အခန်း (၁၂၀)
Vol. 12 Ch. 120
အခန်း(120)
အတိတ်ကာလတွင် လီရှန်းက လီဟုန်ကျွင့်နှင့်အတူ ကျေးလက်သို့သွား၍ နှစ်သစ်ကူးကို ဆင်နွှဲလေ့ရှိသည်။
အဘွားလီတွင် သားနှစ်ဦးသာရှိပြီး သမီးမရှိသောကြောင့် နှစ်သစ်၏ ဒုတိယနေ့တွင် ထုန်လင်းမှ လီဟုန်ကျွင့်နှင့် အမွှာနှစ်ဦးကိုသာ ခေါ်ကာ သူမ၏ မိဘများအိမ်သို့ နှစ်သစ်ကူးကန်တော့ရန် ပြန်သွားလေ့ရှိသည်။
လီရှန်းကတော့ အိမ်တွင် ကျန်ရစ်ကာ အဘွားလီနှင့် လီရွှမ်တို့အတွက် ထမင်းချက်ပေးရလေ့ရှိ၏။
လီရွှမ်၏အကြောင်းကို တွေးမိလိုက်ချိန်တွင် လီရှန်း သက်ပြင်းမချဘဲ မနေနိုင်တော့ပါချေ။
သူသည်က လီမိသားစုထဲတွင် သူမအပေါ် ကောင်းမွန်ခဲ့သော တစ်ဦးတည်းသောသူဖြစ်နိုင်ပေသည်။
သူတို့နှစ်ဦးလုံးက မိခင်မရှိသော ကလေးများ ဖြစ်ကြသောကြောင့် လီရှန်းရွာသို့ ပြန်ရောက်သည့်အချိန်တိုင်း လီရွမ်က သူမကို ကာကွယ်ပေးပြီး အတူအလုပ်လုပ်ပေးလေ့ရှိ၏။
သူသည်က အမွှာနှစ်ဦးကို အမြဲအထင်သေးတတ်ပြီး သူတို့၏ နောက်ကွယ်တွင်ပင် ကဲ့ရဲ့ရှုတ်ချတတ်သေးသည်။
စက်ဘီးက ကျန်းမိသားစု၏ ခြံဝင်းတံခါးရှေ့တွင် တည်ငြိမ်စွာ ရပ်တန့်သွားလေ၏။
ယန်မင်အန်းက သူတို့ကို မြင်သည်နှင့် ချက်ချင်း ထရပ်လိုက်ပြီး အဆုတ်ကွဲမတတ် အော်ဟစ်လိုက်လေတော့သည်။
“အမေ.. ကျဲနဲ့ ယောက်ဖတို့ ရောက်လာပြီ!”
ယန်မင်အန်းမှာ ကျန်းဟုန်မေ့နှင့် ယန်အန်းကော်တို့၏ အကြီးဆုံးသားဖြစ်ပေသည်။ သူသည်က အသက် (12) နှစ်သာ ရှိသေးပြီး နှစ်သစ်ကူးပြီးပါက အလယ်တန်းသို့ စတင်တက်ရောက်ရလိမ့်မည်။
“မြန်မြန်.. သူတို့ကို အထဲဝင်ဖို့ ဖိတ်ခေါလိုက်လေ.. မင်းရဲ့ ကျဲကို ပစ္စည်းတွေ ကူသယ်မပေးဘဲ ဘာရပ်လုပ်နေတာလဲ”
ကျန်းဟုန်မေ့က မီးဖိုချောင်ထဲမှ ခေါင်းပြူထွက်လာပြီး စုဝေ့ချင်းကို မြင်ချိန်တွင် ပြုံးလိုက်သည်။
“ဝေ့ချင်း... မြန်မြန် အထဲကိုဝင်ခဲ့လေ.. မင်းရဲ့ ဦးလေးက မင်းအကြောင်းကို ပြောနေတာ ကြာပြီ”
စုဝေ့ချင်းလည်း ပျော်ရွှင်သွားပြီး စက်ဘီးကို ရပ်နားကာ လီရှန်းကို ခေါ်၍ ဧည့်ခန်းမဆောင်ထဲသို့ ဝင်လာခဲ့၏။
