← Chapters

အခန်း (၁၂၃)

Vol. 13 Ch. 123

အခန်း (၁၂၃)

Vol. 13 Ch. 123

အခန်း(123)

လီရှန်းက လီလင်းထံမှ ညစာစားရန် ဖိတ်ကြားချက်ကို ငြင်းပယ်ပြီးနောက် အိမ်သို့ ပြန်လာခဲ့၏။

ထို့နောက် လော်ယွီရှို့နှင့်အတူ ထုပ်ပိုးထားသော အထုပ်အပိုးများကို သယ်ဆောင်ကာ ပြည်နယ်မြို့တော်ရှိ ရထားဘူတာသို့ တိုက်ရိုက်ဦးတည်ခဲ့ကြပြီး ချုံကျိုးသို့ သွားမည့် ရထားပေါ်သို့ တက်ခဲ့ကြတော့သည်။

မထွက်ခွာမီ လီရှန်းက ကျန်းကျူးရိထံသို့ ထောက်ခံချက်တစ်စောင်လည်း မမေ့မလျော့ ပေးခဲ့လေ၏။

အထည်လိပ်စက်ရုံနှင့် သက်ဆိုင်သော အိမ်ကိစ္စအတွက် လီရှန်း၏ ဝေစုနှင့် ပတ်သက်၍ ဆုံးဖြတ်ပိုင်ခွင့် အလုံးစုံကို ကျန်းကျူးရိထံ လွှဲအပ်ပေးခဲ့ပေသည်။

တစ်ဖက်တွင်တော့ လီဟုန်ကျွင့်နှင့် မိသားစုဝင်များမှာ ပိုင်မားခရိုင်သို့ အလျင်အမြန် ပြန်ရောက်လာကြသည်။

နှစ်သစ်ကူးပြီးပါက စာရွက်စာတမ်းများကို လက်မှတ်ထိုးရန် လိုအပ်ကြောင်း သိထားသည့်အတွက် သူက ဇာတိမှအိမ်၌ အချိန်မဖြုန်းဘဲ စောစောပြန်လာခဲ့လေ၏။

သူ့အနေဖြင့် အိမ်ရာအတွက် နေရာကောင်းတစ်ခု ရရှိရန် မျှော်လင့်နေပေသည်။

နေအိမ်ဝင်းကို အပြီးသတ် ဖယ်ရှားရှင်းလင်းသည်မှ အသစ်ပြန်လည် တည်ဆောက်ပြီးစီးသည်အထိ အနည်းဆုံး တစ်နှစ်ခန့် ကြာဦးမည်ဖြစ်၍ သူ့ဘက်မှ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။

သို့သော်လည်း အိမ်ထဲသို့ ခြေချပြီး မကြာမီမှာပင် မူဝါဒအသစ်အကြောင်းကို ကြားလိုက်ရတော့သည်။

လီကျူးက အော်ဟစ်ငိုကြွေးလာခဲ့လေတော့၏။

“မိသားစုထဲမှာ ကလေးတစ်ယောက်ပဲ ထားခွင့်ရှိတယ်ဆိုရင် ကျွန်မက ကျေးလက်ကို သွားရတော့မှာလား”

မူဝါဒအသစ်ကြောင့် လီမိသားစုမှာ လုံးဝပင် အလစ်အငိုက် မိသွားရတော့သည်။

“တကယ်လား.. မဖြစ်နိုင်တာ၊ ဒါမျိုး တစ်ခါမှ မကြားဖူးပါဘူး”

ထုန်လင်း၏ မျက်နှာမှာလည်း လူသေကဲ့သို့ ဖြူဖတ်ဖြူရော် ဖြစ်သွား၏။

သူမတွင် ကလေးနှစ်ယောက် ရှိပေသည်။ သားဖြစ်သူကို အနည်းငယ် ပို၍ မျက်နှာသာပေးလေ့ရှိသော်လည်း သမီးဖြစ်သူမှာလည်း သူမ၏ အသွေးအသားပင် မဟုတ်ပါလား။

