← Chapters

အခန်း (၁၁၈)

Vol. 12 Ch. 118

အခန်း (၁၁၈)

Vol. 12 Ch. 118

အခန်း(118)

လီရှန်း အနည်းငယ် ရှုပ်ထွေးနေခဲ့ရ၏။

“သူက ပင်းချန်ကို ပညာတတ်လူငယ်အဖြစ် သွားခဲ့တာလား”

[ဟုတ်တယ်၊ မင်းနဲ့သိပ်ပြီးမဝေးတဲ့နေရာက တပ်မဟာတစ်ခုမှာပဲ]

သူတို့အနေဖြင့် ယခင်ဘဝကတည်းက ဤမျှအထိ နီးကပ်ခဲ့ကြသည်မှာ အံ့ဩစရာကောင်းပေ၏။

ကံမကောင်းစွာဖြင့် ယခင်ဘဝကသူတို့နှစ်ဦးလုံး သေဆုံးခဲ့ကြရသည်။

လီရှန်း စိတ်မကောင်းဖြစ်သွားရသောကြောင့် ခန္ဓာကိုယ်ကိုတစ်ဖက်သို့လှည့်ကာ စုဝေ့ချင်း၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်မိသည်။

စုဝေ့ချင်းသည်ကား အိပ်ပျော်နေသည့်တိုင်အောင် သူမကို မသိစိတ်ဖြင့် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားဆဲဖြစ်ပြီး မေးစေ့ဖြင့် လီရှန်း၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးနေခဲ့ကာ သူမအား လုံခြုံသည့်ခံစားချက်ကို ပေးနေခဲ့ပေသည်။

ဤမြင်ကွင်းကို ကြည့်ရင်း စနစ်် ဖခင်အိုကြီးတစ်ဦးကဲ့သို့ သက်ပြင်းမချဘဲ မနေနိုင်တော့ပါချေ။

[မင်း အိမ်ထောင်ပြုတာကို မြင်ရလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးခဲ့ဖူးဘူး]

လီရှန်း : “...”

“ဒါနဲ့ မင်းက စုဝေ့ချင်းနဲ့ ချည်နှောင်ထားပြီးမှ ဘာလို့ ငါ့ကို ရှောင်နေရတာလဲ”

စနစ်က မကျေမချမ်းဖြင့် ပြန်လည်ဖြေကြားလာ၏။

[မင်း သိသွားမှာကို စိုးလို့ပေါ့!]

ထို့နောက် သူက စုဝေ့ချင်းအကြောင်းများကို စတင်၍ ညည်းတွားတိုင်တောလေတော့သည်။

[ဒီကောင်လေးက အရမ်းပျင်းတာပဲ! ငါ ဘယ်လိုပဲ လေ့ကျင့်ပေးပေး သူက စာမဖတ်ချင်ဘူး.. မင်း အရင်က ကြိုးစားခဲ့သလောက်ကို လုံးဝ မမှီဘူး

သူ့ကို စာသင်ပေးရတာက ကောင်းကင်ဘုံကို တက်ရတာထက်တောင် ခက်သေးတယ်၊ ငါက သူ့ကို သေသေချာချာ သင်ပေးပြီးမှ မင်းနဲ့ ခမ်းခမ်းနားနား ပြန်ဆုံပေးမလို့ စိတ်ကူးထားတာ]

အလွန်အရှက်ရစရာကောင်းနေခဲ့သည်ပင်။

ဤhostမှာ လုံးဝကို မျှော်လင့်ချက်မရှိသူ ၊ ပြုပြင်၍မရသူ၊ တစ်နည်းအားဖြင့်အသုံးမကျသူဖြစ်နေခဲ့ပေသည်။

လီရှန်းမှာ အမြင်အာရုံ အတော်လေး ညံ့ဖျင်းလွန်းသည်။ ဤမျှ ဆိုးရွားလှသော အိမ်ထောင်ဖက်ကိုမှ ရွေးချယ်ခဲ့မိသည် မဟုတ်ပါလား။

စနစ်၏ ညည်းတွားသံများကို ကြားရချိန်တွင် စုဝေ့ချင်းတစ်ယောက် ဤရက်ပိုင်းများ၌ အဘယ်ကြောင့် စိတ်ဓာတ်ကျနေရသည်ကို လီရှန်း နားလည်သွားရသည်။

