အခန်း (၁၁၂)
Vol. 12 Ch. 112
အခန်း(112)
စုဝေ့ချင်းအနေဖြင့် ထိုအကြောင်းများကို ပထမဆုံးအကြိမ် ကြားသိရခြင်းဖြစ်သောကြောင့် ထိုအချိန်က အခြေအနေများကို ချက်ချင်းပင် မေးမြန်းခဲ့လေသည်။
စုဝေ့ဟိုင်အနေဖြင့်လည်း စုဝေ့ယန် ဒဏ်ရာရရှိခဲ့သည်ဟူသောအချက်ကိုသာ သိရှိပြီး အသေးစိတ်အချက်အလက်များကိုတော့ မသိရှိပါချေ။
စစ်တပ်တွင် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်းဆိုင်ရာ စည်းမျဉ်းများ ရှိနေသောကြောင့် သူ့ဘက်မှ မေးမြန်းခဲ့လျှင်ပင် စူးဝေ့ယန်က ပြောပြလိမ့်မည် မဟုတ်ပေ။
“ဘာမှမဖြစ်ခဲ့လို့ တော်သေးတာပေါ့၊ တကယ်လို့ တစ်ခုခုသာ မှားယွင်းသွားခဲ့ရင် ကျွန်တော့်ရဲ့ မရီးနဲ့ တူလေးတို့ ဘယ်လိုဖြစ်သွားကြမလဲ”
စုဝေ့ချင်းတစ်ယောက် ထိတ်လန့်တုန်လှုပ်မှုများနှင့် သက်ပြင်းချလိုက်မိသည်။
စုဝေ့ယန် မတော်တဆဖြစ်ပြီးနောက် ကျန်ရှိသော မိသားစုဝင်များ၏ အခြေအနေကို တွေးတောကြည့်ရုံမျှဖြင့် စုဝေ့ချင်း၏ စိတ်နှလုံးတို့က လေးလံသွားရပေသည်။
ဤသို့ တွေးမိလိုက်သည်နှင့် စုဝေ့ချင်းတစ်ယောက် လီရှန်းက အဘယ်ကြောင့် ချုံကျိုးသို့ သွားရန် သဘောတူခဲ့သည်ကို ချက်ချင်းပင် နားလည်သွားခဲ့ရလေသည်။
သူသည် လီရှန်း၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်လေ၏။
“မင်း ချုံကျိုးကို သွားတဲ့အချိန် ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ဂရုစိုက်ဖို့ မမေ့နဲ့ဦးနော် .. အဲဒီက ရာသီဥတုက ကိုယ်တို့ဘက်နဲ့ အတော်လေး ကွာခြားတယ်”
“ဒါဆို ကျွန်မတို့တွေ ဇာတိမြေက မြေကြီးတွေကို ပုလင်းထဲကို ထည့်ယူသွားရမှာပဲ.. တကယ်လို့ ရေမြေမတည့်လို့ ဖျားနာခဲ့ရင် အဲဒီမြေကြီးကို ရေထဲစိမ်ပြီး သောက်လိုက်မယ်လေ”
ဤသည်မှာ ရေမြေမတည့်ခြင်း ပြဿနာများအတွက် ရှေးခေတ်ရိုးရာကုထုံးတစ်ခုပင် ဖြစ်ပေသည်။
သိပ္ပံနည်းကျ အခြေခံမရှိဟု ဆိုလျှင်ပင် ဇာတိမြေမှ မြေကြီးဖြင့်စိမ်ထားသော ရေကို သောက်လိုက်ပါက ရေမြေမတည့်သည့် လက္ခဏာများ လွယ်ကူစွာ ပျောက်ကင်းသွားတတ်သည်။ ဤသည်က အလွန်ပင် ထူးဆန်းအံ့ဩဖွယ် ကောင်းသောအချက်ပင်။
စုဝေ့ချင်းက အလျင်အမြန် ခေါင်းညိတ်လိုက်လေ၏။
