← Chapters

အခန်း (၁၂၆)

Vol. 13 Ch. 126

အခန်း (၁၂၆)

Vol. 13 Ch. 126

အခန်း(126)

ကွမ်းရှောင်ထင်းအနေဖြင့် တစ်ဖက်သို့ ပြန်လည်ချီးကျူးလိုသော်လည်း တူသမက်ဖြစ်သူက ဤနေရာတွင် ရှိမနေသကဲ့သို့ တစ်ခါမျှလည်း မတွေ့ဖူးသေးပါချေ။

ထို့ကြောင့် သူမတွင် မြှောက်ပင့်စရာ အချက်အလက် မရှိဘဲ ဖြစ်နေရှာသည်။ သို့ဖြစ်၍ သူမက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး စုဝေ့ဖင်းကိုသာ ပြောင်း၍ ချီးကျူးလိုက်တော့သည်။

“ဝေ့ဖင်းလေးကလည်း တကယ်ကို အားကိုးရတဲ့ ကလေးပဲ၊ သူမက အပ်ချုပ်ပညာမှာလည်း လက်ရာက အရမ်းကောင်းတာ

ပြီးခဲ့တဲ့ အခေါက်က သူ စာသင်ကျောင်းအတွက် ဖျော်ဖြေရေးဝတ်စုံတွေ လုပ်ပေးလိုက်တာလေ ၊

အဲဒါကြောင့် ကျွန်မတို့ စစ်ခရိုင်မူလတန်းကျောင်းလေးတောင် တော်တော်လေး နာမည်ကြီးသွားခဲ့သေးတယ်”

“အပ်ချုပ်ပညာ ဟုတ်လား?”

ယခုတစ်ကြိမ်တွင်တော့ လော်ယွီရှို့က အံ့သြသွားရသူ ဖြစ်ပေသည်။

စုဝေ့ဖင်း အပ်ချုပ်တတ်တာကို သူမ ဘာလို့ မမှတ်မိရတာလဲ။

သူမ၏ဘေးတွင် ကပ်ပါလာသော စုဝေ့ဖင်းမှာ အနည်းငယ် ပျာယာခတ်သွားပြီး အလျင်အမြန် ရှင်းပြလိုက်ရ၏။

“အင်္ကျီချုပ်ရတာက မခက်ဘူးလေအမေရဲ့၊ ကြည့်လိုက်တာနဲ့ သင်ယူလို့ရတာပဲကို”

ထို့နောက် သူမက လော်ယွီရှို့ကို ကြည့်ကာ ဆက်ပြောလိုက်သည်။

“ယောက်မက အထည်ချုပ်စက်ရုံကဆိုတော့ ကျွန်မ အားတဲ့အချိန် သူ့အခန်းထဲက စာအုပ်တွေကို လှန်လှောဖတ်ကြည့်ရင်းနဲ့ တတ်သွားတာ”

ထိုရှင်းပြချက်က... ယုတ္တိတော့ ရှိနေပုံရသည်။

သို့သော်လည်း သူမ၏ ချွေးမမှာ အပ်ချုပ်ပညာကို နှစ်နှစ်နီးပါး သင်ယူခဲ့ရသည် မဟုတ်ပါလား။

ဘယ်လိုဖြစ်ပြီး သူမရဲ့သမီးကတော့ စာအုပ်ကြည့်ရုံနဲ့ တတ်သွားရတာလဲ။

“ကျွန်မအစ်ကိုတောင် တစ်လပဲ စာကျက်ပြီး ဆေးဝါးစက်ရုံ ဝင်ခွင့်ရခဲ့တာပဲ၊ ကျွန်မ စာအုပ်ဖတ်ပြီး အင်္ကျီချုပ်တတ်သွားတာက ဘာဆန်းလို့လဲ?”

