အခန်း (၁၁၄)
Vol. 12 Ch. 114
အခန်း(114)
စုဝေ့မင်တစ်ယောက် မီးဖိုချောင်၏ တံခါးဘောင်ကို မှီလျက် လက်ထဲမှ မြေပဲများကို နွှာနေရင်း ပြောလာသည်။
“ငါကြည့်လိုက်တဲ့အချိန်တုန်းကလည်း လောင်လုရဲ့ပုံစံက အတော်လေး တင်းမာလွန်းနေသလိုပဲ.. တကယ်ပဲ တစ်ခုခု ဖြစ်ပျက်နေတာများလား”
“ရှန်းရှန်း ခန့်မှန်းလိုက်တာ မှန်ပါစေလို့ပဲ ဆုတောင်းရမှာပဲ”
လော်ယွီရှို့တစ်ယောက် အတော်လေး စိတ်လှုပ်ရှားနေမိချေသည်။ ဤသည်မှာ သူတစ်ပါး၏ အခက်အခဲကို လှောင်ပြောင်ချင်၍ မဟုတ်ဘဲ ဘေးလူတစ်ဦးအနေဖြင့် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော သတင်းကြီးတစ်ခုကို သိရှိလိုက်ရသည့် စပ်စုလိုစိတ်ကြောင့်သာ ဖြစ်ပေသည်။
“တတိယချွေးမက ဘာပြောလိုက်လို့လဲ”
စုဝေ့မင်အနေဖြင့် ထိုအချိန်က ဖုန်းပြောနေသထဲ့သောကြောင့် လီရှန်း၏ ခန့်မှန်းချက်ကို မကြားလိုက်ရပါချေ။
သို့သော် တည်ငြိမ်လေးနက်လွန်းသော ယောက္ခမ(ထီး)တစ်ဦး ဖြစ်သည့်အတွက် ချွေးမဖြစ်သူထံသို့ သွားရောက်ပြီး အတင်းအဖျင်း မမေးမြန်းရဲပေ။ ထို့ကြောင့် စိတ်ထဲတွင်သာ အောင့်အီးထားခဲ့ရပြီး အိမ်ပြန်ရောက်မှသာ လော်ယွီရှို့အား မေးမြန်းရခြင်း ဖြစ်ချေသည်။
လော်ယွီရှို့က လီရှန်း၏ ခန့်မှန်းချက်များကို စုဝေ့မင်အား ပြန်လည်ပြောပြလိုက်လေသည်။
စုဝေ့မင်သည်လည်း အံ့ဩမင်သက်သွားရပြီးရေရွတ်မိ၏။
“ဒါမျိုးတောင် လုပ်လို့ရတာလား?”
“ဘာလို့ မရရမှာလဲ.. လောင်လုတို့ရဲ့မိသားစုက ခရိုင်မြို့မှာ နေကြတာဆိုပေမဲ့ တစ်လ၊ နှစ်လနေမှ တစ်ခေါက် ပြန်ကြတာလေ
တကယ်လို့ သူတို့တွေက ကလေးကို တကယ်ကြီး အဝေးကြီးမှာရှိတဲ့ ကျေးလက်တောရွာကို ပို့လိုက်မယ်ဆိုရင် သူတို့ ဘယ်မှာရှိနေမှန်းကို သိနိုင်မှာမဟုတ်သလို ရှာဖို့လည်း ခက်သွားမှာပဲ
ဒါ့အပြင် လောင်လုရဲ့ယောက္ခမနှစ်ယောက်က ဘယ်လောက်တောင် ဘက်လိုက်တတ်လဲဆိုတာ ရှင်လည်း သိတာပဲ
တစ်မိသားစုလုံးက ပေါင်းပြီး တစ်နှစ်၊ နှစ်နှစ်လောက် လျှို့ဝှက်ထားပေးရင် ဖြစ်နိုင်တာပဲလေ”
လော်ယွီရှို့က သက်ပြင်းချလျက် ပြောလာသည်။
“ဒါကြောင့်မို့လို့ပဲ အဲဒီလင်မယားနှစ်ယောက်က အတော်လေး စိတ်အနှောင့်အယှက်ဖြစ်နေကြမှာလို့ ကျွန်မပြောတာပေါ့”