“ကိုယ် မင်းအတွက် သန့်ရှင်းတဲ့ မြေကြီးနည်းနည်းလောက် သွားရှာပေးမယ်”
စုဝေ့ဟိုင်သည်ကား သူ အမှန်တကယ်ပင် အိုမင်းလာပြီဖြစ်ကြောင်းကို ခံစားလိုက်ရလေ၏။
ဤလူငယ်များက အမှန်အတိုင်း ပြောနေကြခြင်းလား သို့မဟုတ် နောက်ပြောင်နေကြခြင်းလားဟူသည်ကို ခွဲခြား၍ မသိနိုင်တော့ပါချေ။
လော်ယွီရှို့က မင်္ဂလာဆောင်မည့်ကိစ္စကိုသာ တတွတ်တွတ် ပြောဆိုနေဆဲဖြစ်သောကြောင့် စုဝေ့မင်တစ်ယောက် စောင့်ဆိုင်းနေရင်း စိတ်မရှည်ဖြစ်လာခဲ့ပြီး ပြောလာခဲ့သည်။
“မြန်မြန်လုပ်လေ”
သူသည်လည်း ဖုန်းပြောချင်နေပေပြီ။
“အိုက်ယား.. လောင်လော်.. ပါးစပ်ကို နည်းနည်းလောက် ထိန်းထားစမ်းပါ.. ဒီဖုန်းခေါ်ဆိုခက ဘယ်လောက်တောင် ဈေးကြီးလဲ၊ ငါတို့ရဲ့ စက်ရုံဒုတိယညွှန်ကြားရေးမှူးစုတောင်မှ ဒီငွေကို သုံးဖို့ နှမြောနေပြီ”
ဖုန်းဖြေရန် စောင့်ဆိုင်းနေသော အဒေါ်မာက စနောက်ပြောဆိုလိုက်လေသည်။
ဖုန်းတစ်ဖက်မှ စုဝေ့ဖင်းက တစ်စုံတစ်ခုကို ပြောဆိုလိုက်ပြီးနောက် လော်ယွီရှို့မှ ဖုန်းကို စုဝေ့မင်အား ပေးလိုက်ပြီး အဒေါ်ကြီးမာဘက်သို့ လှည့်၍ မေးလိုက်သည်။
“တာ့မာ... နင်လည်း ဖုန်းဖြေဖို့ စောင့်နေတာလား၊ ငါ့ရဲ့ ဝေ့ချင်း စကားအရဆို နင်တို့ရဲ့ ချန်ကျိလည်း မင်္ဂလာဆောင်တော့မယ်ဆို.. ရက်သတ်မှတ်ပြီးပြီလား?”
အဒေါ်မာ : “...”
ဒီသားအမိနှစ်ယောက်က ဘာဖြစ်နေကြတာလဲ။
ဘာလို့ အမြဲတမ်း လူတွေရဲ့ ရင်ဘတ်ကို ဓားနှင့်ထိုးတဲ့ စကားမျိုးကိုပဲ ပြောနေကြရတာလဲ။
လော်ယွီရှို့တစ်ယောက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အောင်နိုင်သူတစ်ဦးကဲ့သို့ အထဲမှ ထွက်လာကာ စုဝေ့ချင်းအား လက်ယပ်ခေါ်လိုက်လေသည် ။
“ဝေ့ချင်း... မြန်မြန် အထဲကိုဝင်သွားဦး၊ မင်းရဲ့ ဒုတိယအစ်ကိုက ခဏနေရင် မင်းနဲ့ စကားပြောချင်တယ်တဲ့”
ထိုကြေကွဲဖွယ် သတင်းကို ကြားလိုက်ရသည့်အခိုက်တွင် စုဝေ့ချင်း လုံးဝ စိတ်ဓာတ်ကျသွားရလေတော့သည်။
ထိုစကားနည်းသော လူမှာ လူချင်းမျက်နှာချင်းဆိုင် တွေ့လျှင်ပင် စကားကောင်းကောင်း မပြောနိုင်ပါချေ။ ဖုန်းထဲတွင်ရောက်နေချိန် စကားလုံးမည်မျှ များများ ပြောနိုင်ပါမည်နည်း။
လော်ယွီရှို့သည်က စုဝေ့ချင်း၏ ဝမ်းနည်းပူဆွေးနေသော မျက်နှာကို လျစ်လျူရှုပြီး လီရှန်းအား စကားပြောရန် ဘေးသို့ ဆွဲခေါ်သွားခဲ့လေသည်။
