← Chapters

အခန်း (၁၁၅)

Vol. 12 Ch. 115

အခန်း (၁၁၅)

Vol. 12 Ch. 115

အခန်း(115)

နှစ်သစ်ကူးကာလတွင် လူအမြောက်အမြား သွားလာလည်ပတ်နေကြသောကြောင့် ကုန်တိုက်ထဲတွင် လူများစွာက တိုးမပေါက်နိုင်လောက်အောင် စည်ကားနေခဲ့၏။

သို့သော်လည်း ပစ္စည်းများကို အမှန်တကယ်ဝယ်ယူသူများကတော့ များစွာမရှိပါချေ။

ပြောရလျှင် ယနေ့ခေတ်ကာလ၌ လူများစွာက နှစ်သစ်ကူး ပထမဆုံးနေ့တွင် ငွေသုံးစွဲခြင်းကို ကံမကောင်းဟု ယူဆထားကြသည်။

အကယ်၍ ယနေ့ ငွေသုံးစွဲမိပါက တစ်နှစ်ပတ်လုံး ငွေဆုံးရှုံးလိမ့်မည်ဟု ယုံကြည်ထားကြလေသည်။

ကုန်တိုက်ရှိ အရောင်းစာရေးများအနေဖြင့် စိတ်မချမ်းမြေ့ဖြစ်နေလျှင်ပင် ဒေါသမထွက်ရဲကြပါချေ။

သူတို့က တစ်စုံတစ်ဦးမှ တိုင်တန်းမည်ကို ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ အကယ်၍ ယနေ့တွင် ဒေါသထွက်မိပါက တစ်နှစ်ပတ်လုံး စိတ်အေးချမ်းမှု မရရှိဘဲနေလိမ့်မည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်ပေသည်။

တစ်ခါတစ်ရံတွင် လူတို့က စည်းမျဉ်းစည်းကမ်းများကြောင့် မဟုတ်ဘဲ ကိုယ်တိုင်၏ ကိုယ်ကျိုးစီးပွား ထိခိုက်မည်ကို စိုးရိမ်သဖြင့် အပြုအမူများကို ထိန်းချုပ်တတ်ကြပေသည်။

သို့ဖြစ်၍ လီရှန်းသည်လည်း ကုန်တိုက်ကြီး၌ နွေဦးကဲ့သို့ နွေးထွေးသော ဝန်ဆောင်မှုမျိုးကို နောက်ဆုံးတွင် ခံစားခဲ့ရတော့သည်။

စုဝေ့ဟိုင်နှင့် ဝူလီတို့ကတော့ ကလေးကိုခေါ်ကာ ခရိုင်ထဲရှိ ပန်းခြံငယ်လေး၌ လှေစီးရန်ထွက်သွားခဲ့ကြ၏။

ညနေစောင်းချိန်တွင် လီရှန်းနှင့် စုဝေ့ချင်းတို့က အရင်ဆုံး ပြန်ရောက်လာခဲ့ကြလေသည်။ နေဝင်သွားပြီဖြစ်သော်လည်း သက်ကြီးပိုင်းဇနီးမောင်နှံမှာ အိမ်ထဲသို့ မဝင်သေးဘဲ ဇွတ်အတင်းစောင့်နေကြလေ၏။

ထိုအခြေအနေကိုမြင်လျှင် သူတို့လည်း စုစမ်းလိုစွာဖြင့် မေးမြန်းလိုက်ကြသည်။

“အဖေနဲ့အမေ.. ဘာတွေကို စောင့်ကြည့်နေကြတာလဲ?”

