အခန်း (၁၂၂)
Vol. 13 Ch. 122
အခန်း(122)
နှစ်သစ်ကူး၏ ဒုတိယမြောက်နေ့တွင် ဖုန်းလိုင်းများက နှစ်သစ်ကူးအကြိုနေ့ကထက် ပို၍ အားလပ်နေပေပြီ။ သူတို့ ရောက်သွားချိန်တွင် သူတို့၏ရှေ့မှ လူတစ်ဦးမှာ ဖုန်းပြောခကို ငွေပေးချေနေပြီး အတော်လေး စိတ်ညစ်နေသည့် ပုံစံရှိ၏။
ထိုသူ ထွက်သွားမှသာ ကျန်းကျူးရိက ဖုန်းကိုမကာ ဖုန်းနံပါတ်ကို စတင်နှိပ်လိုက်တော့သည်။
သူတို့၏အိမ်မှ ချုံကျိုးသို့ ဖုန်းဆက်ရန်အတွက် လိုင်းနှစ်ကြိမ်ပြောင်းရပေသည်။
ဖုန်းလိုင်းချိတ်ဆက်မိသွားပြီးနောက်တွင် ကျန်းကျူးပင်း၏ ပြန်ခေါ်မည့် ဖုန်းကို စောင့်ရပေဦးမည်။
ဤကဲ့သို့ အပြန်အလှန် ချိတ်ဆက်နေရခြင်းကြောင့် ရပ်ကွက်ရုံးတွင် နာရီဝက်မက ကြာသွားခဲ့၏။
နာရီဝက်ခန့် ကြာပြီးနောက် ကျန်းကျူးပင်းက ဖုန်းပြန်ခေါ်လာခဲ့လေသည်။
ကျန်းကျူးရိက အပိုစကားများ မပြောတော့ဘဲ လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်၏။
“ရှန်းရှန်းရဲ့ယောက်မက လက်ထပ်တော့မှာဆိုတော့ ရှန်းရှန်းက သူ့ယောက္ခမနဲ့အတူ ချုံကျိုးကို လာဖို့ စီစဉ်ထားတယ်”
“တကယ်လား၊ ဒါဆို အတော်ပဲပေါ့၊ ကျွန်တော် ရှောင်ထင်းကို အိမ်အမြန် သန့်ရှင်းရေးလုပ်ခိုင်းလိုက်မယ်”
ကျန်းကျူးပင်း၏ အသံက ချက်ချင်း မြင့်တက်သွားပြီး ပြောလိုက်လေ၏
“သမက်အသစ်ရော လိုက်ခဲ့မှာလား”
“မလိုက်ဘူး၊ သူက အလုပ်ရှိတယ်လေ”
ကျန်းကျူးရိမှာ ဖုန်းစကားပြောခွက်ကို နားနှင့် အနည်းငယ် ခွာထားလိုက်ရသည်။ ကျန်းကျူးပင်း၏ အသံမှာ ဟိန်းထွက်နေသောကြောင့် အတော်လေးနားအူသွားရပေ၏။
ကျန်းကျူးပင်းတစ်ယောက် အနည်းငယ် စိတ်ပျက်သွားရသည်။ သူ့တွင် မောင်နှမငါးဦးရှိသော်လည်း တူမဟူ၍ လီရှန်းတစ်ဦးတည်းသာ ရှိပေသည်။
သူမ၏ မင်္ဂလာဆောင်ကို မတက်ရောက်နိုင်ခဲ့ရုံမျှမက ယခုလည်း တူမဖြစ်သူ၏ ခင်ပွန်းသည်ကိုပင် မြင်တွေ့ခွင့်မရပြန်ချေ။
အကယ်၍ သူသာ ယခုအချိန်တွင် တပ်မှ ထွက်ခွာခွင့်ကို ကန့်သတ်မခံထားရပါက သူမကို လူကိုယ်တိုင်တွေ့ရန် သေချာပေါက် ပြန်လာခဲ့လိမ့်မည်။
“ကျူးပင်း၊ ပစ္စည်းတွေ လာယူမယ့် စစ်သားက ဘယ်တော့လောက်ကိုလာဖို့ စီစဉ်ထားလဲ”
“ဒီလ ငါးရက်နေ့မှာ”
“သူ တပ်ကို ဘယ်အချိန် ပြန်မလဲ၊ အဲဒီရဲဘော်နဲ့အတူ ချုံကျိုးကို လိုက်သွားနိုင်အောင် ရှန်းရှန်းတို့အတွက် လက်မှတ် ဝယ်ပေးမလို့လေ”
ကျန်းကျူးပင်း ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်လေ၏