သူမ မည်သို့မချစ်ဘဲ နေနိုင်ပါမည်နည်း။

လီဟုန်ကျွင့်၏ မျက်နှာမှာလည်း မကောင်းလှပေ။

“စိတ်မပူနဲ့ဦး၊ ငါ လျို့မိသားစုအိမ်ကို သွားပြီး စုံစမ်းကြည့်လိုက်ဦးမယ်၊ မင်း အမေ့ကို အရင်ဆုံး နေရာချထားလိုက်ဦး”

“ကောင်းပြီ၊ ကောင်းပြီ”

ထုန်လင်းက အဆက်မပြတ် ခေါင်းညိတ်လိုက်ပြီး လီဟုန်ကျွင့်ကို အိမ်တံခါးဝအထိ လိုက်ပို့ပေးကာ ဘေးအိမ်မှ ဒါရိုက်တာလျို့၏ အိမ်ထဲသို့ ဝင်သွားသည်ကို ကြည့်နေမိသည်။

သူမက လီဟုန်ကျွင့် သတင်းကောင်း ယူဆောင်လာမည်ကို မျှော်လင့်လျက် ထိုနေရာ၌ အကြာကြီး ရပ်နေခဲ့မိ၏။

ထိုအခိုက်တွင် သူတို့နှင့်အတူလိုက်ပါလာသော အဘွားလီက တိတ်တဆိတ် ရပ်နေရင်းဖြင့် မျက်လုံးများကို လှန်လိုက်လေသည်။

သူမက ထုန်လင်း၏ ဤကဲ့သို့အပြုအမူကို သဘောမကျဆုံးဖြစ်ပေ၏။ ကိစ္စတစ်ခုခု ဖြစ်လာတိုင်း ပျာယာခတ်တတ်ကာ အလွန်လည်း ကောက်ကျစ်သူဖြစ်နေခဲ့သည်။

ထို့ကြောင့် သူမ အော်ဟစ်လိုက်၏။

“ကောင်းပြီ... အဲဒီမှာရပ်နေတာကို တော်လိုကရတော့၊ ဟုန်ကျွင့်က နည်းလမ်းရှာပါလိမ့်မယ် မင်း ငါ့အတွက် အခန်းကို မြန်မြန် သွားပြင်ပေးစမ်းပါ”

ထုန်လင်း၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး မျက်နှာမှာလည်း ချက်ချင်းပင် ရှုံ့မဲ့သွားရတော့သည်။

ဒီအဘွားကြီးကတော့!

သို့သော်လည်း သူမက ဆံပင်များကို သပ်ရပ်အောင်ပြင်ဆင်လိုက်သည်။

အနောက်ဘက်သို့ ပြန်လှည့်ကြည့်ချိန်တွင် သူမ၏ မျက်နှာမှာ ဖြူလျော်နေပြီး အသံမှာလည်း ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေခဲ့ပေသည်။

“အမေ... ကျွန်မ ကလေးတွေအတွက် စိုးရိမ်နေတာပါ ၊ ကျေးလက်ဒေသကို သွားရမှာက အရမ်းပင်ပန်းတာလေ၊ သူတို့ရဲ့ အိမ်ထောင်စုစာရင်းကိုလည်း အဲဒီကို ပြောင်းရတော့မှာ”

အကယ်၍ ပြန်မလာနိုင်ခဲ့ပါက တစ်သက်လုံး ကျေးလက်ဒေသမှ လူဘဝဖြင့် နေထိုင်သွားရပေတော့မည်။

“ကျေးလက်ဒေသကလူဖြစ်တော့ ဘာဖြစ်လဲ? ငါလည်း ကျေးလက်ဒေသကလာတာပဲ မဟုတ်ဘူးလား၊

မင်းလည်း အရင်က ကျေးလက်ဒေသသူပဲလေ ၊ ကျေးလက်ကို သွားရတော့ ဘာဖြစ်မှာမို့လို့လဲ၊ မင်းရဲ့ သမီးက မိန်းကလေးပဲကို”

