အခန်း (၁၂၁)
Vol. 13 Ch. 121
အခန်း(121)
ထမင်းဝိုင်းက အလွန်ပင် စည်ကားသိုက်မြိုက်နေခဲ့လေ၏။ ယခင်က နှစ်သစ်ကူး၏ ဒုတိယမြောက်နေ့တွင် ကျန်းဟုန်မေ့၏ မိသားစုသာလျှင် နှစ်သစ်ကူးကန်တော့ရန် ပြန်လာကြသော်လည်း ယခုနှစ်တွင်တော့ မိသားစုဝင်များအားလုံး ဆုံဆုံလင်လင် ရှိနေခဲ့ကြသည်။
လူကြီးများက စားပွဲတစ်လုံး၊ ကလေးများက စားပွဲတစ်လုံးစီ ခွဲဝေ၍ ထိုင်နေခဲ့ကြသည်။
စားပွဲနှစ်လုံးအပြည့် လူအုပ်ကြီးကို ကြည့်ရင်း ကျန်းရူတုန်းတစ်ယောက် မျက်ဝန်း၌ မျက်ရည်များပင် ဝဲလာပြီး နှာခေါင်းထဲတွင်လည်း စပ်ဖျင်းဖျင်း ခံစားလိုက်ရသည်။
ထမင်းစားပြီးနောက် သူက အခန်းထဲသို့ တိုက်ရိုက် ပြန်ဝင်သွားခဲ့ပြီး မှန်တင်ခုံပေါ်ရှိ ဓာတ်ပုံများကို ကြည့်ကာ မျက်ရည်များကို သုတ်နေခဲ့ရှာ၏။
တခြားလူများကတော့ ဧည့်ခန်းထဲတွင် ထိုင်ကာ စကားပြောနေခဲ့ကြသည်။
လီရှန်းက ထိုအခွင့်အရေးကို အသုံးပြုကာ နှစ်သစ်ကူးပြီးပါက ချုံကျိုးသို့ သွားရန် အစီအစဉ်ရှိကြောင်း ပြောပြလိုက်လေသည်။
“ဝေ့ချင်းရဲ့ ညီမလေးက လက်ထပ်တော့မှာဆိုတော့ ကျွန်မရဲ့ ယောက္ခမက စိုးရိမ်နေတာ၊ ဒါကြောင့် သူကိုယ်တိုင် ချုံကျိုးကို သွားဖို့ စီစဉ်ထားတယ်
ကျွန်မရဲ့ ဒုတိယဦးလေးကလည်း ချုံကျိုးမှာပဲ ရှိနေတာဆိုတော့ ယောက္ခမတစ်ယောက်တည်း ရထားစီးသွားရမှာကိုလည်း စိုးရိမ်တာနဲ့ ကျွန်မတို့ အတူတူသွားပြီး ဦးလေးဆီကိုလည်း တစ်ခါတည်း ဝင်လည်မလို့ စိတ်ကူးထားတာ”
“မင်းရဲ့ ယောက္ခမလည်း လိုက်မှာလား”
ကျန်းကျူးရိက စုဝေ့ချင်းကို ကြည့်ပြီးမေးလိုက်၏။
“ဟုတ်တယ်၊ အမေလည်း လိုက်မှာပါ”
စုဝေ့ချင်း ခေါင်းညိတ်ပြလိုက်သည်။
ကျန်းကျူးရိက နှုတ်ခမ်းကို စေ့လိုက်ပြီး နားရွက်တွင် ချိတ်ထားသော စီးကရက်ကို ယူကာ မီးညှိလိုက်၏။
“အဲဒါ ကောင်းတာပေါ့၊ ချုံကျိုးကို ခဏသွားနေတာက အထည်လိပ်စက်ရုံကိစ္စကို ရှောင်ရှားဖို့အတွက်လည်း နည်းလမ်းကောင်းတစ်ခုပဲ”
“အထည်လိပ်စက်ရုံမှာ ဘာဖြစ်လို့လဲ”
လီရှန်းမှာ မင်္ဂလာဆောင်ကိစ္စနှင့် အလွန်အလုပ်ရှုပ်နေခဲ့သောကြောင့် လီဟုန်ကျွင့်၏ မိသားစုအကြောင်းကိုပင် မေ့လုနီးပါး ဖြစ်နေခဲ့ပေပြီ။
အထည်လိပ်စက်ရုံအကြောင်းကို ပြောလိုက်သည်နှင့် ယန်အန်းကော်က စတင်ရှင်းပြလာတော့သည်။
“ငါတို့ဌာနက အထည်လိပ်စက်ရုံနဲ့ မြေနေရာလဲလိုက်တယ်လေ ၊ အထည်လိပ်စက်ရုံမှာက အဆောက်အဦးတွေ ရှိပြီးသားပဲ.