“ဒါဆို ကျွန်တော် ဝမ်ဟူဆီကို ကြေးနန်းအမြန်ရိုက်ပြီး ငါးရက်နေ့ညအတွက် လက်မှတ်ဝယ်ခိုင်းလိုက်မယ်၊ အစ်ကိုတို့ဘက်ကလည်း လက်မှတ်ကို အမြန်ဝယ်ထားလိုက်တော့”
မူလက ဝမ်ဟူအနေဖြင့် ပစ္စည်းများကို ပို့ဆောင်ပြီးမှ ချုံကျိုးသို့ ပြန်ရန် သဘောတူထားခြင်း ဖြစ်သော်လည်း ကျန်းကျူးပင်းက သူ၏ တူမလေး ဘေးအန္တရာယ်ရှိလာမည်ကို မလိုလားသောကြောင့် ချက်ချင်းပင် သဘောတူလိုက်ခြင်း ဖြစ်ပေသည်။
ထိုသို့ပြောပြီးနောက် သူက ကျန်းကျူးရိနှင့် အပိုစကားပင် မပြောတော့ဘဲ ဝမ်ဟူထံသို့ ကြေးနန်း အလျင်အမြန် ရိုက်လိုက်တော့သည်။
ဝမ်ဟူသည်ကား ခရိုင်မြို့သားတစ်ဦး ဖြစ်ပေသည်။ ကြေးနန်းပို့လိုက်ချိန်မှ လက်ခံရရှိချိန်အထိ နှစ်နာရီပင် မပြည့်သေးပါချေ။
ညနေစောင်းချိန်တွင် ကျန်းကျူးပင်း၏ ကြေးနန်းစာက သူတို့ထံသို့ပြန်ရောက်လာခဲ့သည်။
ဝမ်ဟူက နှစ်သစ်ကူး၏ ငါးရက်မြောက်နေ့မနက်တွင် ရောက်ရှိလာမည်ဖြစ်ကာ ပိုင်မားခရိုင်တွင် တစ်ရက်နားပြီးနောက် ညရထားဖြင့် ချုံကျိုးသို့ ထွက်ခွာမည်ဖြစ်ကြောင်း အကြောင်းကြားလာလေသည်။
ဤအတည်ပြုချက်ကို ရရှိပြီးနောက် ဇနီးမောင်နှံနှစ်ဦးမှာ ပြည်နယ်မြို့တော်ရှိ ရထားဘူတာသို့ ကားဖြင့် အမြန်သွားကာ နှစ်သစ်ကူး၏ ငါးရက်မြောက်နေ့ညတွင် ထွက်ခွာမည့် ချုံကျိုးသို့ ရထားလက်မှတ်များကို ဝယ်ယူလိုက်ကြတော့သည်။
စုဝေ့ဟိုင်နှင့် ဇနီးဖြစ်သူတို့ ကလေးကိုခေါ်ကာ ပြန်ရောက်လာချိန်တွင် လီရှန်းတို့မှာ ပြည်နယ်မြို့တော်သို့ သွားခဲ့ရုံမျှမက ရထားလက်မှတ်များပါ ဝယ်ယူခဲ့ပြီဖြစ်ကြောင်း သိလိုက်ရ၏။
မိသားစုကိစ္စများကြောင့် အနည်းငယ် စိတ်ပျက်နေခဲ့သော လော်ယွီရှို့၏ စိတ်အခြေအနေမှာလည်း နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်သွားတော့သည်။
ရထားလက်မှတ်များ ရရှိပြီဖြစ်၍ လော်ယွီရှို့က နောက်ဆုံးတွင် မိသားစုအကြောင်းကို ဖွင့်ဟပြောဆိုလာတော့သည်
“...သူတို့က ငါ့ရဲ့ ဝေ့ချင်းနဲ့များ နှိုင်းရဲတယ်၊ ‘ငါတို့ရဲ့ ရှောင်ကျစ်က မြို့နယ်လူကြီးရဲ့ သမီးနဲ့ လက်ထပ်ထားတာ’ ဆိုပဲ.. ဖွီ! အသုံးမကျတဲ့ မြို့နယ်လူကြီးက ဘာများ အရေးပါလို့လဲ
ဒါကိုများ လာကြွားနေသေးတယ်၊ လော်ကျစ်က ဘယ်လောက်ရုပ်ဆိုးလဲဆိုတာ သူတို့ မသိကြဘူးလား ၊ အရပ်က ပုပြီး မျက်နှာကလည်း ဝိုင်းနေတဲ့အပြင် ရှေ့သွားကြီးနှစ်ချောင်းကလည်း ငေါထွက်နေတယ်၊
အဲဒီ မြို့နယ်လူကြီးရဲ့ သမီးက သူ့ကိုမှ ကြည့်မိတယ်ဆိုတော့ မျက်စိကန်းနေတာပဲ ဖြစ်ရမယ်”
စုဝေ့မင် : “...”
