလိုက်ကြတော့တယ်။

"ခွေးမသားပဲ နင်တို့အားလုံး ငါ့ကို ဘာလို့ကြည့်နေကြတာလဲ" ကူယွဲ့က နှုတ်ခမ်းကို စေ့ထားပြီး သူတို့ကို ဒေါသတကြီး စိုက်ကြည့်လိုက်တော့တယ်။

နင်တို့နှစ်ယောက်မှာ လှည့်ကွက်တွေက အများသား။ သူတို့က သူ့ဆီကို မျက်နှာပြင် နှစ်ခုတောင် ပစ်ထည့်ခဲ့ပြီးပြီ... အခု တတိယမြောက် တစ်ခုကိုပါ ထပ်ပြီး ပစ်ထည့်ဦးမလို့လား။

စားပွဲကိုပဲ မှောက်လိုက်ချင်တော့တယ်။

(╯‵□′)╯(┻━┻

…

အခန်း ၇၀၂ ။ အတူတူ အိမ်ပြန်ကြစို့

နောက်ဆုံးတော့ ဖေဖေနျိုက အစ်မကြီးကျင်းရဲ့ မျက်နှာပြင်ကို လက်မခံခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် အစ်မကြီးကျင်းမှာ မျက်နှာပြင်လက်ထောက် တစ်ယောက် ရှိနေသေးတာပဲလေ။ သူမက ခိုင်ထျန်းကို အထင်သေးတတ်ပေမဲ့လည်း ခိုင်ထျန်းဟာ သူမလက်အောက်မှာ အလုပ်လုပ်လာတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ ရှန်းရင်ကလွဲရင် အဲဒီမျက်နှာပြင်အကြောင်း အသိဆုံးက သူပဲ။ စီမံခန့်ခွဲသူအသစ် မပေါ်လာခင်အထိ သူလုပ်ရမှာက မျက်နှာပြင်ကို စောင့်ရှောက်ပေးရုံပဲ။ ဒါက သူ့အရည်အချင်းနဲ့ လုပ်နိုင်တဲ့ အလုပ်ပဲလေ။ အလွန်ဆုံးရှိလှ သူ့ရဲ့ အလုပ်ပမာဏက... သုံးဆလောက် ပိုများသွားတာပေါ့။

အစ်မကြီးကျင်းကတော့ သူ့ရဲ့ တရားသူကြီး တာဝန်သစ်ကို ဘာပြဿနာမှမရှိဘဲ တော်တော်လေး မြန်မြန်ဆန်ဆန်ပဲ လက်ခံလိုက်တယ်။ ဒါက တစ်ဖက်မှာ ရှန်းရင်ကြောင့်လည်း ပါသလို နောက်တစ်ဖက်မှာ သူမရဲ့ အရင်က အတွေ့အကြုံတွေကြောင့်လည်း ဖြစ်မယ်လို့ ကူယွဲ့က တွေးမိတယ်။

ရှန်းရင် တစ်ခါက ပြောဖူးတာကတော့... သူမ ငယ်ငယ်တုန်းက ကျူးကျော်သူတွေရဲ့ ရန်ကို ခဏခဏ ခံခဲ့ရဖူးတယ်တဲ့။ သူတို့အားလုံး အစ်မကြီးကျင်းရဲ့ အစွမ်းတွေကို မြင်ဖူးကြတယ်။ အဲဒီကျူးကျော်သူတွေက အစ်မကြီးကျင်းကို မနိုင်တဲ့အဆုံး ရှန်းရင်နောက်ကိုပဲ လိုက်ကြတာ။ အဲဒီလို ကျူးကျော်သူတွေက အလွန်ဆုံးရှိလှ စီမံခန့်ခွဲသူ အဆင့်လောက်ပဲ ရှိတာ။ အဲဒီအချိန်တုန်းက ရှန်းရင်ကို ကာကွယ်ဖို့နဲ့ မျက်နှာပြင်ကို စောင့်ရှောက်ဖို့ အစ်မကြီးကျင်း ဘယ်လောက်တောင် ပင်ပန်းဆင်းရဲခဲ့ရမလဲဆိုတာ မှန်းဆလို့တောင် မရဘူး။ ဒါကြောင့်လည်း သူမဟာ အရင်တုန်းက တခြားမျက်နှာပြင်တွေကို ဖျက်ဆီးပစ်ချင်တဲ့ စိတ်တွေ ပြင်းထန်နေခဲ့တာ။ ဒါတွေအားလုံးက နာကျင်စရာကောင်းတဲ့ အတိတ်တွေကြောင့်ပဲလေ။

