← Chapters

အခန်း (၁၂၈)

Vol. 13 Ch. 128

အခန်း (၁၂၈)

Vol. 13 Ch. 128

အခန်း(128)

လီရှန်းတို့နှစ်ဦး စကားပြောနေချိန်တွင်ပင် အမျိုးသားများ ပြန်လည်ရောက်ရှိလာကြသည်။

ကျန်းကျူးပင်းက ခြံထဲသို့ ဝင်လာသည်နှင့် သူ၏ အပေါ်မှကြယ်သီးကို ဖြုတ်ကာ ဦးထုပ်ကို ချွတ်လိုက်ပြီး လှမ်းအော်လိုက်၏။

“လောင်ကွမ်း၊ မြန်မြန်လေးငါ့ကို ရေနွေးတစ်ခွက်လောက် ပေးပါဦး၊ ရေငတ်လို့ သေတော့မယ်”

ထိုသို့ပြောပြီးနောက် သူ၏နောက်မှ လိုက်လာသော စုဝေ့ယန်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ တပ်ရင်းက လောင်ဝမ်ကတော့ တကယ့်ကိုဥာဏ်များတာပဲ၊ အမြဲတမ်း လူယုတ်မာနည်းတွေကိုပဲ သုံးတယ်”

စုဝေ့ယန်မှာ စကားများများ ပြောတတ်သူ မဟုတ်သော်လည်း သူ၏ တပ်ရင်းမှူးအကြောင်း ဖြစ်သောကြောင့် ပြန်လည်ချေပရ၏။

“စစ်မြေပြင်မှာတော့ ဒါက ပရိယာယ်ပဲလေ”

“ဟေး.. မင်း ပြောတဲ့ စကားက တကယ် စိတ်တိုစရာပဲ”

အကယ်၍ သူတို့က ခမည်းခမက် တော်စပ်သူများ မဟုတ်ပါက ကျန်းကျူးပင်း သူတို့ကို တိုက်ရိုက်ပင်နှင်ထုတ်လိုက်ပေလိမ့်မည်။

သူက အနည်းငယ်ခန့် ညည်းညူပြသည်ကိုပင် အဘယ်ကြောင့် ပြန်လည်ချေပနေရသည်လဲ။

ကျန်းကျိ: “ကောင်းပြီ၊ တပ်ရင်းမှူးကျန်း စိတ်မဆိုးပါနဲ့တော့.. ကျွန်တော့် အစ်ကိုက စကားမပြောတတ်တာကို ခင်ဗျားသိသားပဲ၊ မဟုတ်ရင် သူက ဒီလိုမျိုး အမှန်အတိုင်း ပြောမိမှာ မဟုတ်ဘူး”

ကျန်းကျူးပင်း : “...”

ဤခဏအတွင်း ထိုသူက သူ့ကို အကြံပေးနေခြင်းလား သို့မဟုတ် စော်ကားနေခြင်းလားဆိုသည်ကို သူ မတွေးနိုင်တော့ပေ။

သူက ဘာဖြစ်နေလို့လဲ။

သူက နောက်ပြောင်တာကို မခံနိုင်တဲ့လူလား။ အမှန်တရားကို ပြောတာကို မခံစားနိုင်ဘူးလား။

ကျစ်!

ထိုကောင်က သူ့ ယောက်ဖဆီက မျက်နှာသာရဖို့ ဘယ်လိုအရာကိုမဆို လုပ်မဲ့သူပဲ။

ဧည့်ခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် လီရှန်းတစ်ယောက် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသော သူမ၏ ဒုတိယဦးလေး ကျန်းကျူးပင်းကို ဦးစွာတွေ့လိုက်ရ၏။

သူက အိမ်ထဲသို့ ဝင်လာသည်နှင့် လော်ယွီရှို့ထံသို့ တန်းတန်းမတ်မတ် သွားကာ စိတ်လှုပ်ရှားစွာ လက်ဆွဲနှုတ်ဆက်ရင်း အဆက်မပြတ် ပြောလေတော့သည်။

“ခမည်းခမက်... ကျွန်တော် တကယ်ပဲ အားနာနေတာ၊ ဒီနေ့ လူကိုယ်တိုင် လာပြီး မကြိုဆိုနိုင်ခဲ့တာကို ခွင့်လွှတ်ပေးပါဦး”