စုဝေ့ဖင်းက သူမပြောသောစကားကို သူမကိုယ်တိုင်ပင် ယုံကြည်သွားပုံရပြီး စကားတစ်ခွန်းပင် ထပ်တိုးလိုက်သေးသည်။

“ကျွန်မတို့ မိသားစုထဲက ကလေးတွေ အကုန်လုံးက ဉာဏ်ကောင်းကြတာပဲ၊ ဒုတိယအစ်ကို တစ်ယောက်ပဲ တုံးအနေတာ”

ဒါကြောင့်လည်း သူက စစ်ထဲဝင်တဲ့ လမ်းကိုပဲ ရွေးချယ်နိုင်ခဲ့တာပေါ့။

လော်ယွီရှို့က လက်ကို မြှောက်ကာ သူမကို အသာရိုက်လိုက်ပြီး ပြောလိုက်လေ၏

“မင်းရဲ့ ဒုတိယအစ်ကို ဒီမှာမရှိတာနဲ့ မင်းကတော့ ပြောချင်ရာတွေ ပြောနေတာပဲ”

သူမရဲ့ ဒုတိယမြောက်သားက ဘာဖြစ်လို့လဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ တပ်ခွဲမှူး ဖြစ်နေပြီ မဟုတ်ဘူးလား။

စုဝေ့ဖင်းက လျှာလေးကိုထုတ်ပြလိုက်ပြီး လီရှန်း၏ ဘေးနားသို့ ပြေးသွားကာ သူမ၏ လက်မောင်းကို ရင်းနှီးစွာ ဖက်တွယ်လိုက်တော့သည်။

“ကျွန်မ လိမ်တာမဟုတဘူးနော် ယောက်မ၊ တကယ်ပြောတာ၊ ကျွန်မတို့ မိသားစုထဲမှာ ဒုတိယအစ်ကိုက အတုံးဆုံးပဲ”

လီရှန်းအနေဖြင့် ဤဒုတိယအစ်ကို,ကို တစ်ခါမျှ မတွေ့ဖူးသေးသောကြောင့် ဝိုင်း၍ ကဲ့ရဲ့ခြင်း မပြုနိုင်ဘဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။

ထိုအပြုံးက စုဝေ့ဖင်းကို မိန်းမောသွားစေတော့၏။ ဤအချိန်တွင် စုဝေ့ဖင်းတစ်ယောက် ရုတ်တရက် ဤယောက်မကို သူမ၏ ဇာတိမြေသို့သာ ချက်ချင်း ပြန်ခေါ်သွားချင်စိတ် ဖြစ်သွားရသည်။

သူမအတွက် အင်္ကျီအသစ်တွေ ဒီဇိုင်းဆွဲပေးရမယ်!

ကွမ်းရှောင်ထင်းက လော်ယွီရှို့နှင့် မိနစ်အနည်းငယ်ကြာအောင် စကားပြောခဲ့ပြီး သူမ၏ မျက်နှာပေါ်မှ အပြုံးမှာလည်း ကွယ်ပျောက်သွားခြင်း မရှိပါချေ။

“မရီး ... ပင်လယ်ပြင်က လေတွေ ပြင်းလာပြီ၊ မိုးရွာတော့မယ့်ပုံပဲ”

ဘေးနားတွင် ကိုယ်ဖျောက်ထားသကဲ့သို့ တိတ်တဆိတ် ရပ်နေသော ဝမ်ဟူက ရာသီဥတု အခြေအနေ မကောင်းသည်ကို သတိပြုမိသည့်အတွက် အနားသို့ လျှောက်လာကာ ခပ်တိုးတိုး ပြောလိုက်၏။

ကွမ်းရှောင်ထင်း၏ မျက်နှာမှာလည်း ချက်ချင်း ပြောင်းလဲသွားပြီး လူတိုင်းကို အလျင်အမြန် ခေါ်လိုက်တော့သည်။

“ကောင်းပြီ မြန်မြန် ပြန်ကြရအောင်၊ ခဏနေရင် မိုးရွာတော့မယ်”

