← Chapters

အခန်း (၁၀၃)

Vol. 11 Ch. 103

အခန်း (၁၀၃)

Vol. 11 Ch. 103

“...မင်း ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့လို့ တော်သေးတာပေါ့၊ မဟုတ်ရင်တော့ မင်းအဖေ ပြန်ရောက်လာတဲ့အချိန် သေချာပေါက် ဒေါသထွက်မှာပဲ”

လော်ယွီရှို့အနေဖြင့် အခြေအနေများ မဆိုးဝါးသွားသည်ကို မြင်ရသောကြောင့် သက်ပြင်းချနိုင်ခဲ့သော်လည်း သူမ၏ ချွေးမကြီးအပေါ်တွင် အနည်းငယ် အလိုမကျမှုများ ရှိနေဆဲပင် ဖြစ်၏။

သို့ဖြစ်၍ သူမက လီရှန်း၏လက်ကို ပုတ်ကာ ဆိုလေသည်။

“သွားလေ.. နင့်ပစ္စည်းတွေ အရင်သွားသိမ်းလိုက်ဦး၊ ငါ မင်းရဲ့ယောက်မနဲ့ စကားပြောလိုက်ဦးမယ်”

လီရှန်း ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမ၏ ပစ္စည်းများကို ယူဆောင်ကာ စုဝေ့ချင်းနှင့်အတူ အခန်းထဲသို့ ပြန်ဝင်ခဲ့ကြသည်။

အခန်းထဲသို့ ရောက်သည်နှင့် လီရှန်းက သူမ၏ ရင်ဘတ်ကို ပုတ်ကာ ညည်းညူလိုက်မိ၏။

“ ကျွန်မတို့တွေ နောက်ကို သွားကြည့်လို့ မဖြစ်တော့ဘူး၊ မဟုတ်ရင်တော့ကျွန်မတို့တွေပါ ဆွဲသွင်းခံရလိမ့်မယ်”

“မင်း အတော်လေး ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တာပဲမလား”

သူမ၏ စိတ်ညစ်နေသော မျက်နှာအမူအရာကို မြင်ရသည့်အချိန်တွင် စုဝေ့ချင်းသည်လည်း မပြုံးဘဲ မနေနိုင်တော့ပါချေ။

မတိုင်ခင်တင် ယောက်မဖြစ်သူ၏ ရှေ့တွင် တည်ငြိမ်ရင့်ကျက်နေခဲ့သော သူမက ယခုအချိန်တွင်တော့ နှုတ်ခမ်းလေးစူကာ ထိတ်လန့်နေဆဲ ပုံစံလေး ဖြစ်နေခဲ့သည် မဟုတ်ပါလား။

“ရှင်က ကျွန်မကို လှောင်နေပြန်ပြီ”

လီရှန်း ချက်ချင်းပင် ပို၍ ဝမ်းနည်းသည့်အမူအရာ ပြလိုက်ပေသည်။

“ ကိုယ့်အမှားပါ၊ မင်းပြောချင်တာကို ကိုယ်နားမလည်ခဲ့လို့ ခြေတစ်လှမ်း နောက်ကျသွားပြီး အောင်အောင်မြင်မြင် မပုန်းခဲ့တာပဲ၊

စိတ်ချပါ ရဲဘော်လီရှန်း နောက်တစ်ခါ ဒီလိုအခြေအနေမျိုးနဲ့ ထပ်တိုးတာနဲ့ ကိုယ်က ပုန်းဖို့နေရာကောင်းတစ်ခုကို ချက်ချင်း ရှာဖွေပြီး အမြန်ဆုံး ပုန်းလိုက်ပါ့မယ်”

စုဝေ့ချင်းသည်လည်း တည်ကြည်သော မျက်နှာထားဖြင့် ပြောဆိုနေသော်လည်း သူ၏ မျက်ဝန်းများထဲမှ အပြုံးများကို ဖုံးကွယ်ထားရန် ခက်ခဲနေခဲ့ပေသည်။

လီရှန်း ဆွံ့အသွားရတော့၏။

ဤစကားလုံးများက စုဝေ့ယန်ထံမှ သင်ယူထားခြင်းများလား။

“အမေ ဒေါသထွက်နေလောက်မလားပဲ”

ခဏတာ ရယ်မောပြောဆိုပြီးနောက် လီရှန်း အပြင်ဘက်မှ အခြေအနေကို အနည်းငယ် စိုးရိမ်လာခဲ့သည်။

