အခန်း (၁၂၉)
Vol. 13 Ch. 129
အခန်း(129)
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ပညာတတ်လူငယ်ရုံးမှ ကလေးအများအပြားရှိသော မိသားစုများကို ပညာတတ်လူငယ်များအဖြစ် ကျေးလက်သို့ စေလွှတ်ရန် တိုက်တွန်းနှိုးဆော်ခဲ့ဖူးပေသည်။
ထိုအချိန်က မိသားစုများမှ ရွေးချယ်စေလွှတ်လိုက်သော ကလေးများမှာ သူတို့အချစ်မခံရဆုံးသော ကလေးများသာ ဖြစ်ကြ၏။ ယခုတွင်တော့ လူတိုင်းကို တန်းတူဆက်ဆံတော့မည်ဖြစ်၍ ဤသည်ကို ဝဋ်လည်ခြင်းဟုပင် ဆိုရပေလိမည်။
“နင်ပြည်နယ်က သတင်းက ပိုမြန်တာပဲ၊ ငါတို့ဆီမှာတော့ အဲဒီအကြောင်း ဘာမှမကြားရသေးဘူး၊ ဒါပေမဲ့ ဒီဝင်းထဲမှာက ဆွေမျိုးတွေအများကြီးရှိတော့ အားလုံးက သူတို့ဇာတိဆီကနေ သတင်းတွေ ရနေကြတာ”
စစ်သားများအနေဖြင့် ကျေးလက်သို့ဆင်းရမည့်ကိစ္စနှင့် မရင်ဆိုင်ရသော်လည်း စစ်တပ်အတွင်း၌ စစ်သားများသာမက သူတို့နှင့်အတူ လိုက်ပါလာသော ကလေးအများအပြားလည်း ရှိနေကြပေသည်။
ထိုကလေးများသည်က တခြားနေရာများသို့သွားကာ စစ်ထဲဝင်ခြင်း သို့မဟုတ် အနုပညာတပ်ဖွဲ့သို့ ဝင်ရောက်နိုင်ရန် အတတ်ပညာတစ်ခုခုကို ကြိုးစားသင်ယူခြင်းတို့ ပြုလုပ်ကြရပြီး၊ ထိုသို့မှမဟုတ်ပါက ကျေးလက်သို့ဆင်းကာ ပညာတတ်လူငယ် လုပ်ရုံသာ ရှိတော့၏။
အကယ်၍ ကလေးအနည်းငယ်သာရှိပါက စစ်ထဲသို့ဝင်ရန် ကူညီပေးနိုင်သော်လည်း ကလေးအများအပြား ရှိနေလျှင်တော့ မကူညီနိုင်တော့ပေ။
“ငါတို့ဝင်းထဲက တပ်ရင်းမှူးထုန်မှာ သားခြောက်ယောက်ရှိတယ်၊ ဒီတစ်ခါတော့ အနည်းဆုံး တစ်ဝက်လောက်ကတော့ သွားရလိမ့်မယ်လို့ ခန့်မှန်းမိတာပဲ”
ကွမ်းရှောင်ထင်းသည်ကလီရှန်း၏အနားသို့ တိုးကပ်ကာ ဝင်းထဲမှ အတင်းအဖျင်းများကို အသံတိုးတိုးဖြင့် ပြောပြလေ၏။
“ယောက်မထုန်က အရင်တုန်း အမြွှာတွေကို သုံးခါဆက်တိုက် မွေးတုန်းက အရန်းကို ဂုဏ်ယူနေခဲ့တာ၊ အခုနောက်ပိုင်းကျတော့ စိတ်ပူလွန်းလို့ ဆံပင်တွေတောင် ဖြူကုန်ပြီ”
အိမ်ထောင်ပြုနိုင်သည့် အရွယ်ရောက်နေသော အကြီးဆုံးနှစ်ယောက်က အိမ်ထောင်ကျသွားနိုင်သော်လည်း အရွယ်မပြည့်သေးသော တခြားကလေးများမှာတော့ ကျေးလက်သို့ ဆင်းကြရပေတော့မည်။
“အရင်ကတော့ ငါက မင်းရဲ့ယောက်မရဲ့ ခံစားချက်ကို ထည့်စဉ်းစားပေးဖို့ပြောခဲ့သေးတယ်၊ ဒါပေမဲ့ သူက တခြားလူတွေကို သိပ်ပြီးဂရုစိုက်တာ မဟုတ်ဘူ
ဒါ့အပြင် ဒီဝင်းထဲမှာ မင်းယောက်မအကြောင်းကို မကောင်းတာတွေ အများကြီး ပြောခဲ့တာ”
ကွမ်းရှောင်ထင်းက ခေတ္တရပ်လိုက်ပြီးနောက် ကျန်းဝမ်ကျန့်အကြောင်းကို ဆက်ပြောပြန်သည်။
“မင်းရဲ့ ဒုတိယယောက်မကတော့ တကယ်ကို ကြောက်ဖို့ကောင်းတာပဲ၊ သူ တည်ငြိမ်အေးဆေးနေတာကို ကြည့်ပြီး အထင်မသေးနဲ့၊ သူမက တကယ်ကို ပြတ်သားတယ်
နှစ်သစ်ကူးမတိုင်ခင် အစည်းအဝေးတုန်းကဆိုရင် အဲဒီထုန်မျိုးရိုးကတော့ အရှက်ကွဲလို့ လူပုံအလယ်မှာတင် ပြိုလဲမတတ် ဖြစ်သွားရတယ်”
ဒုတိယယောက်မ?