“ဘေးအိမ်ကို ကြည့်နေတာလေ”

လီရှန်းက အခြေအနေကို သိရှိထားသူဖြစ်သောကြောင့် လော်ယွီရှို့က သူမကို ဖုံးကွယ်မထားတော့ဘဲ ဘေးဘက်သို့ဆွဲခေါ်ကာ လုမိသားစုတွင် ယနေ့ မည်သူမျှ မရှိကြကြောင်း ပြောပြလာလေ၏။

စုဝေ့ချင်းကတော့ ရေနွေးဓာတ်ဘူးကို မ,ကြည့်လိုက်ပြီး ရေနွေးမရှိတော့သည်ကို တွေ့သောကြောင့် မီးဖိုချောင်သို့ တိတ်တဆိတ် ယူဆောင်သွားခဲ့၏။

သူ မီးဖိုချောင်ထဲသို့ ဝင်လိုက်သည်နှင့် စနစ်က သူ့အား ချက်ချင်း ဖမ်းမိသွားခဲ့လေသည်။

[မင်း ဒီနေ့ရဲ့ စာဖတ်ချိန်မှာ ဘာစာမှ မဖတ်ရသေးဘူးနော်]

စုဝေ့ချင်း : “...ဒီနေ့က နှစ်သစ်ကူး ပထမဆုံးနေ့လေ”

အကယ်၍ သူသာ ယနေ့ စာဖတ်ရမည်ဆိုပါက တစ်နှစ်ပတ်လုံး စာဖတ်နေရမည်ဟူသော အဓိပ္ပာယ်ပင် မဟုတ်ပါလား။

ဤသည်မှာ လူသားတစ်ဦးအတွက် နှိပ်စက်ခြင်းမျိုးသာ ဖြစ်ပေသည်။

[အခုချက်ချင်း သွားဖတ်လိုက်၊ ဒါမှမဟုတ်ရင် ငါ မင်းကို လျှပ်စစ်နဲ့ တို့လိုက်တော့မှာနော်]

စုဝေ့ချင်းတစ်ယောက် အတော်ကြာအောင် ရုန်းကန်နေခဲ့ပြီးနောက် နောက်ဆုံးတွင် ရေနွေးဓာတ်ဘူးကို ချထားခဲ့ကာ စိတ်ပျက်လက်ပျက်ဖြင့်သာ အခန်းထဲသို့ ပြန်ဝင်သွားခဲ့ရလေတော့သည်။

ထိုအချိန်မှာပင် လုတုန်းရှန်းတို့ ဇနီးမောင်နှံသည်လည်း အထုပ်အပိုးများစွာကို ပုခုံးပေါ်တွင် ထမ်းပိုးလျက် ပြန်လည်ရောက်ရှိလာခဲ့ကြချေပြီ။ သူတို့၏ နောက်ဘက်တွင်တော့ လူငယ်သုံးဦး ပါဝင်လာခဲ့သည်။

ရှေ့ဆုံးမှ လမ်းလျှောက်လာသူမှာ သူတို့၏ အကြီးဆုံးသား လုကျန့်ရှဲ့ပင် ဖြစ်ပေသည်။

“တကယ်ကို ကျေးဇူးတင်ပါတယ် အစ်မလော်”

လုချင်းလန်က လော်ယွီရှို့၏လက်ကို ဆုပ်ကိုင်ထားခဲ့ပြီး သူမ၏မျက်ဝန်းများက နီရဲနေခဲ့သော်လည်း မျက်ရည်များကို အတင်းအကျပ် ထိန်းထားရင်း မငိုမိစေရန် ကြိုးစားနေရှာ၏ ။

“အဲဒီကိုယ်ကျင့်တရားမရှိတဲ့ မိသားစုကတ ရှင်ပြောသလို ယုတ်မာတဲ့ အကြံအစည်တွေနဲ့ ပြည့်နေတာ.. အဲဒီအဘိုးကြီးနှင့်အဘွားကြီး နှစ်ယောက်ကတောင် အကြီးဆုံးသားရဲ့ မိသားစုကို ဝိုင်းကူပေးနေကြသေးတယ် ..

တကယ်လို့သာ ကျွန်မရဲ့ ကျန့်ရှဲက ဖြောင့်မတ်တဲ့သူ မဟုတ်ဘဲ သူတို့ရဲ့ရှေ့မှာ သူတို့လုပ်နေတဲ့ ပူးပေါင်းကြံစည်မှုကို အော်ဟစ်မဖွင့်ချခဲ့ဘူးဆိုရင်.. ကျွန်မရဲ့ ကျန့်ရှဲက နွေဦးကိုရောက်တာနဲ့ ကျေးလက်ဒေသကို အပို့ခံရတော့မှာပဲ”

