အခန်း (၁၃၁)
Vol. 14 Ch. 131
အခန်း(131)
လီရှန်း ရေချိုးပြီးနောက် စိတ်လက်ပေါ့ပါးစွာဖြင့် ဝရန်တာတွင်ရှိနေသော ကုလားထိုင်ပေါ်တွင် လှဲလျောင်းလိုက်လေသည်။
“ ဒီမှာနေရတာ အတော်လေး သက်သောင့်သက်သာရှိသားပဲ”
နှစ်သစ်ကူး ပထမလအတွင်းမှာပင် ဂွမ်းကပ်အင်္ကျီကြီးများကို ဝတ်ထားရန် မလိုတော့ပါချေ။
“ဒါက မင်း မတ်လနဲ့ ဧပြီလတွေကို မဖြတ်သန်းဖူးသေးလို့ ဒီလိုပြောတာ”
သို့မဟုတ်လျှင် အပူဒဏ်နှင့် မိုးများမှုကြောင့် ငိုပင်ငိုရလိမ့်မည်။
လီရှန်းလည်း ရာသီဥတုအခြေအနေကို ကောင်းစွာနားလည်သူဖြစ်၍ မှိုသတ်ဆေးပြားများအတွက် ပါဝင်ပစ္စည်းများကို စတင်စဉ်းစားနေတော့၏။
လေပြည်ညင်းလေးက တဖြူးဖြူးတိုက်ခတ်နေပြီး သူမ၏အတွေးများမှာ တဖြည်းဖြည်း ဝေးလွင့်သွားကာ နောက်ဆုံးတွင် နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီး အိပ်မက်ကမ္ဘာထဲသို့ ကျရောက်သွားရတော့သည်။
မှိုသတ်ဆေးပြား၊ ပိုးသတ်သန့်စင်ဆေးရည်များ... အားလုံးကို မေ့လျော့သွားခဲ့ချေပြီ။
တစ်ဖက်တွင်တော့ လီဟုန်ကျွင့်က ပြည်နယ်၏ ကျေးလက်ဒေသသို့ဆင်းရေး မူဝါဒကို သိရှိသွားခဲ့ပေပြီ။
ဒါရိုက်တာလျို့၏ စကားများက သူ့ကို အမှန်တကယ်ပင် ထိတ်လန့်သွားစေခဲ့၏။
ဒါရိုက်တာလျို့ ပြောသည့်အတိုင်းဆိုလျှင် လီရှန်းသာ အိမ်ထောင်ကျပြီး အလုပ်လည်း ရှိနေပါက အမြွှာနှစ်ယောက်လုံးမှာ ကျေးလက်သို့ သေချာပေါက် ဆင်းကြရလိမ့်မည်။
ဤအကြောင်းကို ထုန်လင်းအား ပြောပြလိုက်သောအခိုက်တွင် သူမက တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ မေ့လဲသွားခဲ့ရလေသည်။
လီကျူးမှာလည်း လက်မခံနိုင်တော့ဘဲ အော်ဟစ်ငိုယိုနေတော့၏။ လီချောင်၏ မျက်နှာမှာတော့ ပြာနှမ်းနေပြီး လီရှန်းကို ရိုက်နှက်ရန်အတွက် စက်မှုယန္တယားစက်ရုံသို့ အပြေးအလွှား သွားချင်နေသည့်အတိုင်း လက်သီးကို တင်းတင်းဆုပ်ထားပေသည်။
ထုန်လင်း နိုးလာပြီးနောက်တွင် လီဟုန်ကျွင့်ကို ဆွဲကိုင်ကာ ငိုယိုရင်းဖြင့် လီရှန်းအပေါ် ယုတ်မာရက်စက်သော ကျိန်ဆဲစကားများကို အဆက်မပြတ် ပြောဆိုနေတော့၏။