“အမှန်ပဲ”
စုဝေ့မင်ကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
မူလက ဖက်ထုပ်များ ကျက်၊ မကျက် မီးဖိုချောင်သို့ လာရောက်မေးမြန်းရန် ကြံစည်နေသော လီရှန်းတစ်ယောက် လူကြီးနှစ်ဦး အတင်းအဖျင်း ပြောဆိုနေသည်ကို ကြားလိုက်ရသည့်အတွက် အသံမထွက်စေဘဲ တိတ်တဆိတ် ပြန်လည်ဆုတ်ခွာသွားခဲ့လေသည်။
သူမက ကလေးနှစ်ဦးအားလည်း လူကြီးများကို သွားရောက်မနှောင့်ယှက်ရန် ဝိုင်းဝန်းတားဆီးပေးလိုက်သေး၏။
သူမရဲ့ ယောက္ခထီးကလည်း ခံစားချက်တွေကို အောင့်အီးထားရတာ တော်တော်လေး ခက်ခဲရှာမှာပဲ။
အတင်းအဖျင်းပြောရတာကို ဤမျှအထိ ဝါသနာပါနေပါလျက်နှင့် လေးနက်သော လူကြီးတစ်ဦးအဖြစ် ဟန်ဆောင်နေရသည် မဟုတ်ပါလား။
တစ်နေ့လုံး သရုပ်ဆောင်နေရသည်မှာ ပင်ပန်းလှပေလိမ့်မည်။ ထို့ကြောင့် သူမအနေဖြင့် ယောက္ခမဇနီးမောင်နှံနှစ်ဦးအား လွတ်လပ်သော အချိန်နှင့် နေရာတစ်ခု ပေးသင့်ပေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ဖက်ထုပ်များက အဆင်သင့် ဖြစ်သွားခဲ့ချေပြီ။ လော်ယွီရှို့က မိသားစုရှိ ကလေးများအား စားသောက်ရန် လှမ်းခေါ်လိုက်လေ၏။
စုဝေ့မင်သည်လည်း တည်ကြည်လေးနက်သော ယောက္ခထီး ပုံရိပ်ကို ချက်ချင်း ပြန်လည်ဖော်ဆောင်လိုက်ပြီး အိမ်ဦးခန်းတွင် ခန့်ညားစွာ ထိုင်လျက် စားပွဲကို လက်ချောင်းဖြင့်ပင် အသာအယာ ခေါက်နေလိုက်သေး၏။
ဝူလီက ဖျတ်လတ်တက်ကြွစွာဖြင့် မီးဖိုချောင်သို့ ပြေးဝင်သွားကာ ပြောလာသည်။
“ကျွန်မ ပန်းကန်နဲ့ တူတွေ သွားယူလိုက်ပါ့မယ်”
လီရှန်း : “...ဒါဆို ကျွန်မ ဟင်းတွေ ဝိုင်းချပေးမယ်”
“ရှန်းရှန်း... မလုပ်နဲ့လေ ကိုယ်ပဲ လုပ်လိုက်မယ်”
စုဝေ့ချင်းက လီရှန်းအား ချက်ချင်းပင် ဖိ၍ ထိုင်ခိုင်းလိုက်ပြီးနောက် သူကိုယ်တိုင် ပျော်ရွှင်စွာဖြင့် မီးဖိုချောင်သို့ ဝင်သွားလေတော့သည်။
ဝူလီတစ်ယေက် ထိုစကားကို ကြားလျှင် စိတ်ထဲ၌ မနာလိုဖြစ်ရုံသာမက စုဝေ့ချင်းမှာ အမျိုးသားတစ်ဦးဖြစ်ပါလျက်နှင့် အရိုးအဆစ် မရှိသကဲ့သို့ * ခံစားလိုက်ရပေသည်။
( note : * ဇနီးသည်အပေါ် အလိုလိုက်လွန်း)
ကျန်းမာသန်စွမ်းသော အမျိုးသားတစ်ဦးဖြစ်ပါလျက်နှင့် ယခုမူ မီးဖိုချောင်ထဲ၌သာ အချိန်ကုန်နေရသည် မဟုတ်ပါလား။