စုဝေ့ချင်းမှာ စာပေနှင့်ယဥ်ကျေးမှုဘာသာရပ်ကို ဝါသနာပါသော ကျောင်းသားတစ်ဦး ဖြစ်သော်လည်း စနစ်က သူ့ကို သိပ္ပံဘာသာရပ်သို့ ပြောင်းလဲရန် အတင်းအကျပ် ဖိအားပေးနေခဲ့ခြင်း ဖြစ်ပေ၏။

အိုက်ယား...

တွေးကြည့်ရုံနှင့်ပင် နာကျင်စရာကောင်းလွန်းသည်။

“သူ့ကို ဆေးပညာသင်ဖို့ အတင်းမတိုက်တွန်းနဲ့တော့ သူက ယဥ်ကျေး​မှုစာပေကို ဝါသနာပါတာဆိုတော့ သူ့ကို တရုတ်စာပေကိုပဲ သင်ပေးလိုက်လေ”

စနစ် : [ဒါပေမဲ့ မင်းက ဆေးပညာကို ဝါသနာပါတာလေ!]

သူသည်က စိတ်ကောင်းစေတနာရှိသော စနစ်တစ်ခု ဖြစ်ပေသည်။

စုဝေ့ချင်းကို သင်ကြားပေးနိုင်ခြင်းမှာ သူ့အတွက် အလွန်ကြီးမားသော အခွင့်အရေး ဖြစ်နေသည် မဟုတ်ပါလား။

“အဟွတ်... အဟမ်း... ဒါဆိုရင်လည်း ငါ့အတွက် သူ့ကို ဆေးစာအုပ်တွေလောက်ပဲ ကူးရေးပေးရင် ရတာပဲလေ”

လီရှန်း စုဝေ့ချင်းအတွက် အနည်းငယ် စိတ်မကောင်း ဖြစ်သွားရ၏။

သို့သော်လည်း...

ဆေးစာအုပ်များမှာ အလွန်ပင် ဆွဲဆောင်မှု ရှိလွန်းလှသောကြောင့် သူမ မငြင်းဆန်နိုင်ပါချေ။

စနစ်က တိတ်ဆိတ်သွားသော်လည်း စုဝေ့ချင်းကတော့နိုးလာခဲ့ချေပြီ။ သူက လီရှန်း ချောင်းဆိုးနေသည်ကို ကြားလိုက်ရသောကြောင့် အိပ်ချင်မူးတူးဖြင့် မေးလာလေသည်။

“ဘာလို့ ချောင်းဆိုးနေတာလဲ၊ ကိုယ် ရေသွားခပ်ပေးရမလား”

“မလိုဘူး၊ အိပ်လိုက်တော့လေ”

လီရှန်းက စုဝေ့ချင်းကို ကြင်နာစွာဖြင့် ပွေ့ဖက်လိုက်မိသည်။

ထိုသူမှာ အမှန်တကယ်ပင် သနားစရာကောင်းလွန်းပေသည်။ သူမကြောင့် ညဘက်များတွင်ပင် ကောင်းကောင်းအိပ်ပျော်နိုင်သည်လားမသိပါချေ။

ထိုညတွင် စုဝေ့ချင်းတစ်ယောက် အလွန်ပင် ကောင်းမွန်စွာ အိပ်ပျော်သွားခဲ့လေတော့သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ညစဉ်ကြုံတွေ့ခဲ့ရသည့် နှိပ်စက်ညှဉ်းပန်းမှုများနှင့် လုံးဝဆန့်ကျင်စွာပင် ထိုည၌ အိပ်မက်တစ်ခုမျှ မမက်ဘဲ မိုးလင်းသည်အထိ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့လေသည်။

စနစ်၏ စာကျက်ရန် တိုက်တွန်းနှောင့်ယှက်သံများကို မကြားရသည့်အတွက် အိပ်မက်မမက်ဘဲ အိပ်စက်ရခြင်းမှာ ဤမျှအထိ စိတ်လှုပ်ရှားပျော်ရွှင်စရာကောင်းကြောင်းကို သူ၏ အနှစ်နှစ်ဆယ်ကျော် သက်တမ်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် ခံစားလိုက်ရတော့သည်။