ထိုအသံများက ကျယ်လောင်လွန်းပြီး ဆဲဆိုမှုများမှာလည်း အလွန်အမင်းပြင်းထန်လွန်းသောကြောင့် ဒုတိယစက်ရုံမှူး ကျန်းရှင်းမင်ပင် ရောက်ရှိလာပြီး သူတို့ကို ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းခဲ့လေသည်။
ပထမဆုံးသူက ထုန်လင်း၏ ယုတ်မာမှုကို ဝေဖန်ပြီးနောက် လီဟုန်ကျွင့်အား မူဝါဒကို သေသေချာချာ နားမလည်ဘဲ အဓိပ္ပာယ်မရှိပြောနေသည့်အတွက် အပြစ်တင်လာခဲ့၏။
ထိုအချိန်မှသာ လီဟုန်ကျွင့်လည်း မူဝါဒကို အသေးစိတ်သိနိုင်ခဲ့တော့သည်။
ကျေးလက်ဆင်းရန် အစီအစဉ်မှာ အိမ်ထောင်စုစာရင်းအပေါ် အခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်သည်။
လီရှန်းက လက်ရှိတွင် အိမ်ထောင်စုစာရင်းတွင် မပါဝင်တော့သောကြောင့် အမြွှာနှစ်ဦးထဲမှ တစ်ဦးသာ ကျေးလက်ဆင်းရန် လိုအပ်ကြောင်းကို သူတို့ တွေ့ရှိသွားခဲ့သည်။
ဤအာမခံချက်ကို ရရှိပြီးနောက်မှသာ ထိုဇနီးမောင်နှံနှစ်ဦးလည်း သက်ပြင်းချနိုင်ကြတော့၏။
“ဒီလိုဆိုမှတော့ နေရာကောင်းလေး ရအောင် ကျူးကျူးကို စောစောစီးစီး စာရင်းပေးလိုက်ရင် မကောင်းဘူးလား.. မဟုတ်ရင် နေရာကောင်းတွေ အကုန်လုံးပါသွားပြီး ဝေးလံခေါင်ဖျားတဲ့နေရာတွ၊ ဆင်းရဲတဲ့နေရာတွေပဲ ကျန်လိမ့်မယ်”
ထုန်လင်းက ဘယ်နှင့်ညာ လူးလှိမ့်ကာ အိပ်မပျော်နိုင်ဘဲ နောက်ဆုံးတွင် ထထိုင်လိုက်ပြီး လီဟုန်ကျွင့်ကို အသာတို့လိုက်ပေသည်။
လီဟုန်ကျွင့်လည်း အိပ်မပျော်နိုင်ပါချေ။ သူလည်း တစ်ဖက်သို့ ပြန်လှည့်လိုက်ပြီး ပြောလိုက်၏။
“ငါ စုံစမ်းကြည့်ရဦးမယ်၊ ငါတို့ဇာတိရွာမှာ နေရာရရင်တော့ အကောင်းဆုံးပဲ၊ ငါတို့ရဲ့ အသိမိတ်ဆွေ လူရင်းရှိတဲ့ ရွာကိုပဲ ကျူးကျူးကို ပို့လိုက်မယ်၊ အဲဒီမှာဆိုရင် ပင်ပန်းရင်တောင်မှ သိပ်တော့ မဆိုးလောက်ပါဘူး”
ဤအချက်တွင်မူ လီဟုန်ကျွင့်က သူ၏ ကျေးလက်ဒေသနောက်ခံနေရာအား ရွေးချယ်စရာ ရှိနေသည့်အတွက် ဝမ်းသာမိသည်။
“ဒါပေမဲ့ ဒီရွာက ပါနိုင်ပါ့မလား၊ ကျွန်မတို့နှစ်ယောက်လုံးရဲ့ ရွာတွေက ခရိုင်မြို့နဲ့ နီးတဲ့အပြင် ချမ်းသာတဲ့ ကွန်မြူနတီတွေလို့တောင် ပြောလို့ရတယ်လေ”
ထိုကဲ့သို့ နေရာကောင်းများကို ပုံမှန်အားဖြင့် ပညာတတ်လူငယ်များအတွက် သတ်မှတ်ပေးလေ့ မရှိပါချေ။
