← Chapters

အခန်း (၉၃)

Vol. 10 Ch. 93

အခန်း (၉၃)

Vol. 10 Ch. 93

အခန်း(93)

သူတို့နှစ်ဦးက ကျောချင်းကပ်လျက် ရှိနေကြပြီး စောင်၏အနောက်ဘက်မှ အေးစက်သော လေအေးများပင် တိုးဝင်လာခဲ့လေသည်။ မကြာမီမှာပင် သူတို့၏ နောက်ကျောများမှာ အေးစက်မှုကြောင့် ထုံကျင်လာခဲ့သည်။

သို့သော်လည်း လီရှန်းက ယခုအကြိမ်တွင် လုံးဝ မလှုပ်ရှားဘဲ နေရန် ဆုံးဖြတ်ထားခဲ့ပေသည်။

သူမအနေဖြင့် တစ်ကြိမ် အစပျိုးခဲ့ပြီ မဟုတ်ပါလား။

ကံကောင်းထောက်မစွာဖြင့် စုဝေ့ချင်းက သူမ၏ မျှော်လင့်ချက်များကို ပျက်ပြားအောင် မလုပ်ခဲ့ဘဲ နောက်ဆုံးတွင် စတင်လှုပ်ရှားလာခဲ့ပေသည်။

သူက တစ်ဖက်သို့ လှည့်လာပြီးနောက် သူ၏လက်ချောင်းများမှာလည်း သူမ၏အနောက်မှတစ်ဆင့် အရှေ့ဘက်သို့ တိတ်တဆိတ် ရောက်ရှိလာခဲ့ကာ နောက်ဆုံးတွင် တုန်ယင်နေသော လက်များဖြင့် သူမကို တင်းကျပ်စွာ ပွေ့ဖက်လိုက်လသည်။

သူ၏ နွေးထွေးသော ရင်ခွင်က သူမ၏ အေးစက်နေသော နောက်ကျောကို ချက်ချင်းပင် နွေးထွေးသွားစေခဲ့လေ၏။

စုဝေ့ချင်းက သူ၏နားရွက်ကို လီရှန်း၏ နားနှင့် ပူးကပ်ထားလိုက်သောကြောင့် သူမ၏ ပါးပြင်က သူ၏အပူရှိန်ကြောင့် ချက်ချင်းပင် ပူနွေးသွားရတော့သည်။

“ရဲဘော်လီရှန်း၊ ကိုယ် မင်းကို ရှန်းရှန်းလို့ ခေါ်လို့ရမလား”

လီရှန်းက ခေါင်းငြိမ့်ပြလိုက်၏။

စုဝေ့ချင်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး ပြောလာပြန်သည်။

“ဒါဆို ဒီဖက်ကို လှည့်ပေးလို့ ရမလား”

လီရှန်း ခဏမျှ တောင့်တင်းသွားပြီးမှ တစ်ဖက်သို့ ပြန်လှည့်လိုက်လျှင် သူတို့နှစ်ဦးသားက မျက်နှာချင်းဆိုင် ဖြစ်သွားခဲ့ကြလေ၏။

သူတို့၏ အကြည့်များ ဆုံစည်းသွားချိန်တွင် ပတ်ဝန်းကျင် အခြေအနေမှာလည်း ချက်ချင်းပင် အပူရှိန် မြင့်တက်လာခဲ့သည်။

အမျိုးသားတစ်ဦးအနေဖြင့် မည်မျှပင် အပြစ်ကင်းစင်ပြီး ရှက်တတ်ပါစေ၊ ဤကဲ့သို့သော အခြေအနေမျိုးတွင် ရဲတင်းပြတ်သားလာတတ်သည်မှာ သဘာဝပင် ဖြစ်ချေသည်။

လီရှန်း စုဝေ့ချင်း၏ မျက်နှာပေါ်မှ နီရဲမှုများက သူ၏ ရင်ဘတ်အထိ ပျံ့နှံ့သွားသည်ကို ကြည့်နေမိခဲ့သည်။