အသက်ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်အရွယ်သာရှိသေးပြီး အထက်တန်း ပထမနှစ်တက်နေဆဲဖြစ်သော ကောင်လေးတစ်ဦးကို မည်သည့်အကြောင်းပြချက်မျှမရှိဘဲ ဤကဲ့သို့ နယ်နှင်ဒဏ်ပေးခြင်းမှာ သူ့ကို သတ်လိုက်သည်နှင့် တူညီနေသည်မဟုတ်ပါလား။

“ဒါဆိုရင် အခု ဘယ်လိုဆက်လုပ်ကြမလဲ၊ မင်းရဲ့သားက အိမ်ထောင်ပြုလို့ရတဲ့ အရွယ်ကိုလည်း မရောက်သေးဘူး၊ အလုပ်လည်းမရှိသေးဘူးလေ.. နွေဦးကိုရောက်လို့ မူဝါဒအသစ် ထွက်လာရင် စည်းမျဉ်းတွေအရ ကျေးလက်ကို သွားရဦးမှာပဲ”

လော်ယွီရှို့၏ စကားမှာ အလွန်ပင် လက်တွေ့ကျလွန်းသောကြောင့် လုချင်းလန်တစ်ယောက် တိတ်ဆိတ်သွားရသည်။

သူမအနေဖြင့် ကလေးကို ပြန်ခေါ်လာခဲ့လျှင်ပင် မည်သို့မျှ ထူးခြားလိမ့်မည်မဟုတ်ပါချေ။

သူသည်က ကျေးလက်သို့ သွားရဦးမည်ပင်။

သူမတွင် ထောက်ပံ့ပေးရမည့် သားအငယ်နှစ်ဦးရှိနေသေးသည် မဟုတ်ပါလား။

သူမ စုံစမ်းသိရှိထားသော မူဝါဒအရဆိုလျှင် မိသားစုတစ်ခု၌ ကလေးတစ်ဦးကိုသာ မိဘနှင့်အတူ ထားရှိခွင့်ရှိပေသည်။ အငယ်ဆုံးကလေးနှစ်ဦးက သူတို့နှင့်အတူ နေထိုင်ရန် အလွန်ငယ်ရွယ်လွန်းနေသေးသဖြင့် စိုးရိမ်စရာမရှိသေးသော်လည်း အကြီးဆုံးသားအတွက်တော့...

“အမေ... ကျွန်တော် စစ်ထဲကိုဝင်ချင်တယ်!”

လုကျန့်ရှဲက အိမ်ထဲမှ ခေါင်းပြူထွက်လာကာ ပြောလာလေ၏။

“ကျွန်တော့်သူငယ်ချင်းရဲ့ အစ်ကိုက ယူနန်ပြည်နယ် စစ်ဌာနချုပ်ရဲ့ အစောင့်တပ်ဖွဲ့မှာ ရှိတယ်၊ ကျွန်တော် သူနဲ့အတူ စစ်ထဲဝင်ဖို့ စီစဉ်ထားတယ်”

“ဒီကလေးကတော့... စစ်တပ်ဆိုတာ မင်းဝင်ချင်တိုင်း ဝင်လို့ရတဲ့နေရာလို့ ထင်နေတာလား”

လုချင်းလန်တစ်ယောက် ဒေါသထွက်သွားရပေသည်။ လုမိသားစုတွင် စစ်တပ်နှင့် ပတ်သက်သော မည်သည့်အဆက်အသွယ်မှ မရှိသကဲ့သို့ ဆက်သွယ်ရန် လမ်းစပင် မရှိပါချေ။

“ကျွန်တော် ဂရုမစိုက်ဘူး၊ သူတို့ကို ပြောပြီးသွားပြီ.. နှစ်သစ်ကူး ရှစ်ရက်နေ့မှာ ရထားထွက်မှာ”

လုကျန့်ရှဲက ခေါင်းမာစွာဖြင့်ပင် ပြောဆိုလာလေ၏။

လုချင်းလန်မှာ လော်ယွီရှို့ကို နှုတ်ဆက်စကားပင် မပြောနိုင်တော့ဘဲ လုကျန့်ရှဲ၏ နားရွက်ကို ဆွဲလျက် လုတုန်းရှန်းအား သွားရောက်ရှာဖွေလေတော့သည်။