အဲဒါတွေက လူနေအိမ်တွေဆိုပေမဲ့ ပြန်လည်ပြင်ဆင်ပြီးရင် တိုက်ရိုက်အသုံးပြုလို့ ရတယ်၊ ဒါပေမဲ့ ငါတို့ဌာနက မြေနေရာကတော့ အလွတ်တွေများနေတာ
အထည်လိပ်စက်ရုံဘက်က အစီအစဉ်တွေဆွဲဖို့အတွက် အဲဒီနေရာကို ကြိုပြီး သွားကြည့်ဖို့ လိုအပ်တယ်”
တစ်နည်းဆိုရလျှင် ပြည်သူ့လုံခြုံရေးဗျူရို ပြောင်းရွှေ့သည့်အချိန်တွင် အထည်လိပ်စက်ရုံတွင်ရှိနေသော မြေနေရာကို ဗျူရိုဝန်ထမ်းများ၏ လူနေအိမ်ရာများအတွက် တိုက်ရိုက်အသုံးပြုနိုင်သည်။
အထည်အလိပ်စက်ရုံကတော့ အိမ်အသစ်များကို ပြန်လည်ဆောက်လုပ်ရလိမ့်မည်။
ကြည့်ရလျှင် အထည်လိပ်စက်ရုံက အရှုံးပေါ်နေသကဲ့သို့ထင်ရသော်လည်း အမှန်တကယ်တွင်တော့ ပြည်သူ့လုံခြုံရေးဗျူရိုမှ လဲလှယ်ပေးလိုက်သော မြေနေရာမှာ လက်ရှိမြေနေရာထက် များစွာ ပို၍ကျယ်ဝန်းလှသည့်အပြင် အရှေ့တံခါးမှ အနောက်တံခါးသို့ ပြောင်းရွှေ့ရုံမျှသာ ဖြစ်ပေသည်။
တကယ်တမ်းတွင် အထည်အလိပ်စက်ရုံက ဤလဲလှယ်မှုမှ အကျိုးအမြတ် ရရှိခဲ့ခြင်း ဖြစ်ချေသည်။
“ဒီတော့ ဘာဖြစ်လို့လဲ”
လီရှန်း၏ နှလုံးခုန်သံများ မြန်လာခဲ့သည်။
သူမက မျှော်လင့်ချက်အပြည့်ဖြင့် ယန်အန်းကော်ကို စိုက်ကြည့်နေမိခဲ့သည်။
“မြေနေရာလဲလှယ်ပြီး အိမ်ရာစီမံကိန်းတွေ ရေးဆွဲတော့မှာဆိုတော့ အရာရှိ အိမ်ရာဝင်းထဲက အိမ်ရှင်တွေလည်း လက်မှတ်ထိုးကြရမယ်လေ
လီဟုန်ကျွင့်နေတဲ့ အိမ်ဝင်းက အစတုန်းက အကြီးဆုံးအစ်မရဲ့ နာမည်နဲ့ ချထားပေးခဲ့တာ၊ အစ်မ ဆုံးပါးသွားပြီးနောက်ပိုင်းမှာ လီဟုန်ကျွင့်က ဆက်နေခဲ့ပေမဲ့ နာမည်ပေါက်ကိုတော့ တစ်ခါမှ မပြောင်းလဲခဲ့ဘူး
ဒါကြောင့် လီဟုန်ကျွင့်အနေနဲ့ အဲဒီအရာရှိအိအ်ဝင်းထဲမှာ ဆက်နေချင်တယ်ဆိုရင် မင်းနဲ့ အဘိုးတို့ဆီက ထောက်ခံချက် လက်မှတ်ကိုရဖို့ လိုလိမ့်မယ်”
သို့မဟုတ်ပါက လီဟုန်ကျွင့်အနေဖြင့် သူ၏အမည်ဖြင့်သာ လူနေအိမ်ရာ လျှောက်ထားရမည် ဖြစ်ပေသည်။
သို့သော်လည်း သူတို့၏ လုပ်သက်အရဆိုလျှင် လီဟုန်ကျွင့်နှင့် ထုန်လင်းတို့က စတုရန်းမီတာ(30)ပင်မပြည့်သော တိုက်ခန်းအသေးလေးကိုသာ လျှောက်ထားနိုင်မည်ဖြစ်၍ သူတို့ အခုနေထိုင်နေသည့် အရာရှိအိမ်ရာဝင်းနှင့် ယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားပေလိမ့်မည်။
