အခန်း (၁၂၇)
Vol. 13 Ch. 127
အခန်း(127)
ကျန်းကျူးရိက ယခုတစ်ခေါက်တွင် အသားအားလုံးကို ပုံအော၍ပေးလိုက်ခြင်း ဖြစ်၏။
သာမန်ဝက်သားခြောက်များသာမက ကျတ်တိုက်ထားသော ကြက်သားခြောက်၊ ဘဲသားခြောက်နှင့် ဝက်ပေါင်ခြောက်တစ်ခုပင် ပါဝင်နေသေးသည်။
အိတ်ထဲတွင် ရှုပ်ယှက်ခတ်နေသော အသားများကို ကြည့်ရင်း သူမ မအံ့ဩဘဲ မနေနိုင်တော့ချေ။
“ဒီအိတ်က ဘာလို့ ဒီလောက် လေးနေရတာလဲလို့ ထင်ခဲ့တာ”
စေတနာများမှာ အမှန်တကယ်ပင် ကြီးမားလွန်းပေသည်။
အသားများကို အိတ်ထဲတွင် အမြဲထည့်ထား၍ မရဘဲ အပြင်သို့ထုတ်ကာ လေဖြင့် ထိတွေ့စေရမည် ဖြစ်၏။
သို့သော် နောက်တစ်လခန့်ကြာလျှင် စိုစွတ်သော ရာသီဥတုကို ရောက်လာတော့မည်ဖြစ်၍ ထိုအချိန်အတွင်း အကုန်မစားနိုင်ပါက အသားများက မှိုတက်သွားရန် အလားအလာ ရှိနေပေသည်။
စုဝေ့ဖင်းမှ လီရှန်းကို မှိုသတ်ဆေး လုပ်ခိုင်းချိန်က ကွမ်းရှောင်ထင်းအနေဖြင့် စိတ်ကူးယဉ်နေသည်ဟု ထင်ခဲ့သော်လည်း ယခုတွင်တော့ လီရှန်းအနေဖြင့် ထိုဆေးကို အမှန်တကယ် လုပ်ပေးနိုင်ရန် မျှော်လင့်မိသွားရတော့သည်။
သို့မဟုတ်ပါက... ဤအသားများအားလုံး အလဟဿဖြစ်ကုန်ပေလိမည်။
“ထားလိုက်ပါတော့၊ အခုတလော အိမ်မှာ လူတွေလည်း အများကြီးပဲဆိုတော့ တတ်နိုင်သမျှ အကုန်စားကြတာပေါ့”
ကွမ်းရှောင်ထင်းက နှမြောနေမိသော်လည်း စိတ်သဘောထားကတော့ မကျဉ်းမြောင်းပါချေ။
မကြာမီပင် သူမက အသားခြောက်ဖြင့် လုပ်ဆောင်နိုင်မည့် ဟင်းပွဲတချို့ကို စဉ်းစားလိုက်၏။
“အချိန်လည်း မစောတော့ဘူး၊ ချက်ကြရအောင်”
လော်ယွီရှို့ကလည်း အင်္ကျီလက်ကို လိပ်လိုက်သည်။
“ကျွန်မလည်း ကူပေးမယ်”
လီရှန်းနှင့် စုဝေ့ဖင်းတို့မှာတော့ စကားပင် မပြောရသေးမီ အပြင်သို့ နှင်ခံလိုက်ရတော့သည်။
ကွမ်းရှောင်ထင်းက တိုက်ရိုက်ပင် ပြောလိုက်၏။
“ငါ မင်းတို့ အခန်းကို ရှင်းလင်းထားပြီးပြီ အထဲမှာ အုန်းသီးမုန့်တွေ ရှိတယ် ၊ မင်းတို့ နှစ်ယောက် စားသောက်ရင်း စကားပြောနေလိုက်ကြဦး”