စုဝေ့ချင်းက လက်နှစ်ဖက်စလုံး၌ ဟင်းပန်းကန်များကို ကိုင်ဆောင်လျက် ထွက်လာခဲ့လေသည်။ ဝူလီ ပန်းကန်များနှင့် တူများကို ယူဆောင်၍ ပြန်လာချိန်တွင်တော့ စုဝေ့ချင်းက လီရှန်း၏ဘေး၌ ထိုင်ကာ အလွန်ပင် ချစ်ခင်ကြင်နာပြနေခဲ့ချေပြီ။
စုဝေ့မင်သည်က တည်ငြိမ်စွာဖြင့်သာ ထိုင်နေ၏။ လော်ယွီရှို့က စုဝေ့ချင်း၏ ခေါင်းကို လက်ညှိုးဖြင့် တို့ကာဆူပူလိုက်လေသည်။
“မင်းကတော့ တကယ့်ကို အရိုးအဆစ်မရှိတဲ့ ကောင်ပဲ”
သို့သော်လည်း တခြားသော အပြစ်တင်စကားမျိုးကိုမူ မဆိုခဲ့ပါချေ။
စုဝေ့ချင်း ပြောခဲ့သကဲ့သို့ပင် ဤလူကြီးလင်မယားနှစ်ဦးမှာ မိသားစုဘဝအတွင်း မျှတမှုရှိသော ရှားပါးသည့် စံပြပုဂ္ဂိုလ်များပင် ဖြစ်ကြပေသည်။
ဤသည်မှာ အိမ်မှုကိစ္စ လုပ်ဆောင်ခြင်းနှင့် အလားသဏ္ဌာန်တူပေသည်။
လော်ယွီရှို့သည်က သူမ၏ ချွေးမများ အိမ်မှုကိစ္စ လုပ်နိုင်၊ မလုပ်နိုင်ကို မည်သည့်အခါမျှ ဂရုမစိုက်ပါချေ။
အိမ်ထောင်စု တစ်ခုချင်းစီမှ လူတစ်ဦးကထွက်လာ၍ အိမ်မှုကိစ္စ ဝိုင်းဝန်းလုပ်ဆောင်ရန်ကိုသာ သူမက အရေးထားခြင်း ဖြစ်ပေသည်။
အကယ်၍ ဝူလီက ပန်းကန်နှင့် တူများ သွားယူနေချိန်တွင် တတိယအိမ်ထောင်စုမှ ဇနီးမောင်နှံနှစ်ဦးလုံးက ထိုင်၍သာ စောင့်ဆိုင်းနေမည်ဆိုပါက လော်ယွီရှို့ဘက်မှ သေချာပေါက် ဝေဖန်ပေလိမ့်မည်။
သို့သော် စုဝေ့ချင်းကိုယ်တိုင် ထွက်၍ အလုပ်လုပ်နေသည်ဖြစ်၍ လော်ယွီရှို့အနေဖြင့် မည်သည့်စကားမျှ ဆိုလိမ့်မည် မဟုတ်ပါချေ။
ဤကဲ့သို့သော ယောက္ခမမျိုးမှာ နောက်ပိုင်း အနာဂတ်ကာလတွင်ပင် တွေ့ရခဲပေသည်။
သူတို့က ပေါက်စီများကို စားသုံးကြပြီး ဆန်အရက်ကို သောက်သုံးရင်း မင်္ဂလာရှိသော စကားများကို ဖလှယ်ကာ ပျော်ရွှင်စည်ကားစွာ ရှိနေကြလေသည်။
လူကြီးဇနီးမောင်နှံနှစ်ဦးက ကလေးနှစ်ဦးနှင့် ချွေးမသစ်နှစ်ဦးအား စာအိတ်နီများ ပေးအပ်လိုက်ပြီး စိတ်ပျော်ရွှင်စွာမှာလိုက်ကြလေ၏။
“ဒါတွေကို ဒီည ခေါင်းအုံးအောက်မှာ ထားပြီးအိပ်ကြနော်၊ ဒါမှ ကလေးတွေ မြန်မြန်ရမှာ”
စုဝေ့ဟိုင်သည်လည်း ချက်ချင်းပင် လက်ကို ဆန့်တန်းလိုက်ကာ မေးမြန်းလိုက်၏။
“အမေ... ကျွန်တော့်အတွက် စာအိတ်နီရော”