အစ်မကြီးကျင်းက အရင်က တရားသူကြီးနဲ့တော့ လုံး၀ မတူဘူး။ အရင်ကဆိုရင် စောင့်ကြည့်သူတွေတောင် တရားသူကြီး ရှိနေမှန်း မသိခဲ့ကြဘူး။ သူက နောက်ကွယ်ကနေပဲ အလုပ်လုပ်ခဲ့တာ။ အစ်မကြီးကျင်းကတော့ စောင့်ကြည့်သူတွေဆီ ချက်ချင်း အဆက်အသွယ်လုပ်ပြီး သူမ ရှိနေကြောင်းကို ကြေညာလိုက်တော့တာပဲ။

သူမ ပေးချင်တဲ့ မက်ဆေ့ခ်ျကတော့ ရှင်းရှင်းလေးပဲ။ "ပြဿနာမရှာနဲ့၊ ရှာရင် ငါက ပြန်ရှာမှာ"

ဒါက နည်းနည်းတော့ အန္တရာယ်ရှိနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် အစွမ်းအထက်ဆုံးလို့ ထင်နေပြီး အစ်မကြီးကျင်းကို လာစိန်ခေါ်ချင်တဲ့ မျက်စိကန်းတဲ့သူတွေ ရှိနေနိုင်တာကိုး။ ဒါပေမဲ့ ဒီလောက်အစွမ်းကြီးတဲ့ အစ်မကြီးကျင်းကို ယှဉ်နိုင်မဲ့သူတော့ ရှိမှာ မဟုတ်ဘူး။ အထူးသဖြင့် သူမရဲ့ တစ်ခုတည်းသော အားနည်းချက်ဖြစ်တဲ့ ရှန်းရင်က အခုဆိုရင် သူမထက်တောင် အများကြီး ပိုပြီး အစွမ်းကြီးနေပြီလေ။

ဒါကြောင့် သူမအနေနဲ့ ပုန်းနေစရာ အကြောင်းမရှိတော့ဘူး။

အုပ်ထိန်းမှုစနစ်ကလည်း အခုဆို နာမည်ပြောင်းသွားပြီ။

"ကသောင်းကနင်းဟင်းလင်းပြင် စောင့်ကြည့်ရေးစနစ်" တဲ့။ သူ့ရဲ့ အဓိကအလုပ်ကတော့ အစ်မကြီးကျင်းကို မျက်နှာပြင်ပေါင်းစုံ ကူးပြောင်းရာမှာ ကူညီပေးဖို့နဲ့ သတင်းအချက်အလက် စုဆောင်းပေးဖို့ပဲ။ ဒါမှလည်း အစ်မကြီးကျင်းအနေနဲ့ ပြဿနာတွေကို ပိုပြီး မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မှာလေ။

စနစ်က အရင်ကလိုပဲ မျက်နှာပြင်ပေါင်းစုံထဲကို ဝင်ထွက်ရမှာ။ အရင်က ခိုးဝင်ခဲ့ရတာဆိုရင် အခုတော့ ဂုဏ်ယူဝံ့ကြွစွာနဲ့ ဝင်ထွက်နိုင်ပြီ။ တရားသူကြီးရဲ့ အာမခံချက်ရှိနေတော့ မျက်နှာပြင် တော်တော်များများက စနစ်အတွက် ဝင်ခွင့်လက်မှတ်တွေ ထုတ်ပေးကြတာ တစ်ပုံကြီးပဲ။ အကောင်းဆုံးအချက်ကတော့ စနစ်အနေနဲ့ အလုပ်လုပ်ဖို့အတွက် တခြားသူရဲ့ ခန္ဓာကိုယ်ကို လုယူစရာ မလိုတော့တာပဲ။

