← Chapters

အခန်း (၁၂၄)

Vol. 13 Ch. 124

အခန်း (၁၂၄)

Vol. 13 Ch. 124

အခန်း(124)

လီကျူးမှာ အရွယ်ရောက်ပြီးသော အမျိုးသမီးတစ်ဦးဖြစ်၍ လီချောင်နှင့် တစ်ခန်းတည်းနေရန် လုံးဝ မဖြစ်နိုင်ပါချေ။

ထို့ကြောင့် သူမက အဘွားအိုလီနှင့်သာ တစ်ခန်းတည်း နေရတော့မည် ဖြစ်၏။ တကယ်တမ်းတွင်တော့ သူမအနေဖြင့် အငယ်ဖြစ်သည့်အတွက် သူမ၏ ခုတင်မှ ဖယ်ပေးရပြီး လီရှန်း အရင်က အိပ်ခဲ့သော ယာယီခုတင်အကျိုးလေးပေါ်တွင်သာ အိပ်ရတော့မည်ပင်။

လီချောင်၏ အခြေအနေကတော့ များစွာ သာလွန်ပေသည်။

သားယောက်ျားလေး ဖြစ်သည့်အတွက် အဘွားလီ၏ မျက်စိထဲတွင် လီရွှမ်လောက် အရေးမပါသော်လည်း မြင့်မားသော အဆင့်အတန်းတစ်ခုတွင် ရှိနေဆဲပင်။ ထို့ကြောင့် သူကတော့ သူ၏ ခုတင်ကို ဆက်လက် ပိုင်ဆိုင်ခွင့်ရ၏။

သို့သော် လီရွှမ်လည်း ဆိုဖာအသေးလေးပေါ်တွင် မအိပ်နိုင်သောကြောင့် သူ၏ အိပ်ခန်းမှ ပစ္စည်းများကို ဘေးသို့ ဖယ်ရှားလိုက်ရလေ၏။ လီဟုန်ကျွင့် ပြန်လာလျှင် ထောက်ပံ့ရေးဌာနမှ ခုတင်ပျဉ်ပြားအချို့ ရှာဖွေကာ ယာယီခုတင်တစ်ခု ဆောက်ပေးရပေလိမ့်မည်။

လီချောင်နှင့် လီကျူးတို့ နှစ်ဦးစလုံးမှာ ဤစီစဉ်မှုအပေါ် မကျေနပ်ကြပါချေ။

အထူးသဖြင့် လီချောင်က ထုန်လင်းထံသို့ တိုက်ရိုက်သွားပြီး ပြောလိုက်၏။

“ကျွန်တော့်အခန်းထဲမှာ တခြားလူရှိတာကို မကြိုက်ဘူး၊ လီရွှမ် အိပ်ဖို့ တခြားနေရာတစ်ခုခု စီစဉ်ပေးပါ”

“ချောင်ချောင်၊ ရက်နည်းနည်းလောက် သည်းခံလိုက်ပါဦး၊ အိမ်မှာက အခန်း သုံးခန်းပဲ ရှိတာလေ ရွှမ်ဇီက မင်းအခန်းထဲမှာ မအိပ်ရင် မင်းညီမအခန်းထဲမှာ သွားအိပ်ရမှာလား?”

ထုန်လင်းတစ်ယောက် စိတ်ညစ်စွာဖြင့် နားထင်ကို ပွတ်လိုက်မိသည်။

သူမသည်လည်း အိမ်ထဲ၌ တခြားလူများ ရှိနေခြင်းကို မနှစ်သက်ပါချေ။

သို့သော်လည်း ရွေးချယ်စရာ မရှိခဲ့ပေ။

မည်သူက အမှားလုပ်သည်ဖြစ်စေ အဘွားလီက အမြဲတစေ အခွင့်ကောင်းယူပြီး သူမကိုသာ ဆူပူသောင်းကျန်းနေတော့မည် မဟုတ်ပါလား။

ခြေတစ်လှမ်း မှားခဲ့သဖြင့် အရာအားလုံးက ဆက်တိုက် မှားနေခဲ့ရချေပြီ။

လီချောင်၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းနေခဲ့သည်။

သူက လက်ပိုက်လိုက်ပြီး အလျှော့မပေးဘဲပြောလာလေ၏။

“ဒါဆိုရင် ဟိုဘက်ထောင့်မှာပဲ ခုတင်တစ်ခု ပြင်ပေးလိုက်လေ၊ အရင်တုန်းက လီကျူးလည်း လီရှန်း သူ့အခန်းထဲမှာ လာအိပ်မှာကို မလိုချင်လို့ အဲဒီမှာ ခုတင်ပြင်ပေးခဲ့ဖူးတာပဲ မဟုတ်လား?”