စုဝေ့ဖင်းက မင်္ဂလာဆောင်တော့မည်ဖြစ်၍ မိခင်ဖြစ်သူအနေဖြင့် သေချာပေါက် ကိုယ်တိုင်သွားရောက်ရပေမည်။ စုဝေ့ဟိုင် ပြောသကဲ့သို့ပင် အသက် (23)နှစ်အရွယ်ဖြင့် တပ်ရင်းမှူးတစ်ဦးဖြစ်လာသည်ဆိုပါက အန္တရာယ်ရှိသော တာဝန်များကို သေချာပေါက် များစွာ ထမ်းဆောင်ခဲ့ရပေလိမ့်မည်။
ကြီးမားသော အာဏာကိုရရှိရန်အတွက် ကြီးမားသော တာဝန်ဝတ္တရားများလည်း ပါဝင်လာတတ်သည်ပင်။
စုဝေ့ဖင်း မင်္ဂလာမဆောင်ရသေးမီကတည်းက လော်ယွီရှို့အနေဖြင့် သမီးဖြစ်သူ၏ အနာဂတ်အတွက် စတင်စိုးရိမ်နေမိချေပြီ။
ဝူလီကတော့ စိုးရိမ်တကြီးဖြင့် ဘေးတွင် ရပ်နေခဲ့ပေသည်။
စုဝေ့ဟိုင်မှာလည်း ကလေးနှစ်ဦးနှင့် ကစားနေခြင်းဖြင့်သာ အာရုံရောက်နေပြီး စိတ်လှုပ်ရှားသည့်အခြေအနေမျိုးမရှိပါချေ။
သူမသည် မနေနိုင်ဘဲ ကိုယ်ကိုကိုင်းလျက်မေးမြန်းလိုက်၏။
“ဝေ့ဟိုင်၊ ရှင် ဘာလို့ ဝေ့ဖင်းနဲ့ သွားပြီး စကားမပြောတာလဲ”
“ဝေ့ဖင်းက အငယ်ဆုံးနဲ့ ပိုပြီး ရင်းနှီးတာလေ၊ ဒါကြောင့် ငါ မသွားတော့ဘူး.. အဲဒီကောင်မလေးက ငါ့ကို ကြောက်တတ်တယ်”
စုဝေ့ဟိုင်နှင့် စုဝေ့ဖင်းတို့မှာ ရှစ်နှစ်မျှ ကွာခြားကြလေသည်။ စုဝေ့ဟိုင် မူလတန်းတက်နေချိန်မှသာ စုဝေ့ဖင်းကို မွေးဖွားခဲ့သည်။
ထို့အပြင် စုဝေ့ဟိုင်မှာ ထူးချွန်သော ကျောင်းသားတစ်ဦးဖြစ်ပြီး နေ့စဉ်နေ့တိုင်း စာဖတ်ခြင်း သို့မဟုတ် စာဖတ်ရန် သွားနေခြင်းဖြင့်သာ အချိန်ကုန်လေ့ရှိသူဖြစ်ချေသည်။
သို့ဖြစ်၍ အသက်အရွယ် နီးကပ်ပြီး တက်ကြွသော နှစ်ယောက်လုံးကိုယ်ရည်ကိုယ်သွေးရှိနေခဲ့သည့်အတွက် စုဝေ့ချင်းနှင့် စုဝေ့ဖင်းတို့ကသာ ပို၍ အလွယ်တကူပေါင်းသင်းနိုင်ခဲ့သည်။
ဝူလီက စိတ်ထဲမှ ရေရွတ်လိုက်သည်။
‘ကျွန်မက ရှင့်အတွက် ပြောနေတာ မဟုတ်ဘူး၊ ကိုယ့်ဘာသာကိုယ် ပြောနေတာ!’
“ကျွန်မ ခုနက ကြားလိုက်တာတော့ အမေက တတိယောက်မကို ချုံကျိုးဆီကို ခေါ်သွားမလို့ဆို.. အဲဒီအစား သူမရဲ့ အစ်မဖြစ်တဲ့ ကျွန်မကို ခေါ်သွားသင့်တာ မဟုတ်ဘူးလား”
“တတိယခယ်မရဲ့ ဒုတိယဦးလေးက ချုံကျိုးစစ်ဌာနချုပ်မှာ တပ်ရင်းမှူးတစ်ယောက်လေ၊ ဒါကြောင့် သူမက အဲဒီကို ဆွေမျိုးအဖြစ် လည်ပတ်ဖို့ သွားလို့ရတယ်”
ဝူလီ : “...”
