အခန်း (၁၃၂)
Vol. 14 Ch. 132
အခန်း(132)
လီဟုန်ကျွင့် စိတ်ဝင်စားသွားပြီး ပို၍စုံစမ်းချင်လာခဲ့၏။
“ခင်ဗျား အထင်မှားနေပြီ၊ ကျွန်တော်က မိသားစုကိစ္စ မေးဖို့ လာတာပါ”
သူက လေသံကို ချက်ချင်း ပြောင်းလိုက်သည်။
“သူ့တူမက ကျွန်တော့်သမီးလေ၊ မူဝါဒအသစ် ထွက်လာလို့ အဲဒီအတွက် စီစဉ်ထားတာလေးတွေကို သူ့ကို လာမေးကြည့်ချင်လို့ပါ”
ကျန်းကျူးပင်းရဲ့တူမ?
လီရှန်း မဟုတ်ဘူးလား။
သူမ၏ရှေ့မှ လူက လီရှန်း၏ ဖခင်ဖြစ်ကြောင်း ပြောနေခဲ့သည်။
သို့ဆိုလျှင် တစ်ဖက်လူက ဒုတိယဇနီး ယူပြီးနောက် ပထမဇနီး၏ သမီးကို နှိပ်စက်ခွင့်ပေးထားသည့် လူယုတ်မာဖခင်ပင် မဟုတ်ပါလား။
ဒါ့အပြင် သူပြောပုံအရ... လီရှန်း ဆေးဝါးစက်ရုံမှာ အလုပ်ရသွားတာကို သူ မသိသေးတာလား။
“ရှင် မသိဘူးလား”
အိမ်နီးချင်းက လီဟုန်ကျွင့်ကို အံ့ဩသော အမူအရာဖြင့် ကြည့်လိုက်သည်။
လီဟုန်ကျွင့် : “...”
ဘာကို သိရမှာလဲ။
“အိုး ရှင့်သမီးက အလုပ်ရသွားပြီလေ”
ဒါဆို တကယ်ကြီး အလုပ်ရသွားတာလား။
လီဟုန်ကျွင့်က အံ့ဩခြင်း မရှိသည့်အပြင် အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားရသည်။ ကျန်းကျူးပင်းက လီရှန်းအတွက် အလုပ်တစ်ခု စီစဉ်ပေးရန် ငြင်းဆန်မည် မဟုတ်ကြောင်းကို သူ သိထားပြီးသားပင်။
ဤသည်က အနောက်ပေါက်မှ လုပ်ထားသည့် အပေးအယူဖြစ်လိမ့်မည်။
စက်မှုယန္တယားစက်ရုံက လူမခေါ်သည်မှာ နှစ်အတော်ကြာနေပြီဖြစ်ကြောင်း လူတိုင်း သိထားကြသည် မဟုတ်ပါလား။
“တကယ်လား၊ ဒါက သတင်းကောင်းပဲ၊ ဒါနဲ့... ရှန်းရှန်း ဘယ်ကိုသွားလဲဆိုတာရောသိလား”
လီဟုန်ကျွင့်က လီရှန်းနှင့် အရင်ဆုံးတွေ့ရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ သူမကသာ သူမ၏ဦးလေးကို စုံစမ်းခံရခြင်းမှ ကာကွယ်ချင်လျှင် သူမ၏အလုပ်ကို လီချောင်အား ပေးရလိမ့်မည်။
သို့မဟုတ်လျှင်တော့ သူ့ဘက်မှ လီရှန်းကို လွှတ်ပေးမည် မဟုတ်ပါချေ။
အိမ်နီးချင်းမှာလည်း ထိုမြင်ကွင်းအား ကြည့်ရသည်ကို ပျော်ရွှင်နေခဲ့လေ၏။
“သူက နှစ်သစ်ကူးငါးရက်နေ့ကတည်းက သူ့ဒုတိယဦးလေးဆီကို သွားလည်ဖို့ ချုံကျိုးကို သွားပြီ”
ချုံကျိုးကို သွားတာလား။
လီဟုန်ကျွင့်မှာ ထပ်မံ၍ ကြောင်အသွားရပြန်သည်။ ကျန်းကျူးပင်းက ဘာတွေ လုပ်ဖို့ ကြံစည်နေတာလဲ။
သူတို့တွေ လီရှန်းကို တမင်ဖျောက်ထားတာလား။ ဒါမှမဟုတ် ကျန်းကျူးပင်းက သူမအတွက် စစ်တပ်ထဲမှာ လက်တွဲဖော်ရှာပေးချင်နေတာလား။