အဘွားလီက ထုန်လင်း၏ စကားကို နားမထောင်ပါချေ။

သူမသည်က သူမ၏ ကိုယ်ကျိုးနှင့် မြေးဖြစ်သူ လီရွှမ်၏ အကျိုးကိုသာ ပို၍ ဂရုစိုက်ပေသည်။

လီဟုန်ကျွင့်၏ စကားကို သူမ သေသေချာချာ ကြားလိုက်၏။ ကလေးတစ်ယောက်သာ သူမတို့နှင့်အတူ နေထိုင်ခွင့် ရှိပေသည်။

ထိုတစ်ယောက်မှာ လီချောင်သာ ဖြစ်ရပေမည်။

လီရွှမ်မှာ ကျေးလက်အိမ်ထောင်စုစာရင်းသာ ရှိသေးပြီး ခရိုင်မြို့တွင် စာလာသင်နေခြင်း ဖြစ်ပေ၏။

သို့ဖြစ်၍ မြေးသုံးယောက်ထဲတွင် လီကျူးတစ်ဦးတည်းသာ ကျေးလက်သို့ သွားရန် လိုအပ်နေခဲ့သည်။

ထိုစကားကို ကြားလိုက်ရလျှင် လီကျူးက ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။

“ကျွန်မက ဘာလို့ ကျေးလက်ကို သွားရမှာလဲ၊ ကျွန်မ မသွားနိုင်ဘူး၊ ပညာတတ်လူငယ်လည်း မလုပ်ချင်ဘူး”

“မင်းမသွားရင် ဘယ်သူသွားမှာလဲ? ငါ့ကို သွားစေချင်တာလား? ငါက ငါ့မိဘတွေရဲ့ တစ်ဦးတည်းသော သားပဲလေ”

လီချောင်က ပြန်လည်အော်ဟစ်လိုက်ပြီး အဘွားဖြစ်သူထံ အကူအညီတောင်းရန် ပြေးသွားတော့သည်။

“ငါသာ အလုပ်ရရင် ရွှမ်ဇီကို ကူညီနိုင်သလို အဘွားကိုလည်း စောင့်ရှောက်နိုင်မှာ၊ မင်းက ဘာလုပ်နိုင်လို့လဲ မင်း မြို့မှာနေတာက ချမ်းသာတဲ့မိသားစုထဲကို လက်ထပ်ဝင်ချင်ရုံလောက်ပဲ မဟုတ်ဘူးလား”

အဘွားလီကလည်း ဘေးမှ ဝင်ပြောပေးလာခဲ့၏။

“ဟုတ်တယ်၊ မင်း ဘာလို့ ချောင်ချောင်နဲ့ ငြင်းခုံနေရတာလဲ၊ မင်းရဲ့အဖေမှာ သားဆိုလို့ တစ်ယောက်တည်း ရှိတာ၊ သူသာ ကျေးလက်ကို သွားရရင် နောက်ပိုင်းကျရင် မင်းမိဘတွေက ဘယ်သူ့ကို အားကိုးရမှာလဲ”

“ကျွန်မလည်း မိဘတွေကို လုပ်ကျွေးနိုင်တာပဲ”

“လုပ်စမ်းပါဦး... မင်းက မိဘတွေကို လုပ်ကျွေးမယ် ဟုတ်လား၊ အသက် ဆယ့်ခြောက်၊ဆယ့်ခုနစ်အရွယ်ရှိတဲ့ မိန်းကလေးတစ်ယောက်က မင်းအမေအတွက် အိမ်တစ်ခါလောက် တံမြက်စည်းလှည်းပေးဖူးလား၊

ပန်းကန်တစ်ခါလောက် ဆေးပေးဖူးလား မင်းဆီက သိတတ်မှုကို မျှော်လင့်တာက ဝက်ဆီက မျှော်လင့်တာနဲ့ အတူတူပဲ”

‘ဝက်’ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် လီကျူးမှာ အလွန်အမင်း ဒေါသထွက်သွားရတော့သည်။

သူမသည်က လူများမှ သူမကို ‘ဝက်’ ဟု ခေါ်သည်ကို အမုန်းဆုံးဖြစ်၏။

သူမ အော်ဟစ်ငိုကြွေးလိုက်ရင်း ပြောခဲ့သည်။

“ဒါဆို နင်ရော ! နင်လည်း ဘာမှ ကူလုပ်တာ မဟုတ်ဘဲနဲ့!”