“ဖယ်စမ်းပါ၊ မင်း အသက်က ဘယ်လောက်ရှိပြီလဲ၊ စာအိတ်နီက ဘာလုပ်မလို့လဲ”
လော်ယွီရှို့က ပြုံးလျက် စုဝေ့ဟိုင်၏ လက်ကို ပုတ်ထုတ်လိုက်လေသည်။
အကယ်၍သာ နှစ်သစ်ကူးကာလ မဟုတ်ခဲ့လျှင် သူမ ဆဲဆိုမိပေလိမ့်မည်။
မမျှော်လင့်ဘဲ စုဝေ့ဟိုင်က ရယ်မောလျက် ပြောလာသည်။
“ကလေးရဖို့ဆိုတာ လူနှစ်ယောက်လုံးရဲ့ ကြိုးစားအားထုတ်မှု လိုအပ်တယ်လေ၊ ဒါကြောင့် အမေ ကျွန်တော့်ကို စာအိတ်နှစ်ဆပေးရမယ်”
“ကောင်းပြီ ကောင်းပြီ၊ ရော့... ဒါ မင်းအတွက် စာအိတ်နီ”
စုဝေ့ဟိုင်၏ စကားမှာ ကျိုးကြောင်းဆီလျော်နေသောကြောင့် လော်ယွီရှို့အနေဖြင့် မငြင်းနိုင်တော့ပါချေ။
သူမက အခန်းထဲသို့ ပြန်ဝင်သွားကာ စုညီအစ်ကိုများအတွက် အနီရောင်စာအိတ် နှစ်အိတ်ကို ထပ်မံထုတ်ယူပေးလိုက်လေသည်။ စာအိတ်ငယ် တစ်ခုချင်းစီအတွင်း၌ ကံကောင်းခြင်း နိမိတ်အဖြစ် တစ်ဆင့်စီ ပါဝင်နေခဲ့ပေ၏။
သို့သော်လည်း စုဝေ့ချင်းသည်က ဤကိစ္စကို အလွန်ပင် အလေးအနက်ထားလေသည်။ ထိုည အိပ်စက်သည့်အချိန်တွင် သူက ထိုတစ်ဆင့်ထည့်ထားသောစာအိတ်နီကို ခေါင်းအုံးအောက်၌ ဂရုတစိုက် ဝှက်ထားခဲ့ရုံမျှမက လီရှန်းကိုပါ သူမ၏ စာအိတ်နီ
ကို ထိုနည်းအတိုင်း ထားရှိရန် တိုက်တွန်းလေတော့သည်။
ထို့နောက်တွင် ဇနီးမောင်နှံနှစ်ယောက်က ထိုအခြေအနေအတိုင်းပင် တစ်ညလုံး အိပ်စက်ခဲ့ကြပေသည်။
နောက်တစ်နေ့ နှစ်သစ်ကူး ပထမဆုံးနေ့၌ စုဝေ့ဟိုင် ရောက်ရှိလာသည်နှင့် စုဝေ့ချင်းက ချက်ချင်းပင် မေးမြန်းလိုက်၏။
“မနေ့ညက စာအိတ်နီကို ခေါင်းအုံးအောက်မှာ ထားအိပ်ခဲ့တာလား?”
စုဝေ့ဟိုင် : “မင်းက အဲဒါကို တကယ်ယုံနေတာလား၊ ငါက ဝူလီအတွက် သိမ်းထားပေးလိုက်ပြီ”
“ကျစ်..ကျစ်.. ကြည့်ရတာ ကျွန်တော်နဲ့ ရှန်းရှန်းကပဲ ကလေးအရင်ရမယ့်ပုံပဲ”
စုဝေ့ချင်းတစ်ယောက် စုဝေ့ဟိုင်အနေဖြင့် လူကြီးမိဘများ၏ စေတနာကို အလဟဿဖြစ်စေသည်ဟု ခံစားလိုက်ရပေသည်။
စုဝေ့ဟိုင် : “ဒါတွေက အယူသည်းတဲ့ ကိစ္စတွေပဲ၊ ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့ဦး”
အကယ်၍ တစ်စုံတစ်ဦးကသာ ဤစကားကို ကြားသွားပါက ပြဿနာ ဖြစ်လာနိုင်သည် မဟုတ်ပါလား။
စုဝေ့ချင်း : “ကျွန်တော်က အဲဒီလောက် မတုံးအပါဘူး”
စုဝေ့ဟိုင် : “...”