ဤသို့ တွေးမိသည်နှင့် လီဟုန်ကျွင့်မှာ ထပ်မံ၍ စိုးရိမ်သွားရပြန်သည်။
အကယ်၍ လီရှန်းကို ရှာမတွေ့ပါက သူ့အနေဖြင့် ကျန်းကျူးရိနှင့်သာ အပေးအယူ လုပ်ရတော့မည်။
ကျန်းကျူးရိသာ အလိုက်သိလျှင် လီချောင်အတွက် အလုပ်တစ်ခု ရှာပေးလိမ့်မည်။ အလိုက်မသိလျှင်တော့ သူ့ဘက်မှလည်း အလိုက်သိမည် မဟုတ်ပါချေ။
တံတိုင်းပေါ်မှ ငုံ့ကြည့်နေသော အိမ်နီးချင်းက လီဟုန်ကျွင့်၏ ပြောင်းလဲနေသော အမူအရာကို ကြည့်ကာ ပို၍စပ်စုချင်လာခဲ့သည်။ သူမက မေးလိုက်လေ၏။
“ရှင် အခု ဘာလို့ လာတာလဲ၊ သူက အချိန်မရွေး ပြန်လာနိုင်တာပဲလေ ရှင့်အတွက် ကျွန်မပြောပေးလိုက်မယ်”
“မလိုပါဘူး”
လီဟုန်ကျွင့်က အံကြိတ်၍ပြောလိုက်ပေ၏။
“ရှင် သူတို့ရဲ့အိမ်ဟောင်းကို သွားလို့မလို့လား၊ အိမ်လိပ်စာကို သိလား”
လီဟုန်ကျွင့်သည်က ကျန်းရူတုန်၏အိမ်ကို သေချာပေါက် သိရှိပေသည်။ သို့သော် ပြဿနာမှာ... သူ မသွားရဲပေ။
သူ၏ ယောက်က္ခမက ကျန်းဟုန်မေ့ ကွယ်လွန်ပြီးနောက် သူ ချက်ချင်း နောက်အိမ်ထောင်ပြုသည်ကို ကြည့်ခဲ့သည့် အကြည့်ကို သူ ယခုတိုင် မှတ်မိနေသေးသည်။
ထိုအကြည့်မှာ လူသေတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။ ထိုကိစ္စပြီးနောက်တွင် သူ တစ်ပတ်လုံးလုံး အိပ်မက်ဆိုးများ မက်ခဲ့ရသည်။
လီဟုန်ကျွင့်၏ မျက်နှာက ပို၍ပင် ပြာနှမ်းလာတော့သည်။ ကျန်းကျူးရိက သူ့ကို ရှောင်နေခြင်းဖြစ်မည်ဟုပင် သူ သံသယဝင်မိ၏။
မူဝါဒ ထွက်လာပြီးနောက် လီရှန်းက ချုံကျိုးသို့ သွားပြီး သူက အဘိုးအိုနှင့် နှစ်သစ်ကူးဖို့ တုန်ယွမ်ကို ပြန်သွားခြင်းက အလွန် တိုက်ဆိုင်နေခဲ့သည်။
သူ့ကို ဒီလောက်အထိ သတိထားမယ်လို့ တစ်ခါမှ မထင်ခဲ့ဘူး!
လီဟုန်ကျွင့်က မျက်နှာပျက်စွာဖြင့် အလျင်အစလို ထွက်ခွာသွားတော့သည်။ အတင်းအဖျင်း မရလိုက်သော အိမ်နီးချင်းမှာလည်း နှာခေါင်းရှုံ့လိုက်ပြီး တံတိုင်းပေါ်မှ ပြနပြင်လိုက်စဉ်မှာပင်ချိန်တွင် တခြားအိမ်နီးချင်းတစ်ဦးက ပြတင်းပေါက်ကို ဖွင့်ပြီး မေးလာ၏။
“လောင်ဟွမ်... အဲဒါ ဘယ်သူလဲ”
“မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ လူယုတ်မာအဖေလေ”
“အိုး.. သူ လောင်ကျန်းဆီမှာ အလုပ်လာတောင်းတာ မဟုတ်ပါဘူးနော်”
ထိုလူ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပေ၏။
လောင်ဟွမ်က မျက်လုံးကို လှန်လိုက်သည်။