*

*

*

ထိုညက စုမိသားစုဝင်အားလုံး ကောင်းမွန်စွာ အိပ်ပျော်ခဲ့ကြပေသည်။

အထူးသဖြင့် စုဝေ့မင်နှင့် လော်ယွီရှို့တို့ ဇနီးမောင်နှံမှာ အမှန်တကယ်ပင် စိတ်သက်သာရာရသွားကြပေပြီ။

မင်္ဂလာပွဲက အစမှအဆုံး ချောမွေ့စွာ ပြီးဆုံးသွားခဲ့သော်လည်း ဇနီးမောင်နှံနှစ်ဦးအနေဖြင့် မင်္ဂလာအခမ်းအနားပြီး၍ လူငယ်စုံတွဲ မင်္ဂလာအိမ်ခန်းထဲသို့ ရောက်သည့်တိုင်အောင် စိတ်မချနိုင်ကြသေးပါချေ။

ယခုအချိန်တွင်တော့ သူတို့အနေဖြင့် လက်ထပ်ပြီးကြပြီဖြစ်ကာ လက်ထပာမှတ်ပုံတင်လက်မှတ်လည်း ရရှိထားပြီး အလုပ်အကိုင်များမှာလည်း တည်ငြိမ်နေပြီဖြစ်၍ အမှန်တကယ်ပင် စိုးရိမ်စရာ တစ်ခုမျှ မရှိတော့ပါချေ။

“အခုတော့ ဝေ့ဖင်းတစ်ယောက်ပဲ ကျန်တော့တယ်”

အငယ်ဆုံးသားအတွက် စိတ်အေးသွားရပြီးနောက် လော်ယွီရှို့က သူမ၏ သမီးဖြစ်သူအတွက် စတင်၍ ပူပန်လာပြန်တော့သည်။

“ဝေ့ဖင်းအတွက် ဘာတွေမျာပူနေစရာ ရှိလို့လဲ၊ သူမကို ချုံကျိုးမှာပဲ ခဏနေခိုင်းလိုက်မယ်၊ သင့်တော်တဲ့သူနဲ့ တွေ့တာနဲ့ သူ လက်ထပ်ပါလိမ့်မယ်”

စုဝေ့မင်သည်က သူ၏သမီးအတွက် အနည်းငယ်မျှပင် ပူပန်ခြင်းမရှိပါချေ။

စုဝေ့ဖင်းမှာ ငယ်စဉ်ကတည်းက တည်ငြိမ်ပြီး အမြော်အမြင်ရှိသူ ဖြစ်၏။ မကြာသေးမီက မူဝါဒအသစ်များအကြောင်းကို သတင်းများကြားရသည့်အချိန်တွင် သူမက ကလေးမွေးဖွားကာ မိခင်အသစ်ဖြစ်လာသော ယောက်မဖြစ်သူကို ပြုစုစောင့်ရှောက်မည်ဟူသော အကြောင်းပြချက်ဖြင့် အထုပ်အပိုးများကို ပြင်ဆင်ကာ ချုံကျိုးသို့ သွားခဲ့ပေသည်။

သူမ မထွက်ခွာမီကတည်းက သူမအနေဖြင့် နှစ်မကုန်မီ စစ်တပ်အတွင်းမှ လက်တွဲဖော်တစ်ဦး ရှာဖွေမည်ဖြစ်ကြောင်းနှင့် မူဝါဒအသစ်များ တရားဝင် မထွက်လာမီ လက်ထပ်နိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း မိဘများကို ပြောကြားခဲ့သေး၏။

ဇနီးမောင်နှံနှစ်ဦးမှာ သမီးဖြစ်သူအား အဝေးသို့ မလွှတ်ချင်ကြသော်လည်း သူမကို ကျေးလက်ဒေသသို့ အပို့ခံရမည်ကို ပို၍ပင် မလိုလားကြပါချေ။

ထို့အပြင် ချုံကျိုးတွင် သူတို့၏ ဒုတိယသား မိသားစုလည်း ရှိနေသည် မဟုတ်ပါလား။

စုဝေ့ယန်အနေဖြင့်လည်း သူ၏ ညီမကို ဒုက္ခရောက်အောင် လွှတ်ထားမည်မဟုတ်လောက်ပေ။

လော်ယွီရှို့သည်လည်း ခင်ပွန်းသည်၏စကားက ကျိုးကြောင်းညီညွတ်သည်ဟု တွေးမိကာ တစ်ဖက်သို့ လှည့်လိုက်သည်။