လီရှန်း၏ လက်လှုပ်ရှားမှုများမှာ ချက်ချင်းပင် နှေးကွေးသွားရပေသည်။
သူမ၏ အကဲခတ်ချက်အရ ကျန်းဝမ်ကျန့်သည်က အမှန်တကယ်ပင် စကားပြောရသည်ကို မနှစ်သက်ဘဲ လူမှုဆက်ဆံရေး၌ပင် အနည်းငယ် အနေရခက်ပုံရပေသည်။
သူမက စကားပြောရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ကျန်းဝမ်ကျန့်၏ တုံ့ပြန်မှုများမှာ အလွန်ပင် အေးစက်လွန်း၏။
သို့သော် ကျန်းဝမ်ကျန့်က မဖြေချင်၍ မဟုတ်ဘဲ မည်သို့ပြန်ဖြေရမည်ကို မသိခြင်းသာ ဖြစ်ကြောင်း သူမ ခံစားမိနေပေသည်။
“သူ ဘာလုပ်လိုက်လို့လဲ”
လီရှန်းက ချက်ချင်း မေးလိုက်၏။
“နှစ်သစ်ကူးမတိုင်ခင်တုန်းက အနုပညာတပ်ဖွဲ့က ဖျော်ဖြေပွဲလာလုပ်တယ်လေ ၊ အဲဒီမှာ မင်းရဲ့ဒုတိယယောက်မက အခမ်းအနားမှူး လုပ်ရတာ
လူကြီးတွေအားလုံးလည်း ဖျော်ဖြေပွဲကြည့်ဖို့ ရောက်နေကြတယ်၊ ဖျော်ဖြေပွဲအပြီးမှာ သူက လူကြီးတွေအားလုံးရှေ့မှာ တပ်ရင်းမှူးထုန်ကို မေးခွန်းထုတ်လိုက်တယ်လေ၊ အဲဒါက တပ်ရင်းမှူးထုန်ကို အတော်လေး အရှက်ရသွားစေခဲ့တယ်”
ထိုသို့ ပြုလုပ်လိုက်သောကြောင့် တပ်ရင်းမှူးထုန်မှာလည်း စိတ်ဆိုးသွားရပေသည်။ ကျန်းဝမ်ကျန့်က အခြေအနေကို နားမလည်ဘဲ လူချင်းသီးသန့် ပြောရမည့်အစား လူပုံအလယ်တွင် ဤကဲ့သို့ ပြုလုပ်သည်ဟု ဒေါသထွက်ခဲ့သည်။
သို့သော် စုဝေ့ယန်က သူ၏ လူကို အလွန်ကာကွယ်တတ်သူဖြစ်၍ အမြဲတစေ ကျန်းဝမ်ကျန့်ဘက်မှ ရပ်တည်ပေးခဲ့သည်။
“တပ်ရင်းမှူးထုန် ပြန်သွားတော့ သူ့ဇနီးကို အကြီးအကျယ် ဆူပူကြိမ်းမောင်းပြီး ကျန်းဝမ်ကျန့်ရဲ့ အခမ်းအနားမှူး အလုပ်ကိုလည်း ဖြုတ်ပစ်လိုက်တယ်”
လီရှန်း : “...”