“သူ အိပ်မက်မက်နေတာပဲ၊ သူ့ရဲ့ ‘ဝန်အပို’ က နှစ်သစ်မှာ ဆယ်ကိုးနှစ် ပြည့်ပြီ၊ အိမ်ထောင်လည်း ကျသွားပြီ၊ အရင်တုန်းက လောင်ကျန်းတို့က သူ့ကို မထိရဲတာက သူမ အသက်မကြီးသေးတာကို အကြောင်းပြပြီး သူမကို ပြန်လုမှာ စိုးရိမ်လို့လေ.. အခု သူမကို ပြန်လုကြည့်ပါလား၊ ဖြတ်ရိုက်ခံရမှာပေါ့”
“ဒါလည်း ဟုတ်တာပဲ”
ထိုလူက သက်ပြင်းချနိုင်သော်လည်း သူ၏မျက်နှာက စိုးရိမ်သည့်အရိပ်အယောင်များရှိနေဆဲ ပင်။
“လောင်ကျန်း ဘယ်တော့ ပြန်လာမလဲ မသိဘူး၊ သူ့ကို ပြောစရာ ရှိသေးတယ်”
လောင်ဟွမ် မျက်လုံးကို လှန်လိုက်ပြန်သည်။ သူမက မကျေနပ်သော်လည်း အလျင်မစလိုပါချေ။
အဘယ်ကြောင့်ဆိုသော် သူမ၏ သားငါးယောက်တွင် သုံးယောက်မှာ ချစ်သူများ တွေ့ရှိထားကြပြီး ဖြစ်၍ နှစ်သစ်ကူး ရှစ်ရက်နေ့တွင် ကျင်းပမည့် စက်ရုံ၏ အစုအဖွဲ့လိုက် မင်္ဂလာဆောင်တွင် ပါဝင်ရန် စီစဉ်ထားသောကြောင့် ဖြစ်ပေ၏။
ကျန်ရှိနေသော နှစ်ဦးတွင် တစ်ဦးမှာ အိမ်ထောင်ပြုနိုင်သည့် အရွယ်ဖြစ်ပြီး ကျန်းကျူးရိထံမှလမ်းရှာရန် ကြိုးစားနေခဲ့ပြီး သူ၏ ဖခင်ဖြစ်သူကလည်း သူ့အတွက် အိမ်ထောင်ဖက်တွေ့ပေးကာ လက်ထပ်ရန် အလုပ်ရှုပ်နေခဲ့သည်။
အတိုချုပ်ဆိုရလျှင် သူသည်က နှစ်ဖက်စလုံးတွင် အစွမ်းကုန် ကြိုးစားနေခဲ့လေ၏။ အငယ်ဆုံးသားမကတော့ ကျန်းချောင်နှင့် ရွယ်တူသာရှိသေးပြီး ဆေးဝါးစက်ရုံ၏ သင်ခန်းစာများကို စတင်လေ့လာနေပြီပင်။
ထို့ကြောင့်... သူမက ထိုမြင်ကွင်းကို ကြည့်ရခြင်းအပေါ် ပျော်ရွှင်နေခဲ့ပေသည်။
လီဟုန်ကျွင့်က ကျန်းမိသားစုအိမ်မှ ထွက်ခွာပြီးနောက် အိမ်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့လေ၏။
သူ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် လီကျူးက ထိုင်ခုံလေးပေါ်တွင် ထိုင်ကာ ငိုယိုနေသည်ကို တွေ့လိုက်ရသည်။
သူမ၏ ဘေးတွင်ရှိနေသော အဘွားအိုလီက မျက်နှာအမူအရာ တင်းမာနေပြီး သူမ၏ လက်ထဲတွင်လည်း သစ်သားတုတ်လေး တစ်ချောင်းကို ကိုင်ထားလေ၏။
လီရွှမ်ကတော့ တံခါးဝတွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို ကိုင်၍ အလေးအနက် ဖတ်နေပြီး အိမ်ထဲတွင် ဖြစ်ပျက်နေသည်များကို လုံးဝ ဂရုမစိုက်ပါချေ။
“အခုရော ဘာတွေ ဖြစ်နေပြန်ပြီလဲ”
လီဟုန်ကျွင့် စိတ်မရှည်စွာ မေးလိုက်ပေသည်။
“အဖေ... အဘွားက သမီးရဲ့ စာအုပ်တွေနဲ့ ခဲတံတွေကို ရွှမ်ဇီကို ပေးလိုက်တယ်၊ အဲဒါတွေက သမီးပစ္စည်းတွေလေ!”