ထုန်လင်း : “...”

လီရွှမ်နဲ့ လီရှန်းက ဘယ်လိုလုပ် တူနိုင်ပါ့မလဲ?

လီရှန်းကတော့ မည်သူမှ ဂရုမစိုက်သော နှလုံးသားမရှိသည့် မိန်းကလေးတစ်ယောက် ဖြစ်သော်လည်း လီရွှမ်မှာတော့ သူ့ကို အသက်ထက်ချစ်သည့် အဘွားလီ ရှိနေပေသည်။

“မင်းက ချောင်ဇီနဲ့ တစ်ခန်းတည်း အတူတူ အိပ်မလား၊ ဒါမှမဟုတ် မင်းဘာသာ ခုတင်ပြင်ပြီး အပြင်မှာပဲ အိပ်မလား”

ထုန်လင်းတစ်ယောက် နှလုံးသားထဲတွင် ခါးသက်နေသော်လည်း စကားကိုတော့ ပြတ်သားစွာ ပြောလိုက်ရလေ၏။

လီချောင်တစ်ယောက် ထုန်လင်းကို မယုံနိုင်သကဲ့သို့ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေပြီး နောက်ဆုံးတွင် နှာခေါင်းကို ခပ်ပြင်းပြင်းရှုံ့လျက် လှည့်ထွက်သွားလေတော့သည်။

ထုန်လင်းက အရှေ့သို့ နှစ်လှမ်းခန့် လိုက်သွားသော်လည်း မိသားစု၏ အခြေအနေကို တွေးမိပြီးနောက် သူမ လိုက်မီသွားလျှင်ပင် မည်သည့်စကားကို ပြောရမည်ကို မသိသောကြောင့် ရပ်တန့်လိုက်၏။

သူမ လှည့်ပြန်လာချိန်တွင် လီကျူးက မျက်ရည်များဝဲလျက် သူမထံသို့ ပြေးလာသည်ကို မြင်လိုက်ရပြန်သည်။

ထုန်လင်းမှာ ခေါင်းပိုကိုက်လာရတော့၏။

တခြားတစ်ဖက်တွင်တော့ လီဟုန်ကျွင့်က ဒါရိုက်တာလျို့ကို သွားရောက်ရှာဖွေခဲ့သည်။ နွေဦးပွဲတော်အတွင်း ဒါရိုက်တာလျို့နှင့် မိသားစုမှာ ဆွေမျိုးကန်တော့ရန် မထွက်ခဲ့ကြပါချေ။ ဤသည်က အနည်းငယ် ထူးခြားပေသည်။

“ငါ အပြင်ကိုတောင် မထွက်ရဲဘူး၊ လူတွေက အရူးတစ်ယောက်လို ဖြစ်နေကြပြီ”

စွန်းလီဖန်က လီဟုန်ကျွင့်ကို ဓာတ်ဘူးထဲမှ ရေနွေးကြမ်း ငှဲ့ပေးရင်း စကားကိုဖြတ်ပြောလိုက်သည်။

“မူဝါဒက အခုမှ ထွက်လာတာ၊ ဒါပေမဲ့ ဆွေမျိုးတွေအားလုံးက အိမ်ရှေ့ကို အလုအယက်ရောက်လာကြပြီ

သူတို့က လောင်လျို့ သူတို့အတွက် အလုပ်တစ်ခုခု စီစဉ်ပေးနိုင်မလားဆိုပြီး မျှော်လင့်နေကြတာလေ၊ ရှင်တို့ သိတဲ့အတိုင်းပဲ၊

ကျွန်မတို့ စက်ရုံက လူမခေါ်တာ နှစ်အတော်ကြာပြီ၊ အခုလည်း လူက အပြည့်ပဲ လောင်လျို့ ကူညီချင်ရင်တောင် သူ့မှာ အစွမ်းအစ မရှိပါဘူး”

သူမက ပြောရင်းနှင့် သက်ပြင်းချလိုက်၏။

“ကျွန်မရဲ့သား ချောင်ကျွင့်တောင် ကံကောင်းလို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အလုပ်ရသွားတာ၊ မဟုတ်ရင် ဒီနှစ် သူလည်း ကျေးလက်ကို သွားရတော့မှာ”