ဟုတ်ပါတယ်၊ စားဖိုမှူးနဲ့ ဖေဖေနျိုတို့ရဲ့ မျက်နှာပြင်တွေက စနစ်အတွက် ဝင်ခွင့်ကို အရင်ဆုံး ထုတ်ပေးခဲ့ကြတာ။ အုပ်ထိန်းမှုစနစ်က ဖုန်းရင် ပြန်ယူသွားဖို့အတွက် နောက်ဆက်တွဲစနစ်တစ်ခုကို သေချာလေး ဖန်တီးပေးခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူက စနစ်အတွက် နှစ်ပေါင်းများစွာ ခိုလှုံရာ ဖြစ်ခဲ့တာလေ။ အခု အပြီးပိုင် လမ်းခွဲကြတော့မှာဆိုတော့ အစားထိုးတစ်ခုခု လုပ်ပေးဖို့က သူ့တာဝန်ပဲ မဟုတ်လား။

ရှန်းရင်နဲ့ သူ့လက်ထောက်နှစ်ယောက်ကတော့ အဲဒီမျက်နှာပြင်မှာ အကြာကြီး မနေခဲ့ကြဘူး။ အဲဒီနေရာကို ဝေ့ကြည့်ပြီး ခိုင်ထျန်း တစ်ယောက် အလုပ်တွေ ပိုများနေတာကို ကြည့်နေရင်း အစ်မကြီးကျင်း စနစ်ရဲ့ ဒေတာတွေကို ပြင်ဆင်နေတဲ့ အခွင့်အရေးကို သုံးပြီး သူတို့ရဲ့ ကောင်းကင်ဘုံဆီ ပြန်လာခဲ့ကြတယ်။ အခုသာ မပြန်ရင် နောက်ထပ် အခွင့်အရေး ရမှာမဟုတ်ဘူးလို့ သူတို့ ခန့်မှန်းထားကြတာကိုး။

အစောပိုင်းက သူ့အဖေကို ရောင်းစားခဲ့တဲ့ ဆရာတပည့် နှစ်ယောက်ရဲ့ လုပ်ရပ်အပေါ် ကူယွဲ့က အကြီးအကျယ် စိတ်ပျက်နေတာ။ သူက သူတို့ရဲ့ မုန့်ဖိုးကို သုံးလစာ ဖြတ်ပစ်လိုက်ပြီး ကိုယ့်အပြုအမူကိုယ် ပြန်ဆင်ခြင်ကြဖို့ ပြောလိုက်တော့တယ်။

"ဗိုက်ဆာလိုက်တာ" ရှန်းရင်က ဖေဖေနျို ခုနက ဆွဲထားတဲ့ နားရွက်ကို ပွတ်ရင်း ပြောတယ်။ ပြီးတော့ သူ့ဗိုက်ကို ပုတ်ပြီး "ပြန်မဆင်ခြင်ခင် အရင် ထမင်းစားရင် မကောင်းဘူးလား?"

"ဟုတ်ကဲ့ပါ ဆရာ”

"အိပ်မက်မက်နေလိုက်" စားဖိုမှူး စကားမဆုံးခင်မှာပဲ ကူယွဲ့က ဟိန်းဟောက်လိုက်တော့တာပဲ။ သူက ပေါက်ကွဲထွက်တော့မဲ့ အခြေအနေမှာ ရှိနေပြီး ရှန်းရင်ရဲ့ ပေါက်ကရ တောင်းဆိုမှုကို ချက်ချင်း ငြင်းပယ်လိုက်တယ်။ နင်က တကယ်ကြီး ပြန်ဆင်ခြင်မယ် ထင်နေလား။ သူက သူတို့နှစ်ယောက်ကို ဒေါသတကြီး စိုက်ကြည့်ရင်း ပြောလိုက်တယ်။

"စား၊ စား၊ စား... သေအောင်သာ စားလိုက်တော့ အရင်ဆုံး ၀ူတိဂိုဏ်းကို ပြန်ရောက်အောင် သွားကြမယ်၊ ပြီးမှ စကားပြောမယ်" သူမ အာလူးကြော် သုံးထုပ်နဲ့ သစ်သီး ခြောက်လုံး စားထားပြီးပြီလေ။ သူမက တကယ်ပဲ ဗိုက်ပေါက်နေတာလား။

"ဒါပေမဲ့..."