လော်ယွီရှို့သည်လည်း သဘာဝကျစွာပင် တက်ကြွရွှင်လန်းသော အမူအရာဖြင့် ရှိနေပြီး ကျန်းကျူးပင်းကို ပြန်လည်နှုတ်ဆက်နေခဲ့သည်။

စုဝေ့ယန်က အိမ်ထဲသို့ ဝင်လာပြီးနောက် မိခင်ဖြစ်သူက လူမှုရေးကိစ္စများဖြင့် အလုပ်ရှုပ်နေသည်ကို မြင်လျှင် စကားတစ်ခွန်းမှ မဆိုဘဲ ကျန်းဝမ်ကျန့်၏ ဘေးတွင် တိုက်ရိုက်ရပ်လိုက်ကာ သူမကို ဂရုတစိုက် ကြည့်နေခဲ့၏။

ထိုဇနီးမောင်နှံနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်နေကြပြီး စကားတစ်ခွန်းမှ မပြောကြသော်လည်း သူတို့ကြားတွင်တော့ ချစ်ကြည်နူးဖွယ်ရာ ပန်းရောင်ပူဖောင်းလေးများမှာ လွင့်ပျံနေခဲ့ပေပြီ ။

သို့သော် ပတ်ဝန်းကျင်၏ အငွေ့အသက်ကို ဖျက်ဆီးရာတွင် တော်လွန်းသော စုဝေ့ဖင်းက သူမ၏ အစ်ကိုနှင့် ယောက်မဖြစ်သူတို့ကြားသို့ တိုးဝှေ့ဝင်ရောက်လာပြီး မေးလိုက်၏။

“ဒုတိယအစ်ကို၊ ကျန်းကျိရော ဘယ်မှာလဲ၊ သူ အစ်ကိုနဲ့အတူ လာမယ်လို့ ပြောတာမဟုတ်ဘူးလား”

စုဝေ့ယန်က ခြံဝင်းအတွင်းသို့ ဝေ့ဝဲကြည့်ရှုလိုက်သည်။

သူက စုဝေ့ဖင်းကို မျက်လုံးဖြင့် အချက်ပြလိုက်ခြင်းသာဖြစ်ပေ၏။

စုဝေ့ဖင်း စကားမပြောရသေးမီ လီရှန်းက ချက်ချင်းပင် ခေါင်းလှည့်ကာ တံခါးဝသို့ ကြည့်လိုက်မိသည်။

စုဝေ့ဖင်းက ဧည့်ခန်းမဆောင်ထဲမှ အပြေးထွက်သွားပြီးနောက် မကြာမီမှာပင် လူငယ်တစ်ဦးနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့၏။

လီရှန်း တစ်ဖက်လူကို ကြည့်လိုက်ပြီးနောက် စုဝေ့ဖင်းက သူ့ကို အဘယ်ကြောင့် ဤမျှအထိ ကြိုက်သွားခြင်းဖြစ်ကြောင်းကို ချက်ချင်းပင် နားလည်သွားတော့သည်။

တစ်ဖက်လူမှာ အမှန်တကယ်ပင် စံပြမော်ဒယ်တစ်ဦး၏ ခန္ဓာကိုယ်အချိုးအစားမျိုး ရှိနေခြင်းဖြစ်ပေ၏။

ထို့အပြင် သူသည်က အလွန်ပင် ချောမောခန့်ညားနေခဲ့သည်။

“အမေ... ဒါက ကျန်းကျိ”

စုဝေ့ဖင်းသည်က ကျန်းကျိကို လော်ယွီရှို့ထံသို့ ခေါ်ဆောင်လာပြီး နီရဲနေသာမျက်နှာလေးဖြင့် မိတ်ဆက်ပေးလိုက်၏။

“မင်္ဂလာပါ ဒေါ်လေးလော်၊ ကျွန်တော့်နာမည်က ကျန်းကျိပါ၊ ကျွန်တော့်အသက်က (၂၄)နှစ်ရှိပါပြီ၊ ရဲဘော် စုဝေ့ဖင်းရဲ့ ချစ်သူပါ”