လျို့ချောင်ကျွင့်မှာ လီရှန်းနှင့် အသက်တူသော်လည်း အိမ်ထောင်ပြုနိုင်သည့် အရွယ်သို့ မရောက်သေးသည့်အတွက် အလုပ်လုပ်ခြင်းဖြင့်သာ မြို့ပေါ်၌ ဆက်နေနိုင်ပေသည်။

“ချောင်ကျွင့် အလုပ်ရသွားပြီလား”

လီဟုန်ကျွင့်မှာ ထပ်မံ၍ အံ့ဩသွားရပြန်သည်။

“ဟုတ်တယ်လေ၊ ကျွန်မရဲ့ ချောင်ကျွင့်က သူ့ဘာသာသူ ရှာလာတာ၊ ဘယ်သူ့ဆီက ဝယ်လာတာလဲတော့ မသိဘူး၊

မိသားစုက ငွေရာဂဏန်းလောက် အကုန်ခံလိုက်ရပြီးတဲ့နောက် သူ တကယ် အလုပ်ရသွားခဲ့တာ၊ သူက အမြဲတမ်းဝန်ထမ်း တစ်ယောက် ဖြစ်သွားပြီလေ”

လီရှန်း အလုပ်ရောင်းခဲ့သည့် ကိစ္စကို လျှို့ဝှက်ထား၍ မရနိုင်တော့ကြောင်း ထင်ရှားပေသည်။

စွန်းလီဖန်အနေဖြင့် သူမ၏ သားဖြစ်သူအတွက် တစ်ဖက်လှည့်နှင့် ဖာထေးပေးရန်သာ တတ်နိုင်တော့သည်။

လျို့ချောင်ကျွင့်မှာ လီရှန်း၏ အတန်းဖော် ဖြစ်ခဲ့၏။ သူတို့၏ အတိတ်က ဆက်ဆံရေးက မည်သို့ပင် ရှိသည်ဖြစ်စေ အလုပ်ရောင်းလိုက်သည့်နေ့မှစ၍ သူတို့မှာ မောင်နှမဝမ်းကွဲများကဲ့သို့ ဖြစ်သွားခဲ့ချေပြီ။

ထို့ကြောင့် မောင်ဖြစ်သူက အစ်မ၏ အလုပ်ကို ဝယ်ယူခြင်းက မှားနေခြင်းမရှိပေ။

ဒါ့အပြင် သူမရော၊ လောင်လျို့ရော အဲဒီအကြောင်းကို မသိခဲ့ကြဘူးလို့ပဲပြောရလိမ့်မယ်!

ဒါတွေ အားလုံးက လျို့ချောင်ကျွင့် တစ်ယောက်တည်း လုပ်ခဲ့တာပဲ။

လီဟုန်ကျွင့်က ချက်ချင်းပင် အားကျသော အကြည့်ဖြင့် ပြေည့်လာသည်။

“ကောင်းလိုက်တာ”

ထို့နောက် သူက သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်၏။

“ခင်ဗျားတို့ ကလေးတွေကတော့ အလုပ်ရကုန်ကြပြီဆိုတော့ သူတို့အတွက် စိတ်ပူစရာ မလိုတော့ဘူးပေါ့ ၊

ကျွန်တော့်ကလေး နှစ်ယောက်ကတော့ အခုထိ အလုပ်မရှိကြသေးဘူး၊ တကယ်လို့သာ ကျွန်တော့် အကြီးဆုံးသမီးမှာ အလုပ်ရှိသေးရင် အဲဒါကို သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို ပေးလိုက်ရုံပဲ

ထုန်လင်းကိုလည်း အနားယူခိုင်းလို့ ရတယ်လေ၊ အခုတော့ ကျွန်တော် တကယ်ပဲ အကျပ်ရိုက်နေပြီ”

တိတ်ဆိတ်နေသော ဒါရိုက်တာလျို့က စွန်းလီဖန် တည်ခင်းပေးသော ရေနွေးကြမ်းကို လှမ်းယူလိုက်ရင်း ပြန်ပြောခဲ့သည်။

“အဲဒီအလုပ်က လီရှန်းပိုင်တာလေ၊ စက်ရုံဘက်ကလည်း လီရှန်းရဲ့ ဝန်ထမ်းဖြစ်ခွင့်ကိုပဲ အသိအမှတ်ပြုတာ၊ မင်း ငါ့ဆီကို လာရှာလည်း ငါ ဘာမှ မတတ်နိုင်ဘူး”