"ဒါပေမဲ့ မနေနဲ့" ကူယွဲ့က မျက်နှာပြင်တံခါးကို ဖွင့်လိုက်တယ်။

သူက ဝင်တော့မလို့ လုပ်တုန်းမှာပဲ စားဖိုမှူးက လှမ်းတားလိုက်တာ။ "ဖေဖေနျို"

"ဘာဖြစ်လို့လဲ?" ကူယွဲ့က လှည့်ကြည့်ပြီး သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်တယ်။ သူ စိတ်မဆိုးသေးဘူးလေ။ ငါ့ကို ထပ်ပြီး လိမ်ဦးမလို့လား။

စားဖိုမှူးက ရှန်းရင်အတွက် သစ်သီးတစ်လုံး ထုတ်ပေးရင်း ပြောလိုက်တယ်။

"လက်ထောက်တံဆိပ်လေ"

ကူယွဲ့က သူ့ကို စက္ကန့်အနည်းငယ်လောက် ကြောင်ကြည့်နေပြီးမှ ယိချင်း ပြောတာကို နားလည်သွားတော့တယ်။ သူက မျက်နှာပြင်သစ်ပင် နှစ်ပင်ကို လှည့်ကြည့်လိုက်တယ်။ ဘာကြောင့်လဲမသိဘူး၊ အနီရောင်သစ်ပင်က အာဟာရချို့တဲ့နေသလိုပဲ။ ကြည့်ရတာ နည်းနည်း... နွမ်းဖတ်နေသလိုပဲလေ။

"မျက်နှာပြင်သစ်ပင်က အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး" စားဖိုမှူးက သတိပေးလိုက်တယ်။

"ခွေးမသားပဲ" အဲဒီတော့မှ သူ တစ်ခုခုကို သတိရသွားပြီး "ငါ သိတယ်" လို့ ပြောလိုက်တယ်။ ပြီးတော့ ရှန်းရင်ကို ဒေါသတကြီး ကြည့်ပြီး "ဒါ နင့်လက်ချက်မလား"

ရှန်းရင်ကတော့ ဆွံ့အသွားတာပေါ့။ မြောင် မြောင် မြောင်

(⊙o⊙?)

ဒါပေမဲ့ ကူယွဲ့က သူမဆီ လျှောက်လာတယ်။ သူက စားဖိုမှူးရဲ့ အင်္ကျီကော်လံကို ဆွဲပြီး အားနဲ့ ဆောင့်ဆွဲလိုက်တာ။ ဗြိခနဲ အသံနဲ့အတူ စားဖိုမှူးရဲ့ အင်္ကျီက ပြဲထွက်သွားပြီး သူ့ရဲ့ ရင်အုပ်ကြီး ပေါ်လာတော့တာပဲ။

ဟမ်

စားဖိုမှူးက ပြင်ဆင်မထားမိဘူး။ အရှိန်ကြောင့် သူ့ခန္ဓာကိုယ်က ယိမ်းထိုးသွားတယ်။

"ဒါတွေအားလုံးက နင်တို့ ပြဿနာရှာလို့ ဖြစ်ရတာ" ကူယွဲ့က သူတို့ကို အော်ဟစ်လိုက်တယ်။ စားဖိုမှူးကတော့ ဘာမှမပြောရဲဘဲ အဲဒီနေရာမှာတင် ရပ်နေမိတော့တာပဲ။ အဲဒီအစား သူက ရှေ့ကို တစ်လှမ်း တိုးပေးလိုက်တယ်။

ရှန်းရင်။ ။ "..."