“လောင်စု၊ မနက်ဖြန်ကျရင် ဝေ့ယန်ဆီ ဖုန်းဆက်ကြရအောင်၊ ဒါက သူ ချုံကျိုးမှာ ပထမဆုံးအကြိမ် နှစ်သစ်ကူးတာဆိုတော့ ဘယ်လိုများ နေမလဲမသိဘူး”

“ကောင်းပြီ”

စုဝေ့မင်က ခေါင်းငြိမ့်ပြလိုက်ပြီး ထပာပြောခဲ့သည်။

“ဝေချင်းကိုလည်း ခေါ်လိုက်ဦး၊ သူ အခုတော့ အိမ်ထောင်ကျသွားပြီဆိုတော့ ပိုပြီးတော့စကားပြောသင့်ပြီ”

ထိုစကားကို ကြားလျှင် လော်ယွီရှို့တစ်ယောက် သူမ၏ အငယ်ဆုံးသားအတွက် သနားစိတ်လေး အနည်းငယ် ဖြစ်ပေါ်လာမိလေ၏။

စုဝေ့ချင်းသည်က စုဝေ့ယန်မှလွဲ၍ မည်သူ့ကိုမျှ မကြောက်တတ်ကြောင်းကို တစ်မိသားစုလုံးက သိထားခဲ့ကြသည်။

စုဝေ့ယန်မှာ စကားတစ်ခွန်းမျှ မပြောဘဲ တစ်နေကုန် တိတ်ဆိတ်နေနိုင်သူဖြစ်ပြီး စုဝေ့ချင်းသည်က တစ်ပါးသူနှင့် စကားမပြောရလျှင် မနေနိုင်သူ ဖြစ်ချေသည်။

ထိုညီအစ်ကို နှစ်ဦးမှာ လုံးဝဆန့်ကျင်ဘက်များ ဖြစ်ကြပြီး တစ်သက်လုံး လူချင်းမတွေ့ရလျှင်ပင် ကျေနပ်နေကြမည့်သူများဖြစ်ပေမည်။

ဇနီးမောင်နှံနှစ်ဦးက ခေတ္တမျှ စကားပြောဆိုပြီးနောက် အိပ်စက်လိုက်ကြလေ၏။ သူတို့က တစ်နေကုန် အလုပ်ရှုပ်ထားသောကြောင့် ယနေ့ညတွင် အလွန်ပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားကြတော့သည်။

နောက်တစ်နေ့မနက် မိုးမလင်းမီ စုဝေ့တုန်တို့ ဇနီးမောင်နှံနှင့် စုမိသားစု၏အဒေါ်ဖြစ်သူတို့က စောစီးစွာ နိုးထလာကြ၏။

လော်ယွီရှို့သည်လည်း သူတို့အတွက် ခေါက်ဆွဲပြုတ် ပြင်ဆင်ပေးရန် စောစောထခဲ့ရသည်။ သူတို့က ခေါက်ဆွဲစားသောက်ပြီးလျှင် ပြည်နယ်မြို့တော်သို့ ပြန်မည့် ဘတ်စ်ကားစီးရန်အတွက် ကားဂိတ်သို့ သွားကြရပေလိမ့်မည်။

အဒေါ်စုက ခေါက်ဆွဲပန်းကန်ကို ကိုင်ထားရင်း ဇနီးမောင်နှံအသစ်၏ အိပ်ခန်းတံခါးကို လှမ်းကြည့်ကာ လော်ယွီရှို့ကို မေးလိုက်သည်။

“ သူတို့ကို အိပ်ခိုင်းထားတုန်းပဲလား၊ သတို့သမီးအသစ်ကို မနက်စာချက်ဖို့ ဘာလို့ သွားမနှိုးတာလဲ”

“ဘာလို့ နှိုးရမှာလဲ”

လော်ယွီရှို့က အဒေါ်စု၏ နှိုးဆွပေးမှုကို လုံးဝဂရုမစိုက်ဘဲ အိုးထဲကိုသာ စိုက်ကြည့်နေရင်း ပြောလာလေ၏။