လီချောင်က လက်ပိုက်လိုက်ပြီး လှောင်ပြောင်လိုက်သည်။

“ငါက နင်နဲ့တူတယ် ထင်နေလား၊ ငါက သားလေ!”

လီကျူး : “...”

ဤခဏတာအတွင်း သူမ မည်သို့မျှ ပြန်မပြောနိုင်ဘဲ ဆွံ့အသွားရရှာသည်။

“ကောင်းပြီ... တော်လိုက်ကြတော့၊ ဘာတွေ ဆူညံနေကြတာလဲ၊ အိမ်က ဒီလောက် ရှုပ်ထွေးနေတာ မလုံလောက်သေးဘူးလား”

ထုန်လင်းက ဒေါသထွက်စွာဖြင့် အော်ငေါက်လိုက်၏။

“မင်းတို့အဖေတောင် ပြန်မလာသေးဘူး! ဘာတွေ ရန်ဖြစ်နေကြတာလဲ”

မြေးဖြစ်သူ အဟောက်ခံရသည်ကို မြင်လျှင် အဘွားလီမှာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားတော့သည်။

“မင်းသာ အဲဒီတုန်းက အကြီးဆုံးသမီးအပေါ် မကောက်ကျစ်ခဲ့ရင် အဲဒီအလုပ်ကို ဆုံးရှုံးရမှာ မဟုတ်ဘူး၊ အဲဒီအလုပ်ကို တခြားဘယ်သူ့ကိုပဲ ပေးပေး ရနေတာပဲကို၊ ဘာလို့ ဒီလောက်အထိ ပြဿနာတွေ ရှုပ်အောင် လုပ်ခဲ့ရတာလဲ”

ထုန်လင်း၏စိတ်ထဲတွင် နင့်ခနဲ ဖြစ်သွားရ၏။ သူမ အမှန်တကယ်ပင် နောင်တရနေခဲ့ရသည်။

လီရှန်းက ဤမျှအထိ ဟန်ဆောင်ကောင်းလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့မိပါချေ။

နှစ်ပေါင်းများစွာ ကြောက်ကြောက်ရွံ့ရွံ့နှင့် အလိုက်သင့်နေခဲ့သမျှက လိမ်ညာမှုများသာ ဖြစ်နေခဲ့၏။

ထိုမိန်းကလေးက အဘယ်ကြောင့် အနိုင်ကျင့်ရလွယ်သည့်ပုံစံမျိုး ဟန်ဆောင်နေခဲ့သည်ကို သူမ ယခုအချိန်ထိ နားမလည်နိုင်သေးပါချေ။

သို့သော်လည်း...

ထုန်လင်းက အဘွားအိုလီကို ရန်ငြိုးတကြီးဖြင့် စိုက်ကြည့်လိုက်သည်။

အကယ်၍ ဤအဘွားကြီးကသာ သူမအတွက် အတရားဝင်အလုပ်နေရာ ရှိသည်ဟု မပြောခဲ့ပါက သူမကဲ့သို့ မိန်းမပျိုအရွယ် အမျိုးသမီးတစ်ဦးက အိမ်ထောင်ကွဲ အမျိုးသားတစ်ဦးကို အဘယ်ကြောင့် လက်ထပ်ပါမည်နည်း။

သို့သော် သူမက ပါးစပ်ဖြင့် ပြန်မပြောရဲဘဲ နှုတ်ခမ်းကိုသာ စေ့ထားလိုက်ပြီး အမွှာနှစ်ဦးကို အကြည့်ဖြင့်သာ ခြိမ်းခြောက်လိုက်သည်။