ကျန်းကျိက ချက်ချင်းပင် ဦးထုပ်ကိုချွတ်ကာ လော်ယွီရှို့ကို အလေးပြုလိုက်သည်။ သူ၏ အမူအရာတို့က ပုံမှန်အတိုင်းဖြစ်နေသော်လည်း ယောက္ခမနှင့် ပထမဆုံးတွေ့ဆုံရသော ရုပ်ဆိုးသည့် သားမက်တစ်ဦး၏ ထိတ်လန့်တုန်လှုပ်မှုကိုမူ ထုတ်လွှတ်နေခဲ့ပေသည်။

လီရှန်းအတွက်တော့ ထိုမြင်ကွင်းက အနည်းငယ် ရယ်စရာ ဖြစ်နေလေ၏။ လွန်ခဲ့သော နှစ်လက စုဝေ့ချင်း၏ ပုံစံကို ပြန်မြင်နေရသကဲ့သို့ပင်။

စုဝေ့ချင်း ပထမဆုံးအကြိမ် လာလည်စဉ်ကလည်း ယခုကဲ့သို့ပင် စိတ်လှုပ်ရှားနေသော်လည်း တည်ငြိမ်အောင် ထိန်းထားခဲ့သည်။ သို့သော် စုဝေ့ချင်းက ပို၍ ပါးနပ်ခဲ့၏။

သူသည်က ကျန်းကျူးရိကို “ဦးလေး” ဟု ခေါ်ရုံသာမက သူ၏ နောက်ခံနှင့် အလုပ်အကိုင်တို့ကိုပါ အကျဉ်းချုံး ပြောပြခဲ့သောကြောင့် ကျန်းကျူးရိနှင့် သူ၏ဇနီးတို့က အလွန်ပင် ချီးမွမ်းခဲ့ကြသည်။

ကံမကောင်းစွာဖြင့် ရဲဘော်ကျန်းကတော့ ထိုမျှအထိ အရှက်မဲ့သူ မဟုတ်ပါချေ။ သို့မဟုတ်ပါက သူသည် လော်ယွီရှို့ကို “ဒေါ်လေး” ဟု ခေါ်မည်မဟုတ်ဘဲ “အမေ” ဟု တိုက်ရိုက် ခေါ်လိုက်ပေလိမ့်မည်။

“မင်္ဂလာပါ ရဲဘော်ကျန်း၊ တစ်မနက်လုံး လေ့ကျင့်ခန်းတွေ လုပ်ထားရတာ ပင်ပန်းနေမှာပေါ့ ၊ အထဲကို ဝင်ထိုင်ပါဦး”

ရဲဘော် လော်ယွီရှို့မှာလည်း ပုံမှန်အတိုင်း ဆွဲဆောင်မှုရှိပြီး ဖော်ရွေနေခဲ့သည်။ သူမက ကျန်းကျိကို အိမ်ထဲသို့ ခေါ်သွားချိန်တွင် သူမ၏နောက်မှ စုဝေ့ဖင်းကိုလည်း ရေနွေးကြမ်း ပြင်ဆင်ရန် မျက်စိဖြင့် အချက်ပြလိုက်၏။

ဧည့်ခန်းမဆောင်အတွင်း လူများနေသည်ကို မြင်လျှင် ကွမ်းရှောင်ထင်းက လီရှန်းကို အမြန်ပင် ဆွဲခေါ်လိုက်သည်။

“ငါနဲ့ မီးဖိုချောင်ကို လိုက်ခဲ့ပါဦး”

ထို့နောက် သူမက စုဝေ့ဖင်းကို ပြောလိုက်၏။

“မင်းက ဧည့်ခန်းထဲမှာပဲ နေလိုက်လေ၊ မင်းရဲ့ ယောက်မနဲ့ ငါပဲ ရေနွေးကြမ်းတည်လိုက်မယ်”

စုဝေ့ဖင်းက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ချက်ချင်းပင် လှည့်ထွက်ကာ ဧည့်ခန်းမအတွင်းသို့ ပြေးဝင်သွားတော့၏။ သူမ၏ ကျောပြင်လေးမှာ အလွန်ပင် အလျင်စလို ဖြစ်နေပုံရပေသည်။