“လူငယ်တွေဆိုတော့ နားနားနေနေ နေချင်ကြမှာပေါ့၊ ပြီးတော့ ဒါက လက်ထပ်ပြီး ပထမဆုံးနေ့ပဲလေ၊ ကျွန်မက အဲဒီလို ရက်စက်တဲ့ ယောက္ခမမျိုး အဖြစ်မခံနိုင်ဘူး”

ထိုသို့ပြောရင်းနှင့် သူမက အဒေါ်စုကို အထင်သေးစွာဖြင့် တစ်ချက်ကြည့်လိုက်လေ၏။

“ကျွန်မရဲ့သားက အိမ်ထောင်ကျသွားပြီဆိုတော့ ကျွန်မက အနားယူလို့ ရပြီ၊ နောက်ပိုင်းကျရင် မြေးလေးတွေ ချီဖို့ပဲ စောင့်ရတော့မှာ၊

ဒါပေမဲ့ အစ်မကတော့ ဆက်ပြီး အလုပ်ရှုပ်နေရဦးမှာပဲ၊ မူဝါဒသစ်တွေအကြောင်းကော ဘာကြားသေးလဲ၊

ဝေဖုန်းရဲ့ အသက်ကလည်း အတော်လေး ကြားညှပ်နေတဲ့ အရွယ်ဆိုတော့ သူ့ကို တကယ်ပဲ ကျေးလက်ဒေသကို ပို့တော့မှာလား”

အဒေါ်စု၏ အငယ်ဆုံးသား စုဝေ့ဖုန်းမှာ လီရှန်းနှင့် အသက်တူပြီး (၁၈)နှစ်သာ ရှိသေး၏။ သို့သော် ယခုအချိန်တွင် အမျိုးသားများအတွက် တရားဝင် အိမ်ထောင်ပြုနိုင်သည့် အသက်မှာ အသက်(20)ဖြစ်သောကြောင့် စုဝေ့ဖုန်းအနေဖြင့် လက်ထပ်ပြီး မြို့ပေါ်တွင် နေထိုင်နိုင်မည့်လမ်းမှာ ပိတ်ဆို့နေခဲ့ချေပြီ။

အကယ်၍ စုဝေ့ဖုန်းသာ မြို့ပေါ်တွင် ဆက်လက်နေထိုင်လိုပါက အလုပ်ဝယ်ရန် သို့မဟုတ် တစ်ကိုယ်တည်းနေ အဖိုးအဖွားတစ်ဦးဦး၏ မွေးစားခြင်းကို ခံယူရန်ဟူသော ရွေးချယ်စရာ နှစ်ခုသာ ရှိတော့သည်။

ပြဿနာမှာ အလုပ်အကိုင် ရှာဖွေရန် ခက်ခဲနေခြင်းဖြစ်ပြီး တစ်ကိုယ်တည်းနေ အဖိုးအဖွားများထံတွင် အမှီပြုရန်မှာ ပို၍ပင် ခက်ခဲပေသည်။

ဤကဲ့သို့ မွေးစားခြင်းမှာလည်း စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်၍ မရပါချေ။ အနည်းဆုံးတော့ အမျိုးအဆွေ တော်စပ်မှုက အတိုင်းအတာတစ်ခုအထိ ရှိနေရလိမ့်မည်။

ပြဿနာမှာ စုမိသားစုသည်က မျိုးဆက်သုံးဆက်လုံးတွင် တစ်ဆက်ထက် တစ်ဆက် ပို၍အစွမ်းအစရှိကြပြီး အိမ်ထောင်စုတိုင်းတွင်လည်း သားသမီးမြေးမြစ်များ များပြားလွန်းသောကြောင့် သူတို့ မွေးစားရန်အတွက် အထီးကျန်သည့် ဆွေမျိုးဟူ၍ မရှိသလောက်ပင်။

“ငါ့အိမ်ကို တစ်ခေါက်လောက် သွားကြည့်ရမယ်”

အငယ်ဆုံးသား၏အကြောင်းကို ပြောလိုက်သည်နှင့် အဒေါ်စုတစ်ယောက် စားချင်စိတ်ပင် ပျောက်ဆုံးသွားရတော့၏။