သူမဘက်မှ ကော်ချွေ့ဟွားကို ပြန်သွားအောင် ဖျောင်းဖျနိုင်ခဲ့သော်လည်း လော်ယွီရှို့နှင့် ဝူလီတို့ ထပ်မံ စကားများနေလောက်မည်လားမသိနိုင်ပေ။

မတိုင်ခင်က သူမ အဒေါ်မာကို ပြောခဲ့သော စကားများကို လူအများအပြား ကြားခဲ့ကြမှာ သေချာလှပေသည်။

တခြားသူများ ယုံသည်၊ မယုံသည်ကို သူမ ဂရုမစိုက်သော်လည်း သူမကို လှောင်စရာတစ်ခုအဖြစ် မြင်ကြမည်ကိုတော့ လုံးဝ ခွင့်မပြုနိုင်ပါချေ။

“အမေကတော့ သေချာပေါက် ဒေါသထွက်မှာပဲ”

ဤအကြောင်းကို ပြောလိုက်သည့်အချိန်တွင် စုဝေ့ချင်းသည်လည်း သက်ပြင်းမချဘဲ မနေနိုင်တော့ပါချေ။

“အမေက အော်ဟစ်လိုက်ရင် ဘာမှမဖြစ်ပေမဲ့ ဒေါသကို ရင်ထဲမှာ မြိုသိပ်ထားမှာကိုပဲ စိုးရိမ်တာ”

ပြီးခဲ့သည့်တစ်ခေါက်က သူမက အလွန်ဒေါသထွက်ခဲ့သောကြောင့် ပြည်နယ်မြို့တော်အထိ သွားရောက်ကာ စစ်ဆေးခဲ့ရသည် မဟုတ်ပါလား။

သူက လက်ကိုမြှောက်ကာ ဆံပင်များကို ဖွလိုက်ရင်း ပြောလာလေသည်။

“မင်း ပစ္စည်းတွေ အရင်သိမ်းထားလိုက်ဦး၊ ကိုယ် အပြင်ကိုထွက်ပြီး အစ်ကိုကြီးကို သွားရှာလိုက်ဦးမယ်”

လီရှန်း ခေါင်းညိတ်ပြလိုက်ပြီး စုဝေ့ချင်း ထွက်သွားပြီးမှ အဝတ်အစားများကို စတင်သိမ်းဆည်းတော့၏။

အပြင်ပလောကမှာ တည်ငြိမ်အေးချမ်းနေဆဲပင် ဖြစ်ချေသည်။

အဝတ်အစားများကို သိမ်းဆည်းပြီးနောက်တွင် လီရှန်း အပြင်သို့ ထွက်လာခဲ့လေ၏။ ဧည့်ခန်းထဲရှိ ထမင်းစားပွဲတွင် လော်ယွီရှို့နှင့် ဝူလီတို့နှစ်ယောက် ထိုင်ပြီး ဖက်ထုပ်များ လုပ်နေကြသည်ကို မြင်တွေ့လိုက်ရ၏။

လော်ယွီရှို့၏ မျက်နှာမှာ တည်ငြိမ်အေးစက်နေပြီး စကားတစ်ခွန်းမျှ မပြောဘဲ ရှိနေကာ ဝူလီ၏ မျက်လုံးများမှာအနည်းငယ် နီမြန်းနေခဲ့သည်။ သူမက ငိုထားသည်မှာ သိသာပေသည်။

“အမေ.. ဖက်ထုပ်လုပ်နေတာလား”

လီရှန်း မည်သည်ကိုမှမသိသကဲ့သို့ ဟန်ဆောင်ကာ အနားသို့ သွားလိုက်ပေသည်။

ဖက်ထုပ်ပြားများစွာ ကျန်ရှိနေသေးသည်ကို မြင်ရသည့်အတွက် သူမက အင်္ကျီလက်များကို ချက်ချင်း လိပ်တင်လိုက်၏။

“ကျွန်မ လက်သွားဆေးပြီးတာနဲ့ ချက်ချင်းလာကူလိုက်မယ်”

“ကောင်းပြီလေ”

လီရှန်း၏ တည်ငြိမ်သော အမူအရာကို မြင်ရသည့်အချိန်တွင် လော်ယွီရှို့အနေဖြင့် မပြုံးဘဲ မနေနိုင်တော့ပါချေ။

လီရှန်းက လက်ကို အမြန်ဆေးကြောပြီးနောက် ဝူလီ၏ ဘေးတွင် ဝင်ထိုင်ကာ ဖက်ထုပ်များကို စတင်လုပ်ဆောင်တော့သည်။