“အဘိုး”
လီရှန်း ဝင်လာသည်နှင့် ကျန်းရူတုန်းဆီသို့ မက်မွန်ကွတ်ကီးများကို ပြလိုက်သည်။
“ကျွန်မ မက်မွန်ကွတ်ကီးတွေ ဝယ်လာတယ်၊ ဒါကို ပဲနို့ထဲပဲဖြစ်ဖြစ်၊ နို့ထဲမှာပဲဖြစ်ဖြစ် စိမ်ပြီး ပျော့သွားအောင် လုပ်စားရင် အရမ်းကောင်းတာ”
“ကောင်းပြီ၊ အခန်းထဲမှာ သွားထားလိုက်လေ”
ကျန်းရူတုန်းက ခေါင်းကို အသာညိတ်ပြလိုက်သော်လည်း သူ၏ မျက်လုံးများက လီရှန်းဘက်သို့ လှည့်မကြည့်ဘဲ သူ၏ရှေ့မှ စစ်တုရငရခုံကိုသာ စိုက်ကြည့်နေခဲ့လေတော့သည်။
ယန်အန်းကော်က စုဝေ့ချင်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး သက်ပြင်းချကာ မေးမြန်းလိုက်၏။
“မင်း စစ်တုရင် ကစားတတ်လား”
“နည်းနည်းပါးပါးတော့ တတ်ပါတယ်”
စုဝေ့ချင်းက ခေါင်းညိတ်ပြလိုက်သော်လည်း သူသည်က အမှန်တကယ်တမ်းတွင် စစ်တုရင်ကို အလွန်ညံ့သော ကစားသမားတစ်ဦးသာ ဖြစ်ပေသည်။
“ဒါဆို အဘိုးနဲ့ ခဏလောက် အဖော်လုပ်ပေးလိုက်ဦး၊ ငါ ရှန်းရှန်းဆီကို သွားကြည့်လိုက်ဦးမယ်”
ယန်အန်းကော်က ထိုသို့ပြောပြီးနောက် ဘေးသို့ ဖယ်ပေးလိုက်ကာ လီရှန်း၏နောက်သို့ လိုက်၍ အခန်းထဲသို့ ဝင်သွားခဲ့လေသည်။
ယန်အန်းကော် အထဲသို့ ဝင်လိုက်သည်နှင့် လီရှန်းက အံဆွဲပါသော မှန်တင်ခုံရှေ့တွင် ရပ်ကာ အပေါ်ဘက်ရှိ ဓာတ်ပုံဘောင်များကို စိုက်ကြည့်နေကြောင်းကို တွေ့လိုက်ရ၏။
ထိုဘောင်များထဲတွင် ဟုန်ကျန့်၏ ငယ်စဉ်က ပုံတူဓာတ်ပုံလေးများ ရှိနေပေသည်။
ဓာတ်ပုံဘောင်များမှာ အမြဲတစေ ပွတ်တိုက် သန့်စင်ထားသောကြောင့် ပြောင်လက်နေပြီး တချို့နေရာများတွင်ပင် အရောင်လွင့်နေသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ကို အကြိမ်ပေါင်းများစွာ ကိုင်တွယ်ခဲ့ကြောင်း သိနိုင်သည်။
ယန်အန်းကော် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဘေးသို့ လျှောက်သွားကာ တီးတိုးလေး ပြောလိုက်၏။
“မင်းရဲ့ အဘိုးက တမင်လုပ်တာ မဟုတ်ပါဘူး၊ သူက...”