သို့ဖြစ်၍ နံနက်မိုးလင်း နိုးလာချိန်တွင် သူ၏မျက်ဝန်းများမှာ ကြည်လင်တောက်ပနေပြီး မျက်ဝန်းထောင့်စွန်းများ၌ ကျေနပ်အားရမှု အပြည့်ရှိနေခဲ့၏။

တစ်ဖက်တွင်တော့ လီရှန်းက စနစ်နှင့်အတူ ယခင်က ထုတ်ဖော်ပြောဆို၍မရသော အကြောင်းအရာများစွာကို ညသန်းခေါင်ကျော်သည်အထိ ပြောဆိုနေခဲ့မိသည်။

ရလဒ်အနေဖြင့် သူမ၏ မျက်ကွင်းများမှာ ညိုမည်းနေပြီး အနည်းငယ် မှိုင်းထိုင်းနေကာ မနက်စာစားနေချိန်အတွင်း သုံးကြိမ်တိုင်တိုင် သမ်းဝေနေမိခဲ့လေသည်။

သူတို့နှစ်ဦး၏ ကွာခြားချက်ကို သတိပြုမိပြီးနောက် လော်ယွီရှို့က စုဝေ့ချင်း၏ နောက်ကျောကို ရိုက်လိုက်ပြီးပြောလာလေ၏။

“ဒီနေ့မှာ အရေးကြီးတဲ့ကိစ္စ ရှိတယ်ဆိုတာ မင်းမသိဘူးလား၊ ရှန်းရှန်းကို ကြည့်ဦး... မင်း ဘာတွေလုပ်လိုက်လို့ သူ ဒီလိုဖြစ်နေရတာလဲ..

တကယ်လို့ သူ့ရဲ့ဦးလေးနဲ့ ဒေါ်လေးသာ မြင်သွားရင် သူတို့ ဘယ်လောက်တောင် စိတ်မကောင်း ဖြစ်လိုက်မလဲ”

စုဝေ့ချင်း ကြောင်အမ်းသွားရသည်။

“ ဟမ်.. ကျွန်တော် သူ့ကို ဘယ်လိုနှောင့်ယှက်လိုက်မိလို့လဲ”

ထို့နောက်မှသာ မိခင်ဖြစ်သူ ဆိုလိုရင်းကို သဘောပေါက်သွားပြီး အလျင်အမြန် ရှင်းပြလိုက်၏။

“ကျွန်တော် မနေ့က အခန်းထဲကိုရောက်တာနဲ့ ချက်ချင်း အိပ်ပျော်သွားတာ”

လီရှန်းကလည်း လျင်မြန်စွာပင် ဝင်ပြောလိုက်သည်။

“ကျွန်မ မနေ့က လက်ဖက်ရည် အပြင်းတွေသောက်လိုက်မိလို့ အိပ်မပျော်တာဖြစ်မယ်”

သူတို့က တစ်ဦးကိုတစ်ဦး နှိပ်စက်နေခဲ့ကြခြင်း မဟုတ်ပါချေ။

လော်ယွီရှို့သည်လည်း သူမ မှားသွားမှန်းကို သိလိုက်သောကြောင့် ရှက်ရွံ့စွာ ရယ်မောလိုက်ပြီး ပြောလာသည်။

“အဲလိုလား.. လက်ဖက်ရည်ပြင်းရင် အိပ်မပျော်တတ်ဘူးလေ၊ နောက်ဆိုရင်တော့ အများကြီး မသောက်နဲ့ပေါ့”

“ကောင်းပါပြီ အမေ”

လီရှန်း ထပ်မံသမ်းဝေလိုက်ပြီး စားပွဲပေါ်သို့ လှမ်းကြည့်လိုက်လျှင် ပြုတ်ထားသော ဖက်ထုပ်များအစား ဖက်ထုပ်ကြော်များကို တွေ့လိုက်ရလေသည်။

လီရှန်း : “...”

