အခန်း (၁၁၃)
Vol. 12 Ch. 113
အခန်း(113)
စုဝေ့ယန်ကတော့ စုဝေ့ချင်း ခံစားနေရသည့် စိတ်လှုပ်ရှားမှုများကို မသိရှိဘဲ ဖုန်းချပြီးနောက် စိတ်ကျေနပ်စွာဖြင့် အိမ်သို့ ပြန်လာခဲ့လေသည်။
အိမ်သို့ရောက်လျှင် သူက ကျန်းဝမ်ကျန့်ကို ဘေးသို့ ဆွဲခေါ်ကာ သက်ပြင်းချလျက် ပြောလာခဲ့သည်။
“ဝေ့ချင်းက တကယ်ကို အရွယ်ရောက်သွားပြီ.. ကိုယ် ဒါကို အတော်လေး အဆင်မပြေဖြစ်သလို ခံစားမိတယ်”
ကျန်းဝမ်ကျန့် : “...သူက အမြဲတမ်း အဆင်ပြေနေတာပဲလေ”
“ကိုယ်လည်း အဲဒီလိုထင်တာပဲ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူ လုပ်ခဲ့တာတွေက တကယ်ကို လွန်လွန်းတယ်.. ကိုယ်အဖေနဲ့ အမေ့ကို အဲဒီကလေးကို ချုံကျိုးဆီ ပို့လိုက်ဖို့ ပြောခဲ့ပေမဲ့ သူတို့က သူ့ကို မလွှတ်ချင်ကြဘူးလေ”
စုဝေ့ယန်သည် သက်ပြင်းချကာ ခေါင်းခါလျက် စိတ်ထဲမှ တွေးတောနေမိလေသည်။
တကယ်၍ သူတို့ကသာ သူ၏ မိဘအရင်းများ မဟုတ်ခဲ့လျှင်၊ အလိုလိုက်လွန်းသော မိခင်က သားကို ပျက်စီးစေသည်ဟု သူ သေချာပေါက် ပြောမိပေလိမ့်မည်။
ကျန်းဝမ်ကျန့်က သက်ပြင်းချလျက် စုဝေ့ယန်၏ ပုခုံးကို အသာအယာ ပုတ်ပေးလိုက်လေသည်။
သူမ၏ ယခင်ဘဝက ဤအမျိုးသားမှာ ရေခဲတုံးတစ်ခုကဲ့သို့ အေးစက်ပြီး စကားနည်းသူအဖြစ် အမြဲတမ်း ထင်မှတ်ခဲ့ဖူးသည်။
ထို့ကြောင့် သူမအား အနားသို့ပင် မကပ်ရဲအောင် ဖြစ်စေခဲ့၏။
သို့သော် ဤဘဝတွင်တော့ သူမ ကိုယ်တိုင် အစပျိုးကာ သူ၏ နှလုံးသားဆီသို့ ချဉ်းကပ်ရန် ကြိုးစားခဲ့သောကြောင့် ဤအမျိုးသားမှာ အပြင်ဘက်နှင့် အတွင်းစိတ်က အလွန်ပင် ကွာခြားလွန်းပြီး မျက်နှာနှစ်မျိုး ရှိနေကြောင်းကို ရှာဖွေတွေ့ရှိခဲ့ရလေသည်။
အနည်းဆုံး သူမ၏ အတိတ်ဘဝတွင်စုဝေ့ယန်ဆိုသည့်အမျိုးသားမှာ စုဝေ့ချင်း၏အကြောင်းကို ပြောသည့်အချိန်တိုင်း စကားများတတ်သူတစ်ဦး ဖြစ်လာကြောင်းကို သူမ မသိရှိခဲ့ပါချေ။
လွန်ခဲ့သော လများအတွင်း စုဝေ့ချင်းက သူမနှင့် စုဝေ့ယန်တို့ကြားရှိ ပေါင်းကူးတံတားတစ်ခုကဲ့သို့ သူမ၏ စကားဝိုင်းကို အစပြုရာ ဖြစ်လာခဲ့လေ့ရှိသည်။
သူမ စုဝေ့ချင်းအပေါ် အမှန်တကယ်ပင် ကျေးဇူးတင်မိသည်ဖြစ်၍ စုဝေ့ချင်းက သူမအား ပေးအပ်သော တာဝန်များကိုလည်း အလေးအနက် ထားပေသည်။
“အိမ်မှာ အရင်က ဝယ်ထားတဲ့ နှစ်သစ်ကူးပစ္စည်းတွေ ရှိနေသေးတာပဲ.. အစကတော့ ကျန်းမိသားစုရောက်လာတဲ့အချိန်မှာ ဧည့်ခံကျွေးမွေးဖို့ ရည်ရွယ်ထားတာ..