ထို့ကြောင့် လီဟုန်ကျွင့်အနေဖြင့် လီရှန်းကို သေချာပေါက် လာရောက်ရှာဖွေပေလိမ့်မည်။
“ဒါဆို ကျွန်မ ထွက်သွားရင် အဘိုးအတွက် ဘယ်လိုဖြစ်သွားမလဲ”
လီရှန်းက ကျန်းရူတုန်းအတွက် အနည်းငယ် စိုးရိမ်မိသွားရသည်။
ထိုအိမ်မှာ ထိုဇနီးမောင်နှံအတွက် အလွန်အမင်း အရေးပါလွန်းသည် မဟုတ်ပါလား။
အကယ်၍ လီဟုန်ကျွင့်ကသာ အဘွားလီကို လွှတ်ပြီး လာရောက်သောင်းကျန်းခိုင်းပါက စိတ်အေးချမ်းစွာ နေနိုင်တော့မည် မဟုတ်ပါချေ။
“မင်းရဲ့ အဘိုးအတွက် စိတ်မပူပါနဲ့၊ ဦးလေး ရှိနေတာပဲလေ”
ယန်အန်းကော်က အပြုံးတစ်ခုနှင့်ပြောလာလေ၏။
လီရှန်းက အသေးအဖွဲလေးများကို စိုးရိမ်နေသည်ဟု တွေးနေပုံရသည်။
ယန်အန်းကော်မှာ ပြည်သူ့လုံခြုံရေးဗျူရိုမှ ဖြစ်ပေသည်။ အကယ်၍ ထိုအဘွားအိုကသာ အမှန်တကယ် လာရောက်ဆူပူရဲလျှင်တော့ ပို၍ပင် အဆင်ပြေသည်ပင်။
သူတို့ကို ကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးလိုက်ရုံသာ လိုပေလိမ့်မည်။ တစ်ကြိမ် နှစ်ကြိမ်ခန့် အဖမ်းခံရပြီးလျှင်တော့ သူမ ငြိမ်သက်သွားပေလိမ့်မည်။
ထို့အပြင် ထိုအဘွားအိုက မြေးဖြစ်သူကို အသက်ထက်ပင် ချစ်မြတ်နိုးသူဖြစ်၍ သူမ ပြည်သူ့လုံခြုံရေးဗျူရိုထဲ ရောက်သွားခြင်းက မြေးဖြစ်သူ၏ နိုင်ငံရေးနောက်ခံစစ်ဆေးမှုကို ထိခိုက်နိုင်ကြောင်း သိသွားခဲ့လျှင် လီဟုန်ကျွင့်ဘက်မှ သူမ၏ရှေ့၌ ဒူးထောက်တောင်းပန်လျှင်ပင် သူမ ကူညီရဲတော့မည် မဟုတ်ပါချေ။
လီရှန်း ခဏမျှ ကြောင်အမ်းသွားပြီးမှ သူမ၏ ဦးလေးက ရဲအရာရှိတစ်ဦး ဖြစ်ကြောင်းကို သတိရသွားတော့သည်။
သူမ ချက်ချင်းပင် စိတ်သက်သာရာရသွားလေ၏။
“အဲဒါဆိုရင်တော့ ကောင်းတာပေါ့၊ ဦးလေးအနေနဲ့ လီရွှမ်ရဲ့အကြောင်းကိုပဲ ဟန်ပြပြောလိုက်ရင် ရပြီ
အဲဒီအဘွားလီက လီရွှမ် အောင်မြင်ကြီးပွားလာပြီး သူမကို ကောင်းကောင်းထားမဲ့နေ့ကို မျှော်လင့်ချက်အပြည့်နဲ့ စောင့်နေတာလေ”
သို့ဖြစ်၍ သူမက လီရွှမ်၏ အနာဂတ်ကို ထိခိုက်မည့်ကိစ္စမျိုးကို လုံးဝလုပ်ဆောင်မည် မဟုတ်ပါချေ။
ထက်မြက်သူများနှင့် စကားပြောရသည်မှာ ဤသို့ပင် လွယ်ကူပေသည်။
ယန်အန်းကော်က သဘောကျစွာ ရယ်မောလိုက်ပြီး စီးကရက်တစ်လိပ်ကို လှမ်းယူလိုက်သော်လည်း ကျန်းဟုန်မေ့က သူ့လက်ကို ရိုက်လိုက်၏။
ဟုတ်သားပဲ။ သူ မကြာသေးမီကတည်းက ဆေးလိပ်ဖြတ်ထားရတတယ်လေ။