သူသည်လည်း အလွန်ဒေါသထွက်နေသော်လည်း လော်ယွီရှို့က သူမ၏ဆွေမျိုးများကို ဤမျှအထိ ပြင်းပြင်းထန်ထန် ဝေဖန်လိမ့်မည်ဟု မထင်ထားသောကြောင့် သူကိုယ်တိုင်ပင် ဆဲဆိုရန် အားမရှိတော့သလို ဖြစ်သွားရသည်။
လော်ယွီရှို့မှာ ဒေါသ မပြေသေးဘဲ ဆက်လက်ကျိန်ဆဲနေလေ၏ ။
“တကယ်လို့သာ ပြည်နယ်မြို့တော်က မူဝါဒသာ ထွက်မလာခဲ့ရင် လော်ကျစ်တစ်ယောက် တစ်သက်လုံး မိန်းမရမှာ မဟုတ်ဘူး၊ ငါ့စကားသာ မမှန်ရင် ငါ လော်ယွီရှို့က နာမည်တောင်ပြောင်းလိုက်မယ်”
“ပြည်နယ်မြို့တော်ရဲ့ မူဝါဒက ထွက်လာပြီလား”
လီရှန်း အံ့အားသင့်စွာ မေးလိုက်သည်။
ထိုအချိန်မှသာ လော်ယွီရှို့က သားနှင့်ချွေးမက ရှေ့တွင် ရှိနေသည်ကို သတိပြုမိသွား၏။ သူမသည် ချက်ချင်းပင် ချောင်းဟန့်လိုက်ပြီး မတိုင်မီက ပြောမိသမျှကို ပြန်စဉ်းစားကြည့်လျှင် မှားယွင်းနေခြင်း မရှိဟု ယူဆလိုက်သည်။
သူမသည် ကိုယ်ကို ပြန်မတ်လိုက်၏။ သူမအနေဖြင့် စိုးရိမ်စရာ မရှိပါချေ။
မည်သို့ပင်ဖြစ်စေ သူမသည်က လိမ်ညာထားခြင်း သို့မဟုတ် တစ်စုံတစ်ဦးကို မဟုတ်မမှန်စွပ်စွဲထားခြင်း မရှိပေ။
စုဝေ့မင်က မေးခွန်းကို ဖြေပေးလိုက်သည်။
“ဟုတ်တယ်၊ ဒီနေ့မနက်က ထွက်လာတာ”
ထို့ကြောင့် ယနေ့ ပြည်နယ်မြို့တော်မှာ လုံးဝကို ရုတ်ရုတ်သဲသဲ ဖြစ်နေချေပြီ။
တကယ်တမ်းတွင် မူဝါဒမှာ ပြီးခဲ့သည့်နှစ်ကုန်ကတည်းက ထွက်ရှိခဲ့ခြင်းဖြစ်သော်လည်း မတည်မငြိမ်ဖြစ်မည်ကို စိုးရိမ်သည့်အတွက် နှစ်သစ်ကူးပြီးမှ ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သတင်းက တစ်နေရာရာမှ ပေါက်ကြားသွားခဲ့သောကြောင့် လူအများကြားတွင် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် မူဝါဒကို နှစ်သစ်ကူး ပထမနေ့အပြီးမှာပင် ကြေညာလိုက်ရခြင်း ဖြစ်ပေသည်။
“အစိုးရရုံးက လူတွေကတော့ တကယ့်ကို တာဝန်ကျေတာပဲ”
နှစ်သစ်ကူးကာလမှာပင် ရှေ့တန်းကနေ တောင့်ခံနေကြသည် မဟုတ်ပါလား။
“လော်ကျစ်ရဲ့ ယောက္ခမကတော့ အဲဒီအကြောင်းကို အစောကြီးကတည်းက သိထားမှာ သေချာတယ်”
လော်ယွီရှို့ သက်ပြင်းချလိုက်မိသည်။
သူမ၏ တူဖြစ်သူ လော်ကျစ်မှာ ရုပ်ဆိုးသော်လည်း အရည်အချင်းရှိပေသည်။ သူသည်က သံမဏိစက်ရုံတွင် စာရေးအဖြစ် လုပ်ကိုင်နေလေ၏။
မိသားစုထဲရှိ တူများအားလုံးထဲတွင် သူတစ်ယောက်သာ အသုံးအကျဆုံး ဖြစ်နေခဲ့သည်။