ဒါ ဘာတွေ ဖြစ်ကုန်တာလဲ? သူက ဒီနေရာမှာတင် အကြမ်းဖက်တော့မလို့လား။

(⊙_⊙)

သူမ သူ့ကို တားရမှာလား၊ မတားသင့်ဘူးလား၊ ဒါမှမဟုတ် မတားဘဲ နေရမလား။

ကူယွဲ့က စားဖိုမှူးရဲ့ ရင်ဘတ်ကို လှမ်းကိုင်လိုက်တယ်။ သူက ကိုင်ထားတဲ့နေရာကို ဖိလိုက်ပြီးမှ လက်ကို အမြန် ပြန်ရုပ်လိုက်တယ်။ အဖြူရောင်အလင်းတန်းတစ်ခုနဲ့အတူ စားဖိုမှူးရဲ့ ရင်ဘတ်ထဲကနေ အမည်းရောင် တံဆိပ်တစ်ခု ထွက်ပေါ်လာတာပဲ။ အဲဒါက ကူယွဲ့ရဲ့ လက်ဝါးထဲမှာ စုစည်းသွားပြီး စက်ဝိုင်းတစ်ဝက် ပုံစံ ဖြစ်သွားတယ်။ အဲဒါက တော်တော်လေးကို ရင်းနှီးနေပြီး အငွေ့အသက်ကလည်း ရင်းနှီးနေတာပဲလေ။ တံဆိပ်က ကူယွဲ့ရဲ့ လက်ဝါးပေါ်မှာ တစ်စက္ကန့်လောက် ရှိနေပြီးမှ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားတော့တယ်။

စားဖိုမှူးကတော့ တိုက်ခိုက်ခံလိုက်ရသလို ခံစားလိုက်ရပုံပဲ။ သူ့မျက်နှာထားက ထူးထူးဆန်းဆန်း ဖြစ်သွားပြီး ခန္ဓာကိုယ်က ယိမ်းထိုးလာတယ်။ သူ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရတယ်။

ရှန်းရင်က မျက်မှောင်ကြုတ်ပြီး သူ့ကို လှမ်းဖမ်းထားလိုက်တယ်။ "အဲဒါ ဘာလဲ?"

"ဘာရှိရမှာလဲ။ အစက နင် ငါတို့ကို ပေးခဲ့တဲ့ လက်ထောက်တံဆိပ်လေ" ကူယွဲ့က ရှန်းရင်ကို ပြန်ဖြေရင်း စားဖိုမှူးဘေးမှာ ပြန်လည်ကုသရေး အစီအရင်တစ်ခု ခင်းကျင်းပေးလိုက်တယ်။

"လက်ထောက်တံဆိပ် ဟုတ်လား?" ရှန်းရင်က တွန့်ဆုတ်သွားတယ်။ "နင့်ဟာလား" ဘာလို့ ကူယွဲ့ရဲ့ တံဆိပ်က စားဖိုမှူးရဲ့ ခန္ဓာကိုယ်ထဲ ရောက်နေရတာလဲ။

"ဒါတွေအားလုံးက နင် နင့်အဖေကို လိမ်ခဲ့လို့ ဖြစ်ရတာလေ" ကူယွဲ့က အစီအရင်ကို ဖွင့်ရင်း မျက်လုံးလှန်ပြလိုက်တယ်။ "နင် ငါတို့နှစ်ယောက်လုံးကို ဒီကို အတင်းပြန်ပို့တုန်းက ဘာမှလည်း မပြောခဲ့ဘူး။ ပြီးတော့ မျက်နှာပြင်ကိုလည်း ပိတ်ထားခဲ့သေးတယ်။ နင် တစ်ခုခု ဖြစ်မှာ စိုးရိမ်လို့ ငါ့မှာ တံဆိပ်နှစ်ခုလုံးကို တစ်ယောက်တည်းရဲ့ ခန္ဓာကိုယ်ထဲမှာ ထည့်ထားခဲ့ရတာ။ ဒါမှ နင့်ကို ကူညီဖို့ ပိုလွယ်မှာလေ" တံဆိပ်တွေ လွှဲပြောင်းပြီးတာနဲ့ သူမ ပြန်ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ cheat တွေကတော့ cheat တွေပါပဲ။

