အခန်း (၁၁၆)
Vol. 12 Ch. 116
အခန်း(116)
“ဝေ့ချင်း ဘာဖြစ်လို့လဲ”
လီရှန်း၏ စိုးရိမ်တကြီး မေးမြန်းသံက အနောက်ဘက်မှ ထွက်ပေါ်လာ၏။
စုဝေ့ချင်းက ခေါင်းခါပြလိုက်ပြီး ပြာလိုက်လေ၏။
“ဘာမှမဖြစ်ပါဘူး၊ ကိုယ် ရုတ်တရက် ခေါင်းနည်းနည်း မူးသွားလို့”
လီရှန်းက သူ၏လက်မောင်းကို အမြန်လှမ်းတွဲပေးလိုက်သည်။
“အခန်းထဲကို ပြန်သွားပြီး ခဏလောက် လှဲနေလိုက်ပါလား၊ ရေနွေးကို ကျွန်မပဲ တည်လိုက်ပါ့မယ်”
သူမက စုဝေ့ချင်း၏ နားထင်များကို လက်ဖြင့် အသာအယာ နှိပ်ပေးလိုက်ပြီး ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်၏ ။
“ဒီရက်ပိုင်းမှာ ရှင်က စောစောလည်း အိပ်တယ်၊ အစားအသောက်လည်း ကောင်းကောင်းစားရဲ့သားနဲ့ ဘာလို့ ခေါင်းမူးနေရတာလဲ”
ယနေ့ခေတ်ကာလတွင် ခေါင်းမူးခြင်းက များသောအားဖြင့် အာဟာရချို့တဲ့ခြင်းကြောင့်သာ ဖြစ်တတ်ပေသည်။
သွေးတိုးခြင်းနှင့် ဆီးချိုတက်ခြင်းတို့မှာ ချမ်းသာကြွယ်ဝသူများသာ ဖြစ်တတ်သည့် ရောဂါမျိုးဟု ယူဆထားကြသည် မဟုတ်ပါလား။
သေချာပေ၏။ သူ ခေါင်းမူးနေရခြင်းမှာ တစ်ညလုံး အိပ်မက်ထဲတွင် စာဖတ်နေရသဖြင့် ကောင်းကောင်း အိပ်မပျော်သောကြောင့်သာ ဖြစ်ပေသည်။
စုဝေ့ချင်းတစ်ယောက် နှလုံးသားထဲ၌ မကျေမနပ် ဖြစ်နေသော်လည်း အမှန်အတိုင်း မပြောရဲသည့်အတွက် ခေါင်းခါယမ်းကာ ပြောလိုက်သည်။
“လေတိုက်တာ နည်းနည်း ပြင်းသွားလို့ဖြစ်မယ်”
လီရှန်းတစ်ယောက် စုဝေ့ချင်း၏ ခေါင်းကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေမိ၏။ စနစ်က ဝိညာဉ်ထဲ၌ ကိန်းအောင်းနေခြင်းဖြစ်ကြောင်းကို သူမ သိရှိထားခဲ့သည်။
သို့သော်လည်း လူသား၏ ဦးနှောက်မှာ ဝိညာဉ်တည်ရှိရာ နေရာဖြစ်လိမ့်မည်ဟု လီရှန်းက အမြဲတစေ ယုံကြည်ထားခဲ့ပေသည်။
သို့ဖြစ်၍ CT scanရိုက်ချိန်တွင် စနစ်ကို ရှာမတွေ့ခဲ့လျှင်ပင် စနစ်က လူသား၏ ဦးနှောက်ထဲ၌သာ ရှိနေနိုင်သည်ဟု သူမက ဆက်လက် ယူဆထားဆဲပင်။
“ရှင် ခဏထိုင်နေလိုက်ဦး၊ ကျွန်မပဲ ရေနွေးတည်လိုက်မယ်”
လီရှန်းက စုဝေ့ချင်းအား ဘေးဘက်ရှိ ထိုင်ခုံငယ်လေးပေါ်တွင် ထိုင်ခိုင်းလိုက်ပြီးနောက် မီးဖိုကိုဖွင့်ကာ ရေပုံးကို တင်လိုက်လေသည်။
သူမအနေဖြင့် ဆူပူပြောဆိုရန်ကိုလည်း မမေ့လျော့ခဲ့ပါချေ ။
“...စာဖတ်တယ်ဆိုတာ တစ်ရက်၊ နှစ်ရက်နဲ့ ပြီးသွားမယ့်အရာ မဟုတ်ဘူး ကျွမ်မတို့တွေက ငယ်သေးတယ်၊ ဘာလို့ ဒီလောက်တောင် အသည်းအသန် ဖြစ်နေရတာလဲ”
မင်း ကြားလိုက်လား?!