ဤခေါက်ဆွဲပန်းကန်မှာ ချောမွေ့နုညံ့သော ဂျုံသားဖြင့် ပြုလုပ်ထားရုံသာမက မွှေးကြိုင်သော ဝက်ဆီဖြင့်လည်း ဆမ်းထားသော်လည်း သူမက စားသောက်ရန် အာရုံမရနိုင်တော့ပါချေ။

“ငါ့မှာ ဦးလေးတစ်ယောက်ရှိတယ်၊ သူက ငယ်ငယ်တုန်းက ဂျပန်တွေရဲ့လက်ချက်နဲ့ ခြေထောက် ဒဏ်ရာရထားတာလေ၊ သူ့မှာ သားသမီးမရှိဘူး၊ ဝေဖုန်းကို သူ့ရဲ့ အိမ်ထောင်စုစာရင်းထဲမှာ သွားထည့်ဖို့ ငါ စဉ်းစားထားတယ်၊

အဆိုးဆုံးဖြစ်လာရင် ဝေဖုန်းက ဦးလေးရဲ့ အိုမင်းတဲ့အချိန်ကို ပြုစုပေးရုံပဲပေါ့”

ယခုအချိန်အထိ စကားမပြောဘဲ နေခဲ့သော ယောက်မဖြစ်သူက ဝင်ပြောလာသည်။

“ဒါဆိုရင်တော့ မြန်မြန်လုပ်မှ ဖြစ်မယ်၊ နင့်အမေဘက်က အမျိုးတွေထဲမှာလည်း တူတော်မောင်တွေ အများကြီး ရှိတာပဲမလား”

အဒေါ်စု၏ နှလုံးသားက ပို၍ပင် ခုန်သွားရပြီး အိမ်သို့ ပြန်လိုစိတ်က ပို၍ပင် ပြင်းပြလာတော့သည်။

သူမက ခေါက်ဆွဲကို နှစ်လုပ် သုံးလုပ်ဖြင့် အမြန်ကုန်အောင် စားလိုက်ပြီးနောက် စုဝေ့တုန်ကို အိမ်ပြန်ရန် အတင်းတိုက်တွန်းတော့၏။

စုဝေ့တုန်သည်ဘည်း မီးဖိုချောင်အတွင်းမှ စကားဝိုင်းကို ကြားနေရသောကြောင့် သူ၏ မျက်နှာအမူအရာက သိပ်မကောင်းလှပါချေ။ အဓိကအနေဖြင့် သူ၏သားကို တစ်ပါးသူထံ မွေးစားရန် မလိုလားခြင်းသာ ဖြစ်၏။

“သူ့ကို ကျေးလက်ဒေသကိုပဲ သွားခိုင်းလိုက်ရအောင်၊ လောကကြီးထဲက မိသားစုတွေအများကြီးလည်း ကျေးလက်ဒေသကို သွားနေကြတာပဲ၊ သူက ဘာလို့ မသွားနိုင်ရမှာလဲ”

သူသည်ကား သူ၏ ကိုယ်ပိုင်သားကို တစ်ပါးသူအား အဖေဟု ခေါ်ခိုင်းရမည်ထက် ကျေးလက်ဒေသသို့ အပို့ခံရသည့် ပညာတတ်လူငယ်တစ်ဦးသာ ဖြစ်သွားစေချင်သည်။

“သူသာ ကျေးလက်ဒေသကို သွားရရင် ပြည်နယ်မြို့တော်က အိမ်ထောင်စုစာရင်းကို ဆုံးရှုံးသွားမှာပေါ့၊ နောက်ပိုင်းရင် သူ့ကို ပြန်ခေါ်နိုင်မယ့် အစွမ်းအစမျိုး ရှင့်မှာ ရှိနေလို့လား”

အကယ်၍ စုဝေ့တုန်တွင်သာ ရွေးချယ်စရာ ရှိနေခဲ့ပါက သူ၏သားကို ကျေးလက်ဒေသသို့ ပို့ရန် စဉ်းစားမည်မဟုတ်ပါချေ။

*

All Chapters