"အော်" ဆိုတော့ သူမ ပြန်ရောက်လာတုန်းက သူတို့က ပေါက်ကရတွေ လုပ်နေကြတာ မဟုတ်ဘူးပေါ့။ တံဆိပ် လွှဲပြောင်းပေးနေကြတာပဲ။

"ငါတို့က စီမံခန့်ခွဲသူတွေလေ။ ငါတို့ရဲ့ အစွမ်းတွေက ချိတ်ဆက်နေတာ" ကူယွဲ့က အခုမှ ပြန်လည် လန်းဆန်းလာပုံရတဲ့ မျက်နှာပြင်သစ်ပင်ကို လက်ညှိုးထိုးပြလိုက်တယ်။ "စီမံခန့်ခွဲသူရဲ့ အစွမ်းတွေကို အကြာကြီး လွှဲပြောင်းထားလို့ မရဘူး။ မဟုတ်ရင် မျက်နှာပြင်ကို ထိခိုက်စေလိမ့်မယ်" ဒါကြောင့်လည်း သူက သူ့ရဲ့ တံဆိပ်တစ်ဝက်ကို ပြန်ယူလိုက်တာပဲ။

သူက စားဖိုမှူးကို လှမ်းကြည့်လိုက်ပြီး သူ ပြန်သက်သာလာတာကို မြင်တော့မှ သူ့ပတ်ပတ်လည်က အစီအရင်ကို ရုပ်သိမ်းလိုက်တယ်။ သူက လှည့်ပြီး နောက်ထပ် လမ်းကြောင်းတစ်ခုကို ဖွင့်လိုက်ပြန်တယ်။ "ကဲ... တော်ပြီ၊ ဒီလောက်ပဲ။ အိမ်ပြန်ကြစို့"

ရှန်းရင်ရဲ့ မျက်နှာက ညှိုးသွားတော့တယ်။ သူမကို တကယ်ကြီး ထမင်းမကျွေးတော့ဘူးလား။

စားဖိုမှူးက သူ့ရဲ့ သိုလှောင်အိတ်ကို နှိုက်နေရင်း ခပ်တိုးတိုး ပြောလိုက်တယ်။ "ဆရာ... ကျွန်တော် အစ်မကြီးကျင်းရဲ့ ရေခဲသေတ္တာထဲက ပါသမျှ အကုန်ယူလာခဲ့တယ်။ အိမ်ပြန်ရောက်တာနဲ့ ကျွန်တော် ချက်ပေးမယ်နော်"

ရှန်းရင်ရဲ့ မျက်လုံးတွေက ချက်ချင်း လင်းထိန်သွားတော့တာပဲ။ သူမက ယိချင်းရဲ့ပခုံးကို ပြင်းပြင်းထန်ထန် ပုတ်ပြီး ပြောလိုက်တယ်။ "စားဖိုမှူးကောင်းလေး"

သူတို့နှစ်ယောက်လုံး နောက်ဆုံးတော့ လမ်းကြောင်းထဲကို ဝင်သွားကြတော့တယ်။

ကူယွဲ့က အဲဒီဆရာတပည့် နှစ်ယောက်ကို လှည့်ကြည့်လိုက်တယ်။ တစ်ခုခု ပြောချင်ပေမဲ့ နောက်မှ ပြန်စဉ်းစားပြီး မပြောတော့ဘဲ နေလိုက်တယ်။ ထားလိုက်ပါတော့လေ ငါပြောတာသာ ထိရောက်ရင် ငါက ဖေဖေနျို ဖြစ်မှာ မဟုတ်တော့ဘူး။ ဟူး... အခုတော့ ငါလည်း ကျင့်သားရနေပါပြီ