အလုပ်အကြောင်းကို ကြားလိုက်ရသဖြင့် လီချောင်နှင့် လီကျူးတို့ တိတ်ဆိတ်သွားကြ၏။

အမှန်အတိုင်းပြောရလျှင် သူတို့သည်လည်း ထုန်လင်း၏ အမှားများအတွက် သူမကို စိတ်ဆိုးနေကြပေ၏။

သို့သော်လည်း ထုန်လင်းမှာ သူတို့၏ မိခင်အရင်းဖြစ်သည့်အပြင် အဘွားလီအပေါ် သူမ၏ ညည်းတွားသံများကိုလည်း ငယ်စဉ်ကတည်းက အကြိမ်ကြိမ် ကြားခဲ့ရသူများဖြစ်နေခဲ့ကြသည်။

ဤအိမ်ထောင်စုထဲတွင်တော့ အရှေ့လေက အနောက်လေကို အနိုင်ယူလိုက်၊ အနောက်လေက အရှေ့လေကို အနိုင်ယူလိုက်နှင့် အမြဲတစေ အားပြိုင်နေကြရခြင်း ဖြစ်ပေသည်။ သို့သော် အပြင်လူက ဝင်ပါလာလျှင် မတူတော့ပေ။

အမွှာနှစ်ဦးအတွက်ကတော့ သူတို့၏မိခင် ထုန်လင်းကသာ မိသားစုထဲတွင် စကားပြောပိုင်ခွင့် ပိုရှိရန် သေချာပေါက် မျှော်လင့်ကြပေလိမ့်မည်။

အမွှာနှစ်ဦး တိတ်ဆိတ်နေသည်ကို မြင်လျှင် အဘွားအိုလီက ဘေးဘက်တွင်ရှိနေသော အထုပ်အပိုးများကို ဒေါသတကြီး ကန်လိုက်ရင်း အော်ဟစ်လာပြန်သည်။

“အခန်းကို မြန်မြန် သွားပြင်ပေးစမ်းပါ၊ ဒီမှာ ရပ်ကြည့်နေရုံနဲ့ ဘာထူးမှာလဲ ငါ ကားအကြာကြီးစီးလာရလို့ လူလည်း နုံးနေပြီ”

ထုန်လင်းလည်း မတတ်နိုင်တော့ဘဲ မလိုလားသော်လည်း အိမ်ခန်းများကို သွားရောက် သန့်ရှင်းရေးလုပ်ပေးရတော့သည်။

လီမိသားစုမှာ အိမ်ဝင်းအသေးလေးတစ်ခုနှင့် နေထိုင်ကြသော်လည်း အခန်းများစွာတော့ မရှိပါချေ။

တခြားသော လူဦးရေများသည့် မိသားစုများကဲ့သို့ စောစောစီးစီး အိမ်ကိုတိုးချဲ့ဆောက်ခြင်းမျိုးလည်း မရှိခဲ့ကြပေ။ လူဦးရေ နည်းသည့်အတွက် မူလအခန်းသုံးခန်းက လုံလောက်ရုံရှိနေခဲ့ပြီး မောင်နှမတစ်ဦးစီအတွက် အခန်းတစ်ခန်းစီ ထားပေးနိုင်ခဲ့သည်။

သို့သော် ယခု အဘွားလီက လီရွှမ်ကို ခေါ်ဆောင်လာချိန်တွင် လီမိသားစု၌ အခန်းမလုံလောက်တော့ပါချေ။

စာရေးသူမှာပြောစရာရှိပါတယ်:

လီရှန်း : ကျွန်မကတော့ ဂုဏ်ပြုတဲ့အနေနဲ့ အရင်ပြေးနှင့်ပြီနော်!

စုဝေ့ချင်း : ဇနီးသည်က အိမ်မှာမရှိတော့ဘူးဆိုတော့ ငါလည်း စာကို ကြိုးကြိုးစားစား ဖတ်ရတော့မယ်!

[ကြိုးစားနေ . Jpg]

ဦးလေးကျန်း : လီဟုန်ကျွင့်.. အခုတော့ မင်းက ငါ့လက်ထဲကို ရောက်လာပြီပဲ၊ ဟားဟားဟား...

*

All Chapters