သူမက ပြောနေရင်းဖြင့် အထုပ်အပိုးများထဲမှ အကြီးဆုံး အထုပ်ကို မလိုက်၏။

“ရှန်းရှန်း.. မင်းတို့ သယ်လာတဲ့ အထုပ်တွေကလည်း အများကြီးပဲလား”

ကွမ်းရှောင်ထင်းက အထုပ်များကို မကာ အလေးချိန်ကို စမ်းကြည့်လိုက်ရင်း ပြောလာသည်။

“ဒီလောက်အများကြီးကို လမ်းတစ်လျှောက် ဘယ်လိုများ သယ်လာကြတာလဲ?”

အိတ်ထဲတွင် ကျောက်ခဲများ ထည့်ထားသကဲ့သို့ ထင်ရသည်။

လီရှန်းက ဝမ်ဟူကို ညွှန်ပြရင်း ပြောလာသည်။

“ရဲဘော်ဝမ်ရဲ့ ကျေးဇူးကြောင့်ပါ ဒေါ်လေး၊ သူသာ မရှိရင် ကျွန်မတို့ ဒီကို ရောက်လာဖို့တောင် မလွယ်ဘူး”

ကွမ်းရှောင်ထင်း သူမ၏ နဖူးကို လက်ဖြင့် ရိုက်လိုက်မိ၏။

“အော်... ဟုတ်သားပဲ၊ ရှောင်ဝမ်က မင်းတို့နဲ့ အတူပါလာတာပဲကို.. ငါ့ရဲ့ မှတ်ဉာဏ်ကတော့ ခက်ပြီ

ကောင်းပြီ သွားကြမယ်၊ မိုးမရွာခင် အမြန်ရောက်အောင် သွားကြရအောင်”

ဝမ်ဟူသည်ကား စကားတစ်ခွန်းမျှ မပြောဘဲ အထုပ်ကြီးများကို မလိုက်ပြီးကျန်ရှိသော အထုပ်အပိုးလေးများကိုသာ အမျိုးသမီးများက သယ်ယူခဲ့ကြသည်။

ထို့နောက် သူတို့က မိသားစုအိမ်ရာဝင်းသို့ တိုက်ရိုက်သွားခဲ့ကြတော့သည်။

စုဝေ့ယန်နှင့် ကျန်းဝမ်ကျန့်တို့မှာ အိမ်ရာဝင်း၏ အတွင်းဘက်အကျဆုံး အဆောက်အဦးတွင် နေထိုင်ကြသော်လည်း ကျန်းကျူးပင်းနှင့် ကွမ်းရှောင်ထင်းတို့မှာတော့ ဝင်ပေါက်နှင့် အနီးဆုံးရှိ မိသားစုဝင်းငယ်လေးတွင် နေထိုင်ကြခြင်း ဖြစ်ပေသည်။

သို့ဖြစ်၍ လူစုကြီးမှာ ထိုဝင်းငယ်လေးထဲသို့ တိုက်ရိုက် ဝင်သွားကြလေတော့သည်။

အိမ်ထဲသို့ ခြေချလိုက်သည်နှင့် မိုးက သည်းထန်စွာ စတင်ရွာချလေတော့သည်။

“ထိုင်ကြပါဦး”

ကွမ်းရှောင်ထင်းက အိမ်ထဲသို့ ဝင်ပြီးနောက် သူတို့အတွက် လက်ဖက်ရည် ပြင်ဆင်ပေးလေသည်။

လီရှန်းနှင့် လော်ယွီရှို့တို့က အိမ်ဦးတံခါးဝတွင် ရပ်လျက် ကောင်းကင်ကြီးကို ငေးကြည့်နေဆဲဖြစ်သည်ကို မြင်လျှင် သူမက အမြန်ပင် ရှင်းပြလိုက်၏။