နေ့လယ်စာတွင် ပင်လယ်စာများက အဓိကဟင်းဖြစ်ပြီး အသားခြောက်က အရန်ဟင်းပွဲဖြစ်ခဲ့သည်။
ဆယ်နာရီခန့်တွင် ကျောင်းမှ အလျင်အမြန် ပြန်လာသော ကျန်းဝမ်ကျန့်သည်လည်း ဟင်းချက်သည့်အဖွဲ့တွင် ပါဝင်လာခဲ့၏။
သူမက ထုံးစံအတိုင်းပင် တည်ငြိမ်အေးဆေးနေခဲ့ပေသည်။
“အမေ” ဟု အကြိမ်အနည်းငယ် နှုတ်ဆက်ပြီးနောက်တွင် သူမက တိတ်တဆိတ်ဖြင့် စတင်အလုပ်လုပ်တော့၏။
လော်ယွီရှို့အနေဖြင့် ဤချွေးမဖြစ်သူနှင့် တွေ့လျှင် ယခင်ကတည်းက နေရခက်နေတတ်သောကြောင့် ယခုတွင် ပို၍ပင် ဆိုးရွားနေတော့သည်။
မြေးလေးလည်း နေရာတွင်ရှိနေ၍သာ တော်တော့သည်။
မြေးလေး၏ နာမည်က စုကျန်း ဖြစ်ပေသည်။ စုဝေ့ယန်သည် စုဝေ့ဟိုင်မှ သားဖြစ်သူကို နာမည်ပေးသကဲ့သို့ပ ပေးထားခြင်း ဖြစ်ပေ၏။
စာလုံးနှစ်လုံးတည်းပါသော နာမည်က ခေါ်ရလွယ်ကူပြီး နားထောင်၍လည်း ကောင်းပေသည်။ ထို့အပြင် ကျန်းဝမ်ကျန့်မှာ မိခင်နို့လည်း အထွက်ကောင်းသောကြောင့် စုကျန်းက ထွားကြိုင်းကျန်းမာနေခဲ့၏။
လော်ယွီရှို့တစ်ယောက် မြေးလေးကို မြင်မြင်ချင်းပင် ချစ်၍မဝဖြစ်သွားရတော့သည်။
ဟင်းချက်စရာ မလိုပါက သူမအနေဖြင့် မြေးဖြစ်သူကို ချီထားပြီး လွှတ်ပေးချင်တော့မည် မဟုတ်ပါချေ။
လီရှန်းသည်လည်း နောက်ဆုံးတွင် သူမ၏ ဒုတိယယောက်မကို မြင်လိုက်ရပေပြီ။
ဆိုရလျှင် ကျန်းဝမ်ကျန့်မှာ အမှန်တကယ်ပင် လှပလွန်းပြီး အေးစက်သော အငွေ့အသက် ရှိသော်လည်း သူမ၏ မျက်ဝန်းများက အလွန်ပင် နွေးထွေးနေခဲ့သည်။
သူမက စံပြအမျိုးသမီးဇာတ်ဆောင် တစ်ဦး၏ အသွင်အပြင်မျိုး ရှိနေခဲ့သည်။
ဝူလီ၏ ဝိုင်းစက်သော မျက်နှာနှင့် ခေတ်ဆန်သော အလှတရားတို့နှင့် ယှဉ်လျှင် ကျန်းဝမ်ကျန့်၏ ရုပ်ရည်မှာ ပို၍ပင် တိုးတက်ကောင်းမွန်လာခဲ့၏။
မူရင်းစာရေးဆရာ၏ ရေးသားမှုစွမ်းရည်မှာလည်း ပိုမိုတိုးတက်လာသည်က ထင်ရှားပေသည်။
တစ်ဖက်မှ ကျန်းဝမ်ကျန့်သည်ကား အမှန်တကယ်ပင် အနေရခက်နေခဲ့ချေသည်။
သူမက မူလကတည်းက လူမှုဆက်ဆံရေး၌ အားနည်းသူဖြစ်ပေ၏။ သူမ၏ ထုံးစံအတိုင်း အေးစက်စက်နေတတ်မှုက ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည့် အကာအကွယ်တစ်ခုသာ ဖြစ်၏။