“ဒါဆိုရင် ငါ မနက်ဖြန် သွားကြည့်လိုက်မယ်”
လီဟုန်ကျွင့်က တစ်ဖက်သို့ ထပ်မံ လှည့်လိုက်ပြန်၏။
ထုန်လင်းက သဘောတူသည့်အနေဖြင့် အသံတိုးတိုးဖြင့်တုံ့ပြန့လိုက်သည်။
သူမက ဆံပင်များကို ဖွရင်း ခဏမျှ စဉ်းစားပြီးနောက် ပြောလာခဲ့၏။
“ကျေးလက်ဒေသကို ဆင်းရမှာက မိသားစု တစ်ခုနှစ်ခုလောက်ရဲ့ ကိစ္စမဟုတ်ဘူး၊ ရှန်းရှန်းရဲ့ အခြေအနေကိုလည်း ကျမတို့ သွားကြည့်သင့်တယ်မလား”
“မင်းနဲ့ ဘာဆိုင်လို့လဲ”
လီရှန်း၏အကြောင်းကို ပြောလိုက်တိုင်း လီဟုန်ကျွင့် ဒေါသထွက်လာတတ်သည်။
“ကျမက သူ့ကိစ္စကို ဝင်ပါချင်လို့ မဟုတ်ပါဘူး၊ ကျူးကျူးတောင် ကျေးလက်ဒေသကို ဆင်းရမှာဆိုတော့ သူလည်း အစ်မတစ်ယောက်အနေနဲ့ စံနမူနာကောင်း ပြသင့်တယ်လို့ တွေးမိလို့ပါ
ဒါ့အပြင် သူ မိသားစုအလုပ်ကို ရောင်းစားလိုက်တာကို ကျမ တကယ်ပဲ နာကြည်းမိတယ်
အဲဒီအလုပ်ကို ဘယ်သူဝယ်သွားလဲဆိုတာကို အခုထိ စုံစမ်းလို့မရသေးတာက တကယ်ကို ထူးဆန်းတယ်”
ဆိုရလျှင် ထုန်လင်းအနေဖြင့် လုံးဝ လက်မခံနိုင်ဖြစ်နေရလေ၏။
အဘယ်ကြောင့် သူမ၏သမီးက ကျေးလက်ဒေသသို့ ဆင်းရပြီး ကျန်းဟုန်မေ့၏ သမီးက မြို့ပေါ်တွင် နေနိုင်ရသနည်း။
“သူ အခု အလုပ်တစ်ခု ရနေတာလည်း ဖြစ်နိုင်တယ်”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လီဟုန်ကျွင့်သည်လည်း စိတ်လှုပ်ရှားသွားရပေသည်။
“ဒါဆိုရင် သူ့အလုပ်က ပုံမှန်လမ်းကြောင်းကနေရတာ မဟုတ်လောက်ဘူး၊ ဒါက သေချာတယ်၊ ကျန်းကျူးရိက မျက်နှာလိုက်ပြီး လုပ်ပေးထားတာပဲ ဖြစ်ရမယ်၊
ဒါက စက်မှုယန္တယားစက်ရုံရဲ့ အကျိုးစီးပွားကို ထိခိုက်စေတာပဲ၊ တစ်စုံတစ်ယောက်က ဒါကို ဖော်ထုတ်ရမယ် ဒါ့အပြင်...”
ထုန်လင်း၏ အမူအရာက မသိစိတ်ကြောင့် ရှုံ့မဲ့သွားရ၏။
“ကျန်းမိသားစုက လူအင်အားကို အားကိုးပြီး ကျွန်မတို့ကို ဒီလောက်တောင် နှိပ်စက်ခဲ့တာ၊ သူတို့ကို လက်စားမချေရရင် ကျွန်မ စိတ်ကျေနပ်မှာ မဟုတ်ဘူး”
လီဟုန်ကျွင့်လည်း နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
သူသည်လည်း လက်မခံနိုင်ပါချေ။
အဲဒါက သူတို့ရဲ့ တရားဝင် ဝန်ထမ်းအလုပ်နေရာလေ!