“နောက်ကျရင်တော့ မင်းတို့ ကျင့်သားရသွားမှာပါ ၊ ဒီမှာက တစ်နှစ်မှာ ရက်ပေါင်း (300)ရှိရင် ရက် (200) လောက်က မိုးရွာတာလေ”

လီရှန်းက ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် မိုးကုပ်စက်ဝိုင်းတွင် မည်းမှောင်နေသော တိမ်တိုက်ကြီးများကို မြင်လိုက်ရကာ အံ့ဩသွားရသည်။

“ဒီလိုတိမ်မျိုးကို တစ်ခါမှ မမြင်ဖူးဘူး”

တိမ်တိုက်များက အောက်ကို အတော်လေး နိမ့်ဆင်းနေပြီး အချိန်မရွေး ပြုတ်ကျလာတော့မည့်အတိုင်းပင်။

“ဒီမှာက အကုန်ကောင်းတယ်၊ စိုထိုင်းဆအရမ်းများတာ တစ်ခုပဲ ဆိုးတာ”

စုဝေ့ဖင်းကလည်း အနည်းငယ် မကျေမနပ် ဖြစ်နေပုံရ၏။ သူမ ပြီးခဲ့သည့်နှစ်က ချုံကျိုးသို့ စတင်ရောက်ရှိလာချိန်တွင် မိုးများပြားသော ရာသီနှင့် တိုးခဲ့ပြီး နေရာတိုင်းမှာ စိုစွတ်ကာ အတော်လေးကို နေထိုင်ရ ခက်ခဲခဲ့သည်ကို သတိရမိနေသည်။

သူမက လီရှန်းကို ကြည့်ကာပြောလာလေ၏။

“ယောက်မ၊ ဒီမှာက မှိုတွေ အရမ်းတက်တာ၊ မရီးတို့ ဆေးဝါးစက်ရုံက မှိုတွေကို ဖယ်ရှားပေးနိုင်တဲ့ ဆေးမျိုး မရှိဘူးလား”

လီရှန်း ခဏမျှ ကြောင်အမ်းသွားရသည်။

“အဲဒါက... ဆေးဝါးနဲ့ဆိုင်တာ မဟုတ်ဘူး ထင်တယ်”

ပိုးသတ်ဆေး (သို့မဟုတ်) သန့်စင်ဆေးရည်မျိုးသာ ဖြစ်ပေလိမ့်မည်။

ဤသည်က ဆေးဝါးကုမ္ပဏီ၏ လုပ်ပိုင်ခွင့်ထဲတွင် မပါဝင်ပါချေ။

“မဆိုင်ဘူးလား”

စုဝေ့ဖင်းလည်း ရှုပ်ထွေးသွားရ၏။

သူမ၏ အတိတ်ဘဝတုန်းက ဆေးဝါးကုမ္ပဏီများမှ ထုတ်လုပ်သော သန့်စင်ဆေးရည်များကို အများအပြား ဝယ်ယူခဲ့ဖူးပေသည်။

အနံ့က သိပ်မကောင်းသော်လည်း ထိုကုမ္ပဏီများမှ ထုတ်သော ပိုးသတ်ဆေးပစ္စည်းများမှာ အမှန်တကယ်ပင် ထိရောက်မှုရှိသည်ကို သူမ ဝန်ခံရမည်။

လီရှန်း ခေါင်းခါပြလိုက်လေ၏။

“မဆိုင်ဘူး”

စုဝေ့ဖင်း၏ မျက်ဝန်းများက ချက်ချင်းပင် အရောင်မှိန်သွားရတော့၏။

ချုံကျိုး၏ မိုးမှာ လာသည့်အချိန်ကကဲ့သို့ပင် လျှင်မြန်စွာ ပြန်လည် တိတ်သွားခဲ့ပေသည်။ (14)မိနစ်ခန့်အကြာတွင် ကောင်းကင်ကြီးက ပြန်လည်ကြည်လင်လာကာ နေရောင်ခြည်လည်း ဖြာကျလာပြီး စိုစွတ်နေသော မြေပြင်ကို တောက်ပစေခဲ့၏။