သူမသည် ဖက်ထုပ်ကို အနည်းငယ်မျှပင် ထပ်မစားချင်တော့ပါချေ။

“ကိုယ်တို့ရဲ့ မိသားစုကတော့ အနည်းဆုံး နှစ်သစ်ကူး ငါးရက်မြောက်နေ့အထိ ဖက်ထုပ်တွေပဲ စားကြမှာ”

စုဝေ့ချင်းက ယခင်အတွေ့အကြုံများကို လီရှန်း၏ နားအနီးသို့ တိုးကပ်၍ တီးတိုး ပြောလိုက်သည်။

နှစ်သစ်ကူး ငါးရက်မြောက်နေ့အထိလား?

လီရှန်းတစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

ဖက်ထုပ်များမှာ အရသာရှိပြီး အကောင်းစား ကောက်နှံများနှင့် ပြုလုပ်ထားခြင်း ဖြစ်သော်လည်း နေ့တိုင်းတော့ မစားနိုင်ပါချေ။

လက်ရှိတွင် သူမက ဆန်ပြုတ်၊ မုယောဆန်ပြုတ် (သို့မဟုတ်) ကန်စွန်းဥဆန်ပြုတ် တို့ကိုသာ သောက်ချင်နေရသည်။

မည်သည့်ဆန်ပြုတ်မျိုးကိုမဆို သူမ ငြင်းဆန်မည် မဟုတ်ပါချေ။

ကံမကောင်းစွာဖြင့် အိမ်တွင် ဆန်ပြုတ်မချက်ထားခဲ့ပါချေ။သို့သော်လည်း ထမင်းစားဆောင်မှ ပဲနို့တချို့ကိုတော့ ရရှိခဲ့သည်။

နှစ်သစ်ကူး၏ ဒုတိယမြောက်နေ့တွင် ထမင်းစားဆောင်၌ တာဝန်ကျဝန်ထမ်းများ ရှိနေခဲ့ပေပြီ။

မနက်စာမှာ ကြက်ဥပြုတ်နှင့် ပဲနို့သာ ပါဝင်ပေသည်။ ထိုပဲနို့မှာ တို့ဟူးစက်ရုံမှ နံနက်စောစောကပင် ဝယ်ယူထားခြင်း ဖြစ်ပြီး ပူပူနွေးနွေးနှင့် သောက်လိုက်ရသည်မှာ အလွန်ပင် သက်သောင့်သက်သာ ရှိသည်။

လော်ယွီရှို့က ပဲနို့ ဓာတ်ဘူးတစ်လုံးကို ဝယ်ယူကာ ပဲနို့တစ်ဝက်ကို စုဝေ့ဟိုင်ထံ အရင်ဆုံးပို့ပေးခဲ့ပြီး ကျန်ရှိသည်များကို ပြန်ယူလာခဲ့ခြင်း ဖြစ်၏။

သူမ ရောက်ရှိသွားချိန်တွင် စုဝေ့ဟိုင်နှင့် ဇနီးဖြစ်သူတို့မှာ အိပ်ရာထဲ၌ ရှိနေဆဲပင်။

သူတို့သည်က ယနေ့ မည်သည့်ဆွေမျိုးထံသို့မှ သွားရောက်ရန် မလိုသောကြောင့် အလွန်ပင် သက်သောင့်သက်သာ အိပ်စက်နေကြပေသည်။

ထိုဇနီးမောင်နှံနှစ်ဦးက အားကိုးမရကြောင်းကို သိသောကြောင့် လူအို ဇနီးမောင်နှံမှာ ကလေးများကို အင်္ကျီလဲပေးကာ ပြည်နယ်မြို့တော်ရှိ ဆွေမျိုးများထံ ခေါ်ဆောင်သွားရန်အတွက် ခေါ်လာခဲ့ကြတော့သည်။

လီရှန်းက ပဲနို့ နှစ်ပန်းကန်ကိုသာ သောက်လိုက်ပြီး ဖက်ထုပ်ကိုတော့တစ်လုံးမျှပင် မစားခဲ့ပါချေ။

“ကျွန်မ ခေါင်းနည်းနည်း မူးနေလို့ အများကြီး မစားနိုင်တော့ဘူး”