ဒါဆို ရှင်လည်း စူးဝေ့ယန်အတွက် အဆက်အသွယ်တွေ တည်ဆောက်ပေးဖို့ ကူညီပေးနိုင်တယ်လေ!
ဆိုရလျှင် ဇနီးသည်ဘက်မှ မိသားစု၏ အထောက်အပံ့ ရှိနေခြင်းက ကွာခြားချက်တစ်ခုကို ဖြစ်ပေါ်စေပေသည်။ ခင်ပွန်းသည်ဘက်မှ မိသားစုကလည်း ထိုချွေးမအပေါ် လေးစားမှုကို ပို၍ပေးလာကြပေလိမ့်မည်။
မျှော်လင့်ထားသည့်အတိုင်းပင်။ စုဝေ့ဟိုင်အား မည်သည့်အကူအညီကိုမှ မပေးနိုင်သော သူမကဲ့သို့သော ချွေးမမျိုးကို မည်သူမျှ အသိအမှတ်ပြုလိမ့်မည် မဟုတ်ပါချေ။
သူမ၏ ယောက်မဖြစ်သူ မင်္ဂလာဆောင်ကဲ့သို့သော အရေးကြီးသည့် ကိစ္စမျိုးတွင်ပင် ယောက္ခမဖြစ်သူအနေဖြင့် အကြီးဆုံးချွေးမဖြစ်သော သူမနှင့် တိုင်ပင်ဆွေးနွေးရန် စိတ်ကူးပင် မရှိခဲ့ပါချေ။
ထိုသို့ပြုလုပ်မည့်အစား အငယ်ဆုံးချွေးမနှင့်သာ တီးတိုးပြော၍ တိုင်ပင်နေခဲ့ပေသည်။
စိတ်သဘောထား ကျဉ်းမြောင်းတတ်သော ဝူလီအနေဖြင့် နောက်တစ်ကြိမ် မနာလိုစိတ်များဖြင့် စိတ်မသက်မသာ ဖြစ်နေခဲ့ရပြန်သည်။
သို့သော် သူမအနေဖြင့် စိတ်ထဲ၌သာ ခါးသီးမှုကို ခံစားနိုင်ပြီး အပြင်ပန်းတွင်တော့ မည်သည့်စကားကိုမျှ မပြောရဲဘဲ ပြုံးပြနေခဲ့ရုံသာ တတ်နိုင်ရှာပေသည်။
စုဝေ့မင် စကားပြောပြီးနောက်တွင် စုဝေ့ချင်း၏ အလှည့်သို့ ရောက်ရှိလာခဲ့၏။ သူ ဖုန်းကို လက်ခံရရှိသည်နှင့်တစ်ဖက်မှ စုဝေ့ဖင်း၏ တက်ကြွသော အသံကို ကြားလိုက်ရလေသည်။
“တတိယအစ်ကို.. ခဏလောက် စောင့်ဦးနော်၊ ဒုတိယအစ်ကိုက အစ်ကိုနဲ့ စကားပြောချင်လို့တဲ့”
စုဝေ့ချင်း တုံ့ပြန်ရန် အချိန်မရမီမှာပင် သူမက ဘေးဘက်၌ရပ်နေသော စုဝေ့ယန်အား ဖုန်းကို ပေးလိုက်လေတော့သည်။
စုဝေ့ချင်း :“...”
စုဝေ့ယန် - : “...”
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စုဝေ့ယန်က မေးမြန်းလိုက်၏။
“အိမ်မှာ အားလုံးပဲ... အဆင်ပြေကြရဲ့လား?”
စုဝေ့ချင်း : “အဆင်ပြေပါတယ်”
စုဝေ့ယန် : “အဆင်ပြေရင် ပြီးတာပါပဲ မင်္ဂလာပွဲအတွက် ဂုဏ်ယူပါတယ်”
“ကျေးဇူးတင်ပါတယ်”
စုဝေ့ချင်း စကားလုံးများ ရှာမရ ဖြစ်နေမိပြီး ခဏကြာမှပြန်လည်ပြောဆိုလိုက်ရလေသည်။
“ပြီးတော့... ဒုတိယအစ်ကို အဖေတစ်ယောက် ဖြစ်လာတော့မယ့်အတွက်လည်း ဂုဏ်ယူပါတယ်”
စုဝေ့ယန် :“မင်းလည်း အတူတူပါပဲ”
စူးဝေ့ချင်း : “...”