တခြားတူများမှာတော့ အလုပ်သင်များ သို့မဟုတ် သာမန်အလုပ်သမားများသာ ဖြစ်ကြ၍ လော်ကျစ်ကို မယှဉ်နိုင်ကြပါချေ။
ထို့ကြောင့်ပင် မြို့နယ်လူကြီးက သူ့သမီးကို လော်ကျစ်နှင့် ပေးစားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
“ဒါဆို ကျွန်မတို့ ခရိုင်ဆီကိုလည်း သတင်းက မကြာခင် ရောက်လာတော့မှာပေါ့”
လီရှန်းက ပိုင်မားခရိုင်တွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်မည်ကို စိုးရိမ်စိတ်ဖြင့် မေးလိုက်မိသည်။
“နောက်တစ်ရက် နှစ်ရက်အတွင်းမှာပဲ အကုန် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့မယ်လို့ ငါ ခန့်မှန်းမိတယ်”
နွေဦးပွဲတော်အတွက် အိမ်သို့ပြန်သူများက အလုပ်ခွင်သို့ တဖြည်းဖြည်း ပြန်ဝင်ကြသည်နှင့်အမျှ ဤသတင်းက ပိုင်မားခရိုင်တစ်ခုလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားမည်ဖြစ်ပြီး ထိုအချိန်၌ ခရိုင်အတွက် အရှုပ်ထွေးဆုံးအချိန် ဖြစ်လာပေလိမ့်မည်။
လီရှန်း သက်ပြင်းချလိုက်မိသည်။
ကံကောင်းစွာဖြင့် လီလင်းနှင့် သူမ၏ချစ်သူမှာ မနှစ်ကတည်းက လက်ထပ်စာချုပ် ချုပ်ဆိုထားခဲ့ကြသည်။
သို့မဟုတ်ပါက ယခုနှစ်တွင် သေချာပေါက် ပြဿနာတက်ပေလိမ့်မည်။
ထင်ထားသည့်အတိုင်း လီလင်း၏ မိခင်အရင်းဖြစ်သူက နှစ်သစ်ကူး လေးရက်မြောက်နေ့တွင် ဆေးဝါးစက်ရုံသို့ ရောက်ရှိလာခဲ့ပြီး လီလင်းအား ကျေးလက်ဒေသသို့ဆင်းရန် သူမဘာသာ စာရင်းပေးခိုင်းလေတော့သည်။
ခက်ခဲသောဒေသသို့ သွားပါက အခြေချစရိတ် ပိုမိုရရှိလိမ့်မည်။
လီလင်း၏ မိခင်မှာ ထိုယွမ်ငါးဆယ် အခြေချစရိတ်ကို မျက်စိကျနေခဲ့ပေသည်။
ထိုငွေကြေးကို ရရှိပါက သူမ၏ ဒုတိယသား မင်္ဂလာဆောင်အတွက် တောင်းရမ်းခအဖြစ် အသုံးပြုနိုင်မည် မဟုတ်ပါလား။
ယခုအချိန်တွင် အိမ်၌ အိပ်စရာနေရာရှိမရှိဟူသည်ကို မည်သူမျှ ဂရုမစိုက်ကြတော့ပါချေ။
မြို့ပေါ်မှာသာ ဆက်နေခွင့်ရမည်ဆိုလျှင် ကြမ်းပြင်ပေါ်၌ အိပ်ရမည်ဆိုလျှင်လည်း သူတို့ သဘောတူကြပေလိမ့်မည်။
လီလင်းတစ်ယောက် စိတ်မကောင်းဖြစ်ခဲ့ရကာ အကူအညီမဲ့စွာလည်း ခံစားခဲ့ရပြီး နောက်ဆုံးတွင် သူမ၏ လက်ထပ်မှတ်ပုံတင်လက်မှတ်ကို ထုတ်ပြလိုက်ရတော့သည်။
ထိုလက်မှတ်အရ သူမက ပြီးခဲ့သည့်နှစ် နှစ်သစ်ကူး မတိုင်မီ (12)လပိုင်း (29) ရက်နေ့ကတည်းက လက်ထပ်စာချုပ် ချုပ်ဆိုထားခဲ့ခြင်း ဖြစ်ပဆ၏။