သားဖြစ်သူက ပုန်ကန်တော့မည်ဖြစ်၍ ဖခင်ဖြစ်သူက တားဆီးနိုင်ပါဦးမည်လား။

လီရှန်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

လုချင်းလန် ထွက်သွားသည်နှင့် သူမ ဝင်ပြောလိုက်မိသည်။

“ဒီလုကျန့်ရှဲကလည်း လေးနက်တဲ့စိတ်သဘောထားရှိတဲ့သူပဲ”

“အမှန်ပဲ၊ ဒီကလေးက ကျေးလက်ကို မသွားချင်လို့ စစ်ထဲကိုဝင်မဲ့နည်းလမ်းကို ရှာထားတာ ဖြစ်မှာ”

အကယ်၍ လုတုန်းရှန်းတို့ ဇနီးမောင်နှံ မသွားခဲ့လျှင်ပင် လုဦးလေးဖြစ်သူက လှည့်ဖျားနိုင်လိမ့်မည် မဟုတ်ပါချေ။

သူတို့သည်က လူတိုင်းကို လှည့်ဖျားနိုင်သော်လည်း ထွက်ပြေးမည့်သူကိုတော့ တားဆီးနိုင်လိမ့်မည် မဟုတ်ပါချေ။

“ဒါနဲ့.. ဝေ့ချင်း ဘယ်ကိုရောက်သွားလဲ”

အတင်းအဖျင်းများ ပြောဆိုပြီးနောက် လော်ယွီရှို့က သူမ၏ သားအငယ်ဆုံးကို သတိရသွားလေသည်။

စုဝေ့မင်က စိတ်ပျက်သည့်အမူအရာဖြင့် ပြောလာသည်။

“ ရေနွေးတည်ဖို့ မီးဖိုချောင်သွားတာ၊ ဒါပေမဲ့ ရေနွေးက အိုးထဲမှာပဲ ခမ်းသွားပုံရတယ်”

လီရှန်းလည်း မီးဖိုချောင်သို့ သွားကြည့်လျှင် မည်သူ့ကိုမျှ မတွေ့ရှိရပေ။

“သူ အခန်းထဲကို ပြန်သွားတာ ဖြစ်မယ်၊ ကျွန်မ သွားကြည့်လိုက်ဦးမယ်”

သူမ ထိုသို့ပြောပြီးနောက် အခန်းတံခါးသို့ တိုက်ရိုက်သွားကာ တွန်းဖွင့်၍ ဝင်လိုက်လေသည်။ ထိုအချိန်တွင်ပင် ရင်းနှီးနေပြီး စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အီလက်ထရောနစ် အသံတစ်ခုကို သူမ ကြားလိုက်ရလေ၏။

[ဒါက ဒီနေ့အတွက် တာဝန်ပဲ၊ မင်း ဒါကို အပြီးသတ်ရမယ်]

စုဝေ့ချင်း : “...ဒါကတော့ လွန်လွန်းတယ်”

[တာဝန်ကို မပြီးမြောက်နိုင်ဘူးဆိုရင်တော့ မင်း ချက်ချင်း သေရလိမ့်မယ်]

လီရှန်း : “!!!”

အိုး ... ဟို!

“ရှန်းရှန်း!”

စုဝေ့ချင်း၏ မျက်ဝန်းများက တောက်ပသွားပြီး ‘ကယ်တင်ခြင်း’ ခံလိုက်ရသည့်အတွက် စိတ်သက်သာရာရမှုများကိုပင် ထိုမျက်ဝန်းများထဲ၌ တွေ့ရှိနေခဲ့ရပေသည်။

မျှော်လင့်ထားသည့်အတိုင်းပင်။ လီရှန်း ပေါ်လာသည်နှင့် စနစ်က ချက်ချင်း ပါးစပ်ပိတ်သွားခဲ့ချေပြီ။

“ဘာလို့ အခန်းထဲကို ပြန်ဝင်နေတာလဲ ၊ အဖေက ရှင်ယူလာမဲ့ လက်ဖက်ရည်ကို စောင့်နေတယ်လေ”