ဒုတိယအစ်ကို ဘာကို ဂုဏ်ယူနေတာလဲ!
ကျွန်တော် လက်ထပ်ခဲ့တာက တစ်ပတ်တောင် မပြည့်သေးဘူးလေ!
သို့သော် သူ့အနေဖြင့် ကျိန်းမောင်းပြောဆိုခြင်းမျိုး မပြုရဲပါချေ။
အဘယ်ကြောင့်ဆိုသော် သူ၏ ဒုတိယအစ်ကိုမှာ သူ့အား ပြန်လည်ကျိန်းမောင်းမည့်သူမျိုး မဟုတ်ပေ။ ထို့အစား ဆွေမျိုးများပြန်လည်လည်ပတ်သည့် အချိန်ကျမှသာ သူ့အား အသေအလဲ ထိုးနှက်ပေးမည့်သူမျိုး ဖြစ်ပေ၏။
စုဝေ့ချင်း : “ကျွန်တော့်ဇနီးရဲ့ ဒုတိယဦးလေးက ကျန်းရိပင်းတဲ့၊ အစ်ကိုတို့ စစ်တပ်ထဲက တပ်ရင်းမှူးလေ.. အစ်ကို သူ့ကို သိလား”
စုဝေ့ယန် : “ငါ သိတယ် လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်ကပဲ ရဲဘော်ကွမ်း(ကျန်းရိပင်းရဲ့ဇနီး)က ဝမ်ကျန့်ဆီကို လာလည်သေးတယ်”
“ဒါဆို နှစ်သစ်ကူးပြီးတာနဲ့ သူတို့ဆီကို ပို့ဖို့အတွက် လက်ဆောင်ပစ္စည်းတွေ ပြင်ဆင်ပေးပါဦး.. ကျွန်တော်နဲ့ ရှန်းရှန်းတို့ဘက်က ပေးတဲ့ နှစ်သစ်ကူး နှုတ်ဆက် လက်ဆောင်လို့ပဲ ”
စစ်တပ်ထဲ၌ ဆွေမျိုးများ ရှိနေသည်ဖြစ်ရာ စုဝေ့ချင်းအနေဖြင့် ဝတ္တရားကို ကျေပွန်မည့် အပြုအမူများကို ပြုလုပ်ရန် လိုအပ်သေးသည်။
ထို့အပြင် လီရှန်းအနေဖြင့် နှစ်သစ်ကူးပြီးနောက် ချုံကျိုးသို့ သွားမည်ဖြစ်၍ သူမ၏ ဒုတိယဦးလေးအပေါ် ကောင်းမွန်သော အထင်အမြင်ရှိစေရန် ကြိုတင်စီစဉ်ထားရမည် မဟုတ်ပါလား။
ဤကဲ့သို့သော အကြံပေးစကားများကို ကြားလျှင် စုဝေ့ယန်တစ်ယောက် ထူးဆန်းသော စိတ်သက်သာရာရမှုမျိုးကို ခံစားလိုက်ရလေသည်။
ဆိုရလျှင် တစ်ခါမျှ အရွယ်မရောက်ခဲ့ဖူးသော ကလေးတစ်ဦးက သူ မမြင်နိုင်သော နေရာတစ်ခုတွင် အရွယ်ရောက်ကြီးပြင်းလာခဲ့သကဲ့သို့ပင် ဖြစ်ပေသည်။
ထို့ကြောင့် သူ၏ အသံမှာ ရုတ်တရက် အလွန်ပင် နွေးထွေးသွားခဲ့ရလေသည် ။
“ကောင်းပြီ၊ ငါ နားလည်ပြီ.. မင်းရဲ့ မရီးကို သေသေချာချာ ပြင်ဆင်ထားဖို့ ငါ ပြောလိုက်ပါ့မယ်”
စုဝေ့ချင်းတစ်ယောက် ကျောချမ်းသွားရသည်။
“ကျေးဇူးပြုပြီး ပုံမှန်အတိုင်းပဲ ပြောပေးပါလား!”
သူ စိတ်ထဲမှ အော်ဟစ်နေမိခဲ့သည်။
*