အခုတော့ အဲဒါတွေကို တပ်ရင်းမှူးကျန်းနဲ့ အစ်မကွမ်း... မဟုတ်သေးဘူး၊ ဒေါ်လေးကွမ်းကို လက်ဆောင်ပေးဖို့အတွက်ပဲ သုံးလိုက်ကြတာပေါ့”
“ဒါနဲ့ သူ့ရဲ့အမေက ဘယ်တော့လောက်ကို ရောက်လာမယ်လို့ ကျန်းကျိ ပြောလိုက်သေးလဲ”
စုဝေ့ယန်က စုဝေ့ဖင်းအား မေးမြန်းလိုက်၏။
“သူတို့က နှစ်သစ်ကူး ရှစ်ရက်နေ့ကျမှ ထွက်ကြမှာဆိုတော့ အစောဆုံး (11) ရက်နေ့လောက်မှ ရောက်မယ်ထင်တယ်”
ကျန်းမိသားစုက ဝေးလံလွန်းသော မြို့တော်တွင် နေထိုင်ကြခြင်း ဖြစ်ပေသည်။ ကျန်းကျိ၏ဖခင်က ရာထူးကြီးမြင့်သူတစ်ဦး ဖြစ်သည့်အလျောက် ခရီးသွားလာရန် မလွယ်ကူလှပါချေ။
သို့ဖြစ်၍ ယခုအကြိမ်တွင် သူ၏မိခင်နှင့် မရီးဖြစ်သူတို့ကသာ အတူလာရောက်ကြပေလိမ့်မည်။
စုဝေ့ဖင်းအနေဖြင့် မူလက အနည်းငယ် စိုးရိမ်နေခဲ့၏။
ဆိုရလျှင် စုဝေ့ယန်နှင့် သူ၏ဇနီးဖြစ်သူတို့တို့ အပြင်ဘက်တွင် အလွန်ပင် စကားနည်းပြီး ငြိမ်သက်လွန်းကြသည်ပင်။
ယခုအချိန်တွင်တော့ ရဲဘော်လော်ယွီရှို့က လာရောက်တော့မည်ဖြစ်၍ သူမအနေဖြင့် နောက်ဆုံးတွင် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့ချေပြီ။
သို့သော်လည်း...
“ကျွန်မရဲ့ တတိယမရီးက ဘယ်လိုလူမျိုး ဖြစ်မလဲဆိုတာ သိချင်မိတယ်”
စုဝေ့ဖင်းက စုစမ်းလိုစိတ်တို့ဖြင့် မေးမြန်းလိုက်လေသည်။
သူမ၏ မှတ်ဉာဏ်ထဲမှ စုဝေ့ချင်းမှာ ပျင်းရိပြီး စိတ်သဘောထားကောင်းသူတစ်ဦး ဖြစ်ပေသည်။ သူက အလွန်ထက်မြက်သော ဦးနှောက်ရှိနေသော်လည်း ကြိုးစားအားထုတ်ရန် ငြင်းဆန်ခဲ့သူ ဖြစ်၏။
သူမ ဤလောကသို့ ကူးပြောင်းရောက်ရှိလာချိန်တွင် စုဝေ့ချင်းက မိဘများကိုသာ မှီခိုနေဆဲဖြစ်သည့်အတွက် အမြဲတမ်း ကြိုးစားအားထုတ်လိုသော သူမအနေဖြင်် ထိုအချက်ကို ကြည့်မရခဲ့ပါချေ။
သို့သော်လည်း သူမ၏ပုံရိပ်ကို မထိခိုက်စေရန် အသည်းအသန် သည်းခံခဲ့ရလေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က စုဝေ့ချင်းတစ်ယောက် လက်ထပ်နိုင်ရန်အတွက် ဆေးဝါးစက်ရုံသို့ အသည်းအသန် ကြိုးစားဝင်ရောက်ခဲ့သည်ဟူသော သတင်းကို အိမ်မှ ဖုန်းဆက်၍ပြောလာခဲ့ပေသည်။