ရှန်းရင်နဲ့ စတွေ့ကတည်းက သူ့ရဲ့ စနစ်တကျ လုပ်ဆောင်တတ်တဲ့ နည်းလမ်းတွေဟာ ရှန်းရင်ရဲ့ cheat တွေကြားမှာ ဟာကွက်တွေ ဖြစ်ကုန်ခဲ့တာပဲ။ ဒါပေမဲ့ ပိုအရေးကြီးတာက သူက သူမရဲ့ ဖေဖေနျို ဖြစ်နေတုန်းပဲလေ။

ဒီလိုမျိုး သမီးတစ်ယောက်ရှိနေမှတော့ သူ ဘာတတ်နိုင်မှာလဲ။ သူကတော့ မျှော်လင့်ချက် ကင်းမဲ့နေပါပြီ

ဒါပေမဲ့ အစ်မကြီးကျင်းက အခု တရားသူကြီး ဖြစ်သွားပြီဆိုတော့ အနည်းဆုံးတော့ သူတို့ရဲ့ မျက်နှာပြင်ကို ကျူးကျော်မဲ့ မျက်စိကန်းတဲ့ စောင့်ကြည့်သူတွေနဲ့ စီမံခန့်ခွဲသူတွေ ရှိတော့မှာ မဟုတ်ဘူး။ နောင်ကျရင်တော့ သူတို့ ငြိမ်းငြိမ်းချမ်းချမ်း နေရတော့မှာပါ။ အဲဒီအပြင် ရှန်းရင်လို "မတော်တဆမှု" ကြီး တစ်ခုရှိနေမှတော့ သူတို့ ဘာမှ ကြောက်နေစရာ မလိုတော့ပါဘူး

ပြန်စဉ်းစားကြည့်ရင် သူတို့ သုံးယောက်လုံး ၀ူတိဂိုဏ်းကို မပြန်ဖြစ်တာ တော်တော်ကြာနေပြီ။ အစတုန်းကတော့ ကျူးကျော်သူတွေကို ရှင်းရတာ သိပ်မကြာဘူးလို့ ထင်ထားတာ။ အဲဒီနောက်ပိုင်းမှာ ဒီလောက်အများကြီး ဖြစ်ပျက်သွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ အခု ကသောင်းကနင်းဟင်းလင်းပြင်ထဲ ရောက်နေတော့ အချိန်တွေကလည်း ကွာခြားနေတာလေ။ မျက်နှာပြင်ထဲမှာ အချိန်ဘယ်လောက်တောင် ကုန်ဆုံးသွားပြီလဲဆိုတာ သူတို့ မသိနိုင်ဘူး။ တော်သေးတာက အရာအားလုံး ပြီးဆုံးသွားပြီ။ အခုတော့ တကယ် အိမ်ပြန်ရမဲ့ အချိန်ပါပဲ

ထျန်းယိ တစ်ယောက် ၀ူတိဂိုဏ်းကို ရောက်နေလောက်ပြီ။ ၀ူတိဂိုဏ်းရဲ့ ဆေးဝါးလုပ်ငန်းကလည်း အမြတ်တွေ အများကြီး ပြန်ရဦးမှာပဲ။ ကူယွဲ့က ကျိုးရှုမင်ဆိုတဲ့ လူအလေးရော... အခုဆိုရင် မသေမျိုးအဆင့်ကို တက်လှမ်းနိုင်ပြီလားလို့ တွေးနေမိတယ်။

အင်း... သူ တစ်ခုခုကို မေ့နေသလိုပဲ။ ထားလိုက်ပါတော့လေ အရေးကြီးတဲ့အရာတော့ မဟုတ်လောက်ပါဘူး။

အရေးမပါတဲ့ ပြောင်လေး ။ ။ "..."

"ငါ့ရဲ့ နဂါးအကြေးခွံတွေနဲ့အတူ ပြန်လာမယ်လို့ ပြောခဲ့ကြတာ မဟုတ်ဘူးလား"

(ಥ_ಥ)

ပြီးပါပြီ။

All Chapters