ကွမ်းရှောင်ထင်းက သူမကို ကြည့်ရင်း ခေါင်းခါလိုက်လေ၏။

“ဒီကောင်မလေးကတော့ သူ့အမေက ရှောင်ကျန်းကို အခက်တွေ့အောင် လုပ်မှာ စိုးရိမ်နေတာပဲ”

“ကျွန်မရဲ့ ယောက္ခမက တကယ်ကို စိတ်ထားကောင်းတဲ့သူပါ”

လီရှန်းက လော်ယွီရှို့ဘက်မှ ကာကွယ်ပြောဆိုလိုက်၏။

ကွမ်းရှောင်ထင်းက သူမကို အပြုံးတစ်ခုနှင့် ကြည့်လာခဲ့သည်။

“အိုး ငါက မင်းယောက္ခမအကြောင်းကို မကောင်းပြောတာ မဟုတ်ပါဘူး.. မင်းယောက္ခမက လူကောင်းတစ်ယောက်ဆိုတာ ငါသိပါတယ်

ဒါပေမဲ့ ဝေ့ဖင်း ပြောတာကတော့ မင်းရဲ့ယောက္ခမက စကားပြောရင် ထက်ထက်မြက်မြက် ရှိပြီး နည်းနည်းလည်း စိတ်ဓာတ်ပြင်းထန်တဲ့သူတဲ့

တစ်ဖက်မှာတော့ မင်းက နူးညံ့ပြီး စိတ်ထားနုနယ်တဲ့သူလေ၊ မင်းနဲ့ မင်းရဲ့ယောက္ခမက တစ်ယောက်နဲ့တစ်ယောက် အားဖြည့်ပေးနိုင်ကြလို့ ကောင်းကောင်း ပေါင်းသင်းနေထိုင်နိုင်ကြတာပေါ့”

သို့သော် ကျန်းကျိကတော့ အတော်လေး မာနကြီးသူ ဖြစ်သောကြောင့် လော်ယွီရှို့ကို စိတ်အနှောင့်အယှက် ဖြစ်စေမိမည်ကို စုဝေ့ဖင်း စိုးရိမ်နေခြင်း ဖြစ်ပေသည်။

အကယ်၍ လော်ယွီရှို့ကသာ မနှစ်မြို့စရာ စကားတစ်ခွန်း ပြောလိုက်ပါက ဤအိမ်ထောင်ရေးမှာ ပျက်ပြားသွားနိုင်ချေ ရှိ၏။

“အဲဒီလောက်အထိတော့ မဆိုးနိုင်ပါဘူး”

စုဝေ့ဖင်းက တကယ်ကြီး ဒီတစ်ယောက်ကို ကြိုက်နေတာလား။

“စစ်သားတွေထဲမှာ မမာကျောတဲ့သူက ဘယ်နှစ်ယောက် ရှိလို့လဲ”

ကွမ်းရှောင်ထင်း ပြုံးလိုက်၏။

မိသားစု နောက်ခံကောင်းရှိလျှင်ပင် အသက် (၂၃) နှစ်အရွယ် ဒုတပ်ရင်းမှူးတစ်ဦးက ကိုယ်ပိုင် အရည်အချင်း မရှိဘဲနှင့် ဤရာထူးကို ရရှိနိုင်မည်မဟုတ်ပါချေ။

ထို့အပြင် ကျန်းကျိက သာမန်တပ်ရင်း၏ ဒုတပ်ရင်းမှူး မဟုတ်ဘဲ အထူးစစ်ဆင်ရေးတပ်ရင်း၏ ဒုတပ်ရင်းမှူး ဖြစ်ပေသည်။

တပ်ရင်းမှူး ရာထူးနေရာ လစ်လပ်သွားပြီး လက်ရှိတပ်ရင်းမှူး ရာထူးတိုးသွားသည်နှင့် သူက ဒုတပ်ရင်းမှူးမှ တပ်ရင်းမှူးအဖြစ် တိုးမြှင့်ခံရလိမ့်မည်။

အသက်သုံးဆယ် အရွယ်တွင် တပ်ရင်းမှူး ရာထူးကို ရရှိမည်ဆိုလျှင်ပင် သူက ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်မှုကြီးမားသူတစ်ဦးအဖြစ် ရှားပါးသည် စံနမူနာပြ ဖြစ်လာပေလိမ့်မည်။