“ဒါဆို မနက်ဖြန် ငါ သွားပြီးစုံစမ်းကြည့်လိုက်မယ်”
ကြိုတင်ပြင်ဆင်ထားခြင်းက အကောင်းဆုံးပင်။
ထုန်လင်းလည်း အလွန်ပျော်ရွှင်သွားပြီး အသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။
“ကျူးကျူး ကျေးလက်ဆင်းဖို့အတွက်ပေးတဲ့ ထောက်ပံ့ကြေးကို ကျွန်မတို့ ယူဖို့ မလိုပါဘူး၊ ကျေးလက်ဒေသမှာ နေရတာက ခက်ခဲတော့ ပိုက်ဆံလိုတဲ့ နေရာတွေ အများကြီး ရှိလိမ့်မယ်”
လီဟုန်ကျွင့်က လေသံဖြင့်သာတုံ့ပြန်လိုက်ပြီး ကျန်းကျူးရိကို မည်သို့ကိုင်တွယ်ရမမည်ကိုသာ ကြံစည်တွေးတောနေတော့၏။
သူ၏ ယောက်ဖဟောင်းကို ရာထူးမှ ဖြုတ်ချနိုင်မည့်အတွေးက လီဟုန်ကျွင့်အား စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်စေခဲ့သည်။
တံခါးအပြင်ဘက်တွင်တော့ ဂွမ်းကပ်အင်္ကျီကို ဝတ်ထားသည့် လီကျူး၏ မျက်နှာက အေးစက်နေခဲ့လေ၏။ သူမ၏ မျက်ဝန်းများမှာ နာကြည်းမှုများဖြင့် ပြည့်နှက်နေကာ လီချောင်၏ တံခါးကို စိုက်ကြည့်နေခဲ့၏။
သူမ အလွန်ပင် နာကြည်းသွားခဲ့လေပြီ။
မိဘက မျက်နှာလိုက်တတ်ကြောင်းကို သူမ သိထားသော်လည်း ယခုလောက်အထိ စိတ်ပျက်စရာကောင်းမှုမျိုးတော့ မခံစားချင်ခဲ့ပါချေ။
မူဝါဒ ထွက်လာသည်မှာ နှစ်ရက်သာ ရှိသေးသော်လည်း သူမ၏ မိသားစုဝင်တိုင်းက သူမကသာ ကျေးလက်ဒေသကို ဆင်းရမည်ဟု သတ်မှတ်ထားကြသည်။
ထုန်လင်း၏ ထောက်ပံ့ကြေးအကြောင်းကို ပြောသည့် လေသံမှာလည်း အလွန်အမင်း ကျေးဇူးတင်ထိုက်သည့်ကိစ္စတစ်ခုကို ပြုလုပ်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
လီကျူး အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပြောလိုက်ပေသည်။
—လောစရာမလိုဘူး။
နှစ်ယောက်လုံး ကျေးလက်မဆင်းရဘူး။
ဒါမှမဟုတ်ရင်လည်း နှစ်ယောက်လုံး ကျေးလက်ဒေသကို ဆင်းရမယ်။
သူမသည်က အနှိပ်စက်ခံရလျှင် ပြန်မတိုက်ခိုက်ရဲသော ပျော့ညံ့သည့် လီရှန်းမျိုး မဟုတ်ပါချေ။
*
နောက်တစ်နေ့တွင် လီဟုန်ကျွင့်က စက်မှုယန္တယားစက်ရုံသို့ သွားခဲ့လေသည်။
ကံမကောင်းစွာဖြင့် ကျန်းကျူးရိနှင့် သူ၏ဇနီးတို့က နွေဦးပွဲတော် တစ်လျှောက်လုံး စက်မှုယန္တယားစက်ရုံတွင် ရှိမနေခဲ့ပါချေ။
ထို့အစား သူတို့သည်က အဖိုးအိုနှင့်အတူ အားလပ်ရက် ကုန်ဆုံးရန် တုန်ယွမ်သို့ သွားခဲ့ကြသည်။
ထို့ကြောင့် လီဟုန်ကျွင့်တစ်ယောက် လက်ဗလာဖြင့်သာ ပြန်ခဲ့ရ၏။
သူ ကျန်းမိသားစု၏ တံခါးဝတွင် ရပ်ကာ အတော်ကြာအောင် ခေါက်နေခဲ့သော်လည်း မည်သူကမျှ ပြန်မထူးခဲ့ပေ။
“မခေါက်နဲ့တော့၊ အိမ်မှာ ဘယ်သူမှ မရှိဘူး”
အိမ်နီးချင်းဖြစ်သူက တံတိုင်းပေါ်တွင် ကျွမ်းကျင်စွာ ဆောင့်ကြောင့်ထိုင်လျက် ပြောလာခဲ့၏။