ပတ်ဝန်းကျင်က လျင်မြန်စွာပင် ပူနွေးစိုစွတ်လာပြီး အသားအရေမှာလည်း ကပ်စေးစေး ဖြစ်လာရချေသည်။

သူတို့ အမှန်တကယ်ပင် ချွေးထွက်နေခဲ့ပေပြီ။

မိုးတိတ်သွားပြီးနောက် သူတို့နှင့်အတူ မိုးခိုနေခဲ့သော ရဲဘော်ဝမ်ဟူက နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။

ကွမ်းရှောင်ထင်းက ကျေးဇူးစကားများ အထပ်ထပ်ဆိုပြီးနောက်တွင် ရဲဘော်ဝမ်ဟူက ရုံးခန်းသို့ အစီရင်ခံရန် အလျင်အမြန်ထွက်သွားခဲ့တော့၏။

ယခုတစ်ကြိမ်တွင် သူ အိမ်သို့ပြန်ရခြင်းက လက်တွဲဖော်ရှာရန်ဖြစ်ပြီး ယခုတွင် တွေ့ရှိခဲ့ပေပြီ။

သူ့အနေဖြင့် လက်ထပ်ခွင့် လျှောက်လွှာတင်ပြီးနောက် လက်ထပ်မှတ်ပုံတင်လက်မှတ်သွားယူရန်သာ လိုတော့သည်။

သူ၏ ဇနီးလောင်းကိုတော့ စစ်တပ်သို့ ခေါ်ဆောင်လာခွင့် မရှိသေးသောကြောင့် အနည်းငယ် ဝမ်းနည်းစရာကောင်းပေ၏။

သို့မဟုတ်လျှင် သူ၏ အနာဂတ်ဇနီးသည်ကို တစ်ပါတည်း ခေါ်လာနိုင်လိမ့်မည် ။

ဤသို့ တွေးမိသည်နှင့် ဝမ်ဟူတစ်ယောက် ဒုတပ်ရင်းမှူးကျန်းကို မနာလိုဖြစ်မိသွားရ၏။ ဒုတပ်ရင်းမှူးကျန်းမှာ တပ်ခွဲမှူးစု၏ ညီမဖြစ်သူကို ဇနီးအဖြစ် ရရှိခဲ့သည့်အပြင် တပ်ရင်းမှူးကျန်းနှင့်လည်း ခမည်းခမက်တော်စပ်သူ ဖြစ်နေပေသည်။

ဒုတပ်ရင်းမှူးကျန်းမှာ အလားအလာရှိသူ ဖြစ်သည့်အပြင် ယခုကဲ့သို့ ချုံကျိုးတွင် ဆွေမျိုးအဆက်အသွယ်များပါ ရှိနေသောကြောင့် သူ၏ အနာဂတ်က ပို၍ချောမွေ့တောက်ပလာလိမ့်မည်။

ဝမ်ဟူ ထွက်သွားသည်နှင့် လော်ယွီရှို့နှင့် လီရှန်းတို့ကလည်း အဝတ်အစားလဲရန် အခန်းထဲသို့ ချက်ချင်း ဝင်သွားကြတော့သည်။

ချုံကျိုးနှင့် နင်ပြည်နယ်၏ အပူချိန် ကွာခြားချက်မှာ အလွန်ကြီးမားပေသည်။

နင်ပြည်နယ်တွင် ဂွမ်းကပ်အင်္ကျီများကို ဝတ်ထားလျှင်ပင် အေးနေသော်လည်း ဤနေရာတွင်တော့ (20) ဒီဂရီခန့်ရှိနေသောကြောင့် ထိုအင်္ကျီကြီးများနှင့်ဆိုလျှင် အလွန်ပင် ပူလောင်နေခဲ့သည်။