သူမ၏ ဘဝတွင် အတင့်ရဲပြီး လုပ်ဆောင်ခဲ့ဖူးသည်မှာ စုဝေ့ယန်၏ အသက်ကို ကယ်ဆယ်ရန်နှင့် သာမန်ဇနီးမောင်နှံများကဲ့သို့ အတူနေထိုင်ရန်ဟူသော မျှော်လင့်ချက်ဖြင့် ပိုင်မားခရိုင်မှ ချုံကျိုးအထိ လိုက်လာခဲ့သည့်အချိန်သာ ဖြစ်ပေသည်။
လက်ရှိတွင် အိမ်၌ ယောက္ခမနှင့် ယောက်မဖြစ်သူတို့သာမက အလွန်ပင် ဖော်ရွေလှသော အန်တီကွမ်းနှင့် ယခုမှ ပထမဆုံးအကြိမ် တွေ့ဆုံဖူးသော တတိယမြောက်မတ်လေး၏ ဇနီးဖြစ်သူတို့ပါ ရှိနေကြ၏။
သူမ၏ တတိယယောက်မသည်လည်း သူမကဲ့သို့ပင် ပတ်ဝန်းကျင်အသစ်၌ အနေရခက်နေလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့သည်။
သို့သော် သူမ၏ ဒုတိယဒေါ်လေးဖြစ်သူ အန်တီကွမ်းက ယောက်မဖြစ်သူကို ဤမျှအထိ အလိုလိုက်ထားပြီး စုဝေ့ဖင်းမှာလည်း လူမှုရေးကျွမ်းကျင်သူဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
လူတစ်စုမှာ မီးဖိုချောင်ထဲတွင် စုပြုံတိုးဝှေ့ကာ တစာစာမြည်အောင် စကားပြောနေကြလေတော့သည်။
ဘုရားရေ...
ကျန်းဝမ်ကျန့်တစ်ယောက် သူမကိုယ်သူမ အစေ့အဆန်လေးတစ်ခုအဖြစ် ပြောင်းလဲကာ မြေကြီးထဲတွင် နစ်ဝင်ပျောက်ကွယ်သွားပြီး နေရောင်ခြည်ကို လုံးဝ ပြန်မတွေ့ချင်တော့သည်အထိ ဖြစ်ချင်နေခဲ့ပေသည်။
လီရှန်းက ကျန်းဝမ်ကျန့်ကို စကားပြောရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ကျန်းဝမ်ကျန့်က အလွန်ပင် အေးစက်လွန်းလှ၏။
တစ်ဖက်လူက ပြုံးပြလိုက်တိုင်း သူမက အသာအယာ ပြန်ပြုံးပြပြီးနောက် ခေါင်းငုံ့ကာ အလုပ်ကိုသာ ဆက်လုပ်နေပြီး ဆက်သွယ်ပြောဆိုရန် အလားအလာ လုံးဝမပြခဲ့ပါချေ။
လော်ယွီရှို့က မကြည့်ရက်တော့သဖြင့် လီရှန်းကို ဆွဲခေါ်သွားကာ ပြောလိုက်သည်။
“မင်းရဲ့ဒုတိယယောက်မကို သွားပြီး စကားမပြောနဲ့တော့၊ သူက စကားနည်းတဲ့သူလေ၊ ဝေ့ယန်တောင် သူနဲ့ စကားနည်းနည်းပြောဖို့ ခက်ခဲတာ၊ မင်းဆိုရင် ပိုဆိုးမှာပေါ့”
လီရှန်း : “...”