လီရှန်းက စနစ်၏အသံကို မကြားလိုက်ရသကဲ့သို့ ပုံမှန်အတိုင်း အမူအရာ လုံးဝမပျက်ဘဲ ပြောဆိုလိုက်၏။

“အာ.. ကိုယ် မေ့သွားတာ.. အခုချက်ချင်း သွားပြီး ရေနွေးတည်လိုက်ပါ့မယ်”

စုဝေ့ချင်းက သူ၏နဖူးကို လက်ဖြင့် ရိုက်လိုက်မိလေသည်။ သူသည်က စနစ်ကြောင့် အခန်းထဲသို့ စာဖတ်ရန် အပို့ခံလိုက်ရသည့်အတွက် ရေနွေးတည်ရမည်ကို အမှန်တကယ်ပင် မေ့လျော့သွားခဲ့ခြင်း ဖြစ်ပေသည်။

လီရှန်းသည် လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ပိုက်လျက် စုဝေ့ချင်း အခန်းထဲမှ ထွက်သွားစေရန် ဘေးသို့ ဖယ်ပေးလိုက်သည်။

သို့သော် သူမက တံခါးဘောင်ကို မှီကာ စုဝေ့ချင်း၏ ကျောပြင်ကို အဓိပ္ပာယ်အပြည့်ပါသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိခဲ့သည်။

သူမ အမှားမလုပ်နိုင်ပါချေ။ ထိုအသံနှင့် ထိုကဲ့သို့ ရင်းနှီးလှသော ပြောဆိုပုံမှာ သူမ၏ ယခင်စနစ်ဖြစ်သည့် ထုန်ဇီပင် ဖြစ်ချေသည်။

၎င်း၏ အမည်အပြည့်အစုံမှာ “ဇာတ်လိုက်ကူညီရေးစနစ်”မှ ထုန်ဇီပင်။

[ဝါးးးးး....]

စုဝေ့ချင်း မီးဖိုခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် စနစ်က ရုတ်တရက် အော်ဟစ်ငိုယိုလေတော့သည်။

ထိုသည်က ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမည့်ပုံစံမျိုး ပြုမူနေခဲ့ပြီး ယခင်က သတိကြီးစွာ ထားတတ်သော ပုံစံနှင့် လုံးဝ ကွာခြားနေခဲ့၏။

ထိုဆူညံသံကြောင့် စုဝေ့ချင်း၏ ဦးနှောက်က တစီစီ မြည်သွားရပြီး ဟန်ချက်ပင်ပျက်ကာ လဲကျလုနီးပါး ဖြစ်သွားရလေသည်။

သူက နံရံကို အမြန်လှမ်းကိုင်ကာ ကိုယ့်ကိုယ်ကိုယ် ထိန်းလိုက်ပြီး ဆွံ့အစွာမေးမိသည်။

“မင်း ဘာဖြစ်လို့ ရုတ်တရက်ကြီး ထိုင်ငိုနေရတာလဲ”

စနစ်ကတော့ ပြန်လည်ဖြေကြားခြင်း မရှိတော့ဘဲ ဝမ်းနည်းစွာဖြင့်သာ ဆက်လက် ငိုယိုနေခဲ့ပေသည်။

“မငိုနဲ့တော့၊ ငါ့ခေါင်းတွေ အတော်လေးကို ကိုက်နေပြီ”

စုဝေ့ချင်း သူ၏ခေါင်းကို လက်ဖြင့် အုပ်ထားမိလေသည်။ သူ့အနေဖြင့် ပျို့အန်ချင်သကဲ့သို့ ခံစားနေရပြီး မျက်နှာမှာလည်း ဖြူဖတ်ဖြူရော် ဖြစ်သွားခဲ့ချေပြီ။

စနစ်ကတော့ အရာအားလုံးကို လျစ်လျူရှုကာ အသံကုန်ဟစ်၍ ဆက်လက်ငိုယိုနေဆဲပင်။

စုဝေ့ချင်းတစ်ယောက် လက်လျှော့တော့မည့် အချိန်သို့ ရောက်မှသာ စနစ်၏ ငိုသံက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

*

All Chapters