အမျိုးသားများ ရှိနေချိန်တွင် အဝတ်အစားလဲရန် ရှက်နေခဲ့သော်လည်း ယခုတွင်တော့ တစ်ဖက်လူက ထွက်သွားပြီဖြစ်သဖြင့် ဂွမ်းကပ်အင်္ကျီများကို ချွတ်ကာ ပေါ့ပါးသော အင်္ကျီများနှင့် လဲလှယ်လိုက်ကြတော့သည်။

သူတို့ အဝတ်အစားလဲပြီး အခန်းထဲမှ ထွက်လာချိန်တွင် လော်ယွီရှို့က နှုတ်ဆက်ပြီးထွက်ခွာရန် ပြင်လိုက်သော်လည်း စကားမစရသေးမီကတည်းက ကွမ်းရှောင်ထင်းမှ ကြားဖြတ်၍ ပြောလိုက်လေ၏။

“မနေ့က ကျမတို့ မိသားစုနှစ်ခုလုံး တိုင်ပင်ထားကြတယ်၊ ဒီနေ့ နေ့လယ်စာကို ကျမတို့ အိမ်မှာပဲ စားကြမယ်လေ.. ကျန်းဝမ်ကျန့်က နေ့လယ်မှာ အလုပ်ရှိသေးတယ်၊ ပြီးတော့ ကလေးကလည်း ရှိနေတော့ ကျမပဲ အားလုံး စီစဉ်ထားမလို့လုပ်ထားတာ၊ ဟင်းချက်စရာတွေလည်း အကုန်ဝယ်ပြီးပြီ”

စုဝေ့ဖင်းကလည်း ဝင်ပြောလိုက်သည်။

“ဟုတ်တယ်၊ အန်တီကွမ်းနဲ့ သမီး အတူသွားဝယ်ထားတာ.. ဒီမှာက ငါးတွေ အများကြီးရတော့ မနက်အစောကြီး ဆိပ်ကမ်းကို သွားပြီး ငါးတွေ အများကြီး ဝယ်ခဲ့တယ် အခု မီးဖိုချောင်ထဲမှာ ထည့်ထားပြီးပြီ”

ထို့နောက် သူမက လီရှန်းနှင့် လော်ယွီရှို့ကို လိုက်ပြခဲ့လေ၏။

ထိုနေရာတွင် ငါးတချို့၊ ခရုကမာ တစ်တောင်းနှင့် ပုစွန်များ ပေါများသောကြောင့် အမှန်တကယ်ပင် ပရိုတင်းဓာတ်ကြွယ်ဝသော သဘာဝ စားအိုးကြီး တစ်ခုဖြစ်နေခဲ့သည်။

“အရင်က ပို့ထားတဲ့ အသားခြောက်တွေလည်း ရှိသေးတယ်၊ အဲဒါကိုလည်း ဒီနေ့ ရောကြော်ကြတာပေါ့”

“ဒီမှာလည်း ဦးလေးက အသားခြောက်တွေ အများကြီး ထပ်ထည့်ပေးလိုက်သေးတယ်”

ကွမ်းရှောင်ထင်း၏မျက်နှာက အေးခဲသွားရသည်။

ဆိုရလျှင် ကျန်းကျူးပင်းက အိမ်ကို ဖုန်းဆက်ပြီး အသားခြောက်များ အရသာရှိကြောင်း ချီးမွမ်းခဲ့သည့်အတွက် ကျန်းကျူးရိက ဇာတိသို့ပြန်ကာ နှစ်သစ်ကူး နှုတ်ဆက်ရင်းဖြင့် တစ်ရွာလုံးမှ အသစ်လုပ်ထားသော အသားခြောက်များကို အကုန်ထပ်သယ်လာခဲ့ခြင်း ဖြစ်ချေသည်။

ကွမ်းရှောင်ထင်း : “...”

သူတို့မိသားစုကတော့ လတ်ဆတ်တဲ့ ဝက်သားကို ဘယ်နေ့မှ ပြန်စားရတော့မှာလဲ။

*

All Chapters