ကျန်းဝမ်ကျန့်က လူမှုဆက်ဆံရေးမှာ အနေရခက်တဲ့သူလေ!
သူ့ကို စင်ပေါ်မှာ အခမ်းအနားမှူး သွားလုပ်ခိုင်းတာက သူ့အတွက် အပြစ်ပေးခံရတာနဲ့ မတူဘူးလား။
တပ်ရင်းမှူးထုန်ရဲ့ ဒီလုပ်ရပ်က သူမ ဖြစ်ချင်နေတဲ့အတိုင်း ဖြစ်သွားတာပဲ မဟုတ်ဘူးလား။
“သူ့ရဲ့ဇနီးက ဘာလို့ ဒီလိုလုပ်ရတာလဲ ၊ သူက သားတွေအများကြီးမွေးထားတာကို တခြားအမျိုးသမီးရဲဘော်တစ်ယောက်က မယှဉ်နိုင်လို့ဆိုပြီး သူက အဲဒီအမျိုးသမီးကို နှိမ်ချနေတာလား၊ အဲဒါက လူကြီးလူကောင်းဆန်တဲ့ အလုပ်မဟုတ်ဘူး”
လီရှန်းသည် ထိုကဲ့သို့သော လူမျိုးကို အလွန်ပင် အထင်သေးမိရုံသာမက စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ယုတ်မာလှသည်ဟု ခံစားမိပေသည်။
“ဟုတ်တယ်၊ ထုန်မိသားစုကလူတွေက လူကောင်းတွေ မဟုတ်ကြဘူး”
ကွမ်းရှောင်ထင်းက ပြင်းပြင်းထန်ထန်ပင် အပြစ်တင်ဝေဖန်လိုက်၏။
သူမနှင့် ကျန်းကျူးပင်းတို့ လက်ထပ်ခဲ့သည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ ကျန်းတင်းခမ်ကို မွေးဖွားခဲ့ချိန်ကသူမ၏ ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရခဲ့သဖြင့် ဤနှစ်များတစ်လျှောက်လုံးတွင် သူမအနေဖြင့် နောက်ထပ် ကိုယ်ဝန်မရနိုင်တော့ပါချေ။
တစ်ဖက်တွင် ထိုထုန်အမျိုးသမီးက သားခြောက်ယောက်အထိ မွေးဖွားခဲ့လေ၏။ ထို့ကြောင့် သူမက ကွမ်းရှောင်ထင်းမှာ ကလေးမရနိုင်သူဟု အမြဲတစေထင်မှတ်နေခဲ့သည်။
မနှစ်ကဆိုလျှင် သူမက သူမ၏ မုဆိုးမဖြစ်နေသော ယောက်မဖြစ်သူကို ကျန်းကျူးပင်း အိမ်ပြန်လာချိန်တိုင်းတွင် နေ့တိုင်း အိမ်သို့ လာခိုင်းလေ့ရှိသည်။
ကွမ်းရှောင်ထင်းက သူမ၏ အောက်တန်းကျသော အတွေးများကို တစ်ချက်ကြည့်ရုံနှင့် သိမြင်နိုင်ခဲ့သည်။
ကွမ်းရှောင်ထင်း ထိုကိစ္စကို တပ်ရင်းမှူးထုန်ထံ တိုက်ရိုက် တိုင်ကြားလိုက်သောကြောင့် တပ်ရင်းမှူးထုန်က အလွန်ပင် စိတ်ဆိုးသွားကာ သူ၏ခယ်မကို ပြန်လွှတ်လိုက်လေတော့သည်။
ထိုအကြောင်းကြောင့်ပင် ထုန်အမျိုးသမီးက သူမကို ယခုအချိန်ထိ စကားမပြောဘဲ ရှိနေခဲ့သည်။
“ခဏလေး”
လီရှန်းတစ်ယောက် အတင်းအဖြင်းများကိုနားထောင်ပြီးနောက် ရုတ်တရက် တစ်ခုခုကို သတိရသွားလေသည်။
ဤထုန်အမျိုးသမီးဆိုသည်မှာ... တတိယမြောက်စာအုပ်ထဲတွင် အရေးပါသော အရန်ဇာတ်ကောင်တစ်ဦး ဖြစ်ပေသည်။