စုဝေ့ချင်းသည် စိတ်ထဲတွင် မကျေမနပ်နှင့် နာကျင်စွာ အော်ဟစ်နေခဲ့သော်လည်း စနစ်က တိတ်ဆိတ်နေခဲ့၏။
“ကိုယ် အသည်းအသန်ဖြစ်နေတာ မဟုတ်ပါဘူး၊ စာကို တကယ်ဖတ်ချင်နေလို့ပါ”
သူ့အနေဖြင့် သူ၏ စိတ်ရင်းအမှန်ကို ထုတ်မပြောရဲသည့်အတွက် ခေါင်းမာသော အမူအရာမျိုးကိုသာ ဆက်လက် ဖော်ပြနေရလေတော့သည်။
သူ့အနေဖြင့် စနစ်တည်ရှိနေကြောင်းကို လုံးဝ ထုတ်မပြောဝံ့ပါချေ။
အကယ်၍သာ ထုတ်ပြောလိုက်လျှင် ရဲဘော်လီရှန်းက သူ့အား မိစ္ဆာတစ်ကောင်ကဲ့သို့ သဘောထားကာ ကြောက်ရွံ့သွားပေလိမ့်မည် ။
ပြီးနောက် သူ့ကို ထားသွားမည်ကိုလည်း သူ အလွန်ပင် စိုးရိမ်နေခဲ့မိသည်။
သူတို့ လက်ထပ်ခဲ့သည်မှာ ရက်ပိုင်းမျှသာ ရှိသေးသော်လည်း ရဲဘော်လီရှန်းနှင့် ခွဲခွာရမည့် မြင်ကွင်းကိုတော့ သူ လုံးဝ စိတ်ကူး၍ပင် မရနိုင်တော့ပါချေ။
လီရှန်း - “...”
ကောင်းပြီလေ။
သူမအနေဖြင့် သူ၏ခန္ဓာကိုယ်ထဲ၌ စနစ်ရှိနေသည်ကို သိရှိထားကြောင်းကို ဖွင့်ဟပြောဆိုရန် စဉ်းစားနေခဲ့သော်လည်း၊ တစ်ဖက်လူ၏ စိုးရိမ်ပူပန်ပြီး တုံ့ဆိုင်းနေသော မျက်နှာအမူအရာကို မြင်လိုက်ရသည့်အတွက် သူ့အား ထိတ်လန့်သွားအောင် မလုပ်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း...
သူမ မှတ်မိသလောက်ဆိုလျှင် ထိုစနစ်မှာ ‘ကူညီရေးစနစ်’ သာ ဖြစ်ပေသည်။
သူက ဘယ်အချိန်ကစပြီး ‘စာဖတ်ခိုင်းတဲ့ စနစ်’ ဖြစ်သွားရတာလဲ?
လီရှန်းတစ်ယောက် ညဘက်တွင် စုဝေ့ချင်း အိပ်မောကျသွားသည့်အချိန်မှသာ ထုန်ဇီနှင့် ဆက်သွယ်ရန် ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်သည်။
သူမ တာဝန်များ ပြီးဆုံး၍ စနစ်မှ ထွက်ခွာခဲ့ပြီးဖြစ်၍ သူမနှင့် ပြန်လည်ဆုံတွေ့သည့်အချိန်တွင် ထိုစနစ်က သူမအား မှတ်မိပါဦးမည်လားဟူသည်ကိုတော့ သူမ မသိရှိပါချေ။
ရေနွေးဆူပွက်သွားသည့်အချိန်တွင် လီရှန်းက အခန်းထဲသို့ ပြန်ဝင်လာခဲ့ပြီး သူမ၏ ခန်းဝင်ပစ္စည်းဖြစ်သော ရေနွေးဓာတ်ဘူးကို ယူကာ ရေနွေးဖြည့်လိုက်လေသည်။
ထို့နောက် သူမက စုဝေ့ချင်းကို ခုင်းစေလိုက်သည်။
“ဒီရေနွေးဓာတ်ဘူး နှစ်လုံးကို အခန်းထဲကို အရင် ယူသွားလိုက်ဦး၊ ကျွန်မ အဖေတို့အတွက် ရေနွေးကြမ်းလုပ်ပေးလိုက်ဦးမယ်”
စုဝေ့ချင်းသည်ကား တစ်ယောက်တည်း မနေချင်သည့်အတွက် တုံ့ဆိုင်းနေခဲ့ပြီး ရေနွေးဓာတ်ဘူးအဟောင်းကို ကိုယ်တိုင်ယူကာ နောက်လက်တစ်ဖက်ဖြင့် လီရှန်းအား မီးဖိုချောင်တံခါးအပြင်သို့ တွန်းထုတ်လိုက်လေသည်။
“ကောင်းပြီ ၊အဖေတို့အတွက် ရေနွေးကြမ်း အတူ သွားပေးရအောင်”
ခန်းဝင်ပစ္စည်းဖြစ်သည့် ရေနွေးဓာတ်ဘူး နှစ်လုံးနဲ့ ပတ်သက်လျှင်တော့..