ဒီလိုမျိုး စကားနည်းတဲ့လူနှစ်ယောက်က ဘယ်လိုများ ချစ်ကြိုက်သွားကြတာလဲ။
လီရှန်းမှာ သူမ ယခင်က ဖတ်ခဲ့သော နိုဗယ်က အလွန်ပင် ညံ့ဖျင်းလှသည်ဟု တွေးတောနေမိရသည်။ ထိုအချိန်က စုဝေ့ယန်မှာ တပ်ရင်းမှူးတစ်ဦး၏ ကယ်ဆယ်မှုကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပုံကိုသာ ရေးသားခဲ့ပြီး ထိုဇနီးမောင်နှံ နှစ်ယောက်ကြားရှိ ဇာတ်ဝင်ခန်းများကို များစွာဖော်ပြခြင်း မရှိခဲ့ပါချေ။
သို့မဟုတ်ပါက သူတို့နှစ်ဦး မည်သို့ ဆက်သွယ်ပြောဆိုကြသည်ကို သူမ သိမြင်နိုင်မည် ဖြစ်၏။
“ဒုတိယယောက်မက ဒီလိုဖြစ်နေတာ တကယ်ပဲ အဆင်ပြေရဲ့လား”
လော်ယွီရှို့ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လက်ရမ်းပြကာ ပြောလိုက်သည်။
“သူတို့မှာ ကလေးတောင် ရနေပြီပဲ၊ ဘာပြဿနာရှိမှာလဲ ၊ နောက်ပြီး သူတို့နှစ်ယောက်လုံးက တစ်ယောက်ပေးတာကို တစ်ယောက်က လက်ခံနိုင်ကြတယ်လေ၊ ဝေ့ယန်ကလည်း သွက်လက်တဲ့သူ မဟုတ်တော့ ဒီလိုနေတာပဲ အဆင်ပြေပါတယ်”
ကောင်းပါပြီ...
လီရှန်းအနေဖြင့် စုဝေ့ယန်နှင့် ကျန်းဝမ်ကျန့်တို့ မည်သို့ ပေါင်းသင်းနေထိုင်ကြသည်ကို စိတ်ကူးကြည့်၍ပင် မရနိုင်တော့ပါချေ။
စုဝေ့ဖင်းကတော့ ထိုအကြောင်းကို သိနေသဖြင့် လီရှန်းကို အသံတိုးတိုးဖြင့် ပြောပြလိုက်သည်။
“တကယ်တော့ ကျွန်မ ဒုတိယယောက်မနဲ့ ဒုတိယအစ်ကိုနဲ့က တူညီတဲ့အချက်တွေ အများကြီးရှိတယ်၊ နောက်ပြီး အခုနောက်ပိုင်း သူက ကျွန်မကို အရင်ကထက် ပိုပြီး စကားပြောလာတယ်”
“ဒါဆို သူတို့တွေက သူစိမ်းတွေနဲ့ စကားမပြောတတ်ဘူးလို့ ဆိုလိုတာပေါ့”
လီရှန်းက သက်ပြင်းချလိုက်သည်။
“ဒါဆို နောက်ပိုင်းကျရင် သူတို့တွေ အရှုံးပေါ်တာမျိုး မဖြစ်နိုင်ဘူးလား”
စုဝေ့ဖင်းက ခေါင်းခါပြလိုက်သည်။
ထုန်ဇီလော်တွင် နေထိုင်စဉ်က သူမ၏ ဒုတိယယောက်မနှင့် အိမ်နီးချင်းများကြားမှ ဆက်ဆံရေးကို ပြန်လည်အမှတ်ရနေမိ၏။ ထိုသူများက ရွဲ့စောင်းပြောဆိုနေကြသော်လည်း ကျန်းဝမ်ကျန့်ကတော့ လုံးဝဂရုမစိုက်ဘဲ တည်ငြိမ်စွာပင် နေခဲ့သည်။
နောက်ဆုံးတွင် ထိုသူများကသာ စိတ်မထိန်းနိုင်ဘဲ ရှုံးနိမ့်သွားခဲ့ကြခြင်း ဖြစ်ပေသည်။
ထို့ကြောင့် ကျန်းဝမ်ကျန့်က သူတစ်ပါး အနိုင်ယူ၍ ရနိုင်သူ မဟုတ်ကြောင်း သူမ ခံစားနေရ၏။
