← Chapters

အခန်း (၁၁၉)

Vol. 12 Ch. 119

အခန်း (၁၁၉)

Vol. 12 Ch. 119

အခန်း(119)

စနစ်ထဲတွင် မဟာသင်ကြားရေး၊ အလယ်အလတ်လမ်းစဉ် နှင့် ကွန်ဖြူးရှပ်၏ လမ်းစဥ်များ အပါအဝင် စာအုပ်ပေါင်းဆယ်အုပ်နီးပါး သိမ်းဆည်းထားပေသည်။

“စာပေလေးအုပ်နဲ့ ကျမ်းစာ ငါးအုပ်လား”

ဤကဲ့သို့ ပြည့်စုံပြီး လှပသပ်ရပ်စွာ ချုပ်လုပ်ထားသော စာပေလေးအုပ်နဲ့ ကျမ်းစာ ငါးအုပ်ကို စုဝေ့ချင်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။

[ဟုတ်တယ်]

စနစ်၏ အေးစက်သောအသံ ထွက်ပေါ်လာ၏။ သူသည်က ယခင်က သင်ယူရေးစနစ်တစ်ခုအဖြစ် တစ်ခါမျှ မလုပ်ဆောင်ဖူးသောကြောင့် စာပေဘာသာရပ်ကို မည်သည့်စာအုပ်မှ စတင်သင်ကြားပေးရမည်ကို မသိပါချေ။

သို့သော်လည်း ရှေးခေတ်ပညာရှိကြီးများအားလုံးက ဤစာပေလေးအုပ်နဲ့ ကျမ်းစာငါးအုပ်ကို လေ့လာခဲ့ကြသည်ဖြစ်၍ သူအနေဖြင့်လည်း ဤစာအုပ်များမှသာ စတင်သင်ကြားပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။

မင်းက စာပေကို ဝါသနာပါတာဆိုမှတော့ ဒါတွေကိုပဲ စပြီးလေ့လာလိုက်တော့။

ဤစာအုပ်များမှာ အတော်လေး ဖတ်ရှုရန်ခက်ခဲသော်လည်း စုဝေ့ချင်းတစ်ယောက် ပျော်ရွှင်လွန်းသောကြောင့် မျက်ရည်ပင် ကျလုနီးပါး ဖြစ်သွားရ၏။

“မင်း ငါ့ကို ဆေးပညာသင်ဖို့ အတင်းမတိုက်တွန်းတော့ဘူးပေါ့ “

စနစ်က တိတ်ဆိတ်နေပြီးမှ ပြောလာခဲ့သည်။

[ဖွင့်ထားပြီးသား ဘာသာရပ်တွေကိုတော့ ပိတ်လို့မရဘူး၊ ဒါပေမဲ့ တစ်ကြိမ်မှာ ဘာသာရပ်တစ်ခုတည်းကိုပဲ လေ့လာရင် ရတယ် ၊ ဆေးစာအုပ်တွေကိုတော့ မင်း ကူးရေးပေးရုံလောက်ဆိုရင်ရတယ်]

ထို့နောက် သူက အလျင်အမြန်ပင် ထပ်မံပြောဆိုလာ၏။

[အဲဒီစာအုပ်တွေကို မင်းရဲ့ဇနီး လေ့လာဖို့အတွက် ပေးလို့ရတာပဲလေ]

စုဝေ့ချင်း၏ ခံစားချက်များက အတက်အကျများစွာ ဖြစ်သွားရပြီး နောက်ဆုံးတွင်တော့ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားတော့သည်။

ဤထက် ပိုကောင်းသော အရာများရှိနိုင်ပါဦးမည်လား။

နောက်ဆုံးတော့ သူ ဆေးစာအုပ်တွေကို ဆက်မဖတ်ရတော့ဘဲ စာပေတွေကို လေ့လာခွင့်ရပြီ။

ဒါပေမဲ့လည်း ဒီရှေးဟောင်းတရုတ်စာသားတွေက အသံထွက်ရတာ အရမ်းခက်လွန်းတယ်။ နောက်ပိုင်းကျရင် ဒါတွေကို နေ့တိုင်း အလွတ်ကျက်နေရတော့မှာလား။