“ကျွန်မ ချုံကျိုးကို သွားလိုက်ရင် သူတို့တွေ စာရွက်ပေါ်မှာ လက်မှတ်ထိုးခိုင်းလို့ မရတော့ဘူးလား”
သူမ ပြန်လာတဲ့အချိန် တံခါးကို ထပ်လာခေါက်ဦးမှာလား။
“ဦးလေးဆီမှာ ကိုယ်စားလှယ်လွှဲစာ တစ်စောင် ရေးထားခဲ့လိုက်လေ”
ကျန်းကျူးရိက စီးကရက်ကို တစ်ချက်ဖွာလိုက်ရင်း ပြောလာလေ၏။
“သူက မင်းလက်ထပ်သွားတာကို မသိသေးဘူးဆိုတော့ မင်းကို စက်မှုယန္တယားစက်ရုံမှာပဲ လာရှာမှာ သေချာတယ်၊ ဒါဆို ငါ့ဆီကိုပဲ ရောက်လာမှာပေါ့”
ကျန်းကျူးရိက လီဟုန်ကျွင့်ကို မျက်နှာသာပေးမှာလား။
ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ!
ယခုအချိန် လီရှန်းတွင် အလုပ်အကိုင်ရှိနေပြီ၊ အိမ်ထောင်ကျသွားပြီ၊ ခင်ပွန်းသည်၏ မိသားစုမှာလည်း အရာရှိကြီးများ ဖြစ်ကြသောကြောင့် သူမတွင် အားနည်းချက်ဟူ၍ မရှိတော့ပါချေ။
လီဟုန်ကျွင့်အနေဖြင့် လီရှန်းကို ထိန်းချုပ်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။ ထို့အပြင်...
ကျန်းကျူးရိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
မူဝါဒအရ မိသားစုတစ်ခုတွင် ကလေးတစ်ဦးကိုသာ မြို့ပေါ်၌ ထားရှိခွင့်ရှိပေသည်။
လီရှန်းက ခရိုင်မြို့တွင် ကျန်ရစ်ခဲ့ပြီဖြစ်၍ အမွှာနှစ်ဦးက ကျေးလက်ကို သေချာပေါက် သွားကြရပေလိမ့်မည်။
ထိုအချိန်က လီရှန်းကို နှိပ်စက်ခဲ့ကြသမျှ ယခုတွင်တော့ သူတို့ ခံစားကြရတော့မည်ပင်။ မိဘများအတွက်တော့ သူတို့၏ကလေးများ ဒုက္ခရောက်နေသည်ကို မြင်ရခြင်းက အကြီးမားဆုံးသော နာကျင်မှုပင် မဟုတ်ပါလား။
လီရှန်းက စိတ်သက်သာရာရစွာဖြင့် ခေါင်းညိတ်လိုက်၏။
“ဒါဆို ရှန်းရှန်း ခဏလောက် ရှောင်နေလိုက်တာက အကောင်းဆုံးပဲ”
စုဝေ့ချင်းသည်ကား မူလက လီရှန်း ချုံကျိုးသို့ သွားမည်ဖြစ်သောကြောင့် စိတ်ဓာတ်ကျနေခဲ့သော်လည်း ယခုအချိန်တွင်တော့ ပျော်ရွှင်သွားပြီး အနည်းငယ်လည်း မကျေမနပ် ဖြစ်သွားရ၏။
“တကယ်လို့သာ ကျွန်တော်နဲ့ ရှန်းရှန်းသာ ခွင့်အတူ ယူလို့ရမယ်ဆိုရင် ကျွန်တော်ပါ လိုက်သွားမှာပဲ”
သူတို့ ဇနီးမောင်နှံနှစ်ယောက် အတူသွားမည်ဟူသော အကြံပြုချက်ကို ဖခင်ဖြစ်သူက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်ကို တွေးမိတိုင်း စုဝေ့ချင်း စိတ်ပျက်မိရသည်။