“ကျွန်မ သိပါတယ်”
လီရှန်းက လက်ကို မြှောက်လိုက်ပြီး ဓာတ်ပုံဘောင်ကို အသာအယာ ထိတွေ့လိုက်သည်။
“ကျွန်မနဲ့ ကျွန်မရဲ့အမေက တကယ်ကို ရုပ်ချင်းဆင်ကြတာပဲ”
ကျန်းရူတုန်းက လီရှန်းကို ကြည့်ရန်အတွက် အမြဲတစေ တွန့်ဆုတ်နေခဲ့ခြင်းမှာ သူမက ကျန်းဟုန်ကျန့်၏ သမီးဖြစ်သော်လည်း လီဟုန်ကျွင့်နှင့် ပိုတူနေသောကြောင့်ဟုထင်မိခဲ့သည်။
သို့သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က လီရှန်း မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ခဲ့လျှင် လီဟုန်ကျွင့်နှင့် ဆင်တူမှုများက တဖြည်းဖြည်းနည်းပါးလာကြောင်းသတိပြုမိသည်။
အထူးသဖြင့် မင်္ဂလာဆောင်သည့်နေ့က မိတ်ကပ်လိမ်းထားချိန်တွင် ကျန်းဟုန်ကျန့်နှင့် ပို၍ပင် တူနေသည်ဟု ခံစားခဲ့ရပေသည်။
“ဟုတ်တယ်၊ မင်းရဲ့ မျက်လုံးတွေက မင်းအမေနဲ့ တူတယ်”
ယန်အန်းကော်သည်လည်း ကျန်းဟုန်ကျန့်နှင့် လူကိုယ်တိုင် တစ်ခါမျှ မဆုံဖူးပါချေ။ သူနှင့် ကျန်းဟုန်မေ့တို့ လက်မထပ်မီ နှစ်နှစ်ကတည်းက သူမ ကွယ်လွန်သွားခဲ့ပြီး ဖြစ်ပေ၏။
ယန်အန်းကော်၏ အမြင်တွင် လီရှန်း၏ မျက်လုံးများသည် ဓာတ်ပုံထဲမှ ကျန်းဟုန်ကျန့်နှင့် ထပ်တူကျနေသကဲ့သို့ဖြစ်နေကာ ကျန်းဟုန်မေ့နှင့်လည်း အလွန်ပင် ဆင်တူပေသည်။
လီရှန်းက ထိုအဖြေကို အမှန်တကယ်ပင် ကျေနပ်သွားသောကြောင့် ပြုံးလိုက်၏။
သူမ လက်ကိုင်ပုဝါကို ထုတ်လိုက်ပြီး ဓာတ်ပုံဘောင်ကို ဂရုတစိုက် သုတ်ပေးလိုက်ကာ ဘောင်ထဲမှ ကျန်းဟုန်ကျန့်၏ မျက်နှာကို အသာတို့ထိလိုက်သည်။
ထို့နောက် လှည့်ထွက်လာခဲ့ကာ အခန်းထဲမှ ထွက်ပြီး မီးဖိုချောင်သို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
ယန်အန်းကော်ကတော့ ကျန်းဟုန်ကျန့်၏ ပုံကိုကြည့်ပြီးနောက် ဘေးနားရှိ တခြားဓာတ်ပုံတစ်ပုံကိုပါ လှမ်းကြည့်လိုက်မိ၏။
တကယ်တမ်းတွင် ကျန်းဟုန်ကျန့်နှင့် ကျန်းဟုန်မေ့တို့၏ မျက်လုံးများမှာ သူတို့၏ မိခင်ဖြစ်သူ၏မျက်လုံးများနှင့် တူနေကြခြင်းသာ ဖြစ်ပေသည်။
မီးဖိုချောင်ထဲတွင် ဝူယွီနျန်က မီးဖို၏နောက်၌ ထိုင်ကာ မီးမွှေးနေပြီး ကျန်းဟုန်မေ့က ခါးစည်းကို ဝတ်ဆင်ကာ ဟင်းသီးဟင်းရွက်များကို ကျွမ်းကျင်စွာ လှီးဖြတ်နေလေ၏။