သူမတွင် စုဝေ့ယန်ထက် အသက်အနည်းငယ်ကြီးသော်လည်း အမျိုးသားများကို ကိုင်တွယ်တတ်သော မုဆိုးမ ယောက်မတစ်ဦး ရှိသည်ဟု ဆိုထား၏။
ကျန်းဝမ်ကျန့်မှာ ကလေးမွေးပြီးနောက် ကလေးကို တစ်ယောက်တည်း မပြုစုနိုင်သည့်အတွက် ထုန်အမျိုးသမီး၏ ယောက်မကို အကူအညီတောင်းခဲ့သည်။
ထိုယောက်မဖြစ်သူမှာ စုဝေ့ယန်၏ရှေ့တွင် အမြဲတစေ အလွန်အမင်း မြူဆွယ်ဖြားယောင်းနေတတ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
သေချာပေ၏။ အဆုံးသတ်တွင်တော့ သူမ၏ မြူဆွယ်မှုများမှာ အကန်းတစ်ယောက်ကို ပြသနေသကဲ့သို့ ဖြစ်ကာ အချည်းနှီး ဖြစ်ခဲ့ရပေသည်။
စုဝေ့ယန်သည်က ထိုအမျိုးသမီးက သူ့ကို ဖြားယောင်းနေသည်ကို လုံးဝ မသိရှိခဲ့ပါချေ။
နောက်ပိုင်းတွင် ထိုအမျိုးသမီးကမအောင်မြင်သောကြောင့် စုဝေ့ယန် ရေချိုးနေချိန်တွင် သူ့ကို အကွက်ဆင်ရန် ကြိုးစားခဲ့သော်လည်း စုဝေ့ယန်က လက်ပူးလက်ကြပ် ဖမ်းမိသွားသောကြောင့် သူမက ဇာတ်လမ်းမှ ထွက်သွားခဲ့ရလေသည်။
အစောပိုင်းကာလများတွင် သူနာပြုများ၊ အနုပညာတပ်ဖွဲ့မှ ကချေသည်များ စသည်ဖြင့် ရှိခဲ့သော်လည်း ဤယောက်မဖြစ်သူလောက် ဇာတ်လမ်းထဲတွင် ကြာကြာမနေနိုင်ခဲ့ကြပါချေ။
“ဘာဖြစ်လို့လဲ”
ကွမ်းရှောင်ထင်းက သူမကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
“မနှစ်က ဒုတိယအစ်ကို ဒဏ်ရာရတုန်းက ဆေးရုံမှာ သူနာပြုတစ်ယောက် ရှိခဲ့တယ်လို့ ဝေ့ချင်းဆီက ကြားဖူးသလိုပဲ”
ကွမ်းရှောင်ထင်းက ချက်ချင်းပင် နားလည်သွား၏။
“မင်းက အဲဒီကိစ္စကို ပြောတာလား၊ အဲဒါက အတော်လေး ဂယက်ရိုက်သွားပေမယ့် အထင်မှားမှုတစ်ခုပါပဲ၊ ရဲဘော် ရှောင်ယန်က အခုဆိုရင် မင်းရဲ့ယောက်မနဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်နေကြပြီ
သူမက မင်းရဲ့ ဒုတိယယောက်မရဲ့ အင်္ကျီတွေကို ဘယ်မှာချုပ်တာလဲဆိုတာ သိချင်လို့ တပ်ခွဲမှူးစုရဲ့ လူနာခန်းဆီကို ခဏခဏ လာခဲ့တာလေ၊
အဲဒါကို အတင်းအဖျင်းပြောတတ်တဲ့ မိန်းမတွေက သူ့အကြောင်း မဟုတ်မတရားတွေ လျှောက်ဖြန့်ကြလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”
အဲလိုမျိုးလား?
“ဒါဆိုရင် အနုပညာတပ်ဖွဲ့က ကချေသည်ကရော”
“ဒါကလည်း မင်းရဲ့ ယောက်မဆီမှာ ဖျော်ဖြေရေး ဝတ်စုံတွေ ချုပ်ခိုင်းချင်လို့ပဲ မဟုတ်လား”
ဒါတွေအားလုံးက အဝတ်အစားတွေအတွက်ပဲလား?!