ထူထဲသော ဂွမ်းကပ်အင်္ကျီကြီး ဝတ်ထားခြင်းက သူမ၏ သွက်လက်မှုကို အဟန့်အတား မဖြစ်စေနိုင်ခဲ့ချေ။
“ရဲဘော်... သူတို့မိသားစုဝင်တွေ ဘယ်ကိုသွားကြလဲဆိုတာသိလား”
လီဟုန်ကျွင့်က ဒေါသကို ထိန်းချုပ်ထားသောကြောင့် သူ၏လေသံက အလွန် တောင့်တင်းနေခဲ့၏။
“ကျွန်တော့်မှာ သူနှင့် အရေးကြီးကိစ္စပြောစရာလေး ရှိလို့ပါ”
“အိုး.. ရှင် စောင့်ရဦးမှာပဲ၊ သူက သူ့မိန်းမနဲ့ ကလေးတွေကို ခေါ်ပြီး အဘိုးကြီးကျန်းဆီမှာ နှစ်သစ်ကူးဖို့ ပြန်သွားကြတာလေ
ခေါင်းဆောင်ဟောင်းကြီးကလည်း အသက်ကြီးပြီ၊ ပြီးတော့ လောင်ကျန်းကလည်း ပုံမှန်ဆိုရင် အလုပ်တွေနဲ့ပဲ အချိန်ကုန်နေတာ
တစ်နှစ်ပတ်လုံးမှ အဲဒီကို ရက်နည်းနည်းပဲ ပြန်တွေ့နိုင်တာဆိုတော့ ကျွန်မအထင်တော့ သူ ချက်ချင်း ပြန်လာဦးမှာ မဟုတ်ဘူး”
အိမ်နီးချင်းများမှာလည်း ကျန်းကျူးပင်းအပေါ် မကျေနပ်ချက်တချို့ ရှိနေကြသည်။
ဆိုရလျှင် သူတို့၌လည်း ကျေးလက်ဒေသသို့ဆင်းရမည့် အသက်အရွယ်ရောက်နေသော သားအများအပြား ရှိနေကြသည် မဟုတ်ပါလား။
ယခင်က သူတို့အနေဖြင့် သားသမီးများအတွက် အလုပ်အကိုင်ရရှိရန် ကျန်းကျူးပင်းကို မျက်နှာချိုသွေးခဲ့ဖူးသော်လည်း ကျန်းကျူးပင်းက တံခါးကိုသာ ပိတ်ထားပြီး မျက်နှာပင် အပြမခံခဲ့ပါချေ။
ထို့ကြောင့် ပတ်ဝန်းကျင်မှ အိမ်နီးချင်းများမှာ ကျန်းကျူးပင်းအပေါ် အတော်လေး ငြိုငြင်နေကြသည်။
သို့သော်လည်း..
မကျေနပ်သည်မှာ တစ်ပိုင်းဖြစ်သော်လည်း၊ အပြင်လူက အကျိုးအမြတ် လာယူမည်ကိုတော့ သူတို့ လက်မခံနိုင်ပါချေ။
သူတို့၏ ရှေ့မှ လူမှာ အတော်လေးနွမ်းနယ်နေပြီး စိုးရိမ်ပူပန်နေပုံရသောကြောင့် သားသမီးကိစ္စကြောင့်သာ ဖြစ်လိမ့်မည်။
သူတို့တို့ကိုယ်တိုင် မသွားနိုင်သော လမ်းကို သူတစ်ပါးအားလည်း လျှောက်ခွင့်ပေးမည် မဟုတ်ပါချေ။
လူတိုင်းက တစ်ယောက်ယောက်မှ ဦးစွာ ခိုးထွက်သွားမည်ကို စောင့်ကြည့်နေကြခြင်း ဖြစ်ပေ၏။
“သူ ဘယ်တော့လောက်ကို ပြန်လာမယ်လို့ ပြောသွားလဲ”
အိမ်နီးချင်းက မျက်လုံးကိုလှန်လိုက်သည်။
“ကျွန်မက ဘယ်လိုလုပ် သိမှာလဲ၊ ရှင်က သူ့ဆီကို ဘာကိစ္စ ရှိလို့လဲ”
ထိုလူကို ကြည့်လေလေ အဆက်အသွယ်ဖြင့် အလုပ်လာတောင်းသူဟု ထင်လေလေ ဖြစ်လာကာ သူမ၏ လေသံမှာလည်း တဖြည်းဖြည်း ရိုင်းစိုင်းလာခဲ့သည်။
“မရိုးသားတဲ့ အတွေးတွေတော့ မတွေးနဲ့၊ လောင်ကျန်းက ရှင်တို့လို မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ လာတဲ့လူတွေကို ရှောင်ဖို့ သူ့အိမ်ကို ပြန်သွားတာ”
မရိုးသားတဲ့အတွေး?
မသန့်ရှင်းတဲ့ ရည်ရွယ်ချက်?
မကြာသေးခင်တုန်းက ကျန်းကျူးပင်းဆီကို လူတွေ အများကြီး လာခဲ့ကြတာလား။
*