စာအုပ်ပေါ်ရှိ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ကြည့်ရင်း စုဝေ့ချင်းတစ်ယောက် နောက်တစ်ကြိမ် ထပ်မံ၍ ငိုချင်စိတ် ပေါက်သွားရပြန်ပေသည်။

*

မနက်စာစားပြီးနောက် တစ်ရေးတစ်မော အိပ်စက်ရခြင်းက အလွန်ပင် သက်သောင့်သက်သာ ရှိလှပေသည်။

လီရှန်း ပြန်လည်နိုးလာချိန်တွင် သူမ၏ ခေါင်းကိုက်ခြင်းနှင့် မျက်စိဝါးခြင်းများက ပျောက်ကွယ်သွားပြီး အင်အားများ ပြည့်ဝလာသကဲ့သို့ ခံစားလိုက်ရ၏။

တစ်ဖက်တွင် စုဝေ့ချင်းက စာအုပ်တစ်အုပ်ကို ကိုင်ထားသော်လည်း အနည်းငယ် စိတ်ဓာတ်ကျနေပုံရနေပေသည်။

“ဘာစာအုပ် ဖတ်နေတာလဲ”

လီရှန်းက အင်္ကျီလဲပြီးနောက် ရေနွေးဝတ်ဖြင့် မျက်နှာကိုသုတ်လိုက်လေ၏။ စုဝေ့ချင်းက သူမကို မော့ပင်မကြည့်ဘဲ စာအုပ်ထဲ၌သာ အာရုံရောက်နေသည်ကို မြင်လျှင် သူမလည်း သိချင်မိသွားရသည်။

ဤအချိန် သူ၏ စာဖတ်ပုံမှာ ယခင်က ဆေးစာအုပ်များ ဖတ်နေသည့်အချိန်ကနှင့် လုံးဝ ကွာခြားနေပေ၏။

စုဝေ့ချင်း၏ အကြည့်က စာအုပ်ပေါ်မှ မခွာခဲ့ချေ။

“ စာလုံး သုံးလုံးကျမ်းလေ”

စာလုံးသုံးလုံးကျမ်းလား။

လီရှန်း အနည်းငယ် ရှုပ်ထွေးသွားရသည်။

စနစ်က စုဝေ့ချင်းကို စာပေဘာသာရပ်သို့ ပြောင်းလဲသင်ကြားပေးမည်ဟု ပြောခဲ့သော်လည်း ဤမျှအထိ အောက်ခြေကမှ ပြန်စလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါချေ။

“ဟုတ်တယ်၊ စာလုံးသုံးလုံးကျမ်း”

စုဝေ့ချင်း အံကိုတင်းတင်းကြိတ်ပြီး ပြန်ဖြေလိုက်၏။

မူလက သူ့အနေဖြင့် စာပေလေးအုပ်နဲ့ ကျမ်းစာ ငါးအုပ်ကို လေ့လာနေခဲ့ခြင်း ဖြစ်သော်လည်း စနစ်က သူ့ကို မေးခွန်းတချို့ မေးမြန်းပြီးနောက်တွင် သူက စာမတတ်သူနှင့် တစ်လှမ်းသာ ဝေးတော့ကြောင်း သိရှိသွားခဲ့ချေသည်။

သို့ဖြစ်၍ စနစ်က စာပေလေးအုပ်နဲ့ ကျမ်းစာ ငါးအုပ်ကို ပြန်သိမ်းသွားပြီး စကားလုံးသုံးရာစုဝေးထားသည့်စာအုပ်ဖြင့် အစားထိုး ပေးခဲ့သည်။

ထိုစာအုပ်ကို သေသေချာချာ ဖတ်ရှုပြီးမှသာ ကျောက်စိမ်းသစ်တောသူငယ်တန်းစာနှင့် လဲလှယ်ပေးမည်ဟုလည်းပြောထားလေ၏။

ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် စာသင်ခဲ့ရပြီး အထက်တန်းအောင်ထားသော စုဝေ့ချင်းတစ်ယောက် လက်ဝှိတွင် အခြေခံမူလတန်းစာအုပ်များမှ ပြန်ဖတ်နေရချေပြီ။

လီရှန်းတစ်ယောက် မျက်နှာသုတ်ပုဝါကို ချိတ်ဆွဲလိုက်ပြီးနောက် အနားသို့ လျှောက်လာကာ တစ်ချက်ကြည့်လိုက်သည်။

ထိုအချိန်တွင် စာအုပ်ပေါ်ရှိ ရင်းနှီးနေသော ကလေးဆန်လွန်းသည့် လက်ရေးလေးများကို သူမ မြင်တွေ့လိုက်ရ၏။

သူမ မှတ်မိပေပြီ။ ဤစာအုပ်မှာ သူမ ရှေးခေတ်ကမ္ဘာသို့ မစ်ရှင်သွားလုပာချိန်က မစ်ရှင်ပစ်မှတ်ဖြစ်သော သားဖြစ်သူအတွက် ဝယ်ပေးခဲ့သော စျေးပေါသည့်အခြေခံဖတ်စာအုပ်သာဖြစ်ပေသည်။

ထို ‘ရာ၊ ထောင်၊ သောင်း’ကျမ်းအစုအဝေးကို ဝယ်ယူနိုင်ရန်အတွက် သူမအနေဖြင့် ညပေါင်းများစွာ ပုစဉ်းရင်ကွဲ အခွံများကို လိုက်လံကောက်ယူ၍ ငွေစုခဲ့ရသည်ကို မှတ်မိနေသေး၏။

ထို့ကြောင့်လည်း သူမ၏ သားဖြစ်သူက ထိုစာအုပ်ကို အလွန်ပင် တန်ဖိုးထားခဲ့ပေသည်။ နှစ်အနည်းငယ်ကြာတိုင်း သူက ထိုစာအုပ်ကို ပြန်ထုတ်၍ လှန်လှောကြည့်ရှုလေ့ရှိပြီး ဘေးဘက်တွင် သူ၏ ထင်မြင်ချက်ချာ်များနှင့် မှတ်ချက်များကို ရေးသားတတ်၏။

သူ့စကားဖြင့် ဆိုရလျှင် ဤသည်မှာ ‘အဟောင်းကို ပြန်နွှေး၍ အသစ်ကို ရှာဖွေခြင်း’ပင် ဖြစ်ချေသည်။

“ဒါဆိုရင် ရှင် ဒါတွေကိုပါ အကုန်အလွတ်ကျက်ရမှာလား”

လီရှန်း ဘေးဘက်ရှိ သေးငယ်လွန်းသော စာလုံးလေးများကို လက်ညှိုးထိုးပြလိုက်သည်။ ထိုစာလုံးများမှာ အလွန်ပင်စိပ်လွန်းလှသောကြောင့် အပေါက်အပြောက် ကြောက်တတ်သူများအတွက်တော့ အတော်လေး ရင်လေးစရာပင်။

“ဟုတ်တယ်”

စုဝေ့ချင်းက အားနည်းသော လေသံဖြင့် ဆို၏။

ဤစာအုပ်၏ မူလပိုင်ရှင်က မည်သူဖြစ်ကြောင်းကို သူ စဉ်းစားမရနိုင်ပါချေ။

‘စာလုံးသုံးလုံးကျမ်း’လေး တစ်အုပ်ကို ဒီလောက်အထိ မှတ်ချက်တွေ အများကြီး ရေးဖို့ လိုလို့လား။