လီလင်း၏ မိခင်ဖြစ်သူက မျက်နှာပျက်သွားပြီး လီလင်း၏ နှာခေါင်းကို လက်ညှိုးထိုးကာ မိဘခွင့်ပြုချက်မပါဘဲ အမျိုးသားတစ်ဦးနှင့် လက်မှတ်ထိုးခဲ့သည်ဟုဆိုပြီး အရှက်မရှိဟု ဆဲဆိုလေတော့သည်။
ရလဒ်အနေဖြင့် ဖန်ဟုန်ရှင်းက အလွန် ဒေါသထွက်သွားပြီး မနေ့ညက ခြေထောက်ဆေးထားသော ရေများဖြင့် သူမကို ပက်လိုက်တော့သည်။
“သူ့ကို ဂရုမစိုက်နဲ့၊ သူက ရူးနေတာ၊ ငါတို့တွေ ကိုယ့်ဘဝနဲ့ကိုယ် အေးအေးဆေးဆေး နေကြမယ်၊ သူက သားသမီးချင်း ခွဲခြားတတ်တဲ့ အမေပဲ”
လီလင်းတစ်ယောက် အလွန်အမင်း စိတ်ထိခိုက်သွားရပြီး လှေကားပေါ်မှ ဆင်းချိန်တွင်ပင် ချော်လဲကျလုနီးပါး ဖြစ်ခဲ့ရ၏။
ဖန်ဟုန်ရှင်း၏ စကားများကို ကြားမှသာ သူမ သတိပြန်ဝင်လာပြီး ပြောလိုက်လေ၏ ။
“အစ်မပြောတာ မှန်တယ်”
သူမက အံကြိတ်ကာ ဆုံးဖြတ်လိုက်ပေသည်။
“ကျွန်မ ဂုဏ်သိက္ခာရှိရှိ နေပြရမယ်”
လီလင်း၏ မိခင်မှာ လီလင်း၏ ခင်ပွန်းလောင်းကိုပင် သွားရောက်ရှာဖွေခဲ့သေးသည်။
သို့သော် ထိုအမျိုးသားမှာ ခရိုင်အစိုးရရုံးမှ အတွင်းရေးမှူးတစ်ဦး ဖြစ်ပေသည်။ သူက လီလင်း၏ မိခင်ကို ပဒေသရာဇ်စနစ်ကို ပြန်လည်ကျင့်သုံးမှု၊ အဓမ္မထိမ်းမြားပေးမှုနှင့် အမျိုးသမီးများအပေါ် ဖိနှိပ်မှုတို့ဖြင့် တိုက်ရိုက်ပင် စွပ်စွဲလိုက်၏။
ထို့နောက် တော်လှန်ရေးကော်မတီသို့ လူလွှတ်၍ ခေါ်ခိုင့်မည်ဟု ဆိုလိုက်သည့်အတွက် လီလင်း၏ မိခင်မှာ အလွန်အမင်း ကြောက်လန့်သွားပြီး အိမ်သို့ ပြန်ပြေးလာခဲ့ရတော့သည်။
ရေစိုနေသည့်အပြင် ကြောက်စိတ်ပါ ဝင်သွားသဖြင့် လီလင်း၏ မိခင်က ချက်ချင်းပင် ဖျားနာသွားလေတော့သည်။
နောက်တစ်နေ့တွင် လီရှန်း လီလင်း၏ မင်္ဂလာဆောင်သို့ တက်ရောက်ခဲ့သော်လည်း လီလင်း၏ အပြုံးများမှာ ဟန်ဆောင်ထားရသကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ဖန်ဟုန်ရှင်းမှ လီရှန်းကို လီလင်း၏ မိခင်မှာ မင်္ဂလာဆောင်မတိုင်မီက ခရိုင်အစိုးရရုံး တံခါးဝအထိ သွားရောက် ဆူပူသောင်းကျန်းခဲ့သေးကြောင်းကို ပြောပြလာလေသည်။
ကံကောင်းစွာဖြင့် လီရှန်းတစ်ယောက် လီလင်း၏ ခင်ပွန်းဖြစ်သူ၏ မျက်ဝန်းများထဲ၌ ပျော်ရွှင်မှုများကို မြင်တွေ့ခဲ့ရပေသည်။
သူသည်က မနေ့က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် လီလင်းအပေါ် အမြင်စောင်းသွားခြင်း မရှိခဲ့ပါချေ။
လီရှန်း နောက်ဆုံးတွင် စိတ်သက်သာရာရသွားရသည်။
*