သူမ၏ လက်ရာမှာ ကျွမ်းကျင်လှပြီး သူမလုပ်သော ဖက်ထုပ်များမှာ အနားသတ်များ လှပကာ ဗိုက်ဖောင်းဖောင်းလေးများဖြစ်နေပြီး အရွယ်အစားချင်းလည်း တူညီနေကြသောကြောင့် အလွန်ပင် ချစ်စရာကောင်းနေခဲ့ပေသည်။

ဤလက်ရာကို မြင်လိုက်ရသည့်အချိန်တွင် စုဝေ့ချင်း တစ်ယောက် အပိုစကားများကို လျှောက်ပြောနေခဲ့ခြင်းဖြစ်ကြောင်း လော်ယွီရှို့ သိလိုက်ရတော့၏။

သူမက မနေနိုင်ဘဲ ပြစ်တင်ပြောဆိုလိုက်လေသည်။

“ဝေ့ချင်းက မင်းကိုဟင်းမချက်တတ်ဘူးလို့ ပြောခဲ့တာ၊ သူက ငါ့ကို လိမ်နေတာပဲ”

လီရှန်းသည်လည်း မင်္ဂလာဦးညတွင် စုဝေ့ချင်း သူမအား ‘သင်ကြား’ပေးခဲ့သည်များကို သတိရသွားကာ အမြန်ပင် ရှင်းပြလိုက်ရ၏။

“ကျွန်မက ဟင်းမချက်တတ်ဘူးလို့ တစ်ခါမှ မပြောခဲ့ပါဘူး၊ ဝေ့ချင်းက အထင်မှားသွားတာဖြစ်မယ်၊

ကျွန်မက အထက်တန်းကျောင်းတုန်းက သုံးနှစ်လုံးလုံး ထမင်းစားဆောင်မှာပဲ စားခဲ့တာဆိုတော့ ဝေ့ချင်းက ကျွန်မကို ဟင်းမချက်တတ်ဘူးလို့ ထင်သွားတာ”

ထို့ကြောင့် စုဝေ့ချင်းက တမင်သက်သက် လိမ်ညာနေခြင်း မဟုတ်ဘဲ အထင်မှားသွားခြင်း ဖြစ်ပေသည်။

“အဲဒါကို ငါသိပါတယ်၊ ဝေ့ချင်းက အဲဒီမှာ နှစ်နှစ်တောင် စားခဲ့ရတာလေ၊ သူ လတိုင်း ခွင့်ရက်နဲ့ အိမ်ကိုပြန်လာတိုင်း ၁၉၅၈ ခုနှစ်တွေက ငတ်မွတ်ခေါင်းပါးတဲ့ ခေတ်ကို ပြန်ရောက်သွားသလိုမျိုးကို သူ ခံစားနေရတာ”

ခရိုင်အထက်တန်းကျောင်း၏ ထမင်းစားဆောင်အကြောင်း ပြောလိုက်သည်နှင့် လော်ယွီရှို့က ဖြစ်ပျက်နေသည်ကို ချက်ချင်း သဘောပေါက်သွားတော့၏။

မည်သို့ပင်ဖြစ်စေ စုဝေ့ချင်းသည် ထိုနေရာတွင် နှစ်နှစ်တောင် စားသောက်ခဲ့ရသည် မဟုတ်ပါလာ့။

“သူ အိမ်ကိုပြန်လာတိုင်း ကျောင်းမှာ ဆက်မနေချင်တော့ဘူးလို့ ပြောပြီး သူ့ကို အိမ်မှာပဲ ပြန်နေခွင့်ပေးဖို့ ဆရာတွေကို သွားပြောခိုင်းတတ်တယ်၊

ဒါပေမဲ့ သူ့အဖေက ခွင့်မပြုဘူးလေ၊ ဒီတော့ သားအဖနှစ်ယောက် လတိုင်း စကားများကြရတာ”

စကားများတယ် ဟုတ်လား။

လီရှန်း အံ့အားသင့်သွားရကာ မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေမိ၏။

စုဝေ့ချင်း စကားများ ရန်ဖြစ်နေမည့် ပုံစံကို သူမ အမှန်တကယ်ပင် စိတ်ကူးကြည့်၍ မရပါချေ။

“ဝေ့ချင်းက စိတ်သဘောထား ကောင်းတဲ့ပုံရပေမဲ့ တကယ်တော့ သူက အရမ်းကို ခေါင်းမာတာ”

လော်ယွီရှို့က အတိတ်ကို ပြန်လည်တွေးတောမိလိုက်သည့်အချိန်တွင် စိတ်အနည်းငယ် ပေါ့ပါးသွားပုံရပြီး သူမ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