လီကျူးက ငိုနေရင်း ခြေဆောင့်လိုက်လေသည်။ အထူးသဖြင့် လီရွှမ်က သူမ၏ စာအုပ်ကို ဖတ်နေသည်ကို မြင်ချိန်တွင် သူမ အလွန်ပင် ဒေါသထွက်သွားရ၏။
လီဟုန်ကျွင့် ပြန်ရောက်လာသောကြောင့် သူမ ပို၍ သတ္တိရှိလာခဲ့သည်။ သူမက လီရွှမ်ထံသို့ အပြေးအလွှားသွားကာ စာအုပ်ကို လုယူလိုက်ပြီး အော်ဟစ်လိုက်၏။
“နင်က နင်ဘာတွေ ဖတ်နေတာလဲဆိုတာကိုရော နားလည်လို့လား၊ သူများပစ္စည်းကို လုယူဖို့ပဲ သိတယ်.. နင် ဘာလို့ ဒီလောက်ရွံစရာကောင်းနေရတာလဲ”
လီရွှမ်က ကြောင်အသွားပုံရပြီး လီကျူးကို ကြောက်လန့်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လာခဲ့သည်။
ထိုအခြေအနေက မြေးဖြစ်သူကို အလွန်ချစ်သော အဘွားအိုလီ၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားပေတော့သည်။
“ရွှမ်ဇီက ဘာတွေများရွံစရာကောင်းလို့လဲ၊ နင်က ဘာပဲဖြစ်ဖြစ် ကျေးလက်ဒေသကိုဆင်းရမှာပဲလေ၊ ဒီစာအုပ်က နင့်အတွက် မလိုတော့ဘူး၊ ရွှမ်ဇီကို ပေးဖတ်တာက ဘာဖြစ်သွားလို့လဲ”
အဘွားအိုလီ၏ ဒေါသက လီကျူးထံသို့ ဦးတည်ပြီးနောက် လီဟုန်ကျွင့်ထံသို့ပါ ကူးစက်သွားလေ၏။
“ငါ မိန်းကလေးတွေကို ဘာလို့ စာသင်ပေးနေတာလဲလို့ အမြဲပြောသားပဲ၊ အခု သူ့ကိုကြည့်ဦး၊ ကိုယ့်မောင်အရင်းကိုတောင် မကြည်ဖြူနိုင်ဘူး၊
ဒီကောင်မလေးရဲ့ စိတ်ဓာတ်ကတော့ လမ်းမှားရောက်နေပြီ၊ အစောကြီးကတည်းက ရွှမ်ဇီကိုသာ မြို့ပေါ်ကိုခေါ်လာပြီး စာသင်ပေးခဲ့ရင် သူက အရာ အလားအလာကောင်းကောင်းရနေလောက်ပြီ”
အလားအလာကောင်းတွေရနေပြီ ...
အသက် (15)နှစ်လောက်ရှိတဲ့ ကောင်လေးတစ်ယောက်ကလား။
“အမေ၊ အမေ ပြောတာလည်း နည်းနည်းတော့ လွန်နေပြီ”
လီဟုန်ကျွင့်က အမှားအမှန်ကို ခွဲခြားနိုင်စွမ်း ရှိသေးပေသည်။ လီရွှမ်က မည်မျှပင် ကောင်းပါစေ၊ သူ၏ သားအရင်း မဟုတ်ပါချေ။
လီကျူးနှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။
“ဘာတွေ လွန်နေလို့လဲ၊ ဒီကောင်မလေးကို ဒီလောက်နှစ်တွေအကြာကြီး ကျွေးမွေးပြုစုလာတာ၊ နင့်ကို တစ်ခါလောက် ထမင်းချက်ကျွေးဖူးလား၊ အရွယ်ရောက်နေတဲ့ မိန်းကလေးဖြစ်နေပြီ၊ မီးဖိုချောင်ထဲ တစ်လှမ်းတောင် မဝင်ဘူး
ထမင်းလာကျွေးမယ့်သူကိုပဲ ထိုင်စောင့်နေတယ် နောင်ကျရင် သူများမိသားစုအတွက် ဒုက္ခတွေပဲ ယူဆောင်လာမှာပဲ”
အဘွားအိုလီက အသံကုန်ဟစ်ကာ စတင်ဆဲဆိုတော့၏။
“မတ်တပ်ရပ်တာ ထိုင်တာကအစ အမူအရာက မယဉ်ကျေးဘူး၊ ထုန်လင်းက သူ့ကို ဘယ်လိုများ ဆုံးမထားလဲ မသိပါဘူး အဲဒီ သေသွားတဲ့ ကျန်းဟုန်မေ့လောက်တောင် မကောင်းဘူး”
ဤစကားများက လီကျူး၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ သူမက လီရွှမ်ကို လက်ညှိုးထိုးကာ အော်ဟစ်ငိုယိုလိုက်၏။
“ကျွန်မက သူ့ထက်တော့ အများကြီး သာပါသေးတယ်၊ သူက မိဘမရှိတဲ့ ကောင်ပဲ၊ သူက တကယ်ပဲ ဒုတိယဦးလေးရဲ့ ကလေးလားဆိုတာကိုတောင် ဘယ်သူသိမှာလဲ
ကျွန်မက ဘယ်လောက်ပဲ ဆိုးဆိုး၊ မြို့ပေါ်ကလူပဲ၊ အဘွားက ကျွန်မကို ဒီလောက်တောင် အထင်သေးနေရင် ကိုယ့်ရွာကိုယ် ပြန်လိုက်တော့!”
*