ထို့ကြောင့် စုဝေ့ချင်းအား ဤမျှအထိ တက်ကြွလာအောင် စွမ်းဆောင်နိုင်သည့် အမျိုးသမီးအပေါ် စုဝေ့ဖင်း အမှန်တကယ်ပင် စပ်စုလိုစိတ် ဖြစ်ပေါ်နေမိသည်။
ပျင်းရိသောသူတစ်ဦးကို ကြိုးစားသူတစ်ဦးဖြစ်အောင် ပြောင်းလဲပေးနိုင်သည်ံအမျိုးသမီးတွင် မည်မျှအထိ ဆွဲဆောင်မှုရှိသော အစွမ်းမျိုးရှိနေပါသနည်း။
“သူမကတော့ သေချာပေါက် အလှလေးပဲ ဖြစ်ရမယ်”
စုဝေ့ဖင်းက ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
ကျန်းဝမ်ကျန့်သည်လည်း အလွန်ပင် စပ်စုချင်နေမိ၏။
သူမ၏ အတိတ်ဘဝက စုဝေ့ယန်၏ ပစ္စည်းများကို လာရောက်သိမ်းဆည်းရန် စစ်တပ်သို့ ရောက်ရှိလာချိန်တွင် စုဝေ့ချင်းက ပိုင်မားခရိုင်၏ အဝေးမှ ကျေးလက်ဒေသသို့ ပို့ဆောင်ခံထားရပြီးဖြစ်၍ မိသားစုနှင့် ဆက်သွယ်ရန်ပင် ခက်ခဲနေခဲ့ပေသည်။
သူမ၏ မှတ်ဉာဏ်ထဲတွင် ယောက္ခမဖြစ်သူမှာ သူမ၏ မတ်လေးအကြောင်းကို ပြောတိုင်း ငိုကြွေးလေ့ရှိပြီး ယောက္ခမ(ထီး)အပေါ်ကိုလည်း အလွန်ပင် စိတ်ဆိုးနေခဲ့၏။
အကယ်၍သာ ယောက္ခမ(ထီး)က စက်ရုံ၏ အလုပ်ခေါ်ယူမှု စည်းမျဉ်းများကို မပြောင်းလဲခဲ့လျှင် သူမ၏အလုပ်ကို ထိုမတ်လေးအား ပေးအပ်နိုင်မည်ဖြစ်ပြီး သူ ကျေးလက်သို့ သွားရမှုကို တားဆီးနိုင်ခဲ့လိမ့်မည်ဟု သူမက ယူဆနေခဲ့သည်။
စုဝေ့ဖင်းသည်လည်း ချုံကျိုးသို့ မလာနိုင်ခဲ့ပါချေ။ ထိုအစား သူမ ဆေးဝါးစက်ရုံအတွက် စာမေးပွဲကို အောင်မြင်ခဲ့လေသည်။
သို့သော်လည်း စုဝေ့ယန် ကျဆုံးသွားခဲ့သည်ဟူသော ဝမ်းနည်းဖွယ် သတင်းကို ကြားသိလိုက်ရပြီးနောက်တွင် သူမက အလုပ်ခွင်၌ စိတ်ဓာတ်ကျဆင်းနေခဲ့ရင်းဖြင့် စက်ဖြင့် လက်ချောင်းကို အဖြတ်ခံလိုက်ရလေသည်။
ဤသို့ ပြန်လည်စဉ်းစားကြည့်လျှင် ယခင်ဘဝက စိတ်မကောင်းစရာများစွာ ဖြစ်ပေါ်ခဲ့ရပေသည်။
စုမိသားစုအပေါ်တွင် မှောင်မိုက်သော တိမ်တိုက်ကြီး ဖုံးလွှမ်းနေသကဲ့သို့ လူတိုင်းက ဆင်းရဲဒုက္ခများဖြင့် ရှင်သန်ခဲ့ကြရသည်။
သို့သော် ယခုဘဝတွင်တော့ သူမ၏ သေးငယ်သော လုပ်ဆောင်ချက်တစ်ခုကပင် အတိတ်ကို ပြောင်းလဲပေးလိုက်လေပြီ။
စုဝေ့ဖင်းက ဆေးဝါးစက်ရုံတွင် အလုပ်မလုပ်တော့သည့်အတွက် ဒဏ်ရာရရှိနိုင်မည့် အန္တရာယ်မှ ကင်းဝေးသွားခဲ့ရ၏။