“သူ ကျောင်းပြီးတဲ့နှစ်မှာ သူ့အဖေက သူ့ကို ဆေးဝါးစက်ရုံဝင်ခွင့်စာမေးပွဲအတွက် စာကျက်စေချင်တာ၊

ဒါပေမဲ့ သူကတော့ ဆောင်းပါးတွေရေးပြီး မဂ္ဂဇင်းတိုက်တွေကို ပို့မယ်ဆိုပြီး ဇွတ်လုပ်နေတာလေ

သူ့အဖေ ဘယ်လောက်ပဲ ဒေါသထွက်ထွက် သူကတော့ မလှုပ်မယှက်ပဲ၊ တကယ်လို့ သူသာ မင်းကို မတွေ့ခဲ့ရင် အခုထိ အိမ်မှာပဲ ပက်လက်လှန်ပြီး နေဦးမှာ သေချာတယ်”

လီရှန်း ဤကိစ္စကို မသိရှိခဲ့ပါချေ။

သူမက အလျှင်အမြန်ပင် မေးမြန်းလိုက်၏။

“သူ ဆေးဝါးစက်ရုံထဲကို မဝင်ခင်တုန်းက အိမ်မှာ ဘာတွေလုပ်နေတာလဲ”

“ဆောင်းပါးတွေရေးတယ်၊ စာအုပ်တွေဖတ်တယ်၊ ပြီးတော့ အိမ်မှုကိစ္စလေးတွေ ကူလုပ်ပေးတတ်တယ်၊

တစ်ခါတလေ ငါနဲ့ သူ့အဖေ အလုပ်များနေရင် သူက ထမင်းချက်ပေးတတ်တယ်၊ ဒါပေမဲ့ သူ့ရဲ့ ဟင်းချက်လက်ရာကတော့..”

လော်ယွီရှို့က စုတ်နှစ်ချက်ခန့် သပ်လိုက်ပြီး ခေါင်းခါပြလာလေ၏။ သူမအနေဖြင့် ထိုလက်ရာကို အားမရသည်မှာ ထင်ရှားလွန်းပေသည်။

သူက ဟင်းချက်တတ်တာလား။

ဤဘက်ခေတ်ကာလတွင် ဟင်းချက်ဖို့ရန် ဆန္ဒရှိသည့်အမျိုးသားက ရှားပါးလွန်းသည် မဟုတ်ပါလား။

“ဘာပဲဖြစ်ဖြစ် စားပြီးရင်တော့ အသက်မသေပါဘူး”

အရသာကိုတော့ အများကြီး မျှော်လင့်မထားနဲ့။

လီရှန်း : “...”

လော်ယွီရှို့ ဆိုလိုသည့်အဓိပ္ပာယ်ကို သူမ ချက်ချင်းပင် သဘောပေါက်သွားရသည်။

“တကယ်လို့ ဟင်းချက်အကောင်းဆုံးလူကို ပြောရမယ်ဆိုရင်တော့ ဝေ့ယန်ပဲ၊ သူ စစ်တပ်ထဲ စဝင်တုန်းက တကယ့် ပြဿနာကောင်လေးလေ

အဲဒါနဲ့ သူ့ကို အပြစ်ပေးတဲ့အနေနဲ့ စားဖိုဆောင်ကို ပို့ပြီး ဝက်စာတစ်နှစ်လောက် ချက်ခိုင်းလိုက်တာ၊ညအဲဒီမှာတင် သူက ဟင်းချက်တာကို ကောင်းကောင်း တတ်မြောက်သွားတာပဲ”

လီရှန်း : “ဒါပေမဲ့ ဝေ့ချင်းပြောတာတော့ ဒုတိယအစ်ကိုက စကားပြောရတာကို မကြိုက်ဘူးဆို”

လော်ယွီရှို့၏ မျက်နှာအမူအရာက ချက်ချင်းပင် ထူးဆန်းသွားရ၏။

“သူက တကယ်ပဲ စကားပြောရတာ မကြိုက်တာ၊ သူ ငယ်ငယ်တုန်းကဆိုရင် ငါက စကားမပြောတတ်တဲ့ ကလေးတစ်ယောက်ကို မွေးထားမိတာလားလို့တောင် အမြဲတွေးခဲ့မိတာ”

အမေအရင်းကတောင် စကားမပြောတတ်သူလို့ ထင်မှတ်ရလောက်အောင် ဘယ်လောက်တောင် တိတ်ဆိတ်နေခဲ့တာလဲ။