ဒါရိုက်တာလျို့အနေဖြင့် လီဟုန်ကျွင့်၏ ပတ်သက်မှုများထဲတွင် ရောထွေးခံရမည်ကို စိုးရိမ်နေခဲ့လေ၏။

လီဟုန်ကျွင့်မှာ အနေရခက်သွားရသည်။

“အဲဒီအလုပ်က ရောင်းပြီးသွားပြီလို့ ခင်ဗျားပဲ ကျွန်တော့်ကို ပြောခဲ့တာ မလား”

ဒါဆိုရင် သူ အဲဒီအလုပ်ကို ဘယ်လိုလုပ်ပြီး ပြန်တောင်းနိုင်ပါတော့မလဲ။

“ကျွန်တော် ဒီကိုရောက်လာတဲ့ အဓိကအချက်ကတော့ ဒီနေ့ အဲဒီမူဝါဒအကြောင်းကို မေးချင်လို့ပါ”

ဒါရိုက်တာလျို့က သက်ပြင်းရှည် ချလိုက်မိသည်။ သူသည်က လူ့စွမ်းအားအရင်းအမြစ်ကို တာဝန်ယူထားရသူဖြစ်၍ စက်ရုံဝင်းအတွင်းရှိ ကျေးလက်ဒေသသို့သွားရန်အကျုံးဝင်သော အမျိုးသား၊ အမျိုးသမီးစာရင်းကို ပြုစုပြီး ပညာတတ်လူငယ်ရုံးသို့ တင်ပြထားပြီးဖြစ်၏။

ပညာတတ်လူငယ်ရုံးက စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ပြီးနောက် ဆယ့်ငါးရက်ခန့် အချိန်ကာလတစ်ခု ပေးလိမ့်မည်။

ထိုကာလအတွင်း လူငယ်များအနေဖြင့် အလုပ်တစ်ခုခု ရှာဖွေခြင်း သို့မဟုတ် အမြန်ဆုံး အိမ်ထောင်ပြုခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက ကျေးလက်သို့ အတင်းအကျပ် အပို့ခံရပေတော့မည်။

အကယ်၍ ကိုယ်ပိုင်အစီအစဉ်ဖြင့် ကျေးလက်သို့ သွားရန် လျှောက်ထားပါက နေရာကောင်းတစ်ခုကို ရနိုင်သော်လည်း အတင်းအကျပ်အပို့ခံရမည်ဆိုပါက အဝေးဆုံးနှင့် အဆင်းရဲဆုံးသော နေရာများသို့သာ ပို့ဆောင်ခံရမည်ဖြစ်၏။

လီဟုန်ကျွင့်အနေဖြင့်ခေါင်းပေါ်မှနေ၍ ရေအေးတစ်ပုံးဖြင့် အလောင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်။

အဘယ်ကြောင့်ဆိုသော် ဒါရိုက်တာလျို့က ဤသို့ဆက်ပြောလာခဲ့လေ၏။

“...ပြောရရင် လီရှန်းကလည်း မင်းရဲ့ သမီးပဲလေ.. မူဝါဒမှာက မိသားစုတစ်ခုက ကလေးတစ်ယောက်ပဲ ထားပိုင်ခွင့်ရှိတယ်လို့ ပြောထားတယ်

ဆိုလိုတာက ကျန်းမိသားစုက လီရှန်းကို စက်မှုယန္တယားစက်ရုံမှာ အလုပ်ရှာပေးထားပြီး လီရှန်းကလည်း အိမ်ထောင်ကျသွားပြီဆိုတော့ သူက အဲဒီဝေစုကို ယူထားပြီးသား ဖြစ်သွားပြီ

ဒီတော့ မင်းရဲ့ ကလေးနှစ်ယောက်လုံးကတော့ ကျေးလက်ကို သေချာပေါက် သွားကြရလိမ့်မယ်”

ဒါရိုက်တာလျို့က စီးကရက်ကို တစ်ချက်ဖွာလိုက်ရင်း ဆက်ပြောခဲ့သည်။

“ငါမှတ်မိသလောက်ဆိုရင် မင်းရဲ့ လီရှန်းက အသက်ဆယ့်ရှစ်နှစ် ရှိပြီမလား...”

လီဟုန်ကျွင့် : “!!”