လီရှန်းအနားသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဝူယွီနျန်က မီးသွေးဖိုလေးပေါ်မှ မြေအိုးအဖုံးကို ဖွင့်လိုက်ပြီး ဝက်သားချက်တစ်တုံးကို ညှပ်ထုတ်ကာ လီရှန်း၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
“ဒါက ဒီနေ့မနက်ကပဲ ချက်ထားတာလေ၊ ဟုန်မေ့က အပေါ့အငန် စပ်ပေးထားတာဆိုတော့ မင်းအကြိုက်ဖြစ်နေမှာပဲ”
လီရှန်းက နှစ်လုပ်ခန့် ဝါးလိုက်ပြီးနောက် အရသာလေးပြီး မွှေးကြိုင်သောရနံ့က သူမ၏ ဦးနှောက်ထဲအထိ စိမ့်ဝင်သွားတော့သည်။
ကျန်းဟုန်မေ့သည်က အသံပိုင်းဆိုင်ရာ ဂီတကို သင်ကြားပေးသူ ဖြစ်သော်လည်း ဟင်းချက်ရာတွင်လည်း အလွန်ပင် ထူးချွန်ပေသည်။
အကယ်၍ သူမသာ လက်ရှိလုပ်ငန်းခွင်၌ အောင်မြင်မှုမရခဲ့လျှင်ပင် စားသောက်ဆိုင်လေးတစ်ဆိုင် ဖွင့်ကာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မည့်သူမျိုး ဖြစ်၏။
“အဘွားဝူရဲ့ လက်ရာကလည်း အရမ်းကောင်းတာပဲလေ”
လီရှန်းက အသားကို မျိုချလိုက်ပြီး ဝူယွီနျန်ကို ချက်ချင်းပင် ချီးကျူးလိုက်သည်။
“အဘွား ချက်တဲ့ ဝက်သားနဲ့သစ်ကြားသီးချက်က အကောင်းဆုံးပဲ”
ထိုစကားကို ကြားလျှင် ဝူယွီနျန်မှာ အလွန်ပင် ပျော်ရွှင်သွားရ၏။
“သစ်ကြားသီးဝယ်လို့မရတာ နှမြောစရာပဲ၊ မဟုတ်ရင်တော့ မင်းအတွက် ဝက်သားနဲ့သစ်ကြားသီးကို သေချာပေါက် ချက်ကျွေးမှာ”
သူမက ကျန်းဟုန်မေ့ကို အောင်နိုင်သူတစ်ဦးကဲ့သို့ပင် လှမ်းကြည့်လိုက်သေးသည်။
“တွေ့လား ၊ ရှန်းရှန်းက ငါ့လက်ရာကို အရသာရှိတယ်လို့ ပြောတယ်၊ မင်းက မင်းလက်ရာကိုပဲအမြဲတမ်း ချင်ချင်နေတယ်ထင်တာလား”
ကျန်းဟုန်မေ့မှာတော့ စကားပြန်မပြောနိုင်ဘဲ ဆွံ့အသွားရလေသည်။
သူမသည်က ဝူယွီနျန်ကို အပင်ပန်းမခံစေချင်ရုံမျှသာ ဖြစ်ပေ၏။ မဟုတ်ပါက သူမ အဘယ်ကြောင့် ယခုကဲ့သို့ မနက်စောစောစီးစီးရောက်လာနေမည်နည်း။
သူတို့ စကားအနည်းငယ် ပြောပြီးနောက်တွင် ကျန်းကျူးရိနှင့် ဇနီး၊ ကျန်းရှင်းမင်နှင့် ဇနီးတို့မှာလည်း အတူ ရောက်လာကြသည်။
လူအားလုံး ရောက်ရှိလာပြီဖြစ်ကာ ဟင်းလျာများမှာလည်း အသင့်ဖြစ်လုနီးပါးဖြစ်နေပြီး လျင်မြန်စွာ ချက်ပြုတ်ရမည့် ဟင်းအနည်းငယ်သာ ကျန်ရှိတော့ပေသည်။
လူစုကြီး ဝင်လာသည်နှင့ အိမ်ကြီးမှာလည်း ချက်ချင်းပင် စည်ကားသွားတော့သည်။
ဖန်ချင်းက လီရှန်းကို အထက်အောက်သေသေချာချာကြည့်ရှု အကဲခတ်လိုက်ပြီး လီရှန်း၏ မျက်နှာက အမှန်တကယ်ပင် ကြည်လင်နေသည်ကို မြင်မှသာ စိတ်သက်သာရာရသွားရတော့သည်။