သူမ၏ ပုံစံက အမှန်တကယ်ပင် နေမကောင်းဖြစ်နေသည်ကို မြင်တွေ့နိုင်သည့်အတွက် လော်ယွီရှို့လည်း အတင်း မကျွေးတော့ဘဲ သက်ပြင်းချလျက်ပြောလာခဲ့၏။

“တကယ်လို့ အဆင်မပြေရင် ဆေးရုံကိုသွားပြီး စစ်ဆေးကြည့်ဦးနော်”

ထို့နောက် သူမက အနည်းငယ် မကျေမနပ်ဖြင့် ထပ်ပြောလာပြန်သည်။

“အခုခေတ် ဆေးရုံတွေကလည်း ဘာမှ အားကိုးမရပါဘူး၊ သူတို့ပေးတဲ့ ဆေးတွေကိုတောင် မသောက်ရဲဘူး”

“အဆင်ပြေပါတယ်၊ ကျွန်မရဲ့ ဒေါ်လေးရဲ့ မောင်က ဆရာဝန်လေ.. တကယ်လို့ အဆင်မပြေရင် အဲဒီဦးလေးဆီ သွားပြီး ဆေးတောင်းသောက်လိုက်ပါ့မယ်”

လီရှန်း ထိုသို့ပြောသည်ကို ကြားမှသာ လော်ယွီရှို့ စိတ်သက်သာရာရသွားရတော့သည်။

“ကောင်းပြီလေ၊ ဒါဆိုရင် အဖေနဲ့ အမေတို့ သွားတော့မယ်နော်”

သူတို့သည်က ယနေ့တွင် ပြည်နယ်မြို့တော်သို့ သွားကြမည်ဖြစ်၍ ရထားမီရန် အမြန်သွားကြရပေသည်။

လီရှန်းက သူတို့ကို လှေကားအောက်အထိ လိုက်ပို့ရန် ထလိုက်သော်လည်း လော်ယွီရှို့က တားဆီးလိုက်၏။

“မင်း အခန်းထဲမှာပဲ ခဏလောက် ပြန်နားနေလိုက်ဦး၊ လိုက်ပို့ဖို့ မလိုပါဘူး”

ထိုအကြီးပိုင်းဇနီးမောင်နှံ ထွက်သွားပြီးနောက်တွင် အိမ်၌ လူငယ်ဇနီးမောင်နှံနှစ်ဦးသာ ကျန်ရစ်တော့သည်။

အချိန်စောနေသေးသည်ကို မြင်လျှင် လီရှန်းက ဆက်ပြီးမနေနိုင်တော့ဘဲ အိပ်ရာထဲသို့ ပြန်ဝင်သွားခဲ့ကာ ခဏအတွင်း အိပ်ပျော်သွားတော့သည်။

စုဝေ့ချင်းကတော့ တစ်ညလုံး နှစ်ခြိုက်စွာ အိပ်စက်ခဲ့ရသောကြောင့် စိတ်ရွှင်လန်းနေခဲ့လေ၏။

သူသည်က အိပ်ရာထဲ၌ ဆက်မနေနိုင်တော့သည့်အတွက်ကြောင့် စာဖတ်ရန် ထလိုက်လေသည်။

သို့သော် သူ ခုံတွင်ဝင်ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် စနစ်၏ အသံကို ကြားလိုက်ရလေတော့သည်။

[ဒါက ဒီနေ့အတွက် မင်းရဲ့ သင်ယူရမဲ့ တာဝန်ပဲ]

စုဝေ့ချင်းမှာ ချက်ချင်းပင် စိတ်ဆင်းရဲသွားရတော့သည်။

“ဒီနေ့မှ နှစ်သစ်ကူး ဒုတိယမြောက်နေ့ပဲ ရှိသေးတာကို.. ဘယ်လိုဖြစ်ပြီး...”

သူ စကားမဆုံးခင်မှာပင် တာဝန်ထဲ၌ ပါဝင်သော စာအုပ်စာရင်းကို မြင်လိုက်ရသောကြောင့် အလွန်အံ့ဩသွားရကာ အထစ်ထစ်ငေါ့ငေါ့ဖြင့်ပင် မေးလိုက်မိ၏။

“ဒါ... ဒါတွေက ဘာတွေလဲ”

*

All Chapters