သူတို့သည်က ခေါင်းအုံးအောက်၌ စာအိတ်နီများကို ဖိ၍ တစ်ညလုံး အိပ်ခဲ့ကြသူများ မဟုတ်ပါလား။
ဤသည်က တုံးအနေခြင်းပင် မဟုတ်ပါလား။
——
နှစ်သစ်ကူး ပထမဆုံးနေ့က ဆွေမျိုးမိတ်ဆွေများထံသို့ သွားရောက်နှုတ်ဆက်ရသော နေ့တစ်နေ့ ဖြစ်ပေသည်။
လီရှန်းက အမျိုးသမီးဝန်ထမ်းအိပ်ဆောင်သို့ ဦးစွာသွားခဲ့ပြီး ဖန်ဟုန်ရှင်းနှင့် လီလင်းတို့အား နှစ်သစ်ကူးအတွက် နှုတ်ဆက်ခဲ့ပြီးနောက် မိဘနှစ်ဦးနှင့်အတူ လုပ်ဖော်ကိုင်ဖက်များ၏ အိမ်များသို့ လိုက်ပါလည်ပတ်ခဲ့၏။
သို့သော် လုတုန်းရှန်း၏အိမ်သို့ ရောက်ရှိချိန်တွင်မူ တံခါးက သော့ခတ်ထားသည်ကို တွေ့ရှိလိုက်ဝလေ၏။
သူတို့က အိမ်တွင်မရှိတော့ပေ။
အောက်ထပ်ရှိ အဒေါ်ကြီးမာက သူတို့ ဧည့်သည်နှင့်မတွေ့ဘဲ ပြန်လာသည်ကို မြင်လျှင် နောက်တစ်ခေါက် ရောက်လာပြန်၏။
“သူတို့ ဒီနေ့မနက်စောစောကပဲ ပြည်နယ်မြို့တော်ကို ပြန်သွားကြပြီ၊ နှစ်သစ်ကူးအတွက် ယောက္ခမတွေဆီကို သွားလည်တာ ဖြစ်မှာပေါ့”
ဤသည်မှာ လုတုန်းရှန်းအတွက် ယခုနှစ်အတွင်း ပထမဆုံးအကြိမ် တာဝန်ကျခြင်း ဖြစ်ချေသည်။ သူက နှစ်သစ်ကူးကာလအတွင်း အိမ်ပြန်သွားခဲ့ခြင်းဖြစ်၍ အဒေါ်ကြီးမာအနေဖြင့် ထူးဆန်းသည်ဟု မတွေးမိပါချေ။
လော်ယွီရှို့က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် စုဝေ့မင်ဘက်သို့ လှည့်ကာ မျက်စိတစ်ချက် မှိတ်ပြလိုက်၏။
စုဝေ့မင်သည်လည်း ထိုဇနီးမောင်နှံနှစ်ဦးက ကလေးကို သွားရောက်ခေါ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု တွေးတောမိလေသည်။
သို့ဖြစ်၍ ထိုဇနီးမောင်နှံက မွန်းလွဲပိုင်းတွင် အပြင်မထွက်တော့ရန် ဆုံးဖြတ်လိုက်ကြပေသည်။
သူတို့က နေဆာလှုံရန်အတွက် ဝရန်တာတွင် ထိုင်ခုံများချကာ မြေပဲများကို စားသောက်နေခဲ့ကြလေ၏။ သို့သော်လည်း မျက်လုံးများကတော့ လမ်းထိပ်တံခါးဝသို့သာ အမြဲမပြတ် စိုက်ကြည့်နေကြကာ လုတုန်းရှန်းတို့ ဇနီးမောင်နှံ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြလေတော့သည်။
လီရှန်းနှင့် စုဝေ့ချင်းတို့ကတော့ မွန်းလွဲပိုင်းတွင် ကုန်တိုက်ကြီးသို့ လမ်းလျှောက်ထွက်ခဲ့ကြလေသည်။
ပုံမှန်အားဖြင့် အပြင်သို့ထွက်ကာ လည်ပတ်ရန် အချိန်မရှိသူများက ယနေ့တွင်တော့ အလွန်ပင် တက်ကြွနေခဲ့ကြလေ၏။
*