“ဘယ်လောက်ပဲ အရည်အချင်း ရှိပါစေ၊ အပြင်မှာပဲ အရည်အချင်း ပြလို့ရတာ၊ အိမ်ထဲမှာပါ လာပြီး အရည်အချင်းကို ပြနေရင်တော့ ဒုတပ်ရင်းမှူး မပြောနဲ့၊ စစ်သေနာပတိတောင်ဖြစ်လာမှာ မဟုတ်ဘူး”

လီရှန်းက ဗီဒိုပေါ်မှ ခွက်များကို ယူပေးရင်း ကွမ်းရှောင်ထင်းကို ကူညီပေးလိုက်၏။

“အလုပ်မှာ ဘယ်လောက်ပဲ အောင်မြင်နေပါစေ၊ အဲဒီအောင်မြင်မှုက အိမ်ကိုပြန်လာပြီး ဆရာလုပ်ဖို့အတွက် အကြောင်းပြချက် မဟုတ်ဘူးလေ၊ ကျွန်မကတော့ အဲဒီလိုလူမျိုးတွေကို အမုန်းဆုံးပဲ”

“ဒါဆို ငါ့တူမရဲ့ ခင်ပွန်းကတော့ စိတ်ထားတကယ်ကောင်းတဲ့သူ ဖြစ်မှာပဲ”

ကွမ်းရှောင်ထင်းက စနောက်လိုက်၏။

“ဝေ့ချင်းရဲ့ စိတ်ထားကတော့ တကယ်ကောင်းပါတယ်”

လီရှန်းတစ်ယောက် ချက်ချင်းပင် ရှက်သွားရတော့သည်။ သူတို့မှာ အသစ်စက်စက် ဇနီးမောင်နှံများ ဖြစ်ကြသောကြောင်း ဝါရင့်ဇနီးမောင်နှံများကဲ့သို့တော့ မပြုမူနိုင်သေးပါချေ။

ကွမ်းရှောင်ထင်းသည်လည်း သူမ၏တူမလေးမှာ နားရွက်များပင် နီမြန်းသွားသည်ကို မြင်သဖြင့် ကျေနပ်သွားသော်လည်း ဆက်၍ မစနောက်တော့ပါချေ။

သို့မဟုတ်ပါက သူမ စိတ်ဆိုးသွားနိုင်ပေသည်။ ထို့အပြင် သူမသည်က အဒေါ်ဖြစ်သည့်အတွက် လူငယ်များ၏ အချစ်ရေးကို အဆက်မပြတ် မေးမြန်းနေပါက အရှက်မရှိသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ထို့ကြောင့် စကားဝိုင်းမှာ လတ်တလော ခေတ်စားနေသော အကြောင်းအရာတစ်ခုသို့ ကူးပြောင်းသွားခဲ့၏။

“ဒါနဲ့..မင်း အစိုးရရဲ့ မူဝါဒအသစ်အကြောင်း သိပြီးပြီလား”

“ကျွန်မ ကြားတာကတော့ နင်ပြည်နယ်မှာ နှစ်သစ်ကူး တတိယမြောက်နေ့မှာ အသိပေးစာ ထွက်လာတယ်လို့ သိထားတယ် ပညာတတ်လူငယ်ရုံးက ရဲဘော်တွေဆိုရင် တစ်ညလုံး အချိန်ပို ဆင်းခဲ့ရတာတဲ့

ကျွန်မရဲ့ အကြီးဆုံးဦးလေးကလည်း စက်ရုံထဲမှာရှိတဲ့ အရည်အချင်းပြည့်မီတဲ့ လူငယ်စာရင်းကို ချက်ချင်း ပြုစုနေရတယ်

ကျွန်မ ထင်တာကတော့ ဒီခဏလောက်က အတော်လေး ရှုပ်ရှုပ်ယှက်ယှက် ဖြစ်နေဦးမှာပဲ”

လီလင်း၏ မိခင်ဖြစ်သူ၏ ရူးသွပ်နေသည့် အခြေအနေကို တွေးမိလိုက်လျှင် လီရှန်းက သက်ပြင်းမချဘဲ မနေနိုင်တော့ပါချေ။

*

All Chapters