“နောက်ပိုင်းမှ သိရတာက သူ သွားကျိုးနေတဲ့အချိန်တုန်းက သူ့ဝမ်းကွဲက သူ့ကို လှောင်ခဲ့လို့တဲ့လေ၊ အဲဒီအချိန်ကစပြီး သူ့ရဲ့ သွားအပေါက်လေးကို သူများတွေ မမြင်စေချင်လို့ သူက စကားသိပ်မပြောတော့တာ၊

ဘယ်သူက ထင်ထားမှာလဲ... ကြာလာတော့ အဲဒီစကားနည်းတဲ့ အကျင့်က အလေ့အကျင့်တစ်ခု ဖြစ်သွားတော့တာပဲ”

လော်ယွီရှို့က စုဝေ့ယန်အကြောင်း ပြောပြနေရင်းနှင့် သူမ၏ ဒုတိယချွေးမဖြစ်သူ ကျန့်ဝမ်ကျန်းအကြောင်းကိုလည်း ဖွင့်ဟလာခဲ့ပေသည်။

သူမ၏ ချွေးမအကြောင်း ပြောလိုက်သည့်အချိန် သူမ၏ မျက်နှာအမူအရာမှာ ပို၍ပင် ထူးဆန်းသွားရပြန်၏။

“...အဲဒီတုန်းက ဝမ်ကျန်းကို သူကိုယ်တိုင် ရွေးချယ်ခဲ့တာ၊ သူက ပြောချင်တဲ့စကားတွေကို စာအုပ်တစ်အုပ်ထဲမှာ ရေးပြီး ငါနဲ့ သူ့အဖေရှိတဲ့ အခန်းထဲလာပြီး ဖတ်ပြခဲ့တယ်၊

အဲဒီစာရဲ့ အဓိကအချက်ကတော့ သူ မိန်းကလေးတစ်ယောက်ကို သဘောကျနေပြီ၊ အဲဒီမိန်းကလေးနဲ့ ပျော်ရွှင်တဲ့ မိသားစုတစ်ခု တည်ထောင်ချင်တယ် ဆိုတာပဲ

ဘယ်သူက ထင်ထားမှာလဲ.. ဝမ်ကျန်းက သူထက်တောင် ပိုပြီး စကားနည်းနေခဲ့သေးတယ်၊

သူတို့နှစ်ယောက် လက်ထပ်ပြီးတဲ့နောက်မှာ တစ်ညလုံး နေလို့တောင် စကားတစ်ခွန်းလောက် ပြောသံကို မကြားခဲ့ရဘူး၊ ကြည့်ရတာ တကယ်ကို ရင်နာစရာပဲ”

လီရှန်း : “...”

ဤအကြောင်းကို ပြောလိုက်သည့်အချိန်တွင် လီရှန်းတစ်ယောက် အိပ်ချင်စိတ်ပင် ပျောက်ဆုံးသွားရတော့၏။

စုဝေ့ယန်နှင့် ကျန့်ဝမ်ကျန်းတို့၏ အချစ်ဇာတ်လမ်းမှာ အဆုံးမသတ်ဘဲ ကျန်ရစ်ခဲ့သော်လည်း ထိုစာမူထဲတွင်ပင် စကားလုံးပေါင်း တစ်သိန်းနီးပါး ပါဝင်နေခဲ့ပေသည်။

ဝတ္ထုထဲတွင် စုဝေ့ယန်၏ ဇာတ်ကောင်စရိုက်မှာ စကားနည်းသော်လည်း ခန့်ညားချောမော၍ တည်ငြိမ်သော စစ်ဗိုလ်တစ်ဦး ဖြစ်ချေသည်။

စစ်တပ်တွင် သူက စစ်သည်များ ယုံကြည်အားကိုးရသော တပ်ခွဲမှူးကောင်းတစ်ဦး ဖြစ်သကဲ့သို့ အိမ်တွင်လည်း အလုပ်ကို တိတ်တဆိတ် လုပ်ကိုင်ပေးပြီး ဇနီးသည်ကို အလိုလိုက်တတ်သော ခင်ပွန်းကောင်းတစ်ဦး ဖြစ်ပေသည်။

ကျန့်ဝမ်ကျန်းမှာတော့..

သူမက ခရုခွံထဲတွင် ပုန်းနေတတ်သည့် မိန်းကလေးမျိုးပင် ဖြစ်နေခဲ့သည်။

အပြင်ပန်းတွင် အေးစက်ပြီး မာကြောပုံရသော်လည်း အမှန်တကယ်တမ်းတွင် နှလုံးသား နူးညံ့ပြီး သိမ်မွေ့လှပသော အလှလေးတစ်ယောက်သာ ဖြစ်ပေသည်။

*

All Chapters