စုဝေ့ယန်သည်လည်း အသက်ရှင်သန်နေခဲ့သည်။ စုဝေ့ချင်းမှာလည်း ကျေးလက်ဒေသသို့ မသွားခဲ့ရဘဲ သူချစ်မြတ်နိုးသော အမျိုးသမီးရဲဘော်နှင့် တွေ့ဆုံကာ လက်ထပ်နိုင်ခဲ့ပေသည်။
ပြောင်းလဲခြင်း မရှိသူများမှာ စုဝေ့ဟိုင်နှင့် သူ၏ဇနီး ဝူလီတို့သာ ရှိတော့ပေသည်။
“ကျွန်မရဲ့အကြီးဆုံးယောက်မ လိုက်လာမလားဆိုတာ သိချင်မိတယ်”
သူမ၏ အစ်ကိုကြီး၏ ကလေးနှစ်ဦးကို တွေးမိလိုက်သည့်အချိန်တွင် ကျန်းဝမ်ကျန့်တစ်ယောက် သူမ၏ ယောက်မနှင့် ပတ်သက်သော ပြဿနာများကို ယောက္ခမထံသို့ ပြောပြရန် အခွင့်အရေးတစ်ခု ရှာရမည်ဟု ခံစားလိုက်ရသည်။
သူမက စကားပြောနည်းသူ ဖြစ်သော်လည်း အကဲခတ်တော်ပြီး အမှားအမှန်ကို ခွဲခြားနိုင်သူ ဖြစ်ပေသည်။ ဝူလီ၏ စရိုက်ကို ကြည့်ရုံမျှဖြင့် သူမ သိနိုင်ခဲ့သည်။
အတိတ်ဘဝတွင်တော့ သူမက ဝူလီအား တစ်ဖက်သတ် ရှောင်ဖယ်နေခဲ့သောကြောင့် သူတို့ကြားမှ ဆက်ဆံရေးက မကောင်းခဲ့ပါချေ။
ထို့အပြင် ယောက္ခမကလည်း သူမအပေါ် အမြဲတေအမြင်မကြည်လင်ခဲ့သောကြောင့် စုမိသားစုနှင့် ဆက်ဆံရေးက အလွန်ပင် ဆိုးရွားခဲ့ပြီး စကားပင် ပြောလေ့မရှိခဲ့ပါချေ။
သို့သော် ဤဘဝတွင်မူ သူမ ပြောင်းလဲသွားခဲ့ပြီ။
စုချန်နှင့် စုကျွင့်တို့မှာ မူလက အလွန် ဥာဏ်ရည် ထက်မြက်သော ကလေးများ ဖြစ်ကြသည်။
အကယ်၍ သူမ၏ယောက်မက ကလေးများကို ဤအတိုင်းသာ ဆက်လက် ပြုစုပျိုးထောင်နေမည်ဆိုပါက ထိုကလေးများက ပျက်စီးသွားကြရပေလိမ့်မည်။
သေချာပေ၏။
ဤသည်မှာ ဝူလီ လာရောက်မည်ဆိုသည့်အပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်၏။ အကယ်၍ သူမ မလာခဲ့လျှင်တော့ ပြောဆိုရန် ခက်ခဲပေလိမ့်မည်။
ဆိုရလျှင် သူမအနေဖြင့် ပြန်လည်မွေးဖွားလာပြီးကတည်းက ဤမရီးနှင့် မတွေ့ဆုံရသေးသောကြောင့် သူမ၏အကြောင်းကို ပြောဆိုရန် မသင့်ပါချေ။
“တတိယယောက်မ လာမယ်ဆိုရင်တော့ အကြီးဆုံးယောက်မက လိုက်လာမှာ မဟုတ်တော့ဘူးထင်တယ်”
စုဝေ့ဖင်းအနေဖြင့် ဝူလီနှင့် တစ်ခါမျှ မတွေ့ဖူးသောကြောင့် အနည်းငယ်လောက် စပ်စုချင်နေမိသော်လည်း မတိုင်ခင်က ဖုန်းထဲတွင် လော်ယွီရှို့မှ ဤအကြီးဆုံးမရီးအကြောင်းကို လုံးဝ ထည့်မပြောခဲ့ပေ။