သူ ရုတ်တရက် ဝုန်းခနဲ ထရပ်လိုက်မိကာ ဦးနှောက်ထဲတွင်လည်း တစီစီ မြည်သွားတော့သည်။

ဒါရိုက်တာလျို့တစ်ယောက် ထိတ်လန့်သွားရလေ၏။ လီဟုန်ကျွင့်၏ မျက်နှာတို့က မည်းမှောင်သွားသည်ကို မြင်လိုက်ရချိန်တွင် သူက အမြန်ထရပ်ပြီး လက်မောင်းကို ဆွဲကိုင်လျက် ပြောလိုက်သရည်။

“လောင်လီ... စိတ်အေးအေးထားပါဦး၊ မင်း စိတ်ကို လျှော့မှဖြစ်မယ်”

သူ! စိတ်! အေးအေး! မထား! နိုင်! တော့ဘူး!

အဘယ်ကြောင့်ဆိုသော် ဒါရိုက်တာလျို့ ပြောသည့်အခြေအနေက အမှန်တကယ် ဖြစ်လာနိုင်ချေ အလွန်မြင့်မားနေသောကြောင့်ပင်။

လီရှန်းက အသက်ဆယ့်ရှစ်နှစ် ရှိပြီဖြစ်၍ အိမ်ထောင်ပြုရန် အကောင်းဆုံးအရွယ် ဖြစ်ပေသည်။

ထို့အပြင် သူမ၏ ဦးလေးကျန်းကျူးရိမှာလည်း စက်မှုယန္တယားစက်ရုံ၏ ဝန်ထမ်းရေးရာဒါရိုက်တာဖြစ်၍ လျို့ချောင်ကျွင့် အလုပ်ရသွားသကဲ့သို့ပင် သူ၏တူမအတွက် အလုပ်တစ်ခု စီစဉ်ပေးရန်အတွက် အလွန်ပင် လွယ်ကူပေသည်။

လျို့ချောင်ကျွင့်က အလုပ်ကို သူ့ဘာသာသူ ရှာတွေ့ခဲ့သည်ဟု သူ မယုံကြည်ပါချေ။

ဒါရိုက်တာလျို့က နောက်ကွယ်မှနေ၍ ကြိုးကိုင်ပေးခဲ့ခြင်းသာ ဖြစ်ရမည်။

“လောင်လျို့... ခင်ဗျား အတွေးအရ အဲဒီမိန်းကလေးက တကယ်ပဲ အိမ်ထောင်ကျသွားပြီ ထင်လား”

လီဟုန်ကျွင့်၏ အသံမှာ အနည်းငယ် တုန်ယင်နေခဲ့သည်။

ဒါရိုက်တာလျို့အနေဖြင့် သူ့ကို သနားမိသော်လည်း ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်၏။

“သူ လက်ထပ်ရင်တောင် မင်းကို ပြောမှာ မဟုတ်ဘူး၊ မင်္ဂလာကိစ္စပါဖြစ်ဖြစ်၊ နာရေးကိစ္စတွေကိုပဲဖြစ်ဖြစ် ထပ်ပြီးမပတ်သက်ဘဲ နေရအောင်လို့ ပြောခဲ့တာက မင်းကိုယ်တိုင်ပဲလေ”

ထို့ကြောင့် လီရှန်းက သူမ၏ မင်္ဂလာဆောင်သို့ ဖခင်ဖြစ်သူကို မဖိတ်ကြားခဲ့ခြင်းမှာ လုံးဝကို သဘာဝကျပေသည်။

လီဟုန်ကျွင့်တစ်ယောက် ရင်ဘတ်ကို ဖိထားမိပြီး လုံးဝကို စိတ်ပျက်သွားရတော့သည်။ သူသည်က ဤကဲ့သို့ ဖြစ်လာနိုင်မည်ဟု တစ်ခါမျှ မစဉ်းစားခဲ့ဖူးပါချေ။

ထိုတောင်းဆိုချက်ကို ပြုလုပ်ခဲ့ခြင်းမှာ သူကိုယ်ကိုယ် ကျင်းတူးပြီး မြှုပ်နှံလိုက်သကဲ့သို့ ဖြစ်သွားခဲ့ချေပြီ။

လီဟုန်ကျွင့်တစ်ယောက် ကြောက်လန့်တုန်လှုပ်နေသည်ကို လီရှန်းကတော့ မသိရှိပါချေ။

သူမသည်က ချုံကျိုးကျွန်းသို့ ယခုလေးတင် ဆိုက်ရောက်ခဲ့ပြီးဖြစ်ကာ သင်္ဘောပေါ်မှ ဆင်းရန် ပြင်ဆင်နေခဲ့ပေပြီ။

*

All Chapters