စုဝေ့ယန်၏ ဖရဲသီးများမှာ အနံ့အရသာနှင့် ပြည့်စုံသော်လည်း စားကြည့်လိုက်ချိန်တွင် လုံးဝ အားမရနိုင်စရာ ဖြစ်နေပေသည်။
သူမအနေဖြင့် ကျန်ရှိနေသေးသော အလိုမရှိအပ်သော အမျိုးသမီးများအကြောင်းကိုပင် ဆက်မမေးတော့ပါချေ။
ပြန်စဉ်းစားကြည့်လျှင် ဤသည်ကလည်း ဖြစ်နိုင်ပေသည်။ စုဝေ့ယန်မှာ ထိုမျှအထိ တိတ်ဆိတ်ပြီးအေးစက်သူတစ်ဦးဖြစ်၍ စစ်ဒေသလုံးရှိ ထူးချွန်သော အမျိုးသမီးရဲဘော်များအားလုံးက သူ့ထံသို့ စုပြုံတိုးဝှေ့လာလောက်အောင် ကြီးမားသော ဆွဲဆောင်မှုမရှိလောက်ပေ။
ထို့အပြင် သူက အိမ်ထောင်ကျပြီးသားဖြစ်နေခဲ့သည်။ တစ်ဖက်၌ ကျန်းကျိကဲ့သို့ ငယ်ရွယ်ပြီး အလားအလာရှိကာ ချောမောသူမျိုးလည်း ရှိနေပေသေးသည်။
စုဝေ့ယန်တွင်တော့ မည်သည့်အားသာချက်မှ ရှိပုံမရပါချေ။
“မူဝါဒအရ ကလေးတစ်ယောက်ကို မိဘတွေနဲ့အတူ နေခွင့်ပြုတယ်လို့ ကြားမိသလိုပဲ”
ကွမ်းရှောင်ထင်းက မူဝါဒအကြောင်းကို ထပ်မံ ပြောကြားလာပြန်သည်။
လီရှန်းက ခေါင်းခါပြလိုက်၏။
“အဲဒါက နေရာဒေသအလိုက် မူဝါဒတွေအပေါ်မှာ မူတည်လိမ့်မယ်၊ နင်ပြည်နယ်မှာဆိုရင် ကလေးတစ်ယောက်ကို ချန်ထားလို့ရတယ်၊
ပြီးတော့ အသက်ပြည့်ပြီး ကိုယ့်သဘောနဲ့ကိုယ် စာရင်းပေးမယ်ဆိုရင်လည်း သူတို့က တားမှာမဟုတ်ဘူး၊ ဒါပေမဲ့ အချို့နေရာတွေမှာတော့ အသက်အရွယ်၊ အလုပ်အကိုင်နဲ့ အိမ်ထောင်ရှိမရှိကိုပဲ ကြည့်ကြတာ”
လီရှန်းအနေဖွင့် ယခင်က ကြားဖူးနားဝရှိသော ဒေသခံ ကျေးလက်မူဝါဒကို ပြန်လည်အမှတ်ရမိလိုက်၏။
“ဒီနေရာမှာဆိုရင်တော့ အရည်အချင်းပြည့်မီတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို ကျေးလက်ဆင်းဖို့ သတ်မှတ်ထားပုံရတယ်”
သို့သော် ဤဒေသမှာ စပါးထွက်ရှိရာ ဒေသဖြစ်သောကြောင့် ကျေးလက်ဒေသသို့ဆင်းရလျှင်ပင် အလွန်ဝေးကွာသော နေရာများသို့ သွားရမည်မဟုတ်ဘဲ ပတ်ဝန်းကျင်မှ ကျေးလက်ဒေသများသာ ဖြစ်နိုင်ပေသည်။
“ဒါဆို ထုန်မျိုးရိုးရဲ့ သားလည်း အဲဒီကို ဆင်းရတော့မယ်ထင်တယ်”
ကွမ်းရှောင်ထင်းက သက်ပြင်းချလိုက်ပြီး သူမ၏ အခြေအနေကို တစ်စက္ကန့်မျှ သနားပြလိုက်ကာ နောက်ဆုံးတွင် မရယ်ဘဲ မနေနိုင်တော့ပါချေ။
“သူနဲ့ထိုက်တန်တာပဲ၊ ငါ့ကို ကလေးမရနိုင်ဘူးဆိုပြီး လာလှောင်နေတာကိုး”
*