ဘေးနားတွင် ရပ်နေသော ချန်ဖန်းက စနောက်လိုက်၏။
“ယောက်မကတော့ နှစ်ရက်ပဲ ရှိသေးတာကို နှစ်နှစ်လောက် ကြာသွားသလိုပဲဖြစ်နေတာပဲ”
“အခု ငါ့ရဲ့သမီးက အိမ်ထောင်ကျသွားပြီလေ၊ နှစ်ရက်ကို ထားလိုက်ပါဦး၊ နှစ်နာရီကိုတောင် ကမ္ဘာပျက်မတတ် ခံစားနေရတယ်”
ဖန်ချင်းက နှစ်သစ်ကူးအကြိုညက အတူတူ နေ့လယ်စာ စားခဲ့ကြသော်ငြားလည်း လီရှန်း၏ လက်ကို မလွှတ်ချင်ဘဲ ဖြစ်ခဲ့ရသည်။
“ဒါဆို ကျွန်မလည်း အားတဲ့အချိန်တိုင်း အိမ်ကိုပြန်လာပြီး ထမင်းစားမှာနော်”
လီရှန်းက အခွင့်အရေးကို ချက်ချင်းအရယူလိုက်ပြီး ဖန်ချင်း၏ လက်မောင်းကို ဖက်တွယ်ကာ ကလေးလေးတစ်ယောက်ကဲ့သို့ ချွဲနွဲ့ပြောဆိုလိုက်လေသည်။
“လာခဲ့စမ်းပါ၊ ငါ့ရဲ့သမီးလေး စားသလောက်နဲ့တော့ ငါတို့ အိမ်ကြီးက ပြာကျမသွားပါဘူး”
လီရှန်းက သူမ၏ ရင်ဘတ်ကို လက်ဖြင့်ပုတ်ရင်း ချက်ချင်းပြောလိုက်လေ၏။
“ဒါဆိုရင်တော့ ကျွန်မလည်း အားနာနေမှာ မဟုတ်ဘူး”
ဖန်ချင်းတစ်ယောက် ထိုစကားကို ကြားရသောကြောင့် အလွန်ပျော်ရွှင်သွားရပြီး စုဝေ့ချင်းကိုပါ နေ့တိုင်း အိမ်သို့လာနေရန်အတွက် ဖျောင်းဖျနိုင်ဖို့ စိတ်ကူးနေတော့သည်။
“မင်းရဲ့ အခန်းကိုလည်း ဘာမှမပြောင်းလဲဘဲ ဒီအတိုင်းပဲ ထားထားတယ်၊ မင်းတို့ နှစ်ယောက် အိမ်ကိုပြန်လာတဲ့အချိန် အိပ်ဖို့နေရာ အဆင်သင့်ရှိတယ်”
လီရှန်းအနေဖြင့်လည်း ငြင်းပယ်ရန် အကြောင်းပြချက် မရှိပါချေ။
“ကောင်းပြီ၊ အားလုံးပဲ ထမင်းစားကြရအောင်!”
လူစုံသွားပြီဖြစ်သောကြောင့် ကျန်းဟုန်မေ့က လက်ခုပ်တီးကာ လူတိုင်းကို နေရာယူရန် ဖိတ်ခေါ်လိုက်လေသည်။
ထိုနေ့၏ ဟင်းလျာများက အလွန်ပင် ခမ်းနားပေသည်။
ကျန်းရူတုန်း၏ စကားအရဆိုလျှင် ဤသို့ဖြစ်လေ၏။
“ငါ့မှာ ပုံမှန်ဆိုရင် ပိုက်ဆံလည်း သုံးစရာမရှိဘူး၊ ရိက္ခာလက်မှတ်တွေလည်း အလုံအလောက် ရှိနေတာပဲ အခုမှ မစားရင် ဘယ်တော့မှ စားမှာလဲ၊ ငါသေတဲ့အထိ စောင့်ပြီး တခြားလူတွေ လာစားတာကိုပဲ စောင့်နေရမှာလား”
သူ စကားပြောပြီးသည်နှင့် ဝူယွီနျန်က သူ့ကို အကြိမ်ပေါင်းများစွာ တံတွေးဖြင့် တဖတ်ဖတ်လုပ်ကာ ဆုတောင်းလိုက်၏။
ကျန်းရူတုန်း : “...”
သူက စကားကို ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တာလေ။
*