သူတို့အတွက် ဟန်နီမွန်း ခရီးစဉ်လေးတောင် မထိုက်တန်ဘူးလား။
“မင်းတို့ နှစ်ယောက်လုံးက ဆေးဝါးစက်ရုံမှာ အလုပ်လုပ်နေကြတာဆိုတော့ ခွင့်အတူယူဖို့က တကယ်ကို အဆင်မပြေဘူး”
စက်မှုယန္တယားစက်ရုံ၏ လူ့စွမ်းအားအရင်းအမြစ် ဒါရိုက်တာဖြစ်သူ ကျန်းကျူးရိက နားလည်ပေးနိုင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အကယ်၍ သူတို့၏စက်ရုံက ဇနီးမောင်နှံသာ ခွင့်အတူ လာလျှောက်လျှင် သူလည်း ခွင့်ပြုမည် မဟုတ်ပါချေ။
သို့သော်လည်း သူက ထပ်ပေါင်းပြောလိုက်၏။
“ဒါပေမဲ့ ခရီးလမ်းမှာ အမျိုးသားတစ်ယောက် အနားမှာမရှိဘဲ သွားရတာကတော့ တကယ်ပဲ စိုးရိမ်စရာ ကောင်းတယ်”
အဓိကပြဿနာမှာ ခရီးသွားလာရေးက သိပ်ပြီး ဘေးကင်းလုံခြုံမှုမရှိခြင်းပင်။
“ဒါဆိုရင် သူတို့အတွက် အိပ်စင်ပါတဲ် လက်မှတ်တွေပဲ ဝယ်ပေးလိုက်မယ်”
ယခုအချိန် ရထားပေါ်ရှိ အိပ်စင်တွဲများကို အရာရှိကြီးများအတွက်သာ သီးသန့်ထားရှိပေးထားသောကြောင့် ထိုအတွဲများဖြင့် သွားလာခြင်းက ပိုမိုဘေးကင်းလုံခြုံပေသည်။
ကျန်းကျူးရိက ဖန်ချင်းဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။
“ဒီနှစ်ထဲမှာ ကျူးပင်းရဲ့ လက်အောက်ငယ်သား စစ်သည်တစ်ယောက် အိမ်ပြန်ခွင့်ရတယ်လို့ ရှောင်ထင်းပြောတာကို ကြားမိသလိုပဲ၊ သူ ပြန်မသွားခင်မှာ ပစ္စည်းတွေ ကူသယ်ပေးဖို့ အိမ်ကို လာမယ်လို့ ပြောထားတယ်မလား”
ဖန်ချင်းက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ ဒါပေမဲ့ သူက နှစ်သစ်ကူး ငါးရက်မြောက်နေ့မှ သူ့တပ်ရင်းကို ပြန်မှာ၊ မင်းတို့ဘက်က ငါးရက်နေ့မှာ မင်္ဂလာဆောင် သွားရမယ်ဆိုတော့ အချိန်မီပါ့မလား”
လီရှန်းကို လှမ်းမေးလိုက်သည်။
“ညရထားဆိုရင်တော့ အချိန်မီပါတယ်”
သူတို့ ရထားလက်မှတ် မဝယ်ရသေးပါချေ။
“ဒါဆို ကျူးပင်းဆီကို ဖုန်းထပ်ဆက်ပြီး မေးကြည့်ကြမလား”
အကယ်၍ သောကြာနေ့ညနေပိုင်းလောက် ဖြစ်မည်ဆိုပါက အနားတွင် စစ်သည်တစ်ဦး အဖော်ပါသွားခြင်းက ပို၍ စိတ်ချရပေမည်။
“ကောင်းပြီ၊ အခုပဲ ဖုန်းသွားဆက်ကြတာပေါ့”
ဤကိစ္စမှာ အတော်လေး အရေးကြီးသောကြောင့် ကျန်းကျူးရိအနေဖြင့် ဆက်၍ မထိုင်နေနိုင်တော့ဘဲ သူ၏မိသားစုကို ခေါ်ကာ ရုံးသို့ ထွက်လာခဲ့တော့သည်။
*