ထို့ကြောင့် သူမအနေဖြင့် လော်ယွီရှို့က ဝူလီအပေါ် သိပ်ပြီး ကျေနပ်ပုံမရကြောင်းကို ခန့်မှန်းလိုက်မိလေသည်။
ကျန်းဝမ်ကျန့်က ချက်ချင်းပင် နှမြောသည့် ခံစားချက်မျိုး ဖြစ်ပေါ်လာရသည်။
ကောင်းမွန်စွာ တိုင်တောစကား ပြောဆိုနိုင်မည့် အခွင့်အရေးတစ်ခုကို လက်လွတ်လိုက်ရခြင်း မဟုတ်ပါလား။
“ဒါဆို တတိယယောက်မနဲ့ပဲ သေသေချာချာ စကားပြောကြည့်ရမှာပေါ့”
သူမ၏ စရိုက်ကိုလည်း အကဲခတ်ကြည့်ရဦးမည်။ အကယ်၍ သူမက လူကောင်းတစ်ယောက် ဖြစ်ခဲ့လျှင်တော့ ကလေးနှစ်ယောက်အကြောင်းကို သူမနှင့် တိုင်ပင်ကြည့်မည်ဟု ကျန်းဝမ်ကျန့်က တွေးတောလိုက်မိ၏။
စုဝေ့ယန်နှင့် သူမ၏ ဆက်ဆံရေးမှာ ပိုမိုကောင်းမွန်လာသည်ဖြစ်၍ စုဝေ့ယန်က သူ၏ တူလေးများကို မည်မျှအထိ တန်ဖိုးထားကြောင်းကို သူမ ကောင်းစွာ သိရှိထားပေသည်။
သူမသည်လည်း စုမိသားစု၏ မျိုးဆက်တိုင်းကို ပိုမိုတောင့်တင်းခိုင်မာလာစေရန်နှင့် ညီအစ်ကိုမောင်နှမများက အချင်းချင်း အရင်းအမြစ်များကို မျှဝေကာ ကူညီနိုင်ကြစေရန် မျှော်လင့်မိလေသည်။
စုဝေ့ဖင်းတစ်ယောက် နေမင်းကြီး အနောက်ဘက်မှ ထွက်လာသည်လားဟု ကောင်းကင်သို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်။
တချို့က သူတို့ အိပ်မက်မက်နေသလားဟုပင် သံသယ ဖြစ်နေကြ၏။
ဘုရားရေ...
လူမှုဆက်ဆံရေးကို ကြောက်လန့်တတ်တဲ့ ယောက်မက အခုတော့ လူမှုဆက်ဆံရေးမှာ ကျွမ်းကျင်လွန်းတဲ့လူတစ်ယောက် ဖြစ်လာတော့မှာလား?
--
ဖုန်းပြောပြီးနောက်တွင် လော်ယွီရှို့က အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ပြီး ဝူလီအားလည်း ပို၍ပင် သဘောကျလာခဲ့လေသည်။
စုမိသားစုအတွင်းရှိ ထူးဆန်းသော လေထုမှာလည်း နောက်ဆုံးတွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး ပျော်ရွှင်စရာ ကောင်းလာခဲ့ချေပြီ။
ဖက်ထုပ်များကို ချက်ပြုတ်နေချိန်တွင် သူမက စုဝေ့မင်ကို ပြောပြနေခဲ့သည်။
“လောင်လုကတော့ အတော်လေးကြောက်သွားပုံရတယ်၊ သူ ပြန်လာတဲ့အချိန်တုန်းကဆို မျက်နှာက အရမ်းကြည့်ဆိုးနေတာ”
*