ဒါက သူတို့ရဲ့အိမ်က မီးဖိုချောင်ပဲလေ။
ဘယ်သူက လာခိုးသွားမှာမို့လို့လဲ။
*
နှစ်သစ်ကူး ပထမဆုံးနေ့၏ ညစာက အလွန်ပင် ခမ်းနားနေဆဲဖြစ်ကာ စားပွဲပေါ်တွင် ဖက်ထုပ်ပန်းကန်ကြီး နှစ်လုံး ရှိနေခဲ့ပေသည်။
တစ်မိသားစုလုံးက အလွန်ပင် စိတ်ကျေနပ်စွာ စားသောက်ခဲ့ကြလေ၏။
“မနက်ဖြန်ကျရင် ငါတို့အားလုံး နှစ်သစ်ကူးအတွက် ဆွေမျိုးတွေဆီကို သွားလည်ကြရမှာကို အိမ်မှာ ဖက်ထုပ်တွေ အများကြီး ကျန်နေသေးတယ်”
လော်ယွီရှို့က အိမ်တွင်ရှိနေသော ဖက်ထုပ်များအကြောင်းကို ပြောသည့်အချိန်တွင် အနည်းငယ် စိုးရိမ်နေခဲ့ပေသည်။
ယခုနှစ်တွင် ချွေးမသစ် နှစ်ဦးရှိနေသသည့်အတွက် အစားအသောက် မလုံလောက်မည် စိုးရိမ်သောကြောင့် သူမက ဖက်ထုပ်များကို အပိုလုပ်ထားခဲ့မိသည်။
ချွေးမနှစ်ဦးအနက် ဝူလီက အစားကောင်းကောင်း စားနိုင်သော်လည်း လီရှန်းက အစားအလွန်နည်းလွန်းပေ၏။
သူမက ဖက်ထုပ် ဆယ်လုံးခန့် စားပြီးသည်နှင့် ဗိုက်ပြည့်သွားခဲ့ချေပြီ။
ထို့ကြောင့် အိမ်တွင် ဖက်ထုပ်များစွာ ပိုလျှံနေခဲ့ရသည်။
“ဘာကို စိတ်ပူနေတာလဲ၊ ဒီနေ့ ရာသီဥတုက အေးနေတာပဲလေ၊ မသိုးသွားလောက်ပါဘူး၊ သိမ်းထားလိုက်ပြီးမှ နောက်မှ ဖြည်းဖြည်းချင်း ပြန်စားကြတာပေါ့”
စုဝေ့ဟိုင်က ဖက်ထုပ်တစ်လုံးကို ပါးစပ်ထဲသို့ သွင်းလိုက်ကာ သူ၏ သားနှစ်ဦးအတွက်လည်း ဖက်ထုပ်များကို အတုံးငယ်လေးများ တုံးပေးရန် မမေ့လျော့ဘဲ လုပ်ပေးနေခဲ့သည်။
“ဖက်ထုပ် ဆယ်လုံးလောက်ပဲ စားရသေးတာကို ဗိုက်ပြည့်သွားပြီလား”
ဝူလီက သူမ၏ဝမ်းဗိုက်ကို ပွတ်သပ်ရင်း မေးလိုက်၏။ သူမက ဖက်ထုပ် အလုံးပေါင်း သုံးဆယ်နီးပါးကို စားသောက်ခဲ့ခြင်း ဖြစ်ပေသည်။
ဝူလီ၏ ဝမ်းဗိုက်ကို ကြည့်ရင်း လီရှန်းတစ်ယောက် သူမက အစားနည်းနေခြင်းမဟုတ်ဘဲ ဤလူများက အစားလွန်နေကြခြင်းသာ ဖြစ်ကြောင်း ခံစားလိုက်ရသည်။
သို့သော်လည်း ယခုခေတ်ကာလတွင် ဆီနှင့် အဆီအနှစ်များက ရှားပါးလွန်းပြီး ရိက္ခာဝေစုအပေါ်တွင်သာ မှီခိုနေရသည့်အတွက် အစားအသောက်များကို ငွေရှိလျှင်ပင် ဝယ်ယူ၍ မရနိုင်ပေ။
ထို့ကြောင့် ယခုကဲ့သို့ အစားအသောက်ကောင်းများကို စားသောက်နိုင်ချိန်တွင် များများစားနေကြသည်ကို သူမ နားလည်ပေးနိုင်ပေ၏။