“ဒါနဲ့ တတိယယောက်မ၊ ကျွန်မ အင်္ကျီအသစ်အသစ်တွေ ချုပ်ထားတာ ရှိတယ် ၊ မရီး အားရင် ကျွန်မကို ဝတ်ကြည့်ပေးပြီး ကူညီပေးလို့ ရမလား”
စုဝေ့ဖင်းမှာ လီရှန်းနှင့် အတော်လေး ရင်းနှီးသွားပြီ ဖြစ်သဖြင့် သူမ၏ စိတ်ကူးများကို စတင်ထုတ်ဖော်ပြောဆိုလာတော့သည်။
လီရှန်း : “...မင်းရဲ့ စကတ်ကို ငါက ဘယ်လိုလုပ် ဝတ်လို့ရမှာလဲ”
စုဝေ့ဖင်းသည်လည်း ထင်ရှားလှပသော ဇာတ်ဆောင်သူ၏ အသွင်အပြင်မျိုး ရှိသူဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားမှာလည်း အလွန်ပင် လှပသူဖြစ်၏။ သူမ၏ အဝတ်အစားများမှာ ရိုးရှင်းလွန်းသောကြောင့်သာ လှပသော ခန္ဓာကိုယ်အချိုးအစားကို ဖုံးကွယ်နေခြင်း ဖြစ်ပေသည်။
လီရှန်းအနေဖြင့် အပေါ်ယံကို ကျော်လွန်၍ ရိုးရှင်းသော အဝတ်အစားများအောက်မှ အလှတရားကို မြင်တွေ့နိုင်စွမ်း ရှိပေသည်။
စုဝေ့ဖင်းနှင့် နှိုင်းယှဉ်လျှင် လီရှန်း၏ ခန္ဓာကိုယ်မှာ ဤခေတ်ကာလ၏ ပုံမှန်အချိုးအစားအတိုင်းသာ ရှိပြီး အနည်းငယ် ပိန်လှီနေခဲ့၏။
“ဒီအင်္ကျီက မရီးလို အရှိန်အဝါရှိတဲ့သူနဲ့မှ လိုက်ဖက်မှာ”
စုဝေ့ဖင်းက လီရှန်း၏ ခါးလေးကို အားကျစွာ ကြည့်လိုက်သည်။ ထိုခါးလေးမှာ အမှန်တကယ်ပင် သေးသွယ်လွန်းလွန်းသောကြောင့် အနာဂတ်ရှိ A4 ခါးပိုင်ရှင်များပင် အားကျရမည့် အနေအထား ဖြစ်၏။
လီရှန်းလည်း အနည်းငယ် စိတ်ဝင်စားသွားရသည်။ ဤခေတ်ကာလတွင် မည်သို့သော အင်္ကျီဒီဇိုင်းအသစ်များ ထွန်းကားနေလောက်မည်လဲ။
ထို့ကြောင့် သူမက သဘောတူလိုက်လေသည်။
စုဝေ့ဖင်းမှာ အလွန်ဝမ်းသာပျော်ရွှင်သွားပြီး လီရှန်းကို တစ်ဖက်သို့ ဆွဲခေါ်ကာ အင်္ကျီများအကြောင်းကို စတင်ပြောဆိုတော့၏။ ဖက်ရှင်ဒီဇိုင်းနာ တစ်ဦးဖြစ်သည့်အတိုင်း သူမ စိတ်လှုပ်ရှားလာလျှင် နည်းပညာဆိုင်ရာ ဝေါဟာရများကို အသုံးပြုတတ်ပေသည်။
ကံကောင်းစွာဖြင့် လီရှန်းသည်လည်း အထည်ချုပ်စက်ရုံရှိ စက်ချုပ်စက်များတွင် အလုပ်လုပ်ခဲ့ဖူးသောကြောင့် နားလည်နိုင်ရုံသာမက တချို့သော ချုပ်လုပ်မှု နည်းစနစ်များကိုပါ အကြံပြုပေးနိုင်ခဲ့၏။
အဆုံးတွင် မည်မျှပင် ထူးချွန်သော ဒီဇိုင်းနာ ဖြစ်ပါစေ လက်တွေ့ချုပ်လုပ်မှု စွမ်းရည်တွင်တော့ ကျွမ်းကျင်သော အထည်ချုပ်အလုပ်သမားတစ်ဦးကို မယှဉ်နိုင်ပါချေ။
*