လီရှန်း၏ မျက်ဝန်းများက ချက်ချင်းပင် သနားဂရုဏာများဖြင့် ပြည့်နှက်သွားတော့သည်။

သူမ စုဝေ့ချင်းအတွက် အမှန်တကယ်ပင် စိတ်မကောင်း ဖြစ်သွားရလေ၏။

မစ်ရှင်ပစ်မှတ်တွေ ဒီလောက်များတဲ့အထဲကမှ ဘာလို့ စကားများလွန်းတဲ့လူရေးထားတဲ့ စာအုပ်ကိုမှ ဖတ်မိနေရတာလဲ။

“ဆေးစာအုပ်တွေထက်စာရင်တော့ ဒါက အများကြီးပိုကောင်းပါသေးတယ်”

ဤစာအုပ်က စုဝေ့ချင်းကို အနည်းငယ် ခေါင်းကိုက်စေသော်လည်း ဖတ်ရသည်ကို နှစ်သက်နေဆဲပင်။

ဆေးစာအုပ်များထဲမှ ခက်ခဲနက်နဲလွန်းသော စာကြောင်းများနှင့် နှိုင်းယှဉ်လျှင် ဤ ‘စာလုံးသုံးလုံးကျမ်း’ က ပို၍ စိတ်ဝင်စားစရာ ကောင်းပေသည်။

အထူးသဖြင့် စာအုပ်ထဲတွင် တစ်ခါတစ်ရံ အတော်လေးရယ်စရာကောင်းသော မှတ်ချက်တချို့ကို တွေ့မြင်နေရခြင်းက စုဝေ့ချင်းကို ပို၍ ပျော်ရွှင်စေ၏။

သူ့အနေဖြင့် ထိုမှတ်ချက်များကို ရေးသားခဲ့သောသူနှင့် သူငယ်ချင်း ဖြစ်သွားသကဲ့သို့ပင် ခံစားနေရသည်။

ထိုသူ စိတ်နှလုံးသားကိုပင် ထိုးဖောက်မြင်နေရသကဲ့သို့ပင်။

အထူးသဖြင့် “ မန်ရှပ်၏မိခင်က အိမ်နီးချင်းကို သေသေချာချာ ရွေးချယ်ခဲ့သည်” ဟူသော စာကြောင်း၏ ဘေးဘက်တွင် “အခုတော့ ငါ့မှာ မန်ရှပ်ရဲ့ အမေထက်တောင် ပိုကောင်းတဲ့ အမေတစ်ယောက် ရှိနေပြီ ၊ သူမက စာလည်း ရေးတတ်သလို ဝက်ကိုလည်း သတ်တတ်တယ်” ဟူသော စာကြောင်းကို တွေ့လိုက်ရချိန်တွင် စုဝေ့ချင်းအနေဖြင့် ထို ‘ဝက်သတ်တတ်သော’ မိခင်က မည်သို့သောသူမျိုး ဖြစ်မည်ကို မတွေးတောဘဲ မနေနိုင်တော့ပါချေ။

“ရှင် ဒါမျိုးတွေကို ကြည့်ရတာ ဝါသနာပါရင် ကျွန်မတို့ အဟောင်းဆိုင်ကို တစ်ရက်လောက် သွားကြတာပေါ့ ၊ အဲဒီမှာ ဒီလိုမျိုး ရှေးဟောင်းစာအုပ်တွေ အများကြီး ရှိနိုင်တယ်လေ”

စုဝေ့ချင်း၏ မျက်ဝန်းများက ချက်ချင်းတောက်ပသွားလေ၏။

“ပစ္စည်းအဟောင်းဝယ်တဲ့ ဆိုင်တွေမှာ စာအုပ်တွေ ရှိသေးလို့လား”

“သေချာတာပေါ့၊ ကျောင်းသုံးစာအုပ်တွေဆို အများကြီး ကျန်နေလောက်တယ်”

အထူးသဖြင့် မကြာသေးမီ နှစ်များအတွင်းက ရဲဘော်နီများ ပိုမိုသောင်းကျန်းလာခဲ့သောကြောင့် မိသားစုများအနေဖြင့် အိမ်တွင် စာရွက်စုတ်လေး တစ်ခုကိုပင် မထားရဲကြတော့ပါချေ။

စာလုံးပါသော မည်သည့်စာအုပ်ကိုမဆို အဟောင်းဆိုင်သို့သာ ရောင်းချပစ်ကြ၏။

ရှားပါးစာအုပ်များ သို့မဟုတ် ပြည့်စုံသော စာအုပ်ဟောင်းများကိုတော့ မျက်စိလျင်သူများက ယူဆောင်သွားကြပြီးဖြစ်သော်လည်း ကျန်ရှိနေသော အသုံးမကျဟုထင်ရသော စာအုပ်များကိုတော့ ဈေးပေါပေါဖြင့်ရနိုင်ပေသည်။

အဘွားအိုအများစုက ထိုစာအုပ်များကို ဝယ်ယူကာသူတို့၏ နံရံများတွင် ကပ်ရန် အသုံးပြုကြ၏။

“ဒါဆိုရင် အချိန်ရရင် သွားကြည့်ကြတာပေါ့”

အကယ်၍ သူသာ ယို့ရွှယ်ချောင်လင်းစာအုပ်ကို ကြိုတင်ရှာဖွေနိုင်ခဲ့လျှင် ဖြတ်လမ်းနည်းဖြင့် တခြားသူများကို ကျော်တက်နိုင်လိမ့်မည် မဟုတ်ပါလား။

မျက်နှာသစ်ပြီးနောက် လီရှန်းက နှုတ်ခမ်းနီအနည်းငယ် ဆိုးလိုက်လေ၏။ သူမ၏ မျက်နှာလေးက ချက်ချင်းပင် ပို၍ကြည့်ကောင်းသွားတော့သည်။

သူမက လက်ပတ်နာရီကို ကြည့်ပြီး ပြောလိုက်လေ၏။

“မြန်မြန်လုပ်ကြရအောင်၊ ကိုးနာရီ ထိုးတော့မယ်”

မိဘများ၏အိမ်သို့ ရောက်သည်နှင့် စားပွဲတွင်ထိုင်ပြီး စားနေရုံမျှနှင့် မပြီးပါချေ။

ထိုသို့လုပ်ခြင်းမှာ အလွန်ပင် ယဉ်ကျေးမှုမရှိရာ ရောက်ပေသည်။

“ကောင်းပြီ”

စုဝေ့ချင်းက စာအုပ်ကို အမြန်ပိတ်ကာ အံဆွဲထဲသို့ ထိုးထည့်လိုက်ပြီး မမေ့မလျော့ဖြင့် သော့ခတ်ခဲ့သည်။

သူ့အနေဖြင့် ဤစာအုပ်ကို မည်သူ့ကိုမျှ မမြင်အောင်ဖုံးကွယ်ထားရန် ဆုံးဖြတ်ထား၏။

စာအုပ်ထဲတွင် တားမြစ်ထားသော စကားလုံးများ ပါဝင်နေ၍ မဟုတ်ဘဲ ဤသည်က အလွန်ဟောင်းနွမ်းနေပြီး ရှေးဟောင်းပစ္စည်းတစ်ခုပင် ဖြစ်နိုင်သောကြောင့် ဖြစ်ပေသည်။

အကယ်၍ မရိုးသားသော ရည်ရွယ်ချက်ရှိသူတစ်ဦးဦးကသာ တွေ့ရှိသွားပါက မိသားစုအတွက် ဒုက္ခရောက်စေနိုင်သည် မဟုတ်ပါလား။

ဇနီးမောင်နှံနှစ်ဦးက ပြင်ဆင်ပြီးနောက် မက်မွန်သီးကွတ်ကီးထုပ် အနည်းငယ်ကိုယူဆောင်ကာ အိမ်မှ ထွက်လာခဲ့ကြသည်။

သူတို့က ဘတ်စ်ကားစီးမည့်အစား စုဝေ့မင်နှင့် လီရှန်းတို့၏ ဇနီးမောင်နှံထံမှ စက်ဘီးကိုသာငှားလိုက်ကြလေ၏။ စုဝေ့ချင်းက အရှေ့မှ နင်းပြီး လီရှန်းကတော့ မက်မွန်သီးကွတ်ကီးထုပ်များကိုကိုင်ကာ နောက်ထိုင်ခုံမှ လိုက်ပါလာခဲ့ကာ မကြာမီပင် တုန်ယွမ်သို့ ရောက်ရှိလာခဲ့ကြပေသည်။

လမ်းတွင် ခရီးသည်တင်ရန် ရပ်တန့်ထားသော ဘတ်စ်ကားတစ်စီးကို တွေ့လိုက်ရသောကြောင့် စုဝေ့ချင်း ရေရွတ်လိုက်မိ၏။

“လူတွေ အများကြီးပဲ”

“လူတိုင်းက နှစ်သစ်ကူး ကန်တော့ဖို့ အလုအယက် သွားနေကြတာလေ”

ယနေ့ခေတ်တွင် စက်ဘီးဝယ်ယူနိုင်သူမှာ အလွန်နည်းပါးလွန်းပေသည်။

ထို့အပြင် စက်ရုံကို စီမံကိန်းချစဉ်က လူနေရပ်ကွက်ဟောင်းနှင့် ဝေးကွာသော နေရာတွင် တည်ဆောက်ခဲ့သောကြောင့် ယခုကဲ့သို့ နှစ်သစ်ကူး ဆွေမျိုးကန်တော့သွားသည့်အချိန် ဘတ်စ်ကားပေါ်သို့ တိုးဝှေ့တက်နိုင်ရန် စောစောထကြရသည်။

ကံကောင်းစွာဖြင့် ကျန်းရူတုန်း၏ နေအိမ်မှာ တုန်ယွမ်တွင် ဖြစ်ပြီး ဆေးဝါးစက်ရုံနှင့် ဘတ်စ်ကားမှတ်တိုင် သုံးတိုင်စာမျှသာ ဝေးကွာပေသည်။

“မိသားစုဝင်တွေ အားလုံးရောက်နေကြပြီလား မသိဘူး၊ ကိုယ်တို့က နောက်ဆုံးမှ ရောက်တဲ့သူတွေ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမယ်”

စုဝေ့ချင်းက စက်ဘီးကို အားကုန်နင်းလိုက်၏။ သမက်အသစ်တစ်ဦးအနေဖြင့် လက်ထပ်ပြီးနောက် ပထမဆုံးအကြိမ် နှစ်သစ်ကူးတွင်နှုက်ဆက်ခြင်းဖြစ်၍ ယဉ်ကျေးမှုမရှိသူတစ်ဦး မဖြစ်လိုပါချေ။

“စိတ်မပူပါနဲ့၊ ကျွန်မတို့က နောက်ဆုံးတော့ မဖြစ်နိုင်ဘူး”

သူတို့၏ ဒေါ်လေးနှစ်ဦးလုံးသည်လည်း ယနေ့တွင် သူတို့၏ မိဘများအိမ်သို့ နှစ်သစ်ကူးနှုဆက်ဆက်ရန် ပြန်လာကြမည် မဟုတ်ပါလား။

ယခုနှစ်တွင် သမက်အသစ် လာရောက်မည်ဖြစ်၍ အနည်းငယ် ထူးခြားနေသော်လည်း ခဏမျှသာ လာကာပြန်သွားကြလိမ့်မည်။

သို့သော်ငြားလည်း သူတို့ အစောကြီး ရောက်လာနိုင်မည် မဟုတ်ပေ။

အစောဆုံး ရောက်လာမည့်သူမှာ ဒေါ်လေး ကျန်းဟုန်မေ့သာ ဖြစ်နိုင်သည်။

သို့သော်လည်း လီရှန်းအနေဖြင့် နှစ်သစ်ကူး၏ ဒုတိယမြောက်နေ့ကို တုန်ယွမ်တွင် တစ်ခါမျှ မဖြတ်သန်းဖူးသောကြောင့် သေသေချာချာတော့ မပြောနိုင်ပါချေ။

*

All Chapters