အမျိုးသားများမှာ ပန်းကန်ဆေးနေကြသည့်အတွက် ဝူလီသည်လည်း လုပ်စရာမရှိတော့ချေ။
သူမက လီရှန်းနှင့်အတူ အိမ်ထဲတွင် အရှေ့အနောက် လမ်းလျှောက်နေခဲ့ကြသည်။
“ယောာ်မက ကလေးတွေကို ကြည့်ပေးဖို့ မလိုဘူးလား”
ခဏမျှ လမ်းလျှောက်ပြီးနောက် လီရှန်းက စကားစပြောလိုက်၏။
ဝူလီမှာ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အပြုံးတစ်ခုနှင့်ပြောလာလေသည်။
“ရှောင်ချန်နဲ့ ရှောင်ကျွင့်က ငါနဲ့ ကစားရတာကို သဘောမကျကြဘူးလေ၊ ဒါကြောင့် ညီအစ်ကို နှစ်ယောက်က သူတို့ဘာသာသူတို့ ကစားပါစေဦး”
သူမက ထိုပြောရင်းနှင့် အထင်လွဲမည်ကို စိုးရိမ်သကဲ့သို့ အလျင်အမြန်ပင် ရှင်းပြလာ၏။
“နင် သိတဲ့အတိုင်းပဲလေ၊ ငါက သူတို့ရဲ့ အမေအရင်းမဟုတ်တော့ သူတို့နဲ့ သိပ်မရင်းနှီးတာ ပုံမှန်ပဲ”
“အဲလိုလား”
လီရှန်းက ခပ်တိုးတိုးသာ ပြန်လည် တုံ့ပြန်လိုက်သည်။ သူမအနေဖြင့် ဝူလီ၏ စကားကို ယုံကြည်ခြင်း ရှိ၊ မရှိကို မသိနိုင်ပါချေ။
သူမ နောက်ထပ် စကားပြောလာသည့်အချိန်တွင် ကလေးများအကြောင်းကို ထပ်မပြောတော့ဘဲ ဝူလီနှင့် စုဝေ့ဟိုင်တို့၏ ဆက်ဆံရေးအကြောင်းကိုသာ မေးမြန်းလိုက်သည်။
စုဝေ့ဟိုင်က ဝူလီအတွက် အလွန်ပင် အရေးကြီးသူ ဖြစ်ပေသည်။
သူမက သူမကိုယ်သူမ ကံမကောင်းသူတစ်ဦးဟု အမြဲတစေ ခံစားခဲ့ရပြီး ပျော်ရွှင်မှုကို ရရှိရန်အတွက် တိုက်ခိုက်ရုန်းကန်ရမည်ဟုသာ မှတ်ယူထားခဲ့သူ ဖြစ်၏။
သူမ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ချိန်တွင် စုဝေ့ဟိုင်က သူမ ရရှိနိုင်သမျှထဲ၌ အကောင်းဆုံးသော ခင်ပွန်းလောင်း ဖြစ်ခဲ့သည်။
သူသည်က အရပ်ရှည်ပြီး ခန့်ညားသည့်အပြင် ယောက်ျားပီသကာ တည်ငြိမ်ပြီး တာဝန်ယူလိုစိတ်ရှိသော စရိုက်ရှိသူလည်း ဖြစ်သည်။
စုဝေ့ဟိုင်နှင့် တွေ့ဆုံခဲ့ရချိန်တွင် သူမ၏ ခါးသီးလွန်းသော ဘဝက နောက်ဆုံးတွင် ချိုမြန်သည့်အရသာကို မြည်းစမ်းခွင့်ရလိုက်သကဲ့သို့ ခံစားခဲ့ရသည်။
သူအပေါ်တွင် ထားရှိသော သူမ၏ ခံစားချက်များမှာ ကျေးဇူးတင်ခြင်း၊ အထင်ကြီးအားကျခြင်းနှင့် အချစ်တို့ ရောထွေးနေခဲ့ကာ အလွန်ပင် ရှုပ်ထွေးပေသည်။
ခဏမျှ လမ်းလျှောက်ပြီးနောက်တွင် လော်ယွီရှို့က လာဘ်ကောင်းခြင်းများ အိမ်ထဲမှ ပြန်ထွက်မသွားစေရန် တံခါးပိတ်ရမည် ဖြစ်၍ ထိုဇနီးမောင်နှံကို အမြန်ပြန်ရန် တိုက်တွန်းလေသည်။
စုဝေ့ဟိုင်နှင့် သူ၏ မိသားစုဝင်လေးယောက် ထွက်ခွာသွားပြီးနောက်တွင် စုဝေ့မင်က မာကျောက်ခုံကို ထုတ်ယူလိုက်၏။
“အိပ်ဖို့ မလောကြနဲ့ဦး၊ မာကျောက် ကစားကြရအောင်”
“မင်း ဘာလို့ ငါ့ကို လာရိုက်နေတာလဲ၊ စိတ်များ ဖောက်ပြန်နေတာလား”
လော်ယွီရှို့က ခဏမျှ သည်းခံခဲ့သော်လည်း အဆုံးတွင် မနေနိုင်တော့ဘဲ လေသံတိုးတိုးဖြင့် ငေါက်ငမ်းလိုက်တော့သည်။
“ဒီဇနီးမောင်နှံက လက်ထပ်တာ ရက်ပိုင်းပဲ ရှိသေးတယ်၊ အခု ဒီညမှာ ရှင့်နဲ့ မာကျောက် လာကစားနေရမှာလား”
စုဝေ့မင် : “...”
အဲဒါက ဘာဖြစ်နေလို့လဲ။
“အခုက စောသေးတာပဲ၊ နှစ်ပွဲ သုံးပွဲလောက် ကစားပြီးမှ ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်လို့ ရတာပဲလေ
ဒါ့အပြင် သူတို့က မနက်ဖြန် တုန်ယွမ်ကို နှစ်သစ်ကူးနှုတ်ဆက်ဖို့ သွားရဦးမှာဆိုပေမဲ့ ငါတို့ စက်ရုံနဲ့လည်း နီးနေတာပဲမလား၊ သူတို့ လမ်းလျှောက်သွားလို့ ရတာပဲ .. မင်းက နောက်ကျမှာကို စိုးရိမ်နေတာလား”
လော်ယွီရှို့တစ်ယောက် သူမ၏ မျက်လုံးများကို လှန်လိုက်မိသော်လည်း နှစ်သစ်ကူး၏ ပထမဆုံးနေ့ ဖြစ်သောကြောင့် မည်သည့်စကားကိုမျှ ထပ်မပြောတော့ပါချေ။
တစ်ဖက်တွင် စုဝေ့ချင်းက မာကျောက်တုံးများကို လက်ဖြင့် ပွတ်သပ်နေခဲ့ကာ အလွန်ကစားချင်နေပုံရသည်။
“ဒါတွေကို မကိုင်ရတာ တော်တော်ကြာပြီပဲ.. ကစားချင်နေပြီ”
“ဒါဆိုရင်လည်း စမ်းကြည့်ကြတာပေါ့”
လီရှန်းက သူမ၏ အင်္ကျီလက်များကို လိပ်တင်လိုက်ရင်း ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
သူမသည်က ကျွမ်းကျင်သော မာဂျောင် ကစားသမားတစ်ဦး ဖြစ်ပြီး ယခင် တာဝန်ထမ်းဆောင်ခဲ့ရသော ကမ္ဘာတစ်ခုတွင် မာကျောက်ဝိုင်းလေးတစ်ခုကိုပင် ဖွင့်လှစ်ခဲ့ဖူးသူ ဖြစ်ပေသည်။
တစ်ခါတစ်ရံ ကစားသမား မပြည့်စုံပါက သူမကိုယ်တိုင် ဝင်ရောက်ကစားလေ့ရှိပြီး ရှုံးပွဲထက် နိုင်ပွဲက ပိုများတတ်၏။
နောက်ဆုံးတွင် ကစားသမားများမှာ သူတို့ဘာသာ လူစု၍လာတတ်ကြပြီး သူမကို ဝိုင်းထဲသို့ လုံးဝ ဝင်မကစားခိုင်းတော့သည့်အထိပင် ဖြစ်